ပိုင်ရှောင်ကျိုး၏ အဆုံးသတ်(က)
Vol. 51 Ch. 780
နတ်ဘုရားအာရုံကို ပို့လွှတ်သူသည် အတိတ်တွင် ရွှီချင်းရောက်ဖူးသော နန်းတော်၏ ကောင်းကင်ပေါ်မှ ဧရာမမျက်လုံးကြီးတစ်ခုတည်းသာဖြစ်သော်လည်း ဤအခိုက်အတန့်မှာ ရှေးဟောင်းဝိညာဉ်လောကတစ်ခုလုံးရှိ နန်းတော်အားလုံးပေါ်မှ ဧရာမမျက်လုံးကြီးများ၏ မျက်တောင်များသည် အနည်းငယ် လှုပ်ခါသွားကြသည်။
သူ့မျိုးနွယ်စုက ဝမ်ကူးကုန်းမြေမှ ကမ္မ၏ တန်ပြန်သက်ရောက်မှုကြောင့် ဖျက်ဆီးခံခဲ့ရပြီး ကျိန်စာကြောင့် သူက ဤနေရာတွင် သူ၏ မျိုးနွယ်ဝင်များဖြင့် လာပုန်းအောင်းနေရသည့်အချိန်မှစ၍ ပြန်လည်ရှင်သန်ထမြောက်ရန် လုပ်ဆောင်နေသော ရှေးဟောင်းဝိညာဉ်အင်ပါယာသည် ယခင်တစ်ခေါက်ကဲ့သို့ တစ်ခါမှ အကြီးအကျယ် ဒေါသမထွက်ဖူးပေ။
အတိတ်မှာတုန်းက သူ၏ အဆင့်အတန်းနှင့် ဂုဏ်အရှိန်အဝါကြောင့် ယခင်တစ်ခေါက်က ရွှီချင်းကို ထွက်သွားဟု သူအော်ပြောလိုက်စဉ် သူ၏ စိတ်ထဲမှာ မည်မျှလှိုင်းထသွားမည်ကို စဉ်းစားကြည့်နိုင်ပေသည်။
မည်သို့ဖြစ်စေ သူ၏ မျက်လုံးထဲမှာ ရွှီချင်းသည် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။ သို့သော် ထိုပုရွက်ဆိတ်က နီလာနတ်သမီး၏ အမှတ်အသားကို အသုံးပြုပြီး သူ့အား တကယ်ကြီး ခြိမ်းခြောက်ခဲ့သည်။
သူက စတေးခံဝိညာဉ်တစ်ကောင်ကို ပြန်ခေါ်ဆောင်သွားရုံသာမက ရှေးဟောင်းဝိညာဉ်ကမ္မတစ်ခုကိုလည်း ခြိမ်းခြောက်ပြီး တောင်းဆိုသွားခဲ့သေးသည်။
ထိုသို့မလေးမစားလုပ်မှုက သူ့အား ပြန်လည်စိတ်တည်ငြိမ်သွားရန် လပေါင်းများစွာ အချိန်ယူရစေသည်။
သို့သော် ယခု တစ်ဖက်လူသည် သူ့ရှေ့မှာ နောက်ထပ်တစ်ကြိမ် တကယ်ပြန်ပေါ်လာရဲသည်။
ရှေးဟောင်းဝိညာဉ်အင်ပါယာသည် ယခင်ကဲ့သို့ မသန်မာတော့ပေ။ ကျရှုံးသွားပြီးနောက် ပြန်လည်ရှင်သန်ထမြောက်ခြင်းသည် သူ၏ ချင့်ချိန်စဉ်းစားနိုင်သော စွမ်းရည်ကို လျော့နည်းသွားစေပြီး သူ့ကို ယခင်ကဲ့သို့ ဉာဏ်မများစေတော့ပေ။ သူ၏ အတွေးများသည် သူ့စိတ်ထဲမှ ပျင်းရိနှေးကွေးမှုကြောင့် ပိုပြီးရိုးရှင်းလာသည်။
သို့သော် သူ၏ မာနကတော့ ကျန်ရှိနေဆဲပင်။ တစ်ခေတ်တစ်ခါက ဝမ်ကူးကုန်းမြေကို တစ်စုတစ်စည်းတည်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူဟူသော သူ၏ အဆင့်အတန်းက ကျန်ရှိနေဆဲပင်။
သူ၏ အရှေ့တွင် ရှေးဘုရင်ရွှမ်ယုံသည် ဂျူနီယာမျှသာ ဖြစ်သည်။
သို့ဖြစ်၍ ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါက ထပ်မံရောက်ရှိလာသည်ကို အာရုံခံမိသောအခါ သူ၏ ပထမဆုံးသော တုံ့ပြန်မှုသည် အကြီးအကျယ် ဒေါသထွက်သွားခြင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားအာရုံက ပေါက်ကွဲထွက်လာလေရာ မြေပြင်သည် တသိမ့်သိမ့်တုန်သွားပြီး ကောင်းကင်သည် အရောင်ပြောင်းလဲသွားသည်။
ကောင်းကင်ပေါ်မှ ဝိညာဉ်အားလုံးသည် ခေါင်းမော့လိုက်ကြပြီး အင်ပါယာ၏ ဒေါသကို အာရုံခံမိသွားကြသည်။ ၎င်းတို့အားလုံးက ဟိန်းဟောက်လိုက်ကြလေရာ ကောင်းကင်အထိ မြှောက်တတ်သွားမည့် အသံလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
မြေပြင်ပေါ်မှ အလောင်းကောင်အားလုံးသည် အစွန်းရောက်သော ရက်စက်ကြမ်းကြုတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြပြီး အရိုးဓားများကို မြှောက်တင်လိုက်ကြသည်။
မရဏမြစ်ကြီးသည် ပွက်ပွက်ဆူလာသည်။ ဧရာမသတ္တဝါကြီးများသည် မရဏမြစ်ထဲမှ မြှောက်တတ်လာကြသည်။ ကောင်းကင်ပေါ်မှ တိမ်တိုက်များသည် ပင်လယ်ကြီးသဖွယ် လှုပ်ရှားထကြွလာသည်။ အနက်ရောင်အလံတိုင်များသည် တိမ်ပင်လယ်ကြီးထဲမှာ ထွက်ပေါ်လာကြပြီး မရေမတွက်နိုင်သော စစ်သည်တော်များသည် ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။
ရှေးဟောင်းဝိညာဉ်လောကတစ်ခုလုံး အပြင်းအထန် ဒေါသထွက်နေစဉ် ဝဲကတော့တစ်ခုသည် ယခင်က ရွှီချင်းရောက်ဖူးသော အင်ပါယာနန်းတော်၏ အသွေးအသားတောင်ကုန်းပေါ်မှာ ထွက်ပေါ်လာသည်။
ထိုနေရာသည် အတိတ်တွင် ရှေးဟောင်းဝိညာဉ်အင်ပါယာက မျက်လုံးတော်မဖွင့်လှစ်ခင် လင်းအာကို သူပြန်ပို့ခဲ့သောနေရာ ဖြစ်သည်။
ဝဲကတော့အတွင်းမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကျယ်လောင်သော ဝုန်းခနဲမြည်သံ ထွက်ပေါ်လာသည်။
ဘယ်ဘက်မှ တစ်ယောက်သည် အရွယ်အစားကြီးမားပြီး ညာဘက်မှ တစ်ယောက်သည် သေးငယ်သည်။
ခန္ဓာကိုယ်ကြီးမားသော တစ်ယောက်သည် ပေ(၃၀၀)ကျော်ရှည်လျားပြီး သေးငယ်သော တစ်ယောက်က ပုံမှန်အရွယ်အစားသာ ရှိသည်။ သို့သော် ၎င်းက ခန္ဓာကိုယ်ကြီးမားသော တစ်ယောက်၏ လက်ချောင်းကို ဆုပ်ကိုင်ထားသည်။
သူတို့နှစ်ယောက်သည် ဝဲကတော့ထဲမှ ပေါ်ထွက်လာသည်နှင့်ချက်ချင်း လက်ကိုင်ထားကြလေရာ အတော်လေး ရင်းနှီးပုံပေါ်သည်။
“ မင်းက အကူခေါ်လာတာလား ”
ရှေးဟောင်းဝိညာဉ်အင်ပါယာသည် အံ့ဩသွားပြီး ဒေါသထွက်သွားသည်။ သူ၏ ဧရာမမျက်လုံးကြီးသည် ရုတ်တရက် ပြူးကျယ်သွားပြီး ရွှေရောင်အကြည့်က တစ်လောကလုံးကို လင်းထိန်သွားစေသည်။
ဘေးပတ်ဝန်းကျင်သည် ပုံပျက်တွန့်လိမ်လာပြီး ဝေဝါးလာသည်။ ထူးခြားဒြပ်နှောများသည် လေထဲမှာ စိမ့်ဝင်နေပြီး ပြင်ပအင်အားများကို ပြိုကွဲသွားစေကာ ဤနေရာတွင် ဖိနှိပ်ခံရစေသည်။
နတ်ဘုရားအခွင့်အာဏာသည် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အကြည့်ထဲမှ ပေါက်ကွဲထွက်လာသည်။
သူ၏ နတ်ဘုရားအခွင့်အာဏာသည် ဒဏ်ရာရထားသော ရန်သူ၏ အခြေအနေကို ဆယ်ဆပိုပြီး ဆိုးဝါးသွားစေနိုင်သည်။
သေးငယ်သော ဒဏ်ရာများသည် ကြီးမားသော ဒဏ်ရာများဖြစ်လာပြီး ကြီးမားသော ဒဏ်ရာများသည်တော့ အသက်သေစေနိုင်သော ဒဏ်ရာများဖြစ်လာလိမ့်မည်။
ဝဲကတော့ထဲမှ ထွက်ပေါ်လာသော ပုံရိပ်နှစ်ခုသည် အပြည့်အဝ မကြည်လင်လာခင် တုန်လှုပ်သွားကြသည်။ သူတို့နှစ်ယောက်သည် နတ်ဘုရားအခွင့်အာဏာ၏ သက်ရောက်ခံလိုက်ရသည်မှာ ရှင်းလင်း၏။
ဘယ်ဘက်မှ တစ်ယောက်သည်တော့ သူ၏ နတ်ဘုရားခန္ဓာကိုယ်တစ်ဝက်သည် ယိုယွင်းပျက်စီးသွားချေ၏။
ညာဘက်မှ တစ်ယောက်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်သည်တော့ ဝေဝါးသွားပြီး အခိုးအငွေ့သဖွယ် လေထဲမှာ လွင့်ပြယ်သွားလေရာ မကြာမီ မျက်နှာပျက်ကြီးက ထွက်ပေါ်လာသည်။
သူ၏ ဘေးပတ်ဝန်းကျင်ကို အာရုံခံမိပြီးနောက် မျက်နှာပျက်ကြီး၏ အမူအရာသည် တစ်ခါမှမဖြစ်စဖူး ပျက်ယွင်းသွားသည်။ အမှန်မှာတော့ သူ၏ အမူအရာသည်ပင် စတင်ဝေဝါးလာနေသည်။ ဤသည်မှာ လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးက ပထမဆုံးအကြိမ် ထိုမျှပြောင်းလဲသွားခြင်း ဖြစ်သည်။
အစောနက သူ၏ သရုပ်မှန်နှင့် အစီအစဉ်အားလုံး ထုတ်ဖော်ခံလိုက်သည့်အချိန်တုန်းကပင် လက်ထောက်ဒေသအကြီးအကဲသည် ထိုမျှမထိတ်လန့်သွားခဲ့ချေ။
သူက မထိတ်လန့်ဘဲ တည်ငြိမ်စွာ ဆက်ရှိနေမှသာလျှင် ထူးဆန်းနေလိမ့်ပေမည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ပေါ်မှ ဧရာမမျက်လုံးကြီးကို သူမြင်သွားပြီး ၎င်းထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်စွမ်းအားကို အာရုံခံမိသွားသောကြောင့် ဖြစ်သည်။
တစ်ဖက်လူ၏ သရုပ်ကိုတော့ ဤနေရာပတ်ဝန်းကျင်မှတဆင့် သူခန့်မှန်းနိုင်သွားသည်။
“ ရှေးဟောင်းဝိညာဉ်အင်ပါယာလား ”
ရွှီချင်း၏ အစစ်အမှန်ဝှက်ဖဲက ရှေးဟောင်းဝိညာဉ်အင်ပါယာဖြစ်နေမည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ယင်းက သူ၏ မျှော်လင့်ထားမှုနှင့် သိမြင်နိုင်စွမ်းထက် ကျော်လွန်သွားသည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာကိုယ်တိုင်က သူ့ကိုယ်သူ အလွန်နက်ရှိုင်းစွာ ဖုန်းကွယ်ထားသည်။ လင်းအာကြောင့်သာမဟုတ်လျှင် ရှေးဟောင်းဝိညာဉ်အင်ပါယာက အသက်ရှင်နေသေးကြောင်း ရွှီချင်းလည်း သိလိမ့်မည်မဟုတ်ချေ။
သို့ဖြစ်၍ ဤအခိုက်အတန့်မှာ လက်ထောက်ဒေသအကြီးအကဲ၏ နှလုံးသည် အပြင်းအထန် တုန်လှုပ်လာသည်။ သူက နောက်ထပ်မတုံ့ဆိုင်းတော့ဘဲ ထွက်ပြေးရန် ကြိုးစားလိုက်လေရာ သူ၏ တစ်ကိုယ်လုံးသည် ရွှေရောင်တောက်ပလာသည်။ သူက တည်နေရာပြန်ပြောင်းရွှေ့ပြီး ကြောက်စရာကောင်းသော ဤနေရာမှ အမြန်ဆုံး ထွက်သွားချင်နေသည်။
သို့သော် ရွှီချင်းသည် မည်သို့ကြောင့် သူ့အား လွှတ်ပေးနိုင်မည်နည်း။
လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးက ထွက်ပြေးရန် ကြိုးစားသည်နှင့်ချက်ချင်း သူက ခန္ဓာကိုယ်ယိုယွင်းပျက်စီးနေသည်ကို လျစ်လျူရှုထားပြီး ရှေးဟောင်းဝိညာဉ်အင်ပါယာအား ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။
“ ကြီးမြတ်တဲ့ ရှေးဟောင်းဝိညာဉ်အင်ပါယာခင်ဗျာ ဒီဂျူနီယာက အရှင့်အတွက် စားတော်ပွဲလာဆက်သတာပါ… ဒါက အရင်တစ်ခေါက်က အရှင့်ဆီကနေ ရှေးဟောင်းကမ္မကို ကျွန်တော် ငှားယူသွားတဲ့အတွက် ပထမအတိုးလာပြန်ပေးတာပါ… အရှင် ဒါကို အစာခြေဖျက်ပြီးသွားရင် ကျွန်တော် ဒုတိယအတိုးထပ်လာပေးပါမယ် ”
“ အတိုးလာပေးတာဟုတ်လား ”
ရွှီချင်းကို စိုက်ကြည့်နေသော ဧရာမမျက်လုံးကြီးသည် အံ့ဩသွားသည်။ ထို့နောက် သူက ရုတ်ချည်း မျက်လုံးကျယ်ကျယ်ဖွင့်လိုက်ကာ ရွှီချင်းထံမှ သူ၏ အကြည့်ကို ထွက်ပြေးရန် ကြိုးစားနေသော လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးထံသို့ ရွှေ့ပြောင်းလိုက်သည်။
စောစောတုန်းက သူ၏ စိတ်အာရုံသည် ရွှီချင်းပေါ်မှာသာ ရှိနေခဲ့သည်။ ယခု သူက လက်ထောက်ဒေသအကြီးအကဲကို ကြည့်လိုက်သည့်အခါ မိုးခြိမ်းသံပမာ ကျယ်လောင်သော သူ၏ နှလုံးခုန်သံသည် ရှေးဟောင်းဝိညာဉ်လောကတစ်ခုလုံး၏ မြေအောက်ထဲမှ ရုတ်တရက် မြည်ဟိန်းထွက်လာသည်။
ဒုန်း ဒုန်း ဒုန်း…
ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ တံတွေးမှ ဖြစ်တည်လာဟန်ရသော မရဏမြစ်ကြီးသည် တုန်ယင်သွားသည်။ ဤအခိုက်အတန့်မှာ မရဏမြစ်ကြီးသည် ရုတ်ချည်း အဆပေါင်းများစွာ ကျယ်ပြန့်လာပြီး နယ်မြေကျယ်တစ်ခုပေါ်မှ ပျောက်ကွယ်မသွားခင် အရပ်မျက်နှာအသီးသီးဆီသို့ ဒလဟော စီးဆင်းသွားသည်။
ခြောက်ခြားဖွယ်ရာ စိတ်ဆန္ဒပါရှိသော တဂျွတ်ဂျွတ်ဝါးစားသံသည် ဘေးပတ်ဝန်းကျင်တစ်လျှောက် ပြည့်နှက်သွားလေရာ ကြားရသူတိုင်းကို ဦးရေပြားထုံကျင်စေလိမ့်မည်။
လက်ထောက်ဒေသအကြီးအကဲသည် ထိတ်လန့်သွားပြီး ဒေါသထွက်သွားသည်။ သူက မည်သည့်အရာကိုမှ ထိန်ချန်မထားတော့ဘဲ အစွမ်းကုန် ထုတ်သုံးလိုက်လေရာ အက်ကွဲရာများသည်ပင် သူ၏ မျက်နှာပျက်ကြီးပေါ်မှာ ထွက်ပေါ်လာကြသည်။ ထွက်ပြေးမည့်အစီအစဉ်ကို အရှိန်တိုးမြှင့်လိုက်သည်နှင့် အဆုံးမဲ့သော ရွှေရောင်အလင်းတန်းသည် သူ၏ မျက်နှာပျက်ကြီးပေါ်မှာ ထွက်ပေါ်လာသည်။
ရွှီချင်းသည်လည်း ရွှေရောင်အလင်း၏ သက်ရောက်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က နောက်ထပ်တစ်ကြိမ် ယိုယွင်းပျက်စီးလာသည်။ နတ်ဘုရားလက်ချောင်းသည် အော်ဟစ်ညည်းညူလိုက်ပြီး ဤခန္ဓာကိုယ်ကို ပြန်လည်ကုသရန် အစွမ်းကုန်ကြိုးစားလိုက်သည်။
တစ်ချိန်တည်းမှာ လက်ထောက်ဒေသအကြီးအကဲ ထုတ်လွှတ်လိုက်သော ရွှေရောင်အလင်းတန်းသည် ဆူးချွန်တစ်ချောင်းသို့ အသွင်ပြောင်းလဲသွားပြီး ဝဲကတော့ထဲသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေရာ ထွက်ပေါက်တစ်ခုကို အမြန်ဖွင့်လှစ်စေသည်။
သို့သော်လည်း လက်ထောက်ဒေသအကြီးအကဲ၏ လက်ရှိပုံစံသည် နီလာနတ်သမီးသည်ပင် သွားရည်ကျနိုင်လောက်ပေသည်။ သို့ဖြစ်၍ နှစ်ပေါင်းများစွာကြာသည်အထိ ဆာလောင်ငတ်ပြတ်နေသော ရှေးဟောင်းဝိညာဉ်အင်ပါယာအဖို့တော့ ဆိုဖွယ်ရာစကားမရှိပေ။ သူသည် ဤနှစ်များတွင် ဝိညာည်ချောက်နက်ထဲသို့ မတော်တဆရောက်ရှိလာကြသော သူ့မျိုးနွယ်ဝင်များ၏ ဝိညာဉ်များကိုသာ အာဟာရအဖြစ် စုပ်ယူနေခဲ့ရသည်မဟုတ်ပါလော။