ပိုင်ရှောင်ကျိုး၏ အဆုံးသတ်(ခ)
Vol. 51 Ch. 781
မရဏမြစ်ကြီးသည် အပြင်းအထန် လှုပ်ရှားထကြွလာသည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာသည် သွားရည်အများကြီး ကျလာပြီး ယင်းကို အကုန်လုံး မျိုမချပစ်နိုင်ဟန် ရသည်။ သို့ဖြစ်၍ မရဏမြစ်ကြီးသည် ပိုပိုပြီး ကြီးမားကျယ်ပြောလာသည်။ ယင်းက ကောင်းကင်အထိ မြှောက်တတ်သွားပြီး ဝဲကတော့ဆီသို့ ဦးတည်ပျံသန်းသွားသည်။
ရှေးဟောင်းဝိညာဉ်အင်ပါယာသည် အလွန်ဆာလောင်မွတ်သိပ်နေ၏။
သူ၏ ဧရာမမျက်လုံးကြီးက အလွန်လင်းထိန်တောက်ပနေလေရာ လောကကြီး၏ အရောင်အသွေးသည်ပင် ပြောင်းလဲသွားရသည်။
လက်ထောက်ဒေသအကြီးအကဲဖွင့်လှစ်လိုက်သော ထွက်ပေါက်သည်တော့ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အကြည့်အောက်မှာ ချက်ချင်း ပြိုလဲပျက်စီးသွားသည်။ ယင်းနေရာမှာ မရဏမြစ်ကြီးက အစားထိုးဝင်ရောက်လာပြီး လက်ထောက်ဒေသအကြီးအကဲကို လွှမ်းခြုံသွားသည်။
မရဏမြစ်ကြီး၏ အဆုံးပိုင်းတွင် ဝါးမျိုသံများ ထွက်ပေါ်လာသည်။ ထိုအသံသည် အလွန်ကြောက်စရာကောင်းပြီး ယင်းထဲမှာ အဆုံးမရှိသော လောဘရမ္မက်၊ စိတ်လှုပ်ရှားမှုနှင့် လိုချင်တပ်မက်မှုတို့ ပါရှိသည်။ ယင်းက စားတော်ပွဲကြီးဖြစ်သော လက်ထောက်ဒေသအကြီးအကဲအား ဝါးမျိုပစ်ရန် ဆွဲငင်အားတစ်မျိုးသို့ ပြောင်းလဲသွားသည်။
သူက မရဏမြစ်ကြီး၏ အနက်ရှိုင်းဆုံးပိုင်းဆီသို့ ဆွဲခေါ်ခံရတော့မည့်အချိန် လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးသည် ရွှေရောင်တောက်ပလာပြီး ကျောက်စိမ်းဖြူလက်ကြီးနှစ်ဖက်ကို ထုတ်ဖော်လိုက်သည်။ ယင်းတို့က အရပ်မျက်နှာအဘက်ဘက်မှ အရာအားလုံးကို အကြင်နာမဲ့စွာ ဆုတ်ဖြဲပစ်လိုက်သည်။
အချိန်စွမ်းအင် ထွက်ပေါ်လာသည်နှင့်ချက်ချင်း မရဏမြစ်ကြီး၏ ဆွဲငင်အားသည် တစ်ခဏ ရပ်တန့်သွားသည်။ သူက ထိုအခွင့်အရေးကို အသုံးချပြီး ထွက်ပြေးရန် ထပ်မံကြိုးစားသည်။
ထိုအခိုက်အတန့်မှာ အလွန်ကျယ်ပြယ်သော နတ်ဘုရားအာရုံသည် ရှေးဟောင်းဝိညာဉ်လောကတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
“ ငါ့လောကထဲမှာ အချိန်မရှိဘူး ”
ထိုနတ်ဘုရားအာရုံထဲမှာ နတ်ဘုရားအစွမ်းနှင့် မေးခွန်းမထုတ်နိုင်သော လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းတို့ ပါရှိသည်။ မရဏမြစ်ကြီးသည် ချက်ချင်း မူလအခြေအနေသို့ ပြန်ရောက်ရှိသွားသည်။ ဆွဲငင်အားက နောက်တဖန် ပြန်ထွက်ပေါ်လာသည့်အခါ လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးသည် ယင်းကို ဆက်လက်မတောင့်ခံနိုင်တော့ပေ။ အက်ကွဲသံများသည် မျက်နှာပျက်ကြီးထံမှ ထွက်ပေါ်လာသည်။
ကျောက်စိမ်းဖြူလက်ကြီးနှစ်ဖက်သည် ချက်ချင်း အက်ကွဲသွားပြီး မရေမတွက်နိုင်သော အပိုင်းအစများသို့ ပြောင်းလဲသွားကြကာ မရဏမြစ်ကြီးထဲသို့ နစ်မြုပ်သွားကြသည်။ ယင်းတို့က မရဏမြစ်ကြီး၏ ဝါးမျိုခံလိုက်ရလေသည်။
လက်ထောက်ဒေသအကြီးအကဲသည် စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ အက်ကွဲကြောင်းများက သူ၏ မျက်နှာပျက်ကြီးပေါ်မှာ ထွက်ပေါ်လာနေသည့်တိုင် သူက စွမ်းအားအကုန်ကို အသုံးပြုပြီး ရွှေရောင်အလင်းကို ဆက်လက်ပျံ့နှံ့သွားစေသည်။
သူသည် အစွမ်းကုန်ထုတ်သုံးနေပြီ ဖြစ်၏။ ရွှေရောင်အလင်းက ပျံ့နှံ့ထွက်လာသည်နှင့် သူ၏ မျက်နှာပျက်ကြီးပေါ်မှာ တိုတမ်ဆေးမင်ကြောင်တစ်ခု ရေးတေးတေး ထွက်ပေါ်လာနေသည်ကို မြင်တွေ့ရလိမ့်မည်။
အမှန်တော့ ဆေးမင်ကြောင်သည် ထိုနေရာတွင် တစ်ချိန်လုံးရှိနေခြင်း ဖြစ်သည်။ ယင်းကို ယခင်က မည်သူမှ မမြင်နိုင်ကြခြင်းသာ ဖြစ်သည်။ ယခု သူက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဖိနှိပ်ခံနေရသောအခါ ထိုဆေးမင်ကြောင်က ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဆေးမင်ကြောင်သည် ပန်းချီကားတစ်ချပ်ဖြစ်သည်။ ထိုပန်းချီကားသည် ဟိုးယခင်တုန်းက ဖုန်းဟိုင်ဒေသငယ်၏ ပုံတူဆေးပန်းချီဖြစ်သည်။
ယင်းက အပြင်လောကမှာ ဖြစ်ပေါ်လာနေသော ဖုန်းဟိုင်ဒေသငယ်၏ မြေမျက်နှာသွင်ပြင်နှင့် တစ်ပုံစံတည်း တူညီ၏။
ယင်းသည် ရှေးခေတ်ဖုန်းဟိုင်ဒေသငယ်ကို လက်ရှိပစ္စုပ္ပန်ကာလဆီသို့ ပြန်လည်ဆင့်ခေါ်နိုင်စေမည့် လက်ထောက်ဒေသအကြီးအကဲ၏ အဓိကအားကိုးရာ လက်နက်ဖြစ်သည်။
အတိတ်တုန်းက သူမသေဆုံးမီ သူသတ်ဖြတ်ခဲ့သော လူများ၏ သွေးကို အသုံးပြု၍ ယင်းကို ထွင်းထုခဲ့သည်။
ယခု ယင်းက ပြန်ထွက်ပေါ်လာသည့်အခါ အလင်းပင်လယ်ကြီးအဖြစ် ရောင်ပြန်ဟပ်စေသည်။
တံလျှပ်လှိုင်းများက ခမ်းနားထည်ဝါစွာ ထွက်ပေါ်လာနေစဉ် ရှေးခေတ်ဖုန်းဟိုင်ဒေသငယ်ကတော့ ပုံရိပ်ယောင်သဖွယ် တည်ရှိနေသည်။
ယင်းက အချိန်စွမ်းအားသက်သက်သာ မဟုတ်ပေ။ ယင်းသည် လက်ထောက်ဒေသအကြီးအကဲက ယခင်အစီအစဉ်များကို ဆက်တိုက်ကြိုးဆွဲခဲ့သော ရလဒ်ဖြစ်သည်။ သူက အချိန်မြစ်ကြီးထဲမှ အပိုင်းအစတစ်ခုကို ဆွဲထုတ်ပြီး ယင်းကို အပြင်လောကမှ ဖုန်းဟိုင်ဒေသငယ်၏ စွမ်းအားဖြင့် ပေါင်းစပ်စေခဲ့သည်။ ထိုသို့ပေါင်းစပ်ခြင်းသည် သူ၏ မျက်နှာပေါ်မှ ရှေးဟောင်းဆေးမင်ကြောင်ကို နိုးထလာစေရန် လှုံ့ဆော်လိုက်ပြီး ရှေးခေတ်ဖုန်းဟိုင်ဒေသငယ် ပြန်လည်ရောက်ရှိရေးအတွက် ဦးဆောင်အစပျိုးစေသည်။
ရှေးဟောင်းဆေးမင်ကြောင်၏ အစွမ်းတိုးမြှင့်ပေးမှုကြောင့် ယင်းက မရဏမြစ်ကြီးကို ဖိနှိပ်လိုက်သည်။
မရဏမြစ်ကြီးထဲမှ တလိပ်လိပ်မြှောက်တတ်လာနေသော ရေလှိုင်းလုံးများသည် ဖိနှိပ်ခံလိုက်ရပြီး ဖျက်ဆီးခံရတော့မည့် လက္ခဏာများပြလာသည်။ မရဏမြစ်ရေသည် အငွေ့ပြန်တော့မည့်ဟန်ရပြီး သိသာထင်ရှားစွာ လျော့နည်းလာသည်။
ဤအခိုက်အတန့်မှာ ရှေးခေတ်ဖုန်းဟိုင်ဒေသငယ်က ရှေးဟောင်းဝိညာဉ်လောကပေါ်သို့ ဆင်းသက်လာသည့်အလား ရွှေရောင်အလင်းထဲမှာ ထွက်ပေါ်လာသည်။ ယင်းက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ပါးစပ်ကြီးကို တားဆီးပေးလိမ့်မည်ဖြစ်ပြီး လက်ထောက်ဒေသအကြီးအကဲကို လွတ်မြောက်နိုင်ရန် အခွင့်အရေးတစ်ခု ဖန်တီးပေးလိမ့်မည်။
“ ငါ့လူတွေ အဲ့ဒီမှာ အစာရှိတယ် ”
ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ တည်ငြိမ်သော နတ်ဘုရားအာရုံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ကန့်သတ်အမိန့်တော်နှင့်အတူ အလင်းပင်လယ်ကြီးပေါ်သို့ ကျဆင်းသွားသည်။
နောက်အခိုက်အတန့်မှာ အလင်းပင်လယ်ကြီးထဲမှ ရှေးခေတ်ဖုန်းဟိုင်ဒေသငယ်သည် ဆက်လက်မကြည်လင်တော့ဘဲ ဝေဝါးလာသည်။
ရှေးခေတ်ဖုန်းဟိုင်ဒေသငယ်ထဲမှ တောင်တန်းများနှင့် မြစ်ချောင်းများသည် ပြိုလဲပျက်စီးသွားကြသည်။ ကျယ်လောင်သော မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားသည်နှင့် အဆုံးမဲ့သော ရှေးဟောင်းဝိညာဉ်များနှင့် မကောင်းဆိုးဝါးဝိညာဉ်များသည် လောဘရမ္မက်ကြီးစွာ အရူးအမူး ပြေးထွက်လာကြသည်။
၎င်းတို့သည် သေရမည်ကို မကြောက်ကြဘဲ အလင်းပင်လယ်ကြီးထဲသို့ တန်းမတ်စွာ ပြေးသွားကြသည်။ လက်ထောက်ဒေသအကြီးအကဲက သူတို့အား မည်သို့ဖျက်ဆီးပါစေ ယင်းက အသုံးမဝင်ချေ။ ရှေးဟောင်းဝိညာဉ်လောကထဲမှ မကောင်းဆိုးဝါးဝိညာဉ်များသည် မရေမတွက်နိုင်အောင် များပြားလွန်းလှသည်မဟုတ်ပါလော။
သူတို့သည် ရူးသွပ်စွာ ပြေးသွားနေကြပြီး အလင်းပင်လယ်ကြီးထဲသို့ ဝင်ရောက်သွားကြကာ ရှေးခေတ်ဖုန်းဟိုင်ဒေသငယ်၏ ပြိုလဲပျက်စီးနေသော မြင်ကွင်းထဲသို့ တိုးဝင်သွားကြသည်။ ဤသည်မှာ အပြင်လောကမှ မြင်ကွင်းကို တဖန်ပြန်လည်ပြသနေသည့်အလားပင်။
ကောင်းကင်ဘုံတာအိုသည် တစ်ကျော့ပြန်လည်ပတ်လာဟန် ရသည်။
ရှေးဟောင်းဝိညာဉ်များနှင့် မကောင်းဆိုးဝါးဝိညာဉ်များသည် အထဲသို့ ဝင်ရောက်သွားကြသည်နှင့် စတင်ဝါးမျိုတော့သည်။
မြေပြင်သော်လည်းကောင်း၊ ကောင်းကင်သော်လည်းကောင်း၊ သက်ရှိအားလုံးနှင့် အရာဝတ္ထုအားလုံးသည် သူတို့ဝါးမျိုရမည့် ပစ်မှတ်များ ဖြစ်ကြသည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ အင်ပါယာက ထိုအရာအားလုံးက အစာဖြစ်သည်ဟု ပြောထားသောကြောင့် ဖြစ်သည်။
မရဏမြစ်ကြီးသည် ပြန်လည်လှုပ်ရှားထကြွလာပြီး ဆွဲငင်အားသည် ယခင်ကထက် ပိုပြီးကြီးမားလာသည်။
လက်ထောက်ဒေသအကြီးအကဲသည် ထိုအဖြစ်အပျက်အားလုံးကို ကြည့်နေရင်း သက်ပြင်းချလိုက်သည်။
ထိုသက်ပြင်းချသံကြားမှာ မျက်နှာပျက်ကြီး၏ အပိုင်းအစတစ်ခုသည် အက်ကွဲသွားသည်။ ယင်း၏ ပုံသဏ္ဍာန်သည် ညီညာမှုမရှိပေ။ ယင်းက အောက်သို့ပြုတ်ကျသွားပြီးနောက် ရွှေရောင်အလင်းတန်းသို့ ပြောင်းလဲသွားကာ မည်းမှောင်နေသော ကောင်းကင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ချက်ချင်းပင် ထိုရွှေရောင်အလင်းတန်းသည် လေထုကို ဆုတ်ဖြဲပစ်လိုက်သည်။ အမှောင်ကောင်းကင်က လွင့်ပြယ်သွားပြီးနောက် လောကကြီးသည် တုန်ယင်သွားပြီး ကျယ်လောင်သော အက်ကွဲသံက မြည်ဟိန်းထွက်လာသည်။ ကောင်းကင်ယံပေါ်မှာ ရွှေရောင်အလင်းက ထွန်းလင်းသွားပြီးနောက် ဓားထိပ်ဖျားတစ်ခုသည် ထွက်ပေါ်လာသည်။
ထိုဓားသည် ရွှေရောင်ဖြစ်ပြီး ကောင်းကင်ကို ထိုးဖောက်တော့မည့်ဟန် ရသည်။ ယင်းက ကောင်းကင်ကို တိုက်ရိုက်ထိုးဖောက်သွားပြီးနောက် မြေပြင်ပေါ်သို့ ဦးတည်ကာ ဆင်းသက်လာသည်။
ရွှေဓားသည် ရှေးဟောင်းဝိညာဉ်လောကပေါ်မှ တောင်ထိပ်တစ်ခုပေါ်သို့ ကျဆင်းသွားသည်။
တောင်ထိပ်သည် ပြိုလဲပျက်စီးသွားပြီး ရွှေဓားသည်သာ ထီးထီးမားမား ထောင်မတ်နေလေသည်။ ယင်းက တစ်ခုတည်းသော အာရုံစိုက်စရာဖြစ်လာသည်။
မုန်တိုင်းတစ်ခုသည် မြေပြင်ပေါ်တွင် အစပျိုးထွက်ပေါ်လာပြီး မရေမတွက်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်များသည် ဟိန်းဟောက်လိုက်ကြသည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာသည် သူတို့ကို မတားဆီးပေ။
များမကြာမီ ဒုတိယအပိုင်းအစ၊ တတိယအပိုင်းအစ၊ စတုတ္ထအပိုင်းအစ အစရှိသဖြင့် အပိုင်းအစတစ်ခုပြီးတစ်ခုသည် လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးပေါ်မှ ကွာကျလာကြသည်။
ယင်းတို့အားလုံးသည် လေထဲသို့ မြှောက်တတ်သွားကြသည်။ မိုးထစ်ချုန်းသံကဲ့သို့ ကျယ်လောင်သော အက်ကွဲသံများက ဆက်လက်ထွက်ပေါ်လာသည်။ ပေတစ်သောင်းရှည်လျားသော ဒုတိယရွှေဓားသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ ထို့နောက် ယင်းက မြေပြင်ပေါ်သို့ ထိုးစိုက်သွားပြီး တတိယမြောက်ရွှေဓား၊ စတုတ္ထမြောက်ရွှေဓားနှင့် ပဉ္စမမြောက်ရွှေဓားတို့သည်လည်း မြေပြင်ပေါ်သို့ ရှေ့ဆင့်နောက်ဆင့် ဆင်းသက်လာကြသည်။
လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးသည်တော့ အပိုင်းအစများက ဆက်လက်အက်ကွဲသွားပြီး ကွာကျလာနေသည်နှင့် တဖြည်းဖြည်း နည်းပါးသထက် နည်းပါးလာသည်။ နောက်ဆုံးမှာတော့ မျက်နှာပျက်ကြီးသည် အပိုင်းအစများအဖြစ် အက်ကွဲထွက်သွားပြီး လေထဲသို့ တစ်ပြိုင်နက်တည်း မြှောက်တတ်သွားကြသည်။
စုစုပေါင်း ရွှေဓား(၃၃)ချောင်းရှိသည်။
ထိုအဖြစ်အပျက်အားလုံးသည် အသက်ရှူချိန်အနည်းငယ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဧရာမရွှေဓား(၃၃)ချောင်းသည် ကီလိုမီတာ(၅၀၀၀)ဧရိယာအား လွှမ်းခြုံသွားမည့် စက်ဝိုင်းတစ်ခုပမာ ဖြစ်တည်နေသည်။ စက်ဝိုင်း၏ အလယ်ဗဟိုသည် စောစောက လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီး အက်ကွဲသွားသောနေရာ ဖြစ်သည်။
ဤအခိုက်အတန့်မှာ ရွှေရောင်တောက်ပနေသော ရွှေဓား(၃၃)ချောင်းသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်နိုင်ရန် ရွှေချည်မျှင်များကို ထုတ်လွှတ်လိုက်ကြသည်။
ထို့နောက် ယင်းက ပြိုင်ဘက်ကင်းသော စည်းချအစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။
စည်းချအစီအရင်ထဲမှာ ဧရာမရွှေဓား(၃၃)ချောင်းသည် တုန်ယင်သွားကြသည်။ ကီလိုမီတာ(၅၀၀၀)ဧရိယာအတွင်းမှာ အချိန်သည် ပြန်လည်ရောက်ရှိလာဟန် ရသည်။ မရဏမြစ်ကြီးသည် ရပ်တန့်သွားပြီး စောစောက လက်ထောက်ဒေသအကြီးအကဲ ပျောက်ကွယ်သွားခဲ့သော နေရာမှာ ပုံရိပ်တစ်ခုဖြစ်ပေါ်လာသည်။
ယခု သူက မျက်နှာပျက်ကြီးပုံစံမဟုတ်တော့ဘဲ လူသားအသွင်သို့ ပြန်ပြောင်းလဲသွားသည်။
သို့သော်လည်း သူက အများကြီး ငယ်ရွယ်သွားပုံပေါ်ပြီး သူ၏ အဝတ်အစားများသည် ယခုခေတ်ထံမှ မဟုတ်ပေ။
သူ၏ တစ်ကိုယ်လုံးမှ ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဤအခိုက်အတန့်မှာ သူက လက်ထောက်ဒေသအကြီးအကဲမဟုတ်တော့ဘဲ ကျစ်လွီဆဲ့တိုင်းပြည်မှ ဖုန်းဟိုင်ဒေသငယ်၏ အုပ်ချုပ်သူ ပိုင်ရှောင်ကျိုး၏ အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ထွက်ပေါ်လာဟန် ရသည်။