ပိုင်ရှောင်ကျိုး၏ အဆုံးသတ်(ဂ)
Vol. 51 Ch. 782
သူက ရွှေဓား(၃၃)ချောင်း၏ အလယ်ဗဟိုတွင် မတ်တတ်ရပ်နေလျက် မြေပြင်ပေါ်သို့ ကြည့်နေသည်။ ထို့နောက် သူက သူ့အား စိုက်ကြည့်နေသော ကောင်းကင်ပေါ်ရှိ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးကြီးကို ကြည့်လိုက်သည်။ သူက စိတ်ဓာတ်ကျသော အမူအရာဖြင့် ဧရာမမျက်လုံးကြီးကို အရိုအသေပေးလိုက်သည်။
“ ကျစ်လွီဆဲ့တိုင်းပြည်က ငယ်သားက ရှေးဟောင်းဝိညာဉ်အင်ပါယာကို နှုတ်ဆက်ပါတယ် ”
“ အရှင်က ကျုပ်ကို ဒီကနေ ထွက်သွားခွင့်မပေးဘဲ အတင်းအကျပ် ဝါးမျိုချင်နေမှတော့ အပြင်လောကမှာ ကျုပ်သုံးခဲ့တဲ့နည်းလမ်းကို ထုတ်သုံးမှပဲဖြစ်တော့မယ် ”
ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးကြီးသည် မည်သည့်အပြောင်းအလဲမှ ဖော်မပြချေ။ သို့သော်လည်း မျက်လုံး၏ အနက်ရှိုင်းဆုံးအပိုင်းတွင်တော့ အနက်ရောင်အလင်း တောက်ပသွားသည်။
ပိုင်ရှောင်ကျိုးသည် မြေပြင်ပေါ်မှ ရွှီချင်းကို လက်ညှိုးညွှန်လိုက်သည်။
“ ရှေးဟောင်းဝိညာဉ်အင်ပါယာ… ကျုပ် မီးစာကုန်းမြေရဲ့ ဂိတ်တံခါးကို ဖွင့်လှစ်ပြီး အရှင့်ရဲ့ ရှေးဟောင်းဝိညာဉ်လောကနဲ့ ချိတ်ဆက်တော့မယ်… နောက်ဆက်တွဲအကျိုးဆက်က ဘာပဲဖြစ်လာပါစေ… ဘယ်လိုကဒ်ဘေးတွေ ထွက်ပေါ်လာပါစေ အဲ့ဒါတွေက ကျုပ်ရဲ့ဆန္ဒကြောင့်မဟုတ်ဘူးနော်… အဲ့ဒါတွေအားလုံးက ဒီကောင်လေးကြောင့် ဖြစ်လာရတာပဲ ”
မရဏမြစ်ကြီး၏ အတွင်းပိုင်းထဲတွင် ရွှီချင်းသည် အကာအကွယ်ပေးခံထားရလျက် ဝါးမျိုသံ၏ ဇစ်မြစ်ဆီသို့ ဆန္ဒမရှိဘဲ ဆွဲခေါ်ခံနေရသည်။ သို့သော် မရဏမြစ်ကြီးက ရပ်တန့်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်သည်လည်း နေရာမှာ ရပ်တန့်သွားသည်။
သို့သော်လည်း ဖြစ်စဉ်တစ်လျှောက် သူသည် ဦးညွတ်သော ကိုယ်ဟန်အမူအရာကို အမြဲထိန်းသိမ်းထားသည်။
သူသည် လုံးဝခုခံခြင်းမပြုဘဲ ရှေးဟောင်းဝိညာဉ်အင်ပါယာပေါ်သို့ အလွန်တရာ ရိုသေလေးစားကြောင်းသာ ထုတ်ဖော်ပြထားသည်။
ပိုင်ရှောင်ကျိုးက သူ့အား လက်ညှိုးထိုးနေသည့်တိုင် သူက ခေါင်းမမော့ခဲ့ပေ။
ပိုင်ရှောင်ကျိုး၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်သည် အတိတ်တွင် သူပြုလုပ်ခဲ့ဖူးသော လုပ်ရပ်နှင့် ဆင်တူသော်လည်း ရွှီချင်းသည် မည်သည့်အပြောင်းအလဲကိုမှ ထုတ်မပြချေ။
တစ်ဖက်လူကို ဤနေရာသို့ ခေါ်ဆောင်လာပြီး သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြပြီးကတည်းက နောက်ဖြစ်လာမည့်ကိစ္စအားလုံးသည် သူ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေလိမ့်မည်ဖြစ်ကြောင်း ကြိုနားလည်ထားပြီးသား ဖြစ်သည်။
သူသည် အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ ဖြစ်သည်။
ထို့ကြောင့် ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး မျက်လုံးမှိတ်ထားလိုက်ကာ သူတို့ကို လျစ်လျူရှုထားလိုက်သည်။
ရှေးဟောင်းဝိညာဉ်အင်ပါယာသည် မည်သည့်မှတ်ချက်မှ မပေးချေ။ သူက လက်ထောက်ဒေသအကြီးအကဲကိုသာ စိုက်ကြည့်နေသည်။ တံတွေးမျိုချနေသော အသံသည် ဝိုးတိုးဝါးတား ပဲ့တင်ထွက်လာနေသည်။
ပိုင်ရှောင်ကျိုးသည် နှုတ်ဆိတ်သွားပြီး စိတ်မသက်မသာခံစားမှုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
သို့သော်လည်း မည်သို့ဖြစ်ပါစေ သူသည် ကြိုးစားကြည့်ရဦးပေမည်။ ထို့ကြောင့် သူက ကောင်းကင်ပေါ်သို့ လက်မြှောက်တင်လိုက်ပြီး မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။
“ ကျုပ်ရဲ့ ကမ္မကိုအသုံးပြုပြီး မီးစာကုန်းမြေဆီ လမ်းပြပေးတော်မူပါ… ငါ့လူတွေ ပြန်လာကြလော့ ”
သူ့အသံ ပျံ့လွင့်သွားသည်နှင့်ချက်ချင်း ရှေးဟောင်းဝိညာဉ်လောက၏ အပြင်ဘက်၊ ဖုန်းဟိုင်ဒေသငယ်၏ ကောင်းကင်အထက်၊ ရွှေရောင်ပိုက်ကွန်၏ တားဆီးခံနေရသော ဒုတိယကောင်းကင်သည် ရုတ်တရက် တုန်ခါသွားသည်။
မြေပြင်ပေါ်မှ ရှေးဟောင်းတောင်တန်းနယ်မြေများသည် ပိုမိုများပြားစွာ ပြိုလဲပျက်စီးသွားကြသည်နှင့် ဖုန်းဟိုင်ဒေသငယ်ရှိ သက်ရှိအားလုံး၏ ထိတ်လန့်ခြောက်ခြားနေမှုအောက်မှာ ဒုတိယကောင်းကင်သည် ရုတ်ချည်း ပျောက်ကွယ်သွားသည်။ ထို့အတူ မကောင်းဆိုးဝါးဝိညာဉ်အများအပြားသည် မီးစာကုန်းမြေဆီသို့ အလျှင်အမြန် ပြန်ဝင်ရောက်သွားကြသည်။
လျှပ်တစ်ပြက်အတွင်း ဒုတိယကောင်းကင်သည် ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာ ဝိညာဉ်ချောက်နက်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် အရွယ်အစားကြီးမားသော ဝဲကတော့တစ်ခုသည် အတိတ်တွင် ဟင်းလင်းပြင်ထဲ၌ ရွှီချင်းမြင်ခဲ့ဖူးသော ဧရာမမြွေအလောင်းပေါ်မှာ ထွက်ပေါ်လာသည်။
ထိုဝဲကတော့သည် ဝုန်းခနဲမြည်ဟိန်းသွားပြီး ခမ်းနားထည်ဝါသော အရှိန်အဝါဖြင့် လှည့်ပတ်လာသည်။ ယင်းသည် ပန်းချီကားတစ်ချပ်နှင့်ဆင်တူပြီး အပြင်လောကမှာ ပျောက်ကွယ်သွားခဲ့သော ဒုတိယကောင်းကင်ဖြစ်၏။
ဤအခိုက်အတန့်မှာ ယင်းက ဧရာမမြွေကြီး၏ အပေါ်မှာ ကျယ်ပြန့်လာနေသည်။
ဧရာမမြွေကြီးသည် တုန်ယင်သွားသည်။
မရေမတွက်နိုင်သော အော်ဟစ်သံများသည် ဒုတိယကောင်းကင်ထံမှ မြည်ဟိန်းထွက်လာကြပြီး အရေအတွက်များပြားသော မကောင်းဆိုးဝါးဝိညာဉ်များက ပြေးထွက်လာကြသည်။ ဤနေရာတွင် ဝမ်ကူးကုန်းမြေ၏ အရှိန်အဝါထံမှ နှောင့်ယှက်ခြင်းမခံရချေ။ သို့ဖြစ်၍ ကျစ်လွီဆဲ့တိုင်းပြည်မှ ထိုဝိညာဉ်များသည် အောင်မြင်စွာ ဆင်းသက်လာကြပြီး ဧရာမမြွေကြီးဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
သို့သော် ၎င်းတို့ဆင်းသက်လာသည်နှင့်ချက်ချင်း အပြောင်းအလဲတစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာသည်။
ဧရာမမြွေကြီးသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ၎င်း၏ မျက်လုံးသည် ပင်ပန်းနွမ်းနယ်နေပြီး ဖြူဖျော့နေသည်။ ထိုစက္ကန့်ပိုင်းအတွင်း ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် ရုတ်တရက် လှည့်ပတ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ဝဲကတော့ကို ၎င်း၏ ဦးခေါင်းပေါ်မှ ရှေးဟောင်းဝိညာဉ်လောကဖြင့် အမှန်တကယ် ရိုက်ချပစ်လိုက်သည်။
ထိုတွေ့ဆုံမှုမှ မည်သည့်အသံမှ ထွက်မပေါ်လာသလို မည်သည့်လှိုင်းအတတ်အကျမှ မပျံ့လွင့်လာချေ။
အသံမဲ့ဖျက်ဆီးမှုသာ ဖြစ်ပေါ်လာသည်။
ဧရာမမြွေကြီးသည် ပြိုလဲပျက်စီးသွားပြီး ၎င်း၏ ဦးခေါင်းပေါ်မှ ရှေးဟောင်းဝိညာဉ်လောကသည်လည်း ပြိုလဲပျက်စီးသွားသည်။
တစ်ချိန်တည်းမှာ ဒုတိယကောင်းကင်နှင့် ယင်းထဲမှ ပြေးထွက်လာနေကြသော မကောင်းဆိုးဝါးဝိညာဉ်အားလုံးသည် ပျက်စီးသွားကြသည်။ ဝဲကတော့အတွင်းမှ မီးစာကုန်းမြေသည်လည်း ပြိုလဲပျက်စီးသွားသည်။
ယင်းတို့က ရေပူဖောင်းများနှယ် ပေါက်ကွဲသွားကြပြီး ဟင်းလင်းပြင်ထဲမှာ အမြစ်ဖြတ်သုတ်သင်ခံလိုက်ရကြသည်။
ဝဲကတော့သည် ဟင်းလင်းပြင်ထဲမှာ ဆက်လက်မရှိတော့ပေ။
ရှေးဟောင်းဝိညာဉ်လောကထဲတွင် ရွှေဓား(၃၃)ချောင်းဖြင့် ဖွဲ့စည်းထားသော ကီလိုမီတာ(၅၀၀၀)ဧရိယာ၏ ကောင်းကင်ပေါ်မှာ မည်သည့်အရာမှ ထွက်မပေါ်လာချေ။
ရွှီချင်းသည် မအံ့ဩပေ။
ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးကြီးထဲမှာ ခပ်မှိုန်မှိုန် အလင်းရောင်တစ်ခုသာ ရှိသည်။
လက်ထောက်ဒေသအကြီးအကဲသည် နှုတ်ဆိတ်သွားသည်။ သူက မည်သည့်အပြောင်းအလဲမှ မဖြစ်ပေါ်လာသော ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏ ဆင့်ခေါ်မှုက ကျရှုံးသွားကြောင်း အာရုံခံမိသွားသည်။ တစ်ချိန်တည်းမှာ သူက စူးရှသော နာကျင်မှုကိုလည်း ခံစားသွားရ၏။
မရေမတွက်နိုင်သော သူ၏ လူများက အော်ဟစ်ညည်းညူနေကြပြီး ဖျက်ဆီးခံလိုက်ရကြသည်ကို ရေးတေးတေး သူအာရုံခံမိနေသည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက အသက်အများကြီး ကြီးသွားဟန် ရသည်။ သူက ခေါင်းငုံ့လိုက်ပြီး ရွှီချင်းကို လှမ်းကြည့်လိုက်သည်။ ခဏအကြာမှာ သူက သက်ပြင်းချလိုက်သည်။
“ မင်း အရင်က ဒီလိုနည်းလမ်းမျိုး အသုံးပြုဖူးတာလား ”
ရွှီချင်းသည် လက်ထောက်ဒေသအကြီးအကဲကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
အစောနက ထိုနည်းလမ်းကို တစ်ဖက်လူအသုံးပြုခဲ့စဉ်က ထိုသို့ဖြစ်လာလိမ့်မည်ဟု ရွှီချင်းက ကြိုခန့်မှန်းထားခဲ့ပြီးဖြစ်သည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာသည် ယခင်တစ်ခေါက်က သူ၏ ခြိမ်းခြောက်ခံရပြီးနောက် ထိုပြစ်ချက်ကို ဂရုမစိုက်ဘဲနေလိမ့်မည်ဟု သူမယုံကြည်ပေ။
ဆင့်ခေါ်ခြင်းကို ပယ်ဖျက်ရန် သူအသုံးပြုခဲ့သော နည်းလမ်းသည်တော့ ယင်းက ဖုံးကွယ်ခြင်းနှင့်သက်ဆိုင်နေလိမ့်မည်ဟု ရွှီချင်းသည် တစ်ထစ်ချ မပြောနိုင်ပေ။
လက်ထောက်ဒေသအကြီးအကဲ၏ အမူအရာက ရွှီချင်းအား တစ်ဖက်လူသည် အစစ်အမှန်ရှေးဟောင်းဝိညာဉ်လောကကို ဖုံးကွယ်ထားရုံသာမက တန်ပြန်တိုက်ခိုက်ရန် အစီအစဉ်ချထားသေးကြောင်းကိုလည်း သိနားလည်သွားစေသည်။
လက်ထောက်ဒေသအကြီးအကဲသည် နှုတ်ဆိတ်သွားသည်။
ဤအခိုက်အတန့်မှာ ဘေးပတ်ပတ်လည်ရှိ ရွှေဓား(၃၃)ချောင်းသည် စတင်အရောင်မှေးမှိန်လာကြသည်။ ဖိနှိပ်ခံထားရသော မရဏမြစ်ကြီးသည် တဖန်လှုပ်ရှားထကြွလာပြီး ဝါးမျိုခြင်းစွမ်းအားသည် ပြန်လည်ထွက်ပေါ်လာသည်။
ထိုအဖြစ်ကိုမြင်သောအခါ လက်ထောက်ဒေသအကြီးအကဲ၏ အမူအရာသည် ပိုပြီးမည်းမှောင်သွားပြီး ခါးသီးမှုကို ခံစားသွားရသည်။
သူ၏ အစီအစဉ်များနှင့် ဉာဏ်ပရိယာယ်သည် ယခုအချိန်မှာ အသုံးမဝင်တော့ပေ။
ယခုအချိန်မှာ သူသည် နီလာနတ်သမီးနှင့်ရင်ဆိုင်ခဲ့စဉ်က အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား၏ အကူအညီမဲ့သော ခံစားမှုကို ထပ်တူညီစွာ ခံစားနေရသည်။
ထိုအကြောင်းအရင်း၏ ဇစ်မြစ်သည် ရွှီချင်းဖြစ်သည်။
လက်ထောက်ဒေသအကြီးအကဲသည် ရွှီချင်းကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ ခါးသီးသော အမူအရာက တည်ငြိမ်မှုသို့ ပြောင်းလဲသွားလေသည်။
“ ငါကျရှုံးသွားပြီ ”
သူက နူးညံ့စွာ ပြောသည်။ သူက နတ်ဘုရားမျက်နှာပျက်ကြီးကို ဆင့်ခေါ်ကြည့်ရန် မကြိုးစားတော့ချေ။ ယင်းက အသုံးမဝင်ကြောင်း သူသိသည်။ နတ်ဘုရားမျက်နှာပျက်ကြီးသည် သူ့အတွက် မျက်လုံးဖွင့်လိမ့်မည်မဟုတ်ချေ။ သူတို့ကြားမှ အပေးအယူသည် သူပြန်နိုးထလာသည့်အချိန်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံဆီမှ အကူအညီတောင်းရန် သူ့ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုရန်လည်း မကြိုးစားတော့ချေ။
အဘယ့်ကြောင့်ဆိုသော် သူ၏ အစီအစဉ်က ကျရှုံးသွားပြီး သူ့အရှင်ကို စိတ်ပျက်စေသောကြောင့် ဖြစ်သည်။ သူ့အရှင်ကို မြင်တွေ့ပြီး အကူအညီတောင်းရန် သူ့ကိုယ်သူ အလွန်တရာ ရှက်မိသည်။ ထို့အပြင် သူ့အတွက်နှင့် သူ့အရှင်ကို ဤရှေးဟောင်းဝိညာဉ်အင်ပါယာအား မရင်ဆိုင်စေလိုပေ။
“ ကံကောင်းစွာပဲ အရှင့်ကို ဦးခေါင်းခွံပြန်ရအောင် ငါကူညီပေးနိုင်ခဲ့တယ်… အကျိုးအမြတ်ကို ချင့်ချိန်စဉ်းစားပြီးမှ လုပ်တတ်တဲ့ သတ္တမမင်းသားကတော့ စောစောတုန်းက ငါ့ကို သူမတိုက်ခိုက်ခဲ့ဘူး… ဒီလိုဆိုမှတော့ ငါ့အစီအစဉ်အားလုံးကို သူသိပြီးသွားတာနဲ့ သဘောတူညီမှုကို အလွယ်တကူ ချိုးဖောက်လိမ့်မှာမဟုတ်ဘူး ”