ပိုင်ရှောင်ကျိုး၏ အဆုံးသတ်(ဃ)
Vol. 51 Ch. 783
လက်ထောက်ဒေသအကြီးအကဲသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။
ဘေးပတ်ဝန်းကျင်မှ ဧရာမရွှေဓား(၃၃)ချောင်းသည် အရောင်မှေးမှိန်သွားကြပြီး အဆုံးမရှိသော မရဏမြစ်ကြီးထဲမှာ နစ်မြှုပ်သွားကြသည်။ သူ၏ ပုံရိပ်သည်လည်း နစ်မြှုပ်သွားပြီး မရဏမြစ်ကြီး၏ အနက်ရှိုင်းဆုံးပိုင်းဆီသို့ ဆွဲခေါ်ခံလိုက်ရသည်။
မရဏမြစ်ကြီး၏ အနက်ရှိုင်းဆုံးပိုင်းတွင် အလွန်တရာ ကြီးမားသော ပါးစပ်ပေါက်ကြီးတစ်ခု ရှိသည်။ လက်ထောက်ဒေသအကြီးအကဲ၏ ပုံရိပ်က တဖြည်းဖြည်း နီးကပ်သထက် နီးကပ်လာသည်နှင့် သွားရည်သည် ဧရာမပါးစပ်ကြီးထဲမှ အဆုံးမဲ့စွာ စီးကျလာနေသည်။
လက်ထောက်ဒေသအကြီးအကဲ၏ ခန္ဓာကိုယ်သည် ဝါးမျိုခံရတော့ရန် သိပ်မလိုတော့ပေ။
ထိုအခိုက်အတန့်မှာ ခရမ်းရောင်မိုးကြိုးသွားတစ်စင်းသည် ရုတ်ချည်း ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ယင်းက ကမ္ဘာမြေတုန်ဟီးစေနိုင်သည်အထိ အလွန်အမင်း အားကောင်းပြီး ရှေးဟောင်းဝိညာဉ်လောက၏ ကောင်းကင်ထက်ဝက်ကျော်ကို ထိုးဖောက်သွားသည်။
ကောင်းကင်သည် နှစ်ပိုင်းဆုတ်ဖြဲခံရတော့မည့်ဟန် ရ၏။
ရွှီချင်းက ရုတ်တရက် ခေါင်းမော့လိုက်စဉ် လက်ထောက်ဒေသအကြီးအကဲ၏ ခန္ဓာကိုယ်သည် သိမ့်သိမ့်တုန်သွားသည်။
ရှေးဟောင်းဝိညာဉ်လောကထဲရှိ နန်းတော်များအပေါ်မှ ဧရာမမျက်လုံးကြီးအားလုံးသည် တစ်ပြိုင်နက်တည်း မျက်လုံးဖွင့်လိုက်ကြပြီး ကောင်းကင်ကို ကြည့်လိုက်ကြသည်။
ဧရာမပါးစပ်ကြီးများက နေရာတိုင်းမှ ထွက်ပေါ်လာနေကြသလို မရဏမြစ်များသည် ပို၍များပြားစွာ ထွက်ပေါ်လာကြပြီး တစ်လောကလုံးကို ဖြတ်သန်းစီးဆင်းနေကြသည်။
ရှေးဟောင်းဝိညာဉ်လောကတစ်ခုလုံး တုန်လှုပ်လာသည်။
မကောင်းဆိုးဝါးဝိညာဉ်များ၊ အလောင်းကောင်များနှင့် အလံတိုင်များသည် ဤအခိုက်အတန့်မှာ ယခင်ကထက် ပို၍များပြားစွာ စုပြုံထွက်လာကြသည်။ ပေတစ်ထောင်၊ ပေတစ်သောင်းနှင့် ပေတစ်သိန်းအရွယ်အစားရှိသော ဧရာမလူ့ဘီလူးကြီးများသည် ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် မြေကြီးအောက်ထဲမှ တွားသွားထွက်လာကြပြီး ကောင်းကင်ကို ဟိန်းဟောက်လိုက်ကြသည်။
ဤအခိုက်အတန့်မှာ ရှေးဟောင်းဝိညာဉ်လောကက အသက်ဝင်လာဟန် ရသည်။
မြေပြင်က လှုပ်ရှားထကြွလာလေရာ အလွန့်အလွန်ကြီးမားသော တည်ရှိမှုကြီးတစ်ခုက မြေကြီးအောက်ထဲမှာ လှုပ်ရှားနေဟန် ရသည်။ ၎င်း၏ လှုပ်ရှားမှုများနှင့် အကြည့်သည် ကောင်းကင်ပေါ်မှ မိုးကြိုးသွားကို သတိပေးနေဟန် ရသည်။
ဒါက ငါ့အစာ… ဘယ်သူ့မှ ငါ့ဆီကနေ လုယူသွားလို့မရဘူး…
ကောင်းကင်နှင့် မြေပြင်သည် ရန်ဘက်ဖြစ်လာသည်။
ကောင်းကင်ကို မော့ကြည့်လိုက်စဉ် အေးစက်စက် အလင်းတန်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာနေစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားလက်ချောင်းသည်တော့ အပြင်းအထန် တုန်ယင်နေသည်။
၎င်းသည် အမှန်တကယ် ကြောက်ရွံ့နေသည်။
အစကတော့ ဆယ့်ငါးမိနစ်ကြာပြီးသည့်အခါ ဤခန္ဓာကိုယ်ကို ၎င်းက သိမ်းပိုက်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့ဖြစ်၍ လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးက ရင်ဆိုင်ရန်မလွယ်ကူကြောင်း ၎င်းနားလည်သွားသည့်အခါ ၎င်း၏ စွမ်းအားအပြည့်ကို အသုံးမပြုခဲ့ပေ။ ၎င်းက စွမ်းအားကို ထိန်ချန်ထားပြီး ရွှီချင်းသေသွားမည့်အချိန်ကို စောင့်ဆိုင်းမည်ဟု အစီအစဉ်ချထားသည်။ ရွှီချင်းသေသွားသည့်အခါ ၎င်းက ဤခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး အစွမ်းကုန်သုံး၍ ထွက်ပြေးမည် ဖြစ်သည်။
သို့သော်လည်း ရွှီချင်းက ဤနေရာသို့ ခေါ်ဆောင်သွားလိမ့်မည်ဟု ၎င်းက မျှော်လင့်မထားခဲ့ပေ။
ဤနေရာသို့ ရောက်ရှိသွားသည့်အခါ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးကြီးသည် လက်ထောက်ဒေသအကြီးအကဲကို ထိတ်လန့်သွားစေရုံသာမက ၎င်းကိုလည်း ထိတ်လန့်သွားစေသည်။
ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဆာလောင်နေသော အကြည့်နှင့် တံတွေးမျိုချသံသည် နတ်ဘုရားလက်ချောင်းကို အရိုးခိုက်ခိုက်တုန်အောင် ကြောက်လန့်သွားစေသည်။ ၎င်း၏ မူလခန္ဓာကိုယ်က ဆိုးဝါးသော သေခြင်းတရားဖြင့် ကြုံတွေ့ခဲ့ရကြောင်း နတ်ဘုရားလက်ချောင်းက တွေးမိသွားသောအခါ စတင်ခြောက်ခြားလာသည်။
ယခုတော့ နောက်ထပ် အစွမ်းထက်အရှိန်အဝါတစ်ခုက ပေါ်ထွက်လာပြန်ချေ၏။
“ ဒီကောင်လေး… တကယ်လို့ ဒီနေ့ ငါသာ အသက်ရှင်သွားပြီး ဝါးမျိုမခံရဘူးဆိုရင် ငါလွတ်မြောက်တာနဲ့ သူ့ကို သိမ်းပိုက်နိုင်အောင် ရှိသမျှအားလုံးကို ထုတ်သုံးပစ်ရလိမ့်မယ်… အခုလို သူလျှောက်သွားနိုင်အောင် ဆက်လွှတ်ထားလို့ လုံးဝမဖြစ်ဘူး ”
နတ်ဘုရားလက်ချောင်းက ထိတ်လန့်နေစဉ် လက်ထောက်ဒေသအကြီးအကဲ၏ အမူအရာပေါ်မှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူက ရှက်ရွံ့သွားပြီး ဒူးထောက်ချလိုက်ကာ သူ့အရှင်ကို အော်ခေါ်လိုက်သည်။
ကောင်းကင်ပေါ်မှ ခရမ်းရောင်မိုးကြိုးသည် ပို၍လင်းထိန်လာသည်။ အချိန်တစ်ခဏကြာပြီးနောက် ရင်းနှီးသော အသံသည် ဤလောကထဲမှာ ပဲ့တင်ထပ်သွားသည်။
“ စီနီယာ ကျုပ် သူ့ရဲ့အချိန်ကို လိုချင်တယ် ”
“ မပေးဘူး ”
ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ နတ်ဘုရားအာရုံသည် လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါဖြင့် မြည်ဟိန်းထွက်လာသည်။
“ ကျုပ် အဲ့ဒါကို ရပြီးပြီ ”
ကောင်းကင်ပေါ်မှ ခရမ်းရောင်မိုးကြိုးသည် တဖျပ်ဖျပ်လင်းလက်သွားသည်။
ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးအားလုံးသည် အေးစက်သွားကြသည်။
“ ဒါဆို ထွက်သွားတော့ ”
ခရမ်းရောင်မိုးကြိုးသည် လျှပ်တစ်ပြက်အတွင်း စုဝေးသွားပြီး နောက်ဆုံးမှာတော့ ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးနှင့် ဆင်တူသော မျက်နှာတစ်ခုသို့ အသွင်ပြောင်းလဲသွားသည်။ ၎င်းက မြေပြင်ပေါ်မှ ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူသည် ထိုမျက်နှာနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်သည်။
“ ညီလေး မင်းတောင် အရွယ်ရောက်လာပြီပဲ ”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးအားလုံးသည် တဖျပ်ဖျပ်လှုပ်ခါသွားကြသည်။ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားလက်ချောင်းသည်တော့ တသိမ့်သိမ့်တုန်ခါသွားပြီး မည်သည့်အော်ညည်းသံမှ မထွက်ဝံ့တော့ချေ။
‘ တော်ပြီ ဒီခန္ဓာကိုယ်ကို ငါနောက်ထပ်မလိုချင်တော့ဘူး… ငါ့ကို သူနဲ့ဝေးရာကိုပဲ ခေါ်သွားပေးစမ်းပါ ’
နတ်ဘုရားလက်ချောင်းသည် ကြောက်လန့်သွားသည်။
ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူ၏ အကြည့်သည် တည်ငြိမ်ပြီး မည်သည့်စကားမှ ပြန်မပြောချေ။
ကောင်းကင်ပေါ်မှ မျက်နှာသည် ဆက်လက်မပြောတော့ပေ။ ၎င်း၏ လေးနက်သော အကြည့်က ရွှီချင်းအပေါ်မှာ အသက်ရှူချိန်အနည်းငယ်ကြာ တည်မြဲနေပြီးနောက် မျက်နှာသည် ကောင်းကင်ပေါ်မှ လုံးလုံးပျောက်ကွယ်သွားသည်။
မရဏမြစ်ကြီးထဲမှ လက်ထောက်ဒေသအကြီးအကဲသည်တော့ ပျောက်ကွယ်သွားသော မျက်နှာ၏ တည်နေရာသို့ ရိုသေလေးစားစွာ ဦးချလိုက်သည်။
“ အိမ်ရှေ့စံ… ရှောင်ကျိုးက အရှင့်နောက်ကို ဆက်မလိုက်နိုင်တော့ပါဘူး… အရှင် ဘေးကင်းလုံခြုံမယ်လို့ ကျွန်တော်မျိုး မျှော်လင့်ပါတယ် ”
ပိုင်ရှောင်ကျိုးသည် စကားဆုံးသည်နှင့် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဆန္ဒမရှိခြင်းနှင့် အတိတ်ကို လွမ်းဆွေးသတိရခြင်းတို့ ရှိသည်။
ထို့နောက် သူက မတ်တတ်ရပ်လိုက်သည်။ မရဏမြစ်ကြီး၏ နိုးကြားလာမှုကို မလိုအပ်တော့ဘဲ သူက ဧရာမပါးစပ်ကြီးဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ သူက သူ့ကိုယ်သူ စတေးခံလိုက်သည့်ပမာ သူ၏ အမူအရာသည် လွန်စွာမှ အေးဆေးတည်ငြိမ်သည်။
သူက ဧရာမပါးစပ်ကြီးထဲသို့ ဝင်ရောက်တော့မည့်အချိန် ခေါင်းမလှည့်လိုက်သော်လည်း စကားသံက ပျံ့လွင့်ထွက်လာသည်။
“ ရွှီချင်း ဖုန်းဟိုင်ဒေသငယ်က မင်းလက်ထဲကို ရောက်သွားပြီ… ကောင်းကောင်း ဂရုစိုက်ပေးပါ ”
ထိုသို့ပြောပြီးနောက် ပိုင်ရှောင်ကျိုးသည် အရှေ့သို့ ခြေတစ်လှမ်းတိုးသွားပြီး ဧရာမပါးစပ်ကြီးထဲသို့ ဝင်ရောက်သွားသည်။
တဂျွတ်ဂျွတ်ဝါးစားသံ ထွက်ပေါ်လာသည့်အခါ ကျစ်လွီဆဲ့တိုင်းပြည်မှ ဖုန်းဟိုင်ဒေသငယ်၏ အုပ်ချုပ်သူဖြစ်သော ပိုင်ရှောင်ကျိုး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် အလုံးစုံ ဖျက်ဆီးခံလိုက်ရလေသည်။
သူက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဝါးမျိုခံလိုက်ရသည်။
သူ၏ ဘဝသည် မတူညီသော ရှုထောင့်များမှကြည့်လျှင် အနက်အဓိပ္ပာယ်ဖွင့်ရန် အတော်လေး ခက်ခဲလှပေသည်။ သစ္စာရှိခြင်းမှ သစ္စာတရားဖောက်ပြားခြင်းသော်လည်းကောင်း၊ ရိုးသားခြင်းမှ ကောက်ကျစ်စဉ်းလဲခြင်းသော်လည်းကောင်း အစရှိသည်တို့ကို စကားလုံးတစ်လုံးတည်းဖြင့် အနှစ်ချုပ်ဖော်ပြရန် ခက်ခဲလှပေသည်။
မကြာမီ စိတ်ကျေနပ်သော သက်ပြင်းချသံသည် ရှေးဟောင်းဝိညာဉ်လောကတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
ဖြစ်နိုင်သည်မှာ စားတော်ပွဲက အလွန်အရသာရှိခြင်းကြောင့် သို့မဟုတ် သူက နှစ်ပေါင်းမြောက်များစွာကြာအောင် အစားကောင်းမစားခဲ့ရခြင်းကြောင့် ဤအခိုက်အတန့်မှာ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးအားလုံးသည် စိတ်ကျေနပ်စွာ မှေးကျဉ်းသွားကြသည်။
မကြာမီ မျက်လုံးအားလုံးသည် ရွှီချင်းကို ကြည့်လိုက်ကြသည်။
“ မင်းခန္ဓာကိုယ်ထဲက တစ်ယောက်က ငါ့အတွက် မင်းပြင်ဆင်ထားတဲ့ ဒုတိယအတိုးလား ”