ဆူးကို ချနင်း၍ ပလ္လင်ပေါ်တတ်မည်(ခ)
Vol. 51 Ch. 785
မျှော်လင့်ချက်နှင့် စိတ်ပျက်မှုကြားမှ အပြန်အလှန်အားပြိုင်မှုကြောင့် နတ်ဘုရားလက်ချောင်း၏ အသိစိတ်ထဲမှာ ခံစားချက်များ ရောပြွန်ထွက်လာပြီး ကြီးမားစွာ ပရမ်းပတာဖြစ်လာသည်။ ထိုခံစားချက်လှိုင်းများသည် ဒီရေအလား ရွှီချင်းအပေါ်ထားသော ၎င်း၏ မကျေနပ်ချက်များကို လွှမ်းမိုးဖျက်ဆီးပစ်လိုက်သည်။
အဘယ့်ကြောင့်ဆိုသော် ယခုအချိန်မှာ ၎င်းကို ကယ်တင်နိုင်သည့်သူသည် ရွှီချင်းတစ်ယောက်တည်းသာရှိကြောင်း သိထားသောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ နတ်ဘုရားလက်ချောင်းက ၎င်း၏ နတ်ဘုရားအာရုံဖြင့် အလျှင်အမြန် သဘောတူလိုက်သည်။
ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးကြီးသည် ရွှီချင်းကို စိုက်ကြည့်လိုက်သည်။
လောကကြီးသည် ဖြည်းဖြည်းချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
တံတွေးမျိုချသံနှင့် လေထဲမှာ ပျံ့လွင့်နေသော အသက်ရှူသံပြင်းပြင်းသည်သာ ဤနေရာတွင် ပဲ့တင်ထပ်နေလေသည်။
အချိန်တဒင်္ဂကြာပြီးနောက် ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှ ဆွဲငင်အားသည် လွင့်ပြယ်သွားပြီး မရဏမြစ်ကြီးအတွင်းမှ ဝဲကတော့သည် ပျောက်ကွယ်သွားသည်။ မြေကြီးက တသိမ့်သိမ့်တုန်ခါသွားစဉ် မရဏမြစ်ကြီးသည် ပုံမှန်အတိုင်း ဆက်လက်စီးဆင်းသွားသည်။
ရွှီချင်း၏ ဦးခေါင်းထက်မှာ မျောလွင့်နေသော နတ်ဘုရားလက်ချောင်းသည်တော့ ချုပ်နှောင်ခံထားရာမှ လွတ်မြောက်သွားပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ တုန်တုန်ယင်ယင်ဖြင့် အမြန်ပြန်ဝင်သွားသည်။
၎င်းသည် အပြောင်းအလဲများစွာနှင့် တွေ့ကြုံပြီး သေခြင်းတရားမှ လက်တစ်လုံးခြား လွတ်မြောက်သွားပြီးနောက် ထိတ်လန့်ခြောက်ခြားမှုဖြင့် ပြည့်နှက်သွားသည်။
ယခု ရွှီချင်း၏ ခန္ဓာကိုယ်က စတင်ပြိုကွဲနေပြီး သူ၏ နတ်ဘုရားအဆီအနှစ်က လျော့နည်းလာနေသော်လည်း နတ်ဘုရားလက်ချောင်းဆီမှာ ပြဿနာရှာရန် မည်သည့်အတွေးမှ မရှိတော့ပေ။ ယင်းအစား ၎င်းသည် ပင်ပန်းနွမ်းလျသော အငွေ့အသက်ဖြင့် ပြန်ရောက်လာသည်။
၎င်း၏ အသိစိတ်သည် စတင်ဝေဝါးလာပြီး မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ပေ။
တစ်ချိန်တည်းမှာ အစောနက အဖြစ်အပျက်များက အပြင်လောကသည် လွန်စွာမှ အန္တရာယ်များကြောင်း ၎င်းအား ခံစားရစေသည်။ ထိုအန္တရာယ်ခံစားမှုသည် လွန်စွာမှ ပြင်းထန်ပြီး ၎င်း၏ စိတ်ထဲမှာ ထာဝရအမြစ်တွယ်မည့် အစေ့အဖြစ်သို့ ပြောင်းလဲသွားသည်။
သို့ဖြစ်၍ ၎င်းသည် မသိစိတ်အလျောက် ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သော (ဃ၁၃၂)ဆီသို့သာ ပြန်သွားချင်သည်။
ထိုနေရာမှ လေထုသည် ၎င်းအား သက်တောင့်သက်သာခံစားရစေသည်။ မည်သို့ဖြစ်စေ ၎င်းဘဝ၏ သုံးပုံနှစ်ပုံကို (ဃ၁၁၃၂)ထဲမှာသာ ကုန်ဆုံးခဲ့သည်မဟုတ်ပါလော။
(ဃ၁၃၂)သို့ ရောက်ရှိသွားသည့်အခါ နတ်ဘုရားလက်ချောင်းသည် ဘေးကင်းလုံခြုံမှုကို ခံစားသွားရပြီး ဖြည်းဖြည်းချင်း အိပ်မောကျသွားတော့သည်။
ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ နတ်ဘုရားအာရုံသည် အရပ်မျက်နှာပေါင်းစုံမှ ပျံ့လွင့်ထွက်လာသည်။
“ နောက်တစ်ခေါက်ကျရင် ကြွင်းကျန်နတ်ဘုရားတစ်ပါးကို ငါလိုချင်တယ် ”
“ ကြွင်းကျန်နတ်ဘုရားပါမလာရင် ဒီလောကက မင်းကို ဖွင့်ပေးမှာမဟုတ်ဘူး ”
သူ၏ နတ်ဘုရားအာရုံက ပဲ့တင်ထပ်သွားသည့်အခါ ဝိညာဉ်ချည်မျှင်များသည် ကောင်းကင်ပေါ်ရှိ မကောင်းဆိုးဝါးဝိညာဉ်များထံမှ ပျံ့နှံ့ထွက်လာကြသည်။ ယင်းတို့က ရွှီချင်း၏ အရှေ့မှာ စုဝေးသွားကြပြီး တုံကင်တစ်ခုသို့ ယှက်ထွေသွားကြသည်။
ယင်းသည် စောစောက ရွှီချင်း ခြေမွဖျက်ဆီးပစ်လိုက်သော ဝိညာဉ်ချောက်နက်အဆောင် ဖြစ်သည်။
“ အခု ထွက်သွားတော့ ”
ရှေးဟောင်းဝိညာဉ်အင်ပါယာသည် တည်ငြိမ်စွာ ပြောသည်။ ဝဲကတော့ဂိတ်တစ်ခုသည် ရွှီချင်း၏ အနောက်မှာ ထွက်ပေါ်လာသည်။
ရွှီချင်းသည် ဂိတ်ပေါက်မှတဆင့် သစ်ဝိညာဉ်မျိုးနွယ်၏ ချောက်နက်ကို မြင်နေရသည်။
ရွှီချင်းသည် ဝဲကတော့ကိုကြည့်ပြီးနောက် တုံကင်ကို ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူက ဖြည်းဖြည်းချင်း ပြန်ပိတ်နေသော ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးကြီးကို လှမ်းကြည့်လိုက်သည်။ အနည်းငယ် သူအံ့ဩသွားသည်။
အစကတော့ အကယ်၍ သူက ဤတစ်ကြိမ် ပြန်ထွက်သွားနိုင်မည်ဆိုလျှင် သေချာပေါက် အမှတ်အသားတချို့ သို့မဟုတ် တားမြစ်ချက်တချို့ဖြင့် တံဆိပ်ခတ်နှိပ်ခံရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း တစ်ဖက်လူက မည်သည့်အရာမှ မလုပ်ဆောင်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
‘ သူက ငါ့ကို အထင်အမြင်သေးလို့ တခြားနတ်ဘုရားတွေကို ငါဆွဲဆောင်မှာကို မစိုးရိမ်တာလား… စောစောတုန်းက လက်ထောက်ဒေသအကြီးအကဲက မီးစာကုန်းမြေကို ဆင့်ခေါ်ခဲ့ပေမဲ့ ကျရှုံးသွားခဲ့တဲ့အချက်ကို ထည့်တွေးကြည့်မယ်ဆိုရင် ရှေးဟောင်းဝိညာဉ်အင်ပါယာက ရှေးဟောင်းဝိညာဉ်လောကကို အတော်လျှို့ဝှက်တဲ့ တစ်နေရာရာမှာ ဖုံးကွယ်ထားတာ ဖြစ်လောက်မယ် ’
ရွှီချင်းသည် အတွေးနက်သွားပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ယခု သူရှိနေသော နေရာက ယခင်တစ်ခေါက်က သူရောက်ခဲ့ဖူးသော ရှေးဟောင်းဝိညာဉ်လောကမဟုတ်ကြောင်း ရုတ်တရက် ခံစားမိလာသည်။
မည်သူမှ ရှေးဟောင်ဝိညာဉ်လောက၏ အစစ်အမှန်တည်နေရာကို ရှာနိုင်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း မည်သို့ဖြစ်ပါစေ ရွှီချင်းသည် တစ်ခေတ်တစ်ခါက ဝမ်ကူးကုန်းမြေကို တစ်စုတစ်စည်းတည်းဖြစ်စေခဲ့သော ရှေဟောင်းဝိညာဉ်အင်ပါယာ၏ စိတ်ဝိညာဉ်ကို အာရုံခံမိနေဆဲပင်။ သို့ဖြစ်၍ သူက ခေါင်းငုံ့လိုက်ပြီး ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။ သူက တုံကင်ကို လက်နှစ်ဖက်ဖြင့် ယူဆောင်လိုက်ပြီး အနောက်လှည့်ကာ ဝဲကတော့ဆီသို့ လျှောက်သွားသည်။
သူက ဝဲကတော့ထဲသို့ ခြေလှမ်းတော့မည့်အချိန် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ နတ်ဘုရားအာရုံသည် မြင့်မြတ်ထည်ဝါစွာ ထပ်မံပဲ့တင်ထွက်လာသည်။
“ လူသားကောင်လေး… မင်းငါ့ကိုပေးတဲ့ အစာက အရသာမဆိုးဘူး… ဒီတော့ ငါမင်းကို သတိပေးလိုက်မယ် ”
“ မင်းရဲ့ခန္ဓာကိုယ်ထဲက သက်စောင့်မီးအိမ်တွေက နိမ့်ပါးတဲ့ အဆင့်တွေမှာ မင်းကို အထောက်အကူပေးနိုင်ပေမဲ့ အဲ့ဒါတွေက ရောနှောနေပြီး မင်းရဲ့သွေးမျိုးစက်ကနေ ဖြစ်တည်လာကြတာ မဟုတ်ဘူး… ပြီးတော့ သက်စောင့်မီးအိမ်တစ်ခုစီမှာ သူတို့ရဲ့ ကိုယ်ပိုင်ကမ္မတွေရှိကြတယ်… အဲ့ဒါက အနာဂတ်ကျရင် သူတို့ကို ပြီးပြည့်စုံအောင်လုပ်ဖို့ အခက်အခဲဖြစ်လာလိမ့်မယ် ”
ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ သူက အနောက်လှည့်လိုက်ပြီး ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးကြီးကို ကြည့်လိုက်သည်။
“ ကြီးမြတ်တဲ့အရှင်ဆီမှာ အဲ့ဒါကို ဖြေရှင်းနိုင်တဲ့နည်းလမ်း ရှိပါသလား ”
“ ငါလိုချင်တဲ့ အစာကို မင်းလာပို့တဲ့အခါကျရင် ငါမင်းကို ပြောပြနိုင်တယ် ”
ဧရာမမျက်လုံးကြီးသည် နတ်ဘုရားအာရုံကို ဆက်လက် မထုတ်လွှတ်တော့ဘဲ လုံးလုံးမျက်လုံးမှိတ်သွားသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး နက်နဲစွာ တွေးတောလိုက်သည်။ ယခင်က စီနီယာအကိုကြီးသည် သက်စောင့်မီးအိမ်များ၏ ပြဿနာနှင့်ပတ်သက်ပြီး သူ့အား ပြောပြဖူးသည်။ ဤအခိုက်အတန့်မှာ ရှေးဟောင်းဝိညာဉ်အင်ပါယာသည်လည်း တူညီသော အကြောင်းအရာကို ပြောသွားခဲ့သည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက ဝဲကတော့ထဲသို့ လျှောက်မဝင်သွားခင် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးကြီးကို ထပ်မံအရိုအသေပေးလိုက်သည်။
ဝဲကတော့သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး အသံသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။ နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ပုံရိပ်က ထွက်ခွာသွားသည်နှင့် ဝဲကတော့သည် ဤလောကထဲမှ ပျောက်ကွယ်သွားသည်။
ရွှီချင်းပျောက်ကွယ်သွားပြီးနောက် ရှေးဟောင်းဝိညာဉ်လောကတစ်ခုလုံးမှ အရာအားလုံးသည် ရုတ်တရက် ဝေဝါးလာသည်။
ကောင်းကင်သော်လည်းကောင်း၊ မြေပြင်သော်လည်းကောင်း၊ မကောင်းဆိုးဝါးဝိညာဉ်များနှင့် အလောင်းကောင်များသော်လည်းကောင်း၊ မရဏမြစ်ကြီးသော်လည်းကောင်း အားလုံးသည် ရေပူဖောင်းများနှယ် ပေါက်ကွဲသွားကြသည်။
အဆုံးမှာတော့ ကမ္ဘာအားလုံးသည် မည်းမှောင်သော ဟင်းလင်းပြင်ထဲမှ ကျဆင်းလာသော ပုတီးစေ့တစ်ခုထဲသို့ စုစည်းသွားပြီး အဆုံးမရှိသော ဝိညာဉ်ချောက်နက်ထဲသို့ ဆက်လက်နစ်မြုပ်သွားသည်။
အချိန်အတော်ကြာပြီးနောက် ဝိညာဉ်ချောက်နက်၏ အောက်ခြေတွင် အနက်ရောင် အစက်အပြောက်များဖြင့် ပြည့်နှက်နေပြီး ပုပ်ပွနံဟောင်နေသော လက်တစ်ဖက်သည် တိတ်ဆိတ်စွာ ဆန့်တန်းထွက်လာသည်။ ယင်းက ပုတီးစေ့ကို ဖမ်းဆုပ်လိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်လေရာ တဂျွတ်ဂျွတ်ဝါးစားသံ ထွက်ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် စိတ်ကျေနပ်သော သက်ပြင်းချသံသည် ပဲ့တင်ထွက်လာသည်။
“ အရသာရှိလိုက်တာ ”
“ နောက်တစ်ခါကျရင် အဲ့ဒီကောင်လေးက ပိုပြီးအရသာရှိတဲ့ အစားအစာတွေကို လာပို့ပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်… ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကလည်း အရသာရှိလောက်တယ်… သူ ဒီထက်နည်းနည်း ပိုဆူဖြိုးလာတဲ့အခါကျရင် ငါသူ့ကို ဝါးမျိုနိုင်ပြီ ”
“ ပြီးတော့ ဟိုကျစ်လွီဆဲ့… စိတ်ဝင်စားဖို့ကောင်းသားပဲ ”
ထိုအခိုက်အတန့်မှာ ဝိညာဉ်ချောက်နက်၏ ဝင်ပေါက်ရှိရာ သစ်ဝိညာဉ်မျိုးနွယ်၏ ယဇ်ပလ္လင်ပေါ်တွင် ပုံရိပ်တစ်ခုသည် အဆုံးမဲ့ကျောက်ကမ်းပါးပေါ်သို့ ဖြည်းဖြည်းချင်း တွယ်တတ်လာနေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ ပြင်းထန်သော ဒဏ်ရာဒဏ်ချက်များက သူ၏ အလျင်အပေါ် သက်ရောက်မှုရှိသော်လည်း သေခြင်းမှ လွတ်မြောက်နိုင်သော မျှော်လင့်ချက်က ရွှီချင်းကို အားအင်ပေးစွမ်းသည်။
သူက နည်းနည်းချင်းစီ တွယ်တတ်နေပြီး ပြင်ပလောကဆီသို့ ပြန်လာနေသည်။
သွေးသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ စီးကျလာပြီး ကျောက်ကမ်းပါးကို သွေးရောင်စွန်းထင်သွားစေလေရာ ကြက်သီးမွေးညင်းထစရာ မြင်ကွင်းတစ်ခုဖြစ်လာသည်။
ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး ဝိညာဉ်ချောက်နက်ထဲမှ တိုးထွက်လာနေသော ဆွဲငင်အားကို တောင့်ခံနေသည်။ သို့သော်လည်း အရာအားလုံးက တစ်စုံတစ်ယောက်၏ သဘောဆန္ဒအတိုင်း ဖြစ်လာလိမ့်မည်မဟုတ်ချေ။
ရွှီချင်း၏ အသိစိတ်သည် ဖြည်းညင်းစွာ လွင့်ပြယ်လာနေသည်။
သူက ဆန္ဒမရှိသော်လည်း သူ၏ စိတ်ထဲမှ ပင်ပန်းနွမ်းနယ်မှုနှင့် ခန္ဓာကိုယ်ထဲမှ အားအင်ကုန်ခမ်းမှုသည် ဒီရေအလား သူ၏ အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်လာပြီး သူ့အား နစ်မွန်းသွားစေသည်။
ရွှီချင်း၏ အမြင်အာရုံက ဝေဝါးလာပြီး အမှောင်ထုက အားလုံးကို ကျူးကျော်ဝင်ရောက်ရန် အစပျိုးလာနေသည်။ သို့သော် သူသတိမမေ့သွားခင် အဖြူရောင်ပုံရိပ်တစ်ခုက အပေါ်ရှိ ထွက်ပေါက်မှ အလျှင်အမြန် ချဉ်းကပ်လာနေသည်ကို ဝိုးတိုးဝါးတား သူမြင်လိုက်ရလေသည်။