ဆူးကို ချနင်း၍ ပလ္လင်ပေါ်တတ်မည်(ဂ)
Vol. 51 Ch. 786
ဖုန်းဟိုင်ဒေသငယ်…
ပေါင်ရှောင်ကျိုးသေဆုံးသွားသည်နှင့်ချက်ချင်း ဒေသငယ်၏ ပြည်နယ်အမျိုးမျိုးထဲရှိ ရှေးခေတ်ကာလမှ ပြန်ရောက်ရှိလာနေသော တောင်တန်းများနှင့် မြစ်ချောင်းများသည် တစ်ပြိုင်နက်တည်း တုန်ယင်သွားကြသည်။
ဒုတိယကောင်းကင်ပျောက်ကွယ်သွားပြီးနောက် ယင်းတို့သည် ပြိုလဲပျက်စီးလုနီးပါး အခြေအနေသို့ ကျရောက်သွားကြသည်။ သို့သော်လည်း တစ်စုံတစ်ခုက ယင်းတို့ကို အနောက်မှ ပံ့ပိုးထားသည့်အလား လုံးလုံးလျားလျား ပြိုလဲပျက်စီးသွားခြင်း မရှိသေးပေ။
သို့သော်လည်း ဤအခိုက်အတန့်မှာ ထိုရှေးဟောင်းတောင်တန်းများနှင့် မြစ်ချောင်းများသည် လုံးလုံးလျားလျား ပြိုလဲပျက်စီးသွားကြပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။
ထို့နောက် ယင်းတို့က လေထဲမှာ ပျောက်ကွယ်သွားကြသည်။ ဤသည်မှာ နှစ်ထောင်သောင်းများစွာက စက္ကန့်ပိုင်းအတွင်း ကျော်လွန်သွားသည့်အလား ယင်းတို့အားလုံးက ဖုန်မှုန့်သို့ ပြောင်းလဲသွားကြပြီး လွင့်ပြယ်သွားကြသည်။
ကောင်းကင်သည် စတင်ကြည်လင်လာပြီး မြေပြင်သည် ဖြည်းဖြည်းချင်း ပုံမှန်မြေမျက်နှာသွင်ပြင်သို့ ပြန်ပြောင်းလဲသွားသည်။
သို့သော်လည်း အားလုံးသည် ရှုပ်ပွပျက်စီးနေဆဲပင်။
ဤတိုက်ပွဲမှ ကျန်ရစ်ခဲ့သော အပျက်အစီးများသည် ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
မျိုးနွယ်အသီးသီးမှ သေဆုံးသွားသော လူဦးရေသည် အတော်လေး များပြားသည်။ အထူးသဖြင့် လူသားမျိုးနွယ်၏ မြို့တော်များနှင့် ဂိုဏ်းငယ်လေးများ ဖြစ်ကြသည်။ ယင်းတို့သည် မရေမတွက်နိုင်အောင် ဖျက်ဆီးခံလိုက်ရကြသည်။
ယခင်စစ်ပွဲသည် ဖုန်းဟိုင်ဒေသငယ်ကို အတော်လေး အထိနာစေခဲ့ပြီး ဖြစ်သည်။ ယခု လက်ထောက်ဒေသအကြီးအကဲ ခေါ်ဆောင်လာသော ကဒ်ဘေးသည် ပြန်လည်နာလန်ထူနေဆဲဖြစ်သော ဖုန်းဟိုင်ဒေသငယ်ကို ပို၍အခြေအနေဆိုးသွားစေသည်။
ဤအခိုက်အတန့်မှာ ပြည်နယ်အသီးသီးမှ လူတိုင်းသည် မိန်းမောတွေဝေနေကြသည်။ ပြည်သူပြည်သားအများစုသည် ကဒ်ဘေးက မည်သို့ကြောင့် ဖြစ်ပေါ်လာကြောင်းကိုပင် မသိကြပေ။
အော်ဟစ်သံများနှင့် ငိုကြွေးသံများသည် လောကတစ်ခုလုံးမှာ ပြည့်နှက်နေသည်။
ယင်းသည် ဆိုးဝါးသော ဤအပြောင်းအလဲ၏ တစ်ခုတည်းသော တူညီရာမြင်ကွင်းဖြစ်သည်။
ဝမ်းနည်းပူဆွေးသော အငွေ့အသက်သည် ဒေသငယ်မြို့တော်တစ်လျှောက် ပျံ့လွင့်သွားသည်။ မိုးခြိမ်းသံအပါအဝင် ကောင်းကင်ပေါ်မှ အစဉ်မပြတ် ရွာသွန်းနေသော သွေးမိုးက လျော့နည်းသွားသည့်တိုင် ဝမ်းနည်းမှုသည် ပိုပြီးအားကောင်းလာသည်။
ညကောင်းကင်ယံပေါ်မှာ ဖြည်းညင်းစွာ ပေါ်ထွက်လာနေသော ဖိုးရွှေလမင်းသည်တော့ ထိုအဖြစ်အပျက်အားလုံးကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။
ဖိုးရွှေလမင်း၏ ကြည့်ရှုမှုအောက်မှာ လေထဲရှိ နတ်ဘုရားနောက်လိုက် ရုပ်သေးနှစ်ရုပ်၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် အက်ကွဲသံများ ထွက်ပေါ်လာကြသည်။ ၎င်းတို့၏ တိုက်ခိုက်မှုများသည် တဖြည်းဖြည်း နှေးကွေးသွားပြီး ၎င်းတို့၏ အရှိန်အဝါများသည် ဖြည်းဖြည်းချင်း လွင့်ပြယ်သွားနေသည်။
လက်ထောက်ဒေသအကြီးအကဲ၏ သေဆုံးမှုက ၎င်းတို့၏ စွမ်းအင်အရင်းအမြစ်ကို ဆုံးရှုံးသွားစေသည်။ သို့ဖြစ်၍ ၎င်းတို့၏ ပွင့်နေသော မျက်လုံးများက ဖြည်းညင်းစွာ ပိတ်သွားကြသည်။ ၎င်းတို့က အရှိန်အဝါအားလုံးကို ဆုံးရှုံးတော့မည့်ဟန် ရ၏။
ထိုအခိုက်အတန့်မှာ သတ္တမမင်းသားသည် ခေါင်းမော့လိုက်သည်။ သူ၏ မြင့်မြတ်ထည်ဝါသော အသံက တစ်မြို့လုံးသို့ ပဲ့တင်ထပ်သွားပြီး ကြောက်လန့်ထိတ်လန့်နေကြသော သေမျိုးအားလုံး၏ နားထဲသို့ ဝင်ရောက်သွားသည်။
“ လက်ထောက်ဒေသအကြီးအကဲက ဖရိုဖရဲကိစ္စတွေဖြစ်စေပြီး ကျုပ်တို့ဖုန်းဟိုင်ဒေသငယ်ကို ဖျက်ဆီးခဲ့တယ်… အဲ့ဒါက ကောင်းကင်နဲ့မြေပြင် နှစ်ခုစလုံးကို ဒေါသထွက်စေတယ်… ကျုပ်တို့တွေ သည်းခံနေလို့ မဖြစ်တော့ဘူး ”
“ စစ်သည်တော်တွေအားလုံး ငါ့အမိန့်တော်ကို နာခံကြမယ်… ဆူပူမှုတွေအားလုံးကို ဖိနှိပ်ပြီး ဖုန်းဟိုင်ဒေသငယ်ကို ပြန်လည်ငြိမ်းချမ်းအောင် လုပ်ဆောင်ကြမယ် ”
သတ္တမမင်းသား၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် သူ၏ ဘေးပတ်ပတ်လည်မှ စစ်ဗိုလ်ချုပ်များနှင့် တပ်မှူးများသည် လေထဲသို့ မြှောက်တတ်သွားကြသည်။ သတ္တမမင်းသားကိုယ်တိုင်သည်လည်း အသက်ဓာတ်ကုန်ဆုံးလုနီးပါးဖြစ်နေသော ရုပ်သေးနှစ်ရုပ်ဆီသို့ ဦးတည်ပျံသန်းသွားသည်။
သူ၏ အလျင်သည် အလွန်အမင်း မြန်ဆန်သည်။ လျှပ်တစ်ပြက်အတွင်း ဒါဇင်ခန့်ရှိသော စစ်ဗိုလ်ချုပ်များနှင့် တပ်မှူးများက ချည်းကပ်ရောက်ရှိလာကြပြီး ကမ္ဘာတုန်ဟီးစေမည့် ပေါက်ကွဲသံများက ကောင်းကင်နှင့် တိမ်တိုက်များတစ်လျှောက် ပဲ့တင်ထပ်သွားကြသည်။
သတ္တမမင်းသားသည် တုနှိုင်းမဲ့သော ရဲစွမ်းသတ္တိကို ထုတ်ဖော်ပြလိုက်သည်။ သူက သူ၏ နှလုံးသားထဲ၌ ပိတ်လှောင်ထားသော ဒေါသကို ဖွင့်ထုတ်လိုက်သည့်ပမာ ရုပ်သေးတစ်ရုပ်ကို ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့် တိုက်ခိုက်လိုက်သည်။
အစွမ်းကုန်ကို ထုတ်လွှတ်ထားသဖြင့် သတ္တမမင်းသားသည် ဧရာမပုံရိပ်ကြီးတစ်ခုသို့ အသွင်ပြောင်းလဲသွားပြီး မြို့တော်ထဲမှ သေမျိုးအားလုံးကို သူ့အား ရှင်းရှင်းလင်းလင်း မြင်ရစေသည်။
သူ၏ စစ်ဗိုလ်ချုပ်များနှင့် တပ်မှူးများသည်လည်း ပြင်းထန်သော စွမ်းအားများဖြင့် တိုက်ခိုက်လိုက်ကြသည်။ သို့ဖြစ်၍ မကြာမီ ရုပ်သေးနှစ်ရုပ်သည် ၎င်းတို့၏ တိုက်ခိုက်စွမ်းအားကို ဆုံးရှုံးသွားကြပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ ၎င်းတို့သည် အသက်ဓာတ်အားလုံးကို ဆုံးရှုံးသွားကြပြီ ဖြစ်သည်။
သတ္တမမင်းသား၏ ဧရာမပုံရိပ်ကြီးသည် လက်နှစ်ဖက်ကို ဖြန့်ကားလျက် ခန္ဓာကိုယ်ကို အသုံးပြုပြီး သွေးမိုးကို တားဆီးလိုက်သည်။
သွေးမိုးက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်နှင့် ယိုယွင်းတိုက်စားမည့် လက္ခဏာရပ်များ ပြလာသည်။
သို့သော် သတ္တမမင်းသားသည် သွေးမိုးကို ဆက်လက်တားဆီးပြီး ယင်းကို အောက်သို့ လုံးဝမကျဆင်းစေပေ။ အဆုံးမှာတော့ ကောင်းကင်ပေါ်ရှိ ရွှေရောင်နဂါး၏ မြည်ဟိန်းသံအောက်မှာ သွေးမိုးသည် လုံးဝလွင့်ပြယ်သွားသည်။
တစ်ချိန်တည်းမှာ မြို့တော်၏ အပြင်ဘက်မှ သန်းပေါင်းများစွာသော စစ်သည်တော်များသည် လေထဲသို့ မြှောက်တတ်သွားကြသည်။
သူတို့သည် မန္တန်များကို ရွတ်ဖတ်လိုက်ကြပြီး ဤနေရာမှ ဒြပ်နှောများကို ဖယ်ရှားရန် အရွယ်အစားကြီးမားသော စည်းချအစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
သတ္တမမင်းသားသည် သနားကြင်နာစိတ်ရှိသူ ဖြစ်သည်။ သူက သေမျိုးများကို ကယ်တင်ရန် စစ်သည်တော်အားလုံးကို မြို့တော်ဆီသို့ အပြေးအလွှားသွားကြရန် အမိန့်ပေးလိုက်သည်။
သူ၏ အမိန့်တော်အောက်မှာ မရေမတွက်နိုင်သော သေမျိုးများသည် သန္ဓေပြောင်းလဲသွားမည့်ဘေးမှ အချိန်မီ လွတ်မြောက်သွားကြသည်။ မြို့တော်ထဲမှ ဒြပ်နှောများသည်တော့ စည်းချအစီအရင်၏ သန့်စင်ပေးမှုအောက်မှာ စတင်လွင့်ပြယ်လာနေသည်။
ရံဖန်ရံခါ သတ္တမမင်းသားအပေါ် အော်ဟစ်ချီးမြှောက်သံများနှင့် စိတ်လှုပ်ရှားသော အားပေးသံများက ထွက်ပေါ်လာလေ့ ရှိသည်။
သို့သော်လည်း လူတိုင်းသည်တော့ မျက်စိကန်း နားကန်းပြီး အလွယ်တကူ လှည့်စားခံရအောင် တုံးအကြသူများ မဟုတ်ပေ။ သို့ဖြစ်၍ အော်ဟစ်ချီးမြှောက်သံများသည် အရေအတွက်နည်းပါးသော လူများထံမှသာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အများစုသည်တော့ တိတ်ဆိတ်နေကြသည်။
အထူးသဖြင့် မြေကွက်လပ်ထဲရှိ ရုံးတော်သုံးခုမှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် သူရဲကောင်းပမာ လုပ်ဆောင်နေသော သတ္တမမင်းသား၏ ဆောင်ရွက်မှုများကို အေးတိအေးစက် စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးထဲမှာ စိတ်ပျက်မှု၊ ဒေါသနှင့် သရော်လှောင်ပြောင်မှုဖြင့် ပြည့်နှက်နေကြသည်။
ခါးသီးမှုလည်း ပါရှိသေး၏။
တချို့လူများသည် ရုံးတော်သခင်ကို တွေးမိသွားကြသည်။
ရုံးတော်သခင်သေဆုံးသွားပြီးနောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်စကားများထဲတွင် “ တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်တယ် ”ဟူသော စာကြောင်းတစ်ခုတည်းသာ ပါရှိကြောင်း တချို့လူများသည် ပြန်အမှတ်ရသွားကြသည်။
ရုံးတော်သခင်၏ အကျိုးဆောင်မှုများနှင့် ဂုဏ်ဒြပ်အားလုံးသည် မသိလိုက်မသိဘာသာ သတ္တမမင်းသားဆီသို့ ရောက်ရှိသွားသည်။
ဤအခိုက်အတန့်မှာ အတိတ်တွင် ရုံးတော်သခင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်က တစ်ကျော့ပြန်လည်လာတော့ပေမည်။
အဘယ့်ကြောင့်ဆိုသော် အမှန်တရားကို သိရှိထားသူက သူတို့သာလျှင် ရှိကြပေသည်။ သိန်းပေါင်းများစွာသော ဤလူများ၏ အမြင်များသည် ဖုန်းဟိုင်ဒေသငယ် သို့မဟုတ် လူသားမျိုးနွယ်တစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် သမုဒ္ဒရာထဲမှ လှိုင်းသေးသေးလေးတစ်ခုမျှသာ ရှိ၏။
သေမျိုးများသည်တော့ သူတို့၏ အသိအမြင်က ကျင့်ကြံသူများထက် နိမ့်ကျသောကြောင့် အယုံလွယ်ကြသည်။ ထို့အပြင် မေ့လျော့ခြင်းဟူသည်ကား လူသားများအတွက် ဝမ်းတွင်းပါ မဟုတ်ပါလော။
ဤအဖြစ်အပျက်က သူတို့၏ မှတ်ဉာဏ်များထဲမှာ အလိုအလျောက် ဝေဝါးသွားပြီး စိတ်ဝင်စားစရာအသစ်တစ်ခု၏ ဆွဲဆောင်ခံရရန် အချိန်ကြာကြာ လိုလိမ့်မည်မဟုတ်ချေ။
သတ္တမမင်းသားက ဓာတ်ပြယ်ဆေးလုံးကို အဓိကအကြောင်းအရာအဖြစ် ပြောင်းလဲနိုင်သရွေ့ ပြဿနာအားလုံးကို အထိုက်အလျောက် အလွယ်တကူ ဖြေရှင်းနိုင်သွားလိမ့်မည်။
မည်သို့ဖြစ်စေ လက်ထောက်ဒေသအကြီးအကဲ၏ ဆိုးသွမ်းသော လုပ်ရပ်များနှင့် နှိုင်းယှဉ်လျှင် ဓာတ်ပြယ်ဆေးလုံး၏ အဆိပ်သည် လူတိုင်း၏ ဘေးကင်းလုံခြုံမှုနှင့် ဆက်စပ်နေသော ကိစ္စမဟုတ်ပါလော။
မြို့တော်၏ အပြင်ဘက်မှ အမှန်တရားကို မသိရှိထားကြသော လူများသည်တော့ ပိုပြီးလွယ်ကူစွာ သက်ရောက်ခံရလိမ့်မည်။ သူတို့ကြားရမည့်အရာသည် အမြဲတမ်း တခြားအဖြေဖြစ်လိမ့်မည်။
အထူးသဖြင့် မေးခွန်းမေးခံရသူက ဖုန်းဟိုင်ဒေသငယ်၏ ပိုင်နက်ကို ချဲ့ထွင်ပေးခဲ့ပြီး သန့်စင်ရေလှိုင်းမျိုးနွယ်၏ ပြန်လည်ရောက်ရှိလာမှုကို ဦးဆောင်ပေးခဲ့သော သတ္တမမင်းသားဖြစ်နေသည့်အခါ ဖြစ်သည်။ သူက ဖုန်းဟိုင်ဒေသငယ်မှ ကဒ်ဘေးများကို ဖြေရှင်းပေးခဲ့ပြီး ထူးခြားသာလွန်သော အကျိုးဆောင်မှုများကို စွမ်းဆောင်နိုင်ခဲ့သူလည်း ဟုတ်ပေ၏။
ထိုအချက်အလက်များက ဖျက်ဆီးမရနိုင်သော ရောင်ခြည်စက်ဝန်းပမာ သူ၏ ကိုယ်ပေါ်မှာ တည်ရှိနေသည်။ သို့ဖြစ်၍ လူအများအပြားက သူ၏ စကားကို ယုံကြည်ကြလိမ့်မည်။
လူသားများ၏ နှလုံးသားများသည် လှိုင်းလုံးများ၏ ဆေးကြောခံလိုက်ရပြီး သမိုင်းထဲမှ ထောင့်တစ်နေရာမှာ မြှုပ်နှံမခံရခင်အထိ ဖြည်းညင်းစွာ ပျောက်ကွယ်သွားလိမ့်မည်။
သို့သော် ယင်းက ရွှီချင်း အသက်ရှင်လျက်ရှိနေသေးပြီး ချက်ချင်း ပြန်မရောက်လာနိုင်မှသာ ဖြစ်သည်။
အကယ်၍ ရွှီချင်းသာ ယခုချက်ချင်း ပြန်ရောက်လာမည်ဆိုလျှင် အခြေအနေက လုံးလုံးလျားလျား ပြောင်းလဲသွားလိမ့်မည်။
လူသားများ၏ နှလုံးသားများက ယိမ်းယိုင်မသွားမီ အပြောင်းအလဲအားလုံး၏ ဇစ်မြစ်က ပြန်ရောက်ရှိလာနိုင်သေးပေသည်။ ထိုအခါကျလျှင် အားလုံးသည် ခြားနားသွားလိမ့်မည်။
သို့သော်လည်း ထိုဖြစ်နိုင်ခြေသည် အလွန်နည်းပါးကြောင်း လူတိုင်း နားလည်ထားကြသည်။