ဆူးကို ချနင်း၍ ပလ္လင်ပေါ်တတ်မည်(ဃ)
Vol. 51 Ch. 787
အမတ်ယောင်သည် ထိုအဖြစ်အပျက်အားလုံးကို ကြည့်နေလျက် မျက်လုံးမှိတ်လိုက်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။
သူ၏ တည်ရှိမှုက အောင်မြင်မှုသစ်သီးအားလုံးကို သတ္တမမင်းသားအား လုယူနိုင်စေမည့် အရေးကြီးသော အစိတ်အပိုင်းဖြစ်လာတော့မည်ဟု နားလည်လိုက်သည်။
အဘယ့်ကြောင့်ဆိုသော် သူက သတ္တမမင်းသား၏ ကယ်တင်ခံခဲ့ရပြီး သတ္တမမင်းသား၏ စစ်ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် ထွက်ပေါ်လာခဲ့သောကြောင့် ဖြစ်ပေသည်။
ရုံးတော်သုံးခုမှ လက်ထောက်ရုံးတော်သခင်များသည်လည်း တိတ်ဆိတ်နေရုံသာ တတ်စွမ်းကြသည်။
ငှက်ကြီးချင်းချင်းသည် စိတ်မကောင်းဖြစ်စွာ အော်မြည်လိုက်ပြီး အကူအညီမဲ့မှုကို ခံစားသွားရသည်။
သတ္တမသခင်ကြီးသည် သူ့တပည့်ကြီး၏ ဘေးမှာ ရပ်လိုက်သည်။
ခေါင်းဆောင်သည် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း သတ္တမသခင်ကြီးသည် ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ကျုပ် ဓာတ်ပြယ်ဆေးလုံးတွေကို သုံးစွဲဖူးတယ်… တခြားလူတွေက အဆိပ်ဖြေနည်းကို တင်ပြကောင်းတင်ပြနိုင်လိမ့်မယ်… ဒါပေမဲ့ သူတို့ကို ကျုပ်မယုံဘူး… ရှေ့ထွက်ပြီး ဒီကိစ္စအားလုံးကို ဖော်ထုတ်ခဲ့တဲ့ ရွှီချင်းကိုပဲ ကျုပ်ယုံတယ် ”
သတ္တမသခင်ကြီး၏ လိမ္မာပါးနပ်သော စကားက တစ်မြို့လုံးသို့ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော လူများ၏ စိတ်ကို ချက်ချင်း ဖမ်းချုပ်သွားသည်။ သတ္တမမင်းသား၏ သူငယ်အိမ်သည်ပင် ကျုံ့သွားသည်။
သူ့ကိုယ်သူ ပြန်တွေးမိသွားသောအခါ ခေါင်းဆောင်၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လျှိုးလာသည်။
‘ ငါ့ဆရာဆိုတဲ့အတိုင်းပဲ… သက်တမ်းပိုရင်တဲ့ ဂျင်းက ပိုစပ်တယ် ’
သူက ခေါင်းညိတ်လိုက်ပြီး တိတ်ဆိတ်သွားသည်။
သတ္တမသခင်ကြီး၏ အသံသည် သိန်းပေါင်းများစွာသော ကျင့်ကြံသူများကို သူ့အား အာရုံစိုက်လာစေသည်။
အမတ်ယောင်၏ မျက်လုံးသည် လင်းလက်သွားပြီး မျှော်လင့်ချက်အလင်းရောင်က ငှက်ကြီးချင်းချင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ရုံးတော်သုံးခုမှ လက်ထောက်ရုံးတော်သခင်များသည် ခေါင်းမော့လိုက်ကြပြီး သတ္တမသခင်ကြီးကို ကြည့်လိုက်ကြသည်။
ဤနေရာတွင် ရွှီချင်းအား နားလည်နိုင်ဆုံးလူသည် ပုံမှန်အားဖြင့် သူ၏ ဆရာသာ ဖြစ်သည်။
သို့ဖြစ်၍ သတ္တမသခင်ကြီး၏ စကားက သိန်းပေါင်းများစွာသော ကျင့်ကြံသူများ၏ နှလုံးသားထဲမှာ မတူညီသော အလေးချိန်များကို ဖြစ်ပေါ်လာစေသည်။
အထူးသဖြင့် ယခင်ကဆိုလျှင် သူ၏ စကားထဲမှ သွယ်ဝိုက်သော အဓိပ္ပာယ်ကို တချို့လူများက အပြည့်အဝ နားလည်နိုင်ကြမည်မဟုတ်ပေ။ သို့သော် ယခုအခါတော့ သူတို့သည် တဖြည်းဖြည်း နားလည်လာကြသည်။
သတ္တမမင်းသားသည် သူ၏ ခံစားချက်များကို ငြိမ်သက်သွားစေပြီး တည်ငြိမ်စွာ ပြောသည်။
“ ခင်ဗျားတို့က အမှန်ကို မစူးစမ်းဘဲ ကျုပ်ကို မလိုမုန်းထားဖြစ်နေကြတာပဲ ”
“ ဒီနေ့ အဖြစ်အပျက်တွေကိုကြည့်ရင် ကျုပ်က ဘာမှဝင်မပါခဲ့ဘူးလို့ ခင်ဗျားတို့ ထင်နေကြလိမ့်မယ် ဒါပေမဲ့ ကျုပ်ဝင်မပါခဲ့ဘူးလား… ကျုပ်ဝင်ပါခဲ့ပါတယ် ”
“ ယောင်ထျန်းယန်ကို ကယ်တင်ခဲ့တဲ့လူက ကျုပ်ပါ… သူထွက်ပေါ်လာတာကို ကျုပ်မတားဆီးခဲ့တာက သူ့လုပ်ဆောင်မှုတွေကို တိတ်တဆိတ် ကျုပ်သဘောတူခဲ့တာပဲမဟုတ်ဘူးလား ”
“ တကယ်လို့ ယောင်ထျန်းယန်သာ အရေးပါဆုံးသက်သေကို မဖော်ပြခဲ့ဘူးဆိုရင် ရွှီချင်းရဲ့ မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်တွေက ဘာအသုံးဝင်တော့မှာလဲ ”
“ လက်ထောက်ဒေသအကြီးအကဲရဲ့ သရုပ်ကို အစကတည်းက ကျုပ်သံသယတချို့ရှိတယ်… ဒီအကြောင်းအရင်းကြောင့်ပဲ အတိတ်မှာ ယောင်ထျန်းယန်ကို ကျုပ်ကယ်တင်ခဲ့တာပေါ့… အစကတော့ ဒီကိစ္စကို ကျုပ်ကိုင်တွယ်မဖြေရှင်းခင် သန့်စင်ရေလှိုင်းမျိုးနွယ် ပြန်ရောက်လာပြီး လူသားမျိုးနွယ် ပြန်လည်အခြေငြိမ်သွားမယ့်အချိန်ကို စောင့်ချင်ခဲ့တာ ”
“ ဘာဖြစ်လို့လဲဆိုတော့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့ စွန့်လွှတ်စတေးခံမှုတွေကို ကျုပ်အလဟဿ မဖြစ်စေချင်ဘူး… ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းဝိညာဉ်တွေကို အချိန်ကာလတစ်ခုကြာပြီးနောက် မေ့လျော့သွားမှာကို ကျုပ်မလိုလားဘူး ”
“ အခုချိန်က ကျုပ်တို့မွေးရပ်မြေကို ပြန်လည်ရယူရမယ့်အချိန်ပဲ… ဒီလိုအခြေအနေမျိုးမှာ ကျုပ်တို့ရဲ့ နောက်တန်းကို ပရမ်းပတာဖြစ်စေလို့ မဖြစ်ဘူး ”
“ ဒါကြောင့် သူ့လုပ်ရပ်တွေကို ကျုပ်သည်းညည်းခံခဲ့တယ် ”
“ ပိုင်ရှောင်ကျိုးလို သာမညောင်ညလေးက ဘယ်လိုလုပ် ဒီလိုအစီအစဉ်ကြီးကို ချမှတ်နိုင်မှာလဲ… သူ့နောက်ကွယ်မှာ သေချာပေါက် တစ်ယောက်ယောက်ရှိရမယ်… အဲ့ဒီလူက အရှင်လို့ သူခေါ်တဲ့လူပဲ ”
“ ဒါကြောင့် အားလုံးကို ကျုပ်နားလည်သွားတဲ့အခါ သူ့အရှင်ဆိုတဲ့လူ ပေါ်လာမှာကို ကျုပ်စောင့်ဆိုင်းနေခဲ့တယ်… တခြားဖြစ်နိုင်ခြေကတော့ တကယ်လို့ ကျုပ်သာ မလှုပ်ရှားဘူးဆိုရင် သူ့အရှင်က ပေါ်လာမှာမဟုတ်ဘူး… ပြောရရင် သူ့အရှင်ဆိုတဲ့လူ ပေါ်လာဖို့အတွက် ကျုပ်က အခြိမ်းအခြောက် အဟန့်အတားပဲ ”
“ ခင်ဗျားတို့တွေ ကျုပ်ကို နားလည်မပေးနိုင်တာ ကိစ္စမရှိဘူး… ကျုပ်ကို မေးခွန်းထုတ်ချင်ရင်လည်း ရတယ်… ဒါပေမဲ့ ကျုပ် ဒီမှာရှိနေခဲ့တဲ့ အဓိပ္ပာယ်ကိုတော့ ခင်ဗျားတို့ ငြင်းဆန်လို့မရဘူး ”
သိန်းပေါင်းများစွာသော ကျင့်ကြံသူများသည် နှုတ်ဆိတ်သွားကြသည်။ မည်သူမှ ပြန်မပြောနိုင်ကြပေ။
သတ္တမမင်းသားသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏ အကြည့်က ခက်ထန်လာသည်။
“ ခင်ဗျားတို့က စောင့်နိုင်တယ်… ဒါပေမဲ့ ဖုန်းဟိုင်ဒေသငယ် ပြန်နာလန်ထူဖို့က မစောင့်နိုင်ဘူး… လူသန်းပေါင်းမြောက်များစွာကို ကယ်တင်ဖို့အသာထား မြို့တော်ထဲက လူတွေအားလုံး ပြန်သက်သာလာဖို့က မစောင့်နိုင်ဘူး ”
“ ဒီလိုအရေးကြီးအခြေအနေမှာ မျိုးနွယ်ခြားတွေက သေချာပေါက် ပြဿနာရှာကြလိမ့်မယ်… အဲ့ဒီအခါ ခင်ဗျားတို့ရဲ့ မိသားစုတွေ၊ ဂိုဏ်းတွေနဲ့ မွေးရပ်မြေက အန္တရာယ်ထဲ ကျရောက်သွားကြလိမ့်မယ် ”
“ အမတ်ယောင် ကျုပ်ပြောတာကို နားထောင်မယ်… ရုံးတော်သုံးခုက ကျင့်ကြံသူတွေ နားထောင်ကြမယ်… ဖုန်းဟိုင်ဒေသငယ်က စစ်သည်တော်တွေအားလုံး နားထောင်ကြမယ် ”
“ နန်းမြို့တော်က စစ်တပ်နောက်ကိုလိုက်ပြီး ဖရိုဖရဲအခြေအနေတွေကို ဖိနှိပ်ဖို့နဲ့ သက်ရောက်ခံလိုက်ရတဲ့ လူသားတွေအားလုံးကို ကယ်တင်ဖို့ ပြည်နယ်တွေဆီ ချက်ချင်းထွက်ခွာကြပါ… အဲ့ဒါက မင်းတို့လုပ်ဆောင်ရမယ့် တာဝန်ပဲ ”
သိန်းပေါင်းများစွာသော ကျင့်ကြံသူများ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ဖြစ်ပေါ်လာကြသည်။ သတ္တမမင်းသားပြောသွားသည်မှာ မှန်၏။ ယင်းကို သူတို့ လုံးဝမငြင်းနိုင်ပေ။ ဤသည်မှာ သူတို့၏ တာဝန်ဖြစ်သည်။
သို့သော် အကယ်၍ သူတို့သာ ယခု ထွက်သွားမည်ဆိုလျှင် အားလုံးပျောက်ဆုံးသွားလိမ့်မည်။
သူတို့က ပြန်လည်မစည်းလုံးနိုင်တော့ခြင်း မဟုတ်ပေ။ ထိုသို့ဖြစ်လာရန် အချိန်အကြာကြီး စောင့်ဆိုင်းရပေလိမ့်မည်။ ထိုအခါကျလျှင် အားလုံးက ပြောင်းလဲပြီးသွားလောက်ချေ၏။ အဖြူနှင့်အမည်းသည် ပြောင်းပြန်ဖြစ်သွားလောက်ပြီ ဖြစ်သည်။
ယင်းသည် သူတို့၏ စည်းလုံးညီညွတ်မှုကို ချိုးဖြတ်လိမ့်မည့် လှုပ်ရှားမှုဖြစ်သည်။
လက်ထောက်ရုံးတော်သခင်များ၏ အမူအရာများသည် မည်းမှောင်သွားကြသည်။
အမတ်ယောင်သည် သက်ပြင်းချလိုက်ပြီး စကားပြောတော့မည့်အချိန် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး အဝေးမှ ကောင်းကင်ဆီသို့ ကြည့်လိုက်သည်။
သတ္တမသခင်ကြီး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူက ချက်ချင်း ခေါင်းလှည့်လိုက်ကာ အဝေးသို့ ကြည့်လိုက်သည်။
ခေါင်းဆောင်လည်း အတူတူပင်။ သူ၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာပြီး သူ၏ မျက်လုံးထဲမှာ အပြာရောင်အလင်း ထွက်ပေါ်လာသည်။ သူ၏ အမူအရာပေါ်မှာ အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ပေါ်မှ ငှက်ကြီးချင်းချင်းသည်လည်း စိတ်လှုပ်ရှားစွာ အော်မြည်လိုက်သည်။
“ ဂူး ”
သိန်းပေါင်းများစွာသော ကျင့်ကြံသူများသည်လည်း ယင်းကို အာရုံခံမိသွားကြသည်။
သတ္တမမင်းသားသည် မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး အဝေးမှ ကောင်းကင်ကို ကြည့်လိုက်သည်။
သက်တံ့တစ်ခုသည် ဝှီးခနဲမြည်သံဖြင့် မြို့တော်ဆီသို့ ဦးတည်လာနေသည်။ ယင်း၏ အလျင်သည် အလွန်အမင်း မြန်ဆန်သည်။
ထိုအလျင်သည် အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့်မှ ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။ ထိုသို့အလျင်မျိုးကို ဗလာနတ္ထိအဆင့်ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်ကြပေသည်။
ထို့နောက် အံ့မခန်းအလျင်ဖြင့် ပျံသန်းလာနေသော ပုဂ္ဂိုလ်သည် သစ်ဝိညာဉ်မျိုးနွယ်ဝင်ဖြစ်ကြောင်း လူတိုင်း မြင်တွေ့သွားကြသည်။
သစ်ဝိညာဉ်မျိုးနွယ်ဝင်၏ ပခုံးပေါ်တွင် သွေးစွန်းဝတ်ရုံဖြင့် မတ်မတ်ရပ်နေသော ပုံရိပ်တစ်ခုရှိသည်။
ထိုသူ၏ တာအိုဝတ်ရုံသည် လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ သူ၏ အကြည့်သည် ကျောက်စိုင်ကျောက်သားပမာ ခိုင်မြဲပြီး ကြယ်ကလေးများ ပါဝင်နေဟန် ထင်ရ၏။ သူက လောကကြီးကို အရောင်မှေးမှိန်သွားစေလုနီးပါး အလွန်ချောမောခန့်ညားသည်။
ထိုသူသည် ရွှီချင်းဖြစ်သည်။
သူ၏ ညာဘက်လက်ကို ရစ်ခွေထားပြီး မြို့တော်ကို စူးစမ်းလိုစွာ ကြည့်ရှုနေသော မြွေဖြူငယ်တစ်ကောင်လည်း ရှိသေး၏။
ရွှီချင်း၏ ရောက်ရှိလာမှုသည် ချက်ချင်းဆိုသလို ဒေသငယ်ထဲမှ ကျင့်ကြံသူများကို စိတ်လှုပ်ရှားသွားစေပြီး အော်ဟစ်ချီးမြှောက်ကြစေသည်။ ကမ္ဘာတုန်ဟီးစေမည့် အသံလှိုင်းများ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်မှ အရာအားလုံးသည် တုန်ယင်လာကြသည်။
ကောင်းကင်ပေါ်မှ လက်သည်းလေးခုရွှေရောင်နဂါးသည်လည်း ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ရွှီချင်းအား သိုင်းခြုံသွားစေသည်။ ၎င်းက ကောင်းချီးမင်္ဂလာတိမ်တိုက်များကိုပင် ထွေးထုတ်လိုက်ပြီး တစ်လောကလုံးကို လင်းထိန်သွားစေလေရာ မြို့တော်ထဲမှ လူတိုင်းကို ရွှီချင်းအား ရှင်းလင်းစွာ မြင်နိုင်စေသည်။
ဤသည်မှာ လက်သည်းလေးခုရွှေရောင်နဂါးအတွက် သတ္တမမင်းသားမှလွဲ၍ တခြားတစ်ယောက်အပေါ် ပထမဆုံးအကြိမ် ကောင်းချီးမင်္ဂလာကို ထုတ်လွှတ်ဖူးခြင်း ဖြစ်၏။
သို့ဖြစ်၍ မြို့တော်ထဲမှ အော်ဟစ်ချီးမြှောက်သံများသည် ပို၍ကျယ်လောင်စွာ ထွက်ပေါ်လာကြပြီး တိမ်တိုက်များတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ယင်းသည် စစ်ပွဲတွင် ရုံးတော်သခင်သေဆုံးပြီးနောက် သတ္တမမင်းသားက သန့်စင်ရေလှိုင်းမျိုးနွယ်ကို အောင်ပွဲရ၍ ပြန်ရောက်လာစဉ်ကထက် အများကြီး ပိုကြီးကျယ်ခမ်းနားသည်။
ဤအခိုက်အတန့်မှာ ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုသည်ပင် တုန်ခါလာသည်။
အတိတ်တွင် ရွှီချင်းသည် ဒေသငယ်မြို့တော်ထဲမှာ မတ်တတ်ရပ်နေလျက် လူအုပ်ကြီး၏ ဂုဏ်ပြုချီးမွမ်းခံရသော သတ္တမမင်းသားကို ငေးကြည့်ခဲ့ဖူးသည်။ ထိုစဉ်က သူသည် လူအုပ်ကြားထဲမှာ တိတ်ဆိတ်နေရုံမျှသာ တတ်စွမ်းခဲ့သည်။
ယနေ့မှာတော့ ဒေသငယ်မြို့တော်အတွင်း စင်မြင့်၏ ထိပ်ဆုံးပေါ်တွင် မတ်တတ်ရပ်နေသော သတ္တမမင်းသားသည် လူထု၏ အော်ဟစ်ချီးမြှောက်သံများကြားမှာ ပြန်ရောက်ရှိလာသော ရွှီချင်းကို ငေးကြည့်နေရသည်။ သူက တိတ်ဆိတ်နေရန်သာ တတ်စွမ်းသည်။
ထို့အပြင် အဆုံးမဲ့သော ကမ္မသည် အရပ်မျက်နှာပေါင်းစုံမှ ပေါ်လျှိုးထွက်လာပြီး ရွှီချင်းထံသို့ စုစည်းသွားနေသည်။
ရွှီချင်းပြန်ရောက်လာသည်နှင့်ချက်ချင်း ကမ္မသည် သူ၏ ဦးခေါင်းထက်မှာ စုဝေးသွားပြီး လူတိုင်းမြင်တွေ့နိုင်သော တစ်စုံတစ်ခုသို့ ပြောင်းလဲသွားလေသည်။ ယင်းသည်ကား….
ပန်းဖွားငါးခုသရဖူဖြစ်ပေသည်။