လူသားတွေရဲ့ နှလုံးသားက ဘယ်ဆီမှာလဲ… တာအိုနဲ့ တည်ကြည်ဖြောင်မတ်မှုဆီမှာ ရှိတယ်
Vol. 51 Ch. 788
မိုးကောင်းကင်ကို ထိုးဖောက်မည့်သူသည် မိုးကောင်းကင်၏ အလေးချိန်ကို ခံနိုင်ရည်ရှိရမည်။
မိုးကောင်းကင်၏ အလေးချိန်သည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်သည်အထိ ကြီးမားလွန်းလှသည်။
သို့သော် အကယ်၍ ယင်းကို ခံနိုင်ရည်ရှိမည်ဆိုလျှင် နိဗ္ဗာန်နကို ဖြတ်ကျော်သွားပြီး တဖန်ပြန်မွေးဖွားလာလိမ့်မည်။
နိဗ္ဗာန်နကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ဘုံကိုးခုကို ထိုးဖောက်ပျံသန်းနိုင်ပြီး တစ်လောကလုံး၏ အာရုံစိုက်စရာ ဖြစ်လာလိမ့်မည်။
ဤအခိုက်အတန့်မှာ ဆူးခင်းလမ်းကို ချနင်းပြီး ပြန်ရောက်ရှိလာသော ရွှီချင်းသည် နိဗ္ဗာန်နကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ကဒ်ဘေးများစွာကို တွေ့ကြုံပြီးနောက် ရွှီချင်း၏ ပုံရိပ်သည် ဒေသငယ်မြို့တော်ထဲမှ ပြည်သူပြည်သား၏ မျက်လုံးထဲမှာ အတောက်ပဆုံးအရာဖြစ်လာသည်။
ထိုတောက်ပမှုသည် ပေထောင်ပေါင်းများစွာ မြင့်မားပြီး မြို့တော်ထဲမှ လူများ၏ ခံစားချက်များကို ပြန်အသက်ဝင်လာစေသည်။ ယင်းက ဖိနှိပ်ခံထားရသော ဖုန်းဟိုင်ဒေသငယ်ထဲမှ ပြည်သူပြည်သားများ၏ နှလုံးသားများကို ပြန်နိုးထလာစေသည်။
တစ်လောကလုံး လှုပ်ရှားထကြွလာပြီး လူတိုင်းက သူ့အား အော်ဟစ်ချီးမြှောက်ကြသည်။
အသံလှိုင်းများသည် မရပ်မဆဲ ပျံ့လွင့်နေပြီး လေကြမ်းသည် တဟူးဟူးတိုက်ခတ်နေသည်။
ဖုန်းဟိုင်ဒေသငယ်ထဲမှ လူတိုင်းသည် ဤနှစ်ထဲမှာ ကြီးမားသော အခက်အခဲဒုက္ခများကို တွေ့ကြုံခံစားခဲ့ကြရသည်။
ယခင်ဒေသအကြီးအကဲဟောင်း၏ သေဆုံးမှုက ပြည်သူပြည်သားများ၏ နှလုံးသားထဲမှာ အရိပ်မည်းကြီးကျန်စေခဲ့သည်။ ထို့အပြင် ရုတ်တရက် စစ်ပွဲကျရောက်လာခြင်းနှင့် ရုံးတော်သခင်၏ တိုက်ပွဲကျဆုံးမှုက အရိပ်မည်းကြီးသာမက မိုးခြိ်မးသံများကိုပါ ဆင်းသက်လာစေခဲ့သည်။ ယင်းက အသက်ရှင်ကျန်ရစ်ခဲ့ကြသော လူများ၏ နှလုံးသားထဲမှာ နက်နဲသော ဒဏ်ရာဒဏ်ချက်များကို ကျန်စေခဲ့သည်။
စစ်ပွဲ၏ အဆုံးသတ်က မတည်မငြိမ်ဖြစ်နေသော ဖုန်းဟိုင်ဒေသငယ်ကို အနည်းငယ် ပြန်နာလန်ထူလာစေသည်။ သို့သော်လည်း လက်ထောက်ဒေသအကြီးအကဲ၏ အပြောင်းအလဲက ပြည်သူပြည်သားများကို စိတ်ပျက်စေသည်။
လူတိုင်းသည် အလွန်စိတ်ပူပန်နေကြသည်။ သူတို့သည် စိတ်ပျက်ခြင်း၊ ခါးသီးခြင်းနှင့် အကူအညီမဲ့ခြင်းကို ခံစားနေကြသည်။ သူတို့လိုအပ်နေသည်မှာ တစ်စုံတစ်ယောက်က ထွက်ပေါ်လာပြီး အားလုံးကို ပြောင်းလဲပစ်ရန် ဖြစ်သည်။ တစ်စုံတစ်ယောက်က သူတို့အား ဦးဆောင်ပြီး အားလုံးကို ချိုးဖျက်ပစ်ရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။
အစကတော့ ထိုလူက ရုံးတော်သခင်ဖြစ်မည်ဟု သူတို့ထင်ခဲ့ကြသည်။ သို့သော် ရုံးတော်သခင်က တိုက်ပွဲမှာ ကျဆုံးသွားခဲ့သည်။
သတ္တမမင်းသား သို့မဟုတ် လက်ထောက်ဒေသအကြီးအကဲလည်း ဖြစ်နိုင်သည်ဟု သူတို့တွေးခဲ့ကြဖူးသည်။
သို့သော် ယနေ့မှာတော့ ထိုလူက ရွှီချင်းဖြစ်သည်ဟု သူတို့ခံစားမိကြသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်သည် အရောင်ပြောင်းလဲသွားပြီး ကောင်းချီးမင်္ဂလာနိမိတ်များက အဆုံးမဲ့စွာ ထွက်ပေါ်လာနေသည်။
မြေပြင်ပေါ်တွင် အော်ဟစ်ချီးမြှောက်သံများက မရပ်မဆဲ ပဲ့တင်ထပ်နေပြီး အသံလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားနေကြသည်။ လူကြီးလူငယ်သော်လည်းကောင်း ယောင်္ကျားမိန်းမသော်လည်းကောင်း သေမျိုးနှင့်ကျင့်ကြံသူများသော်လည်းကောင်း သူတို့၏ မျက်လုံးနှင့် နှလုံးသားထဲမှာ ရွှီချင်း၏ ပုံရိပ်သာလျှင် ရှိတော့သည်။
ယခုအချိန်မှာ ဖုန်းဟိုင်ဒေသငယ်၏ သက်ရှိအားလုံးထံမှ အကြည့်များသည် ရွှီချင်းအပေါ်သို့ စုဝေးကျရောက်သွားကြသည်။
ရွှေရောင်နဂါးနှင့် ငှက်ကြီးချင်းချင်းသည် ဟိန်းဟောက်အော်မြည်လိုက်ကြသည်။ ကမ္မသည် လူသားတိုင်းနှင့် ကောင်းကင်မြေပြင်ထံမှ ဆက်လက်ပေါ်ထွက်လာပြီး ရွှီချင်း၏ ဦးခေါင်းထက်တွင် စုဝေးသွားသည်။ ယင်းက ရွှီချင်း၏ ဦးခေါင်းထက်မှ သရဖူ၏ ရောင်ခြည်စက်ဝန်းကို ပို၍ထွန်းလင်းတောက်ပသွားစေသည်။
အော်ဟစ်ချီးမြှောက်သံများကြားမှာ တစ်စုံတစ်ယောက်က ‘ ဒေသအကြီးအကဲ ’ဟူသော စကားကို အော်ပြောလိုက်သည်။
မကြာမီ ထိုသို့အမည်တပ်ခြင်းကို အသိအမှတ်ပြုလိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် အော်ခေါ်နေကြလေရာ တဖြည်းဖြည်း များပြားလာသည်။
“ ဒေသအကြီးအကဲ ”
“ ဒေသအကြီးအကဲ ”
မြို့တော်တစ်ခုလုံးရှိ လေထုက မြူးကြွလာပြီး ပြည်သူပြည်သားများက အလွန်စိတ်အားထက်သန်လာသည့်အခါ ရွှီချင်းကို ပြန်လိုက်ပို့သော သစ်ဝိညာဉ်မျိုးနွယ်မှ မဟာအကြီးအကဲသည် ဒေသငယ်မြို့တော်နှင့် ပေတစ်ထောင်အကွာမှာ ရပ်လိုက်သည်။
မဟာအကြီးအကဲ၏ ပခုံးပေါ်မှာ ရပ်နေသော ရွှီချင်းသည် ထိုအဖြစ်အပျက်အားလုံးကို မြင်သွားသောအခါ ကြီးမားသော လှိုင်းလုံးများက သူ၏ နှလုံးသားထဲမှာ မြှောက်တတ်လာကြသည်။
မည်သို့ဖြစ်ပါစေ သူသည် ယခုမှ အသက်နှစ်ဆယ်သာ ရှိသေး၏။ သူသည် ဆရာနှင့် ခေါင်းဆောင်ဆီမှ အတွေ့အကြုံများစွာကို ရရှိထားပြီးဖြစ်သော်လည်း ဤအခိုက်အတန့်မှာ သူ၏ ခံစားချက်များကို တည်ငြိမ်အောင် မထိန်းချုပ်နိုင်ပေ။ ဒေသအကြီးအကဲဖြစ်လာရန် သူသည် မည်သည့်အခါကမှ မတွေးခဲ့ပေ။
ဤမတိုင်ခင် ထိုသို့အတွေးမျိုး သူ့မှာ လုံးဝမရှိပေ။
သူက သူ့နှလုံးသားထဲမှ ဆန္ဒအတိုင်း လိုက်လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။
သို့ဖြစ်၍ သူက မြို့တော်၏ အပြင်ဘက်မှာ ရပ်နေပြီး အသက်ရှူချိန်အနည်းငယ်ကြာသွားသည်အထိ တိတ်ဆိတ်သွားသည်။
ရှုပ်ထွေးသော ခံစားမှုတစ်ခုက သူ၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။
ဒေသငယ်မြို့တော်ထဲမှ အော်ဟစ်သံများက တဖြည်းဖြည်း ပိုပိုကျယ်လောင်လာသည့်အခါ ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ နှလုံးသားထဲမှ လှိုင်းလုံးများကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။
မြို့တော်သို့ ခြေချပြီးသွားသောအခါ သူသည် စင်မြင့်ဆီသို့ တန်းမတ်စွာ ဦးတည်လျှောက်သွားသည်။
သူဖြတ်သွားသည့်နေရာတိုင်းမှာ သေမျိုးများနှင့် ကျင့်ကြံသူများသည် သူ့အား အရိုအသေပေးကြလိမ့်မည်။
သူ၏ ဦးခေါင်းထက်မှ သရဖူသည် ပိုပြီးအာရုံစိုက်ခံရလာသည်။ ယင်းက မြေကွက်လပ်ဆီသို့ ရွှီချင်းမရောက်သွားခင်အထိ ကြာမြင့်ခဲ့သည်။
သူရောက်ရှိသွားသည်နှင့်ချက်ချင်း ရုံးတော်သုံးခုမှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများ၏ မျက်လုံးများသည် ဝင်းလက်တောက်ပသွားကြသည်။ သူတို့သည် လက်သီးဆုပ်လိုက်ကြပြီး ရွှီချင်းကို အရိုအသေပေးလိုက်ကြသည်။
မည်သူမှ သူတို့အား ထိုသို့လုပ်ဆောင်ရန် မစေခိုင်းပေ။ သို့သော်လည်း အားလုံးကို သူတို့၏ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ပြီးနောက် သူတို့ကိုယ်၌က ထိုသို့လုပ်ဆောင်ရန် ဆန္ဒရှိလာကြသည်။
ရုံးတော်သခင်များအပေါ် သူတို့၏ ရိုသေလေးစားမှု၊ ယခင်ဒေသအကြီးအကဲဟောင်း၏ သေဆုံးမှုကို ဖြေရှင်းပေးခဲ့မှု၊ ဖုန်းဟိုင်ဒေသငယ်အပေါ် ကျရောက်လာမည့် အန္တရာယ်ကဒ်ဘေးကို တားဆီးပေးခဲ့မှု၊ တစ်ယောက်တည်း ရှေ့ထွက်ရင်ဆိုင်ခြင်း အစရှိသော အကြောင်းအရာများသည် သူတို့အား ကိုယ့်ဆန္ဒအလျောက် အရိုအသေပေးရန် လုံလောက်ပေသည်။
သိန်းပေါင်းများစွာသော ကျင့်ကြံသူများ၏ အရိုအသေပေးမှုက ရွှီချင်း၏ ဦးခေါင်းထက်မှ ကမ္မသရဖူအား ဝုန်းခနဲမြည်သံ ထွက်ပေါ်လာစေသည်။ သရဖူသည် ပိုပြီးထွန်းလင်းတောက်ပလာပြီး ၎င်း၏ ရောင်ခြည်တန်းက ပေတစ်သိန်းကို ကျော်လွန်သွားသည်။
လက်ထောက်ရုံးတော်သခင်များသည် ပြုံးလိုက်ပြီး လက်သီးဆုပ်လိုက်ကြသည်။
သူတို့ထဲမှာ လီယွမ်ရှန်းက ဝမ်းမြောက်ဝမ်းသာသော အမူအရာပြသည်။
စီမံခန့်ခွဲရေးမှူးများသည်လည်း ဦးညွတ်လိုက်ကြသည်။ သူတို့က ရွှီချင်းကို မိန်းမောစွာ ကြည့်လိုက်ကြသည်။
သတ္တမသခင်ကြီးသည် အရိုအသေမပေးသလို ခေါင်းဆောင်သည်လည်း အရိုအသေမပေးပေ။ ဖုန်းဟိုင်ဒေသငယ်မှ ပြည်သူများထဲတွင် သူတို့နှစ်ယောက်တည်းသာ ထိုသိုလုပ်ဆောင်နိုင်သော သရုပ်အဆင့် ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က ရွှီချင်းနှင့် တစ်မိသားစုတည်းဖြစ်သောကြောင့် ဖြစ်သည်။
သတ္တမသခင်ကြီးသည် သူ၏ မျက်လုံးထဲမှ ဂုဏ်ယူမှုကို လုံးဝဖုံးဖိမထားနိုင်ပေ။
ခေါင်းဆောင်သည်လည်း ထို့အတူပင်။ သူက ရင်ဘက်ကို မြင့်မြင့်ကော့ထားပြီး ဘဝင်ခိုက်သော အမူအရာကို ထုတ်ဖော်ထားသည်။
ကောင်းကင်ပေါ်မှ သတ္တမမင်းသားသည် တစ်လှမ်းချင်း လျှောက်လှမ်းလာနေသော ရွှီချင်းနှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ ဖြစ်စဉ်အားလုံးကို ကြည့်လိုက်သည်။ ယခုအချိန်မှစပြီး ဖုန်းဟိုင်ဒေသငယ်မှာ မည်သူမှ ရွှီချင်း၏ နေရာကို လှုပ်ခါနိုင်တော့မည်မဟုတ်ကြောင်း သူနားလည်သွားသည်။
အမတ်ယောင်က ရွှီချင်းကို ကြည့်လိုက်လေရာ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးထဲမှာ လေးနက်သော အဓိပ္ပာယ်နှင့် စိတ်ဆုံးဖြတ်ပြီးသော အရိပ်အယောင် ရှိသည်။
ယနေ့ သူက အံ့ဩထိတ်လန့်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို ပြုလုပ်တော့မည် ဖြစ်သည်။ ယင်းက လူ့သမိုင်းတစ်လျှောက်တွင် တစ်ခါမှမရှိခဲ့ဖူးသည့် ကိစ္စဖြစ်သည်။
ယနေ့ ဤနေရာတွင်ရှိသော လူများထဲတွင် သူတစ်ဦးတည်းသာ ထို့သို့ဆောင်ရွက်ရန် အရည်အချင်းပြည့်မီသည်။
ရှေးခေတ်ဓလေ့ထုံးစံများကို လှုပ်ခါရန် ခက်ခဲသောကြောင့် ဤကိစ္စ၏ အောင်မြင်နိုင်ခြေက သုညဖြစ်လုနီးပါး ဖြစ်သည်။
သို့သော်လည်း ကိစ္စအများစုသည် အောင်မြင်ရန် မဖြစ်နိုင်ဘူးဟု ထင်မြင်ရုံဖြင့် မလုပ်ဆောင်၍ မရပေ။
အကယ်၍ ကျရှုံးသွားမည်ဆိုလျှင်ပင် သူက ဦးစီးလုပ်ဆောင်သရွေ့ ယင်းက ဖုန်းဟိုင်ဒေသငယ်၏ သဘောဆန္ဒဖြစ်လာလိမ့်မည်။ လူသားဧကရာဇ်သည်ပင် အခြေအနေကို သေချာချင့်ချိန်စဉ်းစားရလိမ့်မည်။
ထို့အပြင် အကယ်၍ ကျရှုံးသွားမည်ဆိုလျှင်လည်း ပြဿနာမရှိပေ။ အကယ်၍ ယခု တိုက်ရိုက် မအောင်မြင်သွားလျှင်ပင် သူက လုပ်ဆောင်သရွေ့ ယင်းက အနာဂတ်မှာ သေချာပေါက် အောင်မြင်လာလိမ့်မည်။
‘ ကောင်းကင်ဘုံပေါ်က အရင်ဒေသအကြီးအကဲဟောင်းနဲ့ ညီအကိုလျှန်ရှို့ရဲ့ သူရဲကောင်းဝိညာဉ်တွေက ငါ့ဆန္ဒကို သဘောတူလိမ့်မယ်လို့ ငါယုံကြည်တယ် ’
အမတ်ယောင်သည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
‘ ဒီကောင်လေး… အများအမြင်အရရော ပုဂ္ဂိုလ်ရေးအမြင်အရရော သူ့အတွက် ဖုန်းဟိုင်ဒေသငယ်မှာ ဘယ်သူမှ မဖျက်ဆီးနိုင်မယ့် ဂုဏ်အရှိန်အဝါကို ငါဖန်တီးပေးရလိမ့်မယ် ’
ထိုသို့အတွေးပေါ်လာသည်နှင့် အမတ်ယောင်သည် လက်သီးဆုပ်လိုက်ပြီး ရွှီချင်းကို လေးနက်စွာ အရိုအသေပေးလိုက်သည်။ သူ၏ တည်ကြည်လေးနက်သော အသံက အရပ်မျက်နှာတစ်ခွင်သို့ ပျံ့လွင့်သွားသည်။
“ ကောင်းကင်ကို ကျုပ်မေးတယ် ”
အမတ်ယောင်က ပြောလိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်သည် ဆူပူအုံကြွသွားတော့မည့်ဟန် ရသည်။ ဤအခိုက်အတန့်မှာ လူတိုင်း၏ ခံစားချက်များက အပြည့်အဝ လှုပ်နှိုးခံလိုက်ရသည်။ သတ္တမမင်းသားသည် စိတ်ထဲမှ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
စောစောက အော်သံများသည် ပြတ်တောင်းပြတ်တောင်းဖြစ်ပြီး အဓိပ္ပာယ်အများကြီး မရှိပေ။ မည်သို့ဖြစ်ပါစေ အရေအတွက်မည်မျှများပြားစွာ သူတို့အော်ကြပါစေ ယင်းတို့က စိတ်လှုပ်ရှားသော စကားလုံးသာလျှင်ဖြစ်ပြီး လေးနက်စွာ မမှတ်ယူနိုင်ပေ။
သို့သော်လည်း အမတ်ယောင်၏ စကားမှ အဓိပ္ပာယ်သည်တော့ ခြားနားပေသည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်၊ မြေပြင်နှင့် လူသားကို မေးမြန်းခြင်းသည် ဒေသအကြီးအကဲကို ရာထူးခန့်အပ်သော ဓလေ့ထုံးစံဖြစ်သောကြောင့် ဖြစ်သည်။
လူသားမျိုးနွယ်၏ သမိုင်းထဲတွင် အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား ဒေသအကြီးအကဲအဖြစ် ရာထူးခန့်အပ်ခြင်းသည် တစ်ခါမှမရှိခဲ့ဖူးပေ။ ဤကိစ္စသည် သေချာပေါက် လူသားဧကရာဇ်၏ စိတ်အာရုံကို ဆွဲဆောင်သွားလိမ့်မည်။
အထူးသဖြင့် ဤကိစ္စကို ဦးစီးဆောင်ရွက်သူက ယောင်ထျန်းယန်ဖြစ်နေခြင်း ဖြစ်သည်။ သူက လက်ထောက်ဒေသအကြီးအကဲကို ဆန့်ကျင်တိုက်ခိုက်ရာတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး စစ်ပွဲအတွင်းမှာ အသက်ရှင်ကျစ်ရစ်ခဲ့ကြသော သက်ကြီးပိုင်း အကြီးအကဲများအနက် တစ်ယောက်ဖြစ်သည်။ ထို့အပြင် သူက မဟုတ်မမှန် အစွပ်စွဲခံခဲ့ရပြီး ဖုန်းဟိုင်ဒေသငယ်မှ ယခင်ခေါင်းဆောင်ငါးဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သို့ဖြစ်၍ ထိုသို့လုပ်ဆောင်ရန် သူ့မှာ အရည်အချင်းပြည့်မီသည်။
‘ ခမည်းတော် သဘောမတူဖို့က ရာခိုင်နှုန်း အရမ်းများတယ်… ဒါပေမဲ့ ခမည်းတော်က ဖုန်းဟိုင်ဒေသငယ်ရဲ့ သဘောဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားရလိမ့်မယ်… ဘာပဲဖြစ်ဖြစ် ယောင်ထျန်းယန်က အရဲစွန့်ပြီး တစ်လောကလုံးကို ကြေညာဖို့လုပ်နေတာပဲ… ဖုန်းဟိုင်ဒေသငယ်က ရွှီချင်းတစ်ယောက်တည်းကိုပဲ အသိအမှတ်ပြုတယ်ဆိုတဲ့အကြောင်း လူသားတစ်မျိုးနွယ်လုံးနဲ့ လူသားဧကရာဇ်သိအောင် သူက လုပ်ချင်နေတာ ’
‘ လူသားတွေရဲ့ နှလုံးသားက သူ့ကြောင့် ထာဝရမီးတောက်အဖြစ် ထွန်းလင်းသွားပြီ ’
သတ္တမမင်းသားသည် နှုတ်ဆိတ်သွားသည်။ ဤအခြေအနေက မျှော်လင့်ချက်မဲ့ကြောင်း သူသိသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်သည် ထွန်းလင်းသွားသည်။ ယခင်ဒေသအကြီးအကဲဟောင်းများ၏ ခန္ဓာကိုယ်ပုံရိပ်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ပျံ့နှံ့သွားကြသည်။ သူတို့က အရပ်မျက်နှာအသီးသီးမှာ မတ်တတ်ရပ်နေကြလေရာ ဤအခိုက်အတန့်ကို သက်သေပြုပေးရန် စောင့်ကြည့်နေကြဟန် ရသည်။
ကျယ်လောင်သော မိုးခြိမ်းသံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ ကောင်းကင်က ပြန်မဖြေကြားသော်လည်း ထိုမိုးခြိမ်းသံသည် ဖုန်းဟိုင်ဒေသငယ်မှ ကောင်းကင်၏ တုံ့ပြန်သံဖြစ်သည်။
“ မြေပြင်ကို ကျုပ်မေးတယ် ”
ထူးဆန်းသော အလင်းရောင်သည် အမတ်ယောင်၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ သူက ပြောလိုက်သည်နှင့်ချက်ချင်း မြေပြင်က ပြန်လည်တုံ့ပြန်သည့်အလား တသိမ့်သိမ့်တုန်လာသည်။
“ လူသားတွေကို ကျုပ်မေးတယ် ”
အမတ်ယောင်သည် မြို့တော်ဆီသို့ ကြည့်လိုက်သည်။
မြေကွက်လပ်ထဲမှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများနှင့် မြို့တော်ထဲမှ သန်းပေါင်းများစွာသော သေမျိုးများသည် ဤအခိုက်အတန့်မှာ အော်ပြောလိုက်ကြသည်။
“ သဘောတူပါတယ် ”
“ သဘောတူပါတယ် ”
မရေမတွက်နိုင်သော အော်ပြောသံများက အတူတကွ စုဝေးသွားကြလေရာ ကောင်းကင်ဘုံစွမ်းအားက ဤလောကပေါ်သို့ သက်ဆင်းလာသည့်အလား ထင်မှတ်ရသည်။
ယင်းက လူသားများ၏ နှလုံးသားနှင့် ဖုန်းဟိုင်ဒေသငယ်၏ သဘောဆန္ဒကို ကိုယ်စားပြုသည်။
ဤသည်မှာ ဖုန်းဟိုင်ဒေသငယ်၏ ရွေးချယ်မှုဖြစ်သည်။
လူတိုင်း၏ အာရုံစိုက်မှုအောက်မှာ ရွှီချင်း၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်လျှိုးလာသည်။
သူက ရှုပ်ထွေးပွေလီသော ခံစားချက်များဖြင့် သူ၏ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ အဆုံးမှာတော့ ယင်းက အရိုအသေပြုမှုသို့ ပြောင်းလဲသွားသည်။
သူက အမတ်ယောင်၊ ရုံးတော်သုံးခုနှင့် တစ်မြို့လုံးကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
ယခုအချိန်မှစ၍ လူသားဧကရာဇ်က သူ့အား အသိအမှတ်ပြုသည် အသိအမှတ်မပြုသည်ကိုအပထား ဖုန်းဟိုင်ဒေသငယ်အတွင်းမှာ အကယ်၍ သူ့ထံ၌ ဒေသအကြီးအကဲ၏ အဆင့်အတန်းမရှိလျှင်ပင် သူ၏ စကားတိုင်းမှာ နှိုင်းဆမရသော အလေးချိန်ပါနေလိမ့်မည်။
သူ၏ သရုပ်အဆင့်သည် ဖုန်းဟိုင်ဒေသငယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်။
လရောင်ခြည်အောက်မှာ မည်သူမှ သတ္တမမင်းသားကို အာရုံမစိုက်ကြပေ။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သတ္တမမင်းသားသည် ရုတ်ချည်း ပြုံးလိုက်သည်။ ဤကစားပွဲတွင် သူရှုံးနိမ့်သွားကြောင်းကို လက်ခံလိုက်၏။
သတ္တမမင်းသားသည် အပြုံးဖြင့် ထွက်ခွာရန် ရွေးချယ်လိုက်သည်။ သူက နန်းမြို့တော်မှ စစ်တပ်ကို ဦးဆောင်၍ ဖုန်းဟိုင်ဒေသငယ်နှင့်ဝေးရာသို့ ခေါ်ဆောင်သွားသည်။ သူ့အတွက် စင်မြင့်ဖြစ်သော သန့်စင်ရေလှိုင်းမျိုးနွယ်ဆီသို့ သူပြန်သွားရပေမည်။
သူက မထွက်သွားခင် ခေါင်းလှည့်လိုက်ပြီး အဝေးမှ ရွှီချင်းကို ကြည့်လိုက်သည်။ ကြီးကျယ်မြင့်မြတ်သော ပွဲအခမ်းအနားက ပြီးဆုံးသွားပြီးနောက် ရွှီချင်း၏ ပုံရိပ်သည် သူ၏ စိတ်ထဲမှာ အတော်လေး ထင်ရှားပြတ်သားလာသည်။
“ ဖုန်းဟိုင်ဒေသငယ်မှာ ယောင်ထျန်းယန်အပြင် အမှတ်ရနေဖို့ ထိုက်တန်တဲ့ နောက်ထပ်လူတစ်ယောက်ရှိနေသေးတာပဲ ”
“ ဒီလိုအထီးကျန်သူရဲကောင်းကြောင့် ခမည်းတော်အပြစ်တင်တာ ခံရမယ်ဆိုရင် ငါလက်မခံနိုင်တာတော့မဟုတ်ဘူး ”
သတ္တမမင်းသားသည် တည်ငြိမ်စွာ ထွက်ခွာသွားသည်။
ထိုသို့ဖြင့် လက်ထောက်ဒေသအကြီးအကဲ ခေါ်ဆောင်လာသော ကဒ်ဘေးကြီးသည် အဆုံးသတ်သွားသည်။
ဖုန်းဟိုင်ဒေသငယ်မှ အင်အားကို လျှင်မြန်စွာ ရွှေ့ပြောင်းလိုက်သည်။ သိန်းပေါင်းများစွာသော ကျင့်ကြံသူများက ပြန့်ကျဲထွက်ခွာသွားကြသည်နှင့် သူတို့သည် ဒြပ်နှောများကို စတင်ဖယ်ရှားကြပြီး သေမျိုးများကို ကယ်ဆယ်ကြသည်။ အားလုံးသည် အစီအစဉ်တကျ သွားနေသည်။
ဒေသငယ်မြို့တော်မှ အမိန့်တော်ကျလာသည်နှင့် ဖုန်းဟိုင်ဒေသငယ်မှ ပြည်နယ်အသီးသီးတွင် ကယ်ဆယ်ရေးတာဝန်များကို ထုတ်ပြန်လာကြသည်။
တစ်ချိန်တည်းမှာ လက်ထောက်ဒေသအကြီးအကဲ၏ သစ္စာဖောက်မှုနှင့်ပတ်သက်ပြီး အကြောင်းအရင်းအမျိုးမျိုးနှင့် အကျိုးသက်ရောက်မှုများကို ဖုံးကွယ်ထားရန် မလိုတော့ပေ။ သို့ဖြစ်၍ သတင်းအချက်အလက်အားလုံးကို ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးသို့ ထုတ်ပြန်ကြေညာလိုက်ပြီး လူတိုင်းအား အမှန်တရားကို သိရှိသွားစေသည်။
လက်ထောက်ဒေသအကြီးအကဲ၏ မကောင်းမှုအားလုံးသည် ကန့်လန့်ကာဖွင့်ချလိုက်သည့်အလား ပေါ်ထွက်လာသည်။
ရွှမ်ကျန်းပြက္ခဒိန် (၂၉၃၂)ခုနစ် နိုဝင်ဘာလကုန်တွင်…
ဖုန်းဟိုင်ဒေသငယ်ကို ဖရိုဖရဲဖြစ်စေခဲ့သော လက်ထောက်ဒေသအကြီးအကဲသည် အလင်းရောင်အဖွဲ့အစည်း၏ အဖွဲ့ဝင်ဖြစ်ပြီး သူ၏ အစစ်အမှန် နာမည်သည် ပိုင်ရှောင်ကျိုးဖြစ်သည်။ သူသည် တစ်ချိန်တုန်းက ကျစ်လွီဆဲ့တိုင်းပြည်၏ ခေတ်ကာလတွင် ဖုန်းဟိုင်ဒေသငယ်၏ ဒေသအကြီးအကဲဖြစ်ခဲ့သည်။ သူက နတ်ဘုရားအတတ်ပညာများကို အသုံးပြု၍ ပြန်လည်ရှင်သန်လာခဲ့ပြီး ဖုန်းဟိုင်ဒေသငယ်ကို ပြိုလဲပျက်စီးအောင် ကြံစည်ဆောင်ရွက်ခဲ့သည်။ သူက ရှေးခေတ်ဖုန်းဟိုင်ဒေသငယ်ကို ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားခဲ့ပြီး ပြည်သူပြည်သူများအပေါ် ကဒ်ဘေးကျစေခဲ့သည်။
ထိုစဉ် ဧကရာဇ်၏ နှလုံးသားအလင်း စစ်ဆေးမှုတွင် ပေတစ်သိန်းအလင်းတန်းကို ရရှိခဲ့သော ဓားကိုင်တစ်ဖြစ်လဲ ရွှီချင်းသည် ဒေသအကြီးအကဲ၏ ရာထူးခန့်အပ်ပွဲတွင် တစ်ယောက်တည်း အရှေ့ထွက်ခဲ့သည်။ သူသည် သေရမည်ကို မကြောက်ဘဲ သူ၏ နှလုံးသားထဲမှ စေခိုင်းမှုအတိုင်း လုပ်ဆောင်ခဲ့သည်။ သူက အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး တရားခံကို သက်သေနှင့်တကွ ဖော်ထုတ်ခဲ့သည်။ သူက ဖုန်းဟိုင်ဒေသငယ်အပေါ် ကျရောက်လာတော့မည့် အန္တရာယ်ကို ဖြေရှင်းပေးခဲ့ပြီး ပြည်သူပြည်သားအားလုံးကို ကယ်တင်ပေးခဲ့သည်။
ယင်းက လူသားဧကရာဇ်ကို လှုပ်ရှားသွားစေသည်။
ထိုလတည်းမှာပင် လူသားဧကရာဇ်သည် အမိန့်တော်ငါးခုကို ထုတ်ပြန်ကြေညာလိုက်သည်။ ဧကရာဇ်၏ ပထမအမိန့်တော်တွင် သတ္တမမင်းသား၏ သတိမဲ့မူနှင့် တာဝန်မကျေပွန်မှုကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းပြစ်တင်လိုက်ပြီး သူ့အား တရားဝင် သတိပေးလိုက်သည်။
ဒုတိယအမိန့်တော်ထဲမှာတော့ အလင်းရောင်အဖွဲ့ဝင်များကို ရာဇဝတ်သားများအဖြစ် ကြေညာလိုက်ပြီး လူသားမျိုးနွယ်ပိုင်နယ်မြေတစ်ဝှမ်းတွင် အလင်းရောင်အဖွဲ့ဝင်များကို ချက်ချင်း စုံစမ်းဖော်ထုတ်ပြီး လိုက်လံဖမ်းဆီးရန် ဒေသငယ်အားလုံးကို အမိန့်ပေးလိုက်သည်။ ထိုအမိန့်တော်ထဲမှာ အထက်ရွှမ်နန်းတော်ငါးခုအတွင်း သက်ဆိုင်ရာဌာနများကို တည်ဆောက်ကာ ဒေသကြီးအားလုံးထံသို့ ချက်ချင်း ကင်းလှည့်စစ်ဆေးပြီး အလင်းရောင်အဖွဲ့အစည်းနှင့်ပတ်သက်သော အရာမှန်သမျှကို ရှင်းလင်းဖယ်ရှားရန်လည်း ပါရှိသည်။
တတိယအမိန့်တော်သည် ယောင်ထျန်းယန်ကို ရာထူးခန့်အပ်ခြင်း ဖြစ်သည်။ အမိန့်တော်ထဲတွင် ကောင်းကင်ဘုံအမတ်မိသားစု၏ နောင်သားမျိုးဆက်ဖြစ်သော ယောင်ထျန်းယန်ကို ဖုန်းဟိုင်ဒေသငယ်၏ ဒေသအကြီးအကဲအဖြစ် ရာထူးခန့်အပ်ပြီး လက်ထောက်ဒေသအကြီးအကဲ၏ ရာထူးအတွက် ဂုဏ်သတင်းကျော်ဇောသော ကျင့်ကြံသူကျန့်ခိုင်ရီက ရွေးချယ်ခံရသည်။ ထို့အပြင် ဖုန်းဟိုင်ဒေသငယ်က ဒေသအကြီးအကဲရာထူးအတွက် နောင်တတ်မည့် ကိုယ်စားလှယ်လောင်းအား ကိုယ့်ဘာသာ ရွေးချယ်နိုင်သော အခွင့်အရေးတစ်ခုလည်း အမိန့်တော်ထဲမှာပါရှိ၏။ ဗလာနတ္ထိအဆင့်ကျင့်ကြံခြင်းရှိသော မည်သူမဆို ဖုန်းဟိုင်ဒေသငယ်၏ ထောက်ခံမှုရရန် အရည်အချင်းပြည့်မီသည်။
စတုတ္ထအမိန့်တော်သည် ဖုန်းဟိုင်ဒေသငယ်၏ ရုံးတော်သုံးခုမှ ရုံးတော်သခင်များဖြစ်ကြသော စစ်ဗိုလ်ချုပ်များကို ရာထူးမှ ဖယ်ရှားလိုက်ပြီး လက်ထောက်ရုံးတော်သခင်များကို ရုံးတော်သခင်အသစ်များအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။
ပဉ္စမအမိန့်တော်တွင် ဓားကိုင်ရွှီချင်းကို ရွှေရောင်ဂုဏ်ပြုမှတ်တမ်းကမ္ပည်း၊ အဝါရောင်ဝတ်ရုံ၊ အင်ပါယာကျောင်းတော်သို့ ဝင်ရောက်ခွင့်နှင့် ပထမအဆင့်တိုက်ပွဲကုသိုလ်ကို ချီးမြှင့်သည်။
ထိုဧကရာဇ်အမိန့်တော်ငါးခုကို တစ်လောကလုံးဆီသို့ ကြေညာလိုက်သည်။
ချက်ချင်းပင် လူသားမျိုးနွယ်ပိုင် ဒေသကြီးအားလုံးသည် တုန်လှုပ်သွားကြသည်။ ရွှီချင်း၏ နာမည်သည် နေရာအနှံ့ ပျံ့လွင့်သွားသည်။
ဇကရာဇ်၏ အမိန့်တော်များတွင် ရာထူးခန့်အပ်ခြင်းနှင့်ပတ်သက်ပြီး အဓိကအချက်အလက်များကို ရှင်းလင်းစွာ ဖော်ပြထားသော နှစ်နေရာရှိသည်။ ပထမတစ်ခုသည် ကျန့်ခိုင်ရီ၏ ရာထူးခန့်အပ်ခြင်းဖြစ်ပြီး ဒုတိယတစ်ခုသည် ဖုန်းဟိုင်ဒေသငယ်၏ ကိုယ့်ဘာသာ ကိုယ်စားလှယ်လောင်းရွေးချယ်နိုင်သော အခွင့်အရေး ဖြစ်သည်။
လူသားဧကရာဇ်သည် ရွှီချင်း၏ စွမ်းဆောင်မှုများကြောင့် လှုပ်ရှားသွားသော်လည်း ရှေးခေတ်စည်းမျဉ်းများကို မပြောင်းလဲနိုင်သည်မှာ ရှင်းလင်း၏။
သို့သော်လည်း ဖုန်းဟိုင်ဒေငယ်၏ သဘောဆန္ဒကို သူထည့်တွက်ရဦးပေမည်။ သို့ဖြစ်၍ သူက သတ္တမသခင်ကြီးကို ရာထူးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဖုန်းဟိုင်ဒေသငယ်မှ လူတိုင်းသည် ရွှီချင်းနှင့် သတ္တမသခင်ကြီးကြားမှ ဆက်ဆံရေးကို သိရှိသောကြောင့် ဖြစ်၏။
ဖုန်းဟိုင်ဒေသငယ်၏ ကိုယ်စားလှယ်လောင်းရွေးချယ်နိုင်သော အခွင့်အရေးသည်တော့ ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်က ဗလာနတ္ထိအဆင့်ကို ရောက်ရှိသွားသရွေ့ သူက ဖုန်းဟိုင်ဒေသငယ်၏ ဒေသအကြီးအကဲဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ရှင်းလင်းပေသည်။
ထိုသို့ဖြင့် ဖုန်းဟိုင်ဒေသငယ်မှ ကဒ်ဘေးဒုက္ခအားလုံးသည် အဆုံးသတ်သွားသည်။ အားလုံးက ပြန်လည်နာလန်ထူရန် စတင်နေကြသည်။
ရွှီချင်းသည်တော့ မကြာမီ စမှတ်အသစ်နှင့် ပို၍ကျယ်ပြောသော မိုးကုပ်စက်ဝိုင်းဆီသို့ ရွက်လွင့်တော့မည် ဖြစ်၏။