ငါ အခွင့်အရေးရရင် လုပ်ပေးပါ့မယ်
Vol. 39 Ch. 584
ရဲ့လင်းချန် ဖုန်းထုတ်၍ အိမ်သို့ ဖုန်းဆက်လိုက်သည်။
“အမေ ကျွန်တော် ရုတ်တရက်ကြီး Gala နွေဦးပွဲတော် ဖိတ်စာကို ရလိုက်လို့၊ ကျွန်တော် ဒီနေ့ အိမ်ပြန် မလာနိုင်တော့ဘူး ထင်တယ်”
ဖုန်းတစ်ဖက်မှ မီးရှူးမီးပန်းသံများကို ကြားနေရသည်။ ဆူညံသက ကျယ်လောင်ပြီး နှစ်သစ်ကူး ပျော်ရွှင် တက်ကြွမှုက ထင်ရှားပေါ်လွင်နေ၏။ ရှုကျန်းသည်လည်း အလွန် အလုပ်များနေလေသည်။
ရှုကျန်းသည် အခြားသူများနှင့် စကားပြော၍ ရယ်မောနေဆဲ ဖြစ်သော်လည်း ထိုစကားကို ကြားလိုက်ရသောအခါ မှင်တက်သွားပြီး ပြန်မေးလိုက်သည်။
“Gala နွေဦးပွဲတော်လား၊ ဒါ သတင်းကောင်းပဲ၊ သား Gala နွေဦးပွဲတော် တက်ဖို့ ဖိတ်စာ ရတာလား”
“ဟုတ်”
ရဲ့လင်းချန် အသာ ပြန်ဖြေလိုက်သည်။ ရှုကျန်းက ပျော်ချင်ယောင်ဆောင်နေသော်လည်း သူမအသံမှ စိတ်ညစ် သွားဟန်ကို ရဲ့လင်းချန် ခံစားမိနေသည်။
“အင်းအင်း၊ Gala နွေဦးပွဲတော် ဖိတ်စာကို ရတယ်ဆိုတော့ ငါ့သားက တော်တော် အံ့ဩဖို့ ကောင်းတာပဲ၊ အမေသာ လူတိုင်းကို ပြောပြလိုက်ရင် ဘယ်လောက်တောင် အားကျနေကြမလဲ မသိဘူး”
ရှုကျန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
“ကျွန်တော် မနက်ဖြန်ညလောက် ပြန်လာဖို့ အကောင်းဆုံး ကြိုးစားမှာပါ”
မနက်ဖြန်က နှစ်သစ်ကူးနေ့ ဖြစ်နေပြီ ဖြစ်သဖြင့် ရဲ့လင်းချန် ကတိပေးလိုက်သည်။
“ရပါတယ်၊ မင်းအဖေနဲ့ အမေ အဆင်ပြေပါတယ်၊ အမေတို့ မင်းကို တီဗွီမှာတောင် မြင်ရမှာပဲကို”
ရှုကျန်းက ပြောလိုက်သည်။
ရဲ့လင်းချန် ဘာမှမပြောချေ။ သူသည် ပရိသတ် ဖြစ်ပြီး ကင်မရာ၌ ပါလာနိုင်ချေက အလွန် နည်းပါးပေသည်။
“ကဲ … သား၊ Gala နွေဦးပွဲတော်က ပွဲတော်ကြီးတစ်ခုနော်၊ မင်း ကောင်းကောင်းမွန်မွန် ဝတ်စားပြီး မင်းပုံရိပ်ကို သတိထားရမယ်၊ နားလည်လား”
ရှုကျန်းက သတိပေးသည်။
“ငါတို့သားလေး ခေါ်တာလား”
ရဲ့ကျင်း၏အသံကို ဖုန်းထဲမှ ကြားလိုက်ရသည်။
“အင်း … ကျွန်မတို့သားက Gala နွေဦးပွဲတော်ကို ကြည့်ဖို့ အဖိတ်ခံရတယ်တဲ့၊ အဲ့ဒါကြောင့် သူ ဒီည ပြန်မလာနိုင်ဘူး”
“ဟ … ဒီကောင်လေးက အခု အံ့ဩဖို့ ကောင်းနေပြီပဲ၊ ဟုတ်တယ်မလား”
ရဲ့ကျင်းက ခပ်အေးအေး တုံ့ပြန်လိုက်ပြီးနောက် တစ်ခဏမျှ တိတ်သွားပြီးမှ ဆက်ပြောသည်။
“သူ ပြန်မလာနိုင်တာက ဘာမှမဖြစ်ပါဘူး၊ သူ့ကိုယ်သူသာ သေသေချာချာ ဂရုစိုက်ခိုင်းလိုက်ပါ”
“စိတ်မပူပါနဲ့ အဖေ”
…
ဖုန်းချပြီးနောက် ရဲ့လင်းချန်သည် Gala နွေဦးပွဲတော် ကျင်းပရာနေရာသို့ သွားလိုက်လေသည်။
မနက် ဆယ်နာရီနှင့် ဆယ့်ငါးမိနစ်သာ ရှိသေးသော်လည်း Gala နွေဦးပွဲတော်၌ လူများနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။ အများစုမှာ ပွဲတော်နေရာအား ဝိုင်းထားပြီး လာကြမည့် ကြယ်ပွင့်များကို စောင့်ဆိုင်းကာ အချိန်နှင့်အမျှ အော်ဟစ်နေကြသည်။
“အား … အဲ့ဒါ လီရူပဲ၊ ငါတို့ရဲ့ နတ်သမီးလေး”
“ဝိုး … အစ်ကိုခန်းလဲ လာတာပဲ”
“ဟိုကို ကြည့်လိုက်ဦး၊ အဲ့ဒါ ဖေးရန်တီးဝိုင်းပဲ၊ အား … ငါ့ကိုကြည့်၊ ငါ့ကို ကြည့်ပါဦး”
“ကဲ ငါတော့ သေပြီဟေ့၊ အားချီကိုလဲ ဖိတ်ထားတာလား၊ ဒီနှစ် Gala နွေဦးပွဲတော်ရဲ့ လူစာရင်းက များလိုက်တာကွာ”
ပရိသတ်များကို အနီရောင်ကော်ဇော်၏ ဝင်ပေါက်အပြင်ဘက်၌ တားထား၍ တော်ပါသေးသည်။ သို့မဟုတ်ပါက သူတို့ တိုးဝင်လာပြီး ကျပ်ညပ်သွားပေလိမ့်မည်။
ထိုစဉ် ထူးဆန်းသော ဝတ်စုံများနှင့် မိန်းကလေးတစ်ဖွဲ့က ပန်းကုံးများနှင့် ခါးလှည့်ကွင်းများကို ကိုင်၍ ကားပေါ်မှ ဆင်းလာသည်။ သူမတို့က ဝင်ပေါက်ထံသို့ လှမ်းလာကြပြီး အားပေးသူများ သို့မဟုတ် အကသမားများ ဖြစ်ကြပေမည်။
ပွဲတော်သို့ လူများ တဖွဲဖွဲ ရောက်လာကြပြီး အော်သံများက အတောမသတ်တော့ချေ။
ရဲ့လင်းချန်က ဖိတ်စာကိုကိုင်၍ ဝင်ပေါက်ထံသို့ စိမ်ပြေနပြေ လျှောက်သွားသည်။
“ဟေး … အဲ့ဒါ ရဲ့နတ်ဘုရားပဲ”
“ရဲ့နတ်ဘုရားကလဲ ဖျော်ဖြေဖို့ လာတာလား”
“မင်း ရူးနေတာလား၊ ရဲ့နတ်ဘုရားက သူ့ဘတ်စကတ်ဘော အရည်အချင်းကို ဖျော်ဖြေမလား၊ သူ ဒီကို ဧည့်သည်အဖြစ် လာတာ နေမှာပေါ့”
“ဝိုး … ရဲ့နတ်ဘုရားက သိပ်ချောတာပဲ”
မီးရှူးမီးပန်း ဖောက်သံများနှင့် ပရိသတ်များ၏ အော်သံများအလယ်၌ ရဲ့လင်းချန်သည် Gala နွေဦးပွဲတော်သို့ ခြေချလိုက်သည်။
သို့သော် သူ ခြေနှစ်လှမ်းမျှသာ လှမ်းပြီးစဉ်၌ ကားတစ်စီးက တံခါးဝ၌ ရပ်လာသည်။ အပြင်ဘက်မှ အော်သံများက ရုတ်တရက် ပို၍ ကျယ်လောင်လာ၏။
ရဲ့လင်းချန် ရပ်လိုက်သည်။
“ဝိုး … အဲ့ဒါ ကင်ဟျွန်းမင်ပဲ၊ ငါ ကင်ဟျွန်းမင်ကို ကြည့်နေရတာပဲ”
“ဓာတ်ပုံရိုက်လေ၊ ဓာတ်ပုံရိုက်၊ အား … ငါ တအား ပျော်တာပဲ”
“သူက လူချင်းတွေ့မှ ပိုတောင် ချောနေတယ်၊ ငါ မေ့လဲတော့မယ်”
“သူက ဘယ်လိုလုပ် ချောမှာလဲ၊ ရဲ့နတ်ဘုရားက သူ့ထက် အများကြီး ပိုချောတယ်လို့ ငါ ထင်တယ်”
“နင့်မှာ ဘယ်လို အကြိုက်ပုံစံမျိုး ရှိနေတာလဲ၊ ရဲ့နတ်ဘုရားက သူ့ထက် ပိုချောတယ် ဟုတ်လား၊ ဒါ ရာစုနှစ်ရဲ့ အရယ်ရဆုံး ဟာသပဲ”
“ဟုတ်ပါ့၊ ဒီလောက် အသက် ငယ်ငယ်လေးနဲ့ ကန်းနေပြီ၊ သူ့ကို မသိချင်ယောင်ဆောင်ထားလိုက်”
…
“ရှပ် ရှပ် ရှပ်”
မကြာခင်မှာပင် အလျင်လိုသည့် ခြေသံများကို ကြားလာရသည်။ တံခါးအပြင်ဘက်မှနေ၍ လူတစ်စုက ခပ်မြန်မြန် လျှောက်လာနေသည်ကို ရဲ့လင်းချန် တွေ့လိုက်ရသည်။ သူတို့အားလုံးက ဝတ်စုံပြည့် ဝတ်ထားကြပြီး အရှေ့မှ ကိုယ်ရံတော် နှစ်ယောက်က လမ်းကို ရှင်းပေးနေသည်။ အလယ်မှ လာနေသောသူက နေကာမျက်မှန် တပ်ထားပြီး သူ့မျက်နှာ၌ ဟန်ထုတ်ခြင်း ဟူသော စကားလုံးကိုပင် မြင်နေရလောက်သည်။ သူသည် အထင်သေးသော မျက်နှာထားမျိုး ရှိနေပြီး အေးအေးလူလူ လမ်းလျှောက်နေကာ မသိလျင် လေပေါ် ရောက်နေသလိုပင်။
သို့သော် ယင်းကပင် ပရိသတ်များကို ပို၍ စွဲလမ်းသွားစေသည်။ အရပ်မျက်နှာ အနှံ့မှ အော်သံများ ထွက်လာပြီး “ရှင့်ကို ချစ်တယ်” ဟု အရူးအမူး အော်ပြောနေကြသည်။
ကင်ဟျွန်းမင်သည် ပွဲထဲသို့ ဝင်လာသည်နှင့် ခေါင်းက မိုးပေါ် ထောင်မတတ် မော်နေသည်။ သူသည် အနီးအနားမှ ရဲ့လင်းချန်အား ကြည့်ပင်မကြည့်ဘဲ တစ်ဖက်လှည့်၍ အခြားလမ်းမှ စင်နောက်ဘက်သို့ ဝင်သွားသည်။
ရဲ့လင်းချန်သည် စင်နောက်ဘက်သို့ လျှောက်လမ်းအား လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်သွားလေသည်။
ဝင်ပေါက်က နှစ်မျိုး ရှိလေသည်။ တစ်ခုမှ ဧည့်သည်များ၏ ထိုင်ခုံသို့ သွားသည့်လမ်း ဖြစ်ပြီး ကျန်တစ်ခုက ဖျော်ဖြေမည့် အနုပညာရှင်များအတွက် စင်နောက်သို့ သွားသည့်လမ်း ဖြစ်သည်။ စင်နောက်သို့ သွားချင်သည့် မည်သူမဆို ဝင်ခွင့်ကဒ်မရှိဘဲ ဝင်မရချေ။ ယင်းက အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သဖြင့် ဧည့်သည်များ၌ ဝင်ပိုင်ခွင့် မရှိချေ။
သူက ဘာလုပ်ရမည်နည်း။
သူသည် ပွဲကိုကြည့်ရန် ဤသို့ လာခြင်း မဟုတ်ဘဲ သူ၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ရန်အတွက် လာခြင်း ဖြစ်သည်။
သူ၏ မျက်လုံးများက ဖျတ်ခနဲ လင်းလတ်သွားပြီး တစ်စုံတစ်ယောက်ကို တွေးမိကာ ချက်ချင်း ဖုန်းထုတ်၍ ဆက်လိုက်သည်။
“တူ တူ …”
ဖုန်းဝင်သံ နှစ်ခါ ထွက်လာပြီးနောက် တစ်ဖက်မှ ဖုန်းကိုင်လာသည်။
“စီအီးအိုရဲ့၊ ရှင် ကျွန်မကို ဖုန်းခေါ်လာလို့ အံ့ဩမိသား”
ကျောက်လျန့်ရင် အနည်းငယ် အံ့ဩနေ၏။ သူမအသံက အလွန် ကျယ်လောင်ခြင်း မရှိသလို ဖုန်းကိုကိုင်၍ ပို၍ သီးသန့်ဆန်သည့် နေရာသို့ လျှောက်သွားလိုက်သည်။
“လျန့်ရင်၊ ငါ မှတ်မိသလောက်ဆို မင်းက Gala နွေဦးပွဲတော်ကို အဖိတ်ခံရတဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက်ပဲ ဟုတ်တယ်မလား”
ရဲ့လင်းချန် မေးလိုက်သည်။
ကျောက်လျန့်ရင်က Gala နွေဦးပွဲတော်သို့ တက်ရောက်နိုင်သည့် သရုပ်ဆောင်များထဲက တစ်ယောက်အဖြစ် ဝေ့ပေါ်၌ တင်ခဲ့သည်ကို သူ သတိရသွားခဲ့သည်။ သူမတွင် အထူး အစီအစဉ် မရှိသော်လည်း “မေ့မရနိုင်သောည” အတွက် သံပြိုင်အပိုဒ်၌ ဝင်ဆိုရမည် ဖြစ်သည်။ ယင်းက အတော်အသင့် ကောင်းမွန်နေပြီ ဖြစ်သည်။
“အင်း ဟုတ်တယ်”
ကျောက်လျန့်ရင် ပြုံးသွားသည်။ ရဲ့လင်းချန်က ချက်ချင်း ပြန်ပြောလိုက်သည်။
“ငါ မင်းကို အကူအညီ တောင်းစရာ ရှိလို့”
“ကျွန်မ သိနေတယ်၊ မဟုတ်ရင် ရှင်က ဘာလို့ ကျွန်မကို ရုတ်တရက်ကြီး ဖုန်းခေါ်မှာလဲလေ၊ ကျွန်မက ရှင် ကျွန်မကို သတိရလို့လို့ ထင်နေတာ”
ကျောက်လျန့်ရင်က မကျေမနပ် ပြောပြီးမှ မေးလိုက်သည်။
“ဘာကိစ္စလဲ”
ရဲ့လင်းချန်က ပြောလိုက်သည်။
“ငါ စင်နောက်ကို ဝင်ချင်လို့၊ မင်းက သရုပ်ဆောင်တွေထဲက တစ်ယောက်ဆိုတော့ ငါ အထဲဝင်နိုင်ဖို့ မင်း ကူညီနိုင်မလား”
“Gala နွေဦးပွဲတော်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုက ဒီညလေ၊ စင်နောက်က ဦးစားပေး တင်းကြပ်ထားတဲ့ နေရာလေ”
ကျောက်လျန့်ရင် မသိမသာ မှင်တက်သွားသည်။
“ရှင် တကယ် အထဲဝင်ချင်တာလား”
“အင်း … ငါ တကယ် ဝင်ချင်တာ”
“ရှင် ဘယ်မှာလဲ”
“ဝင်ပေါက်နားမှာ”
“ကျွန်မကို စောင့်နေ”
မိနစ်အနည်းငယ်အတွင်း လှပသော ပုံရိပ်က ဝင်ပေါက်နား၌ ပေါ်လာပြီး သူ့ထံ လျှောက်လှမ်းလာ၏။
သူမက ရဲ့လင်းချန်ထံသို့ လျှောက်လာပြီးနောက် ရဲ့လင်းချန်အား ထောင့်တစ်ထောင့်နားသို့ ဆွဲခေါ်သွားသည်။
“ဒါကိုယူပြီး ကျွန်မနဲ့ လိုက်ခဲ့”
ကျောက်လျန့်ရင်က ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် ကြည့်ပြီးနောက် ရဲ့လင်းချန်အား အထောက်အထားကဒ်ကို တိတ်တဆိတ် ပေးလိုက်သည်။
“ဒါကို ဘယ်က ရတာလဲ’
ရဲ့လင်းချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ဆီက ငှားလာတာ”
ကျောက်လျန့်ရင်က အသာအယာ ပြုံးနေသည်။
“ကျွန်မနောက်က လိုက်ခဲ့၊ မစိုးရိမ်နဲ့၊ ဟန်နဲ့နေ”
စကားပြောနေချိန်တွင် ကျောက်လျန့်ရင်က ရဲ့လင်းချန်၏ ဆံပင်ကို အနည်းငယ် ဆွဲချပြီး သူ့မျက်နှာကို ဖုံးရန် ကြိုးစားလေသည်။
“ရှင်က အနုပညာရှင်တစ်ယောက်ပဲ၊ လုံခြုံရေးက ရှင့်ကို သတိထားမိသွားရင် ပေးဝင်မှာ မဟုတ်ဘူး”
ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။ အထောက်အထားကဒ် ရှိခြင်းက ဝင်ပေါက်အား ဖြတ်သန်းခြင်း၌ လွယ်ကူ ချောမွေ့စေသည်။
ထို့နောက် သူတို့က ခပ်တည်တည် မျက်နှာထားနှင့် ဝင်ပေါက်သို့ အတူတူ လျှောက်လာကြသည်။ သူတို့ အဖမ်းမခံရဘဲ ဝင်နိုင်သွားသည်။
“ကျေးဇူးပါ”
ရဲ့လင်းချန် ပြောလိုက်သည်။ ကျောက်လျန့်ရင်သည် သူမလုပ်ခဲ့သော အရာအတွက် စည်းကမ်းကို ချိုးဖောက်ပြီး စွန့်စားခဲ့ရသည်။
“ရှင်က အကြင်နာတရား မရှိလိုက်တာ”
ကျောက်လျန့်ရင်က မကျေနပ်သံပြု၍ စိတ်ဆိုးမာန်ဆိုး ပြောသည်။
“ရှင် ကျွန်မကို လိုမှဘဲ သတိရတယ်၊ အရင်တစ်ခေါက်က ကျွန်မကို နှိပ်ပေးမယ်လို့ ရှင် ကတိပေးခဲ့တယ်၊ ဒါပေမဲ့ ရှင်က သတိတောင်မရဘူး”
ရဲ့လင်းချန် နှာခေါင်းပွတ်နေမိသည်။ ဘဝ၏ ရုန်းကန်ခြင်း၌ ပါဝင်ခဲ့စဉ်က သူ ထိုကတိကို သာမန်ကာလျှံကာ ပေးခဲ့သော်လည်း ကျောက်လျန့်ရင်က ပြတ်ပြတ်သားသား သတိရနေလိမ့်မည်ဟု သူ ထင်မထားမိပေ။
“ငါ အခွင့်အရေးရရင် လုပ်ပေးပါ့မယ်”
ရဲ့လင်းချန်က ပြောလိုက်သည်။
“ခစ်ခစ် … ဒီလိုမှပေါ့”
…