ရဲ့လင်းချန်၏ ဉာဏ်များမှု
Vol. 39 Ch. 585
အချိန်ကား တဖြည်းဖြည်း နီးကပ်လာလေသည်။
Gala နွေဦးပွဲတော်၏ နောက်ကွယ်၌ ဖရိုဖရဲ ဖြစ်နေလေသည်။
“ဘာကို အီးရောအီးရော လုပ်နေကြတာလဲ၊ အသင့်ပြင်ကြလေ”
“ဝတ်စုံက ဘယ်မှာလဲ၊ မြန်မြန်လုပ်လေ”
“တိုင်တွေ၊ တိုင်တွေအားလုံးကို စစ်ထား”
“ကိုယ့်နေရာကိုယ် မမေ့နဲ့၊ ကိုယ့် ဖျော်ဖြေရေးစိတ်ကို အသင့်ပြင်ထား”
“အားလုံး မြန်မြန်လုပ်၊ အဝတ်အစား လဲပြီး၊ မိတ်ကပ် ပြီးအောင် ပြင်ထား၊ ပွဲက စနေပြီ”
“အား … ဖြေးဖြေးလုပ်၊ မမှားစေနဲ့”
“မိတ်ကပ်ပညာရှင်တွေ ဘယ်မှာလဲ”
“ဘာအမှားမှ မရှိစေနဲ့နော်၊ မဟုတ်လို့ကတော့ ဒီစင်ပေါ် တက်နိုင်မယ့် အခွင့်အရေးကို လွဲချော်သွားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရမယ်”
“ဆိုးလိုက်တာ၊ ချန်ရှောင်ယန်ရော ကောတန့်ရှန်းရဲ့ အစီအစဉ်တွေကို ဖျက်ပစ်လိုက်တာ”
“ကိုယ့်သေတွင်း ကိုယ်တူးနေတာလား၊ တိတ်တိတ်နေ၊ အဲ့ကိစ္စကို အစမဖော်နဲ့”
ပို၍ ပရမ်းပတာဖြစ်သော အရာများက နေရာတိုင်း၌ ဖြစ်နေ၏။ တူရိယာ ပစ္စည်းမျိုးစုံ၏ အသံများ၊ သီချင်းဆိုသံများ၊ နေရာများ ပြန်လေ့ကျင့်ခြင်းနှင့် အကလေ့ကျင့်နေသောသူများ၏ အသံများနှင့် ပြည့်နေလေသည်။
ဤနေရာ၌ လူများစွာ ရှိနေသဖြင့် ပါဝင်သောလူတိုင်း တစ်ပြိုင်တည်း လေ့ကျင့်ရန် မဖြစ်နိုင်ချေ။ လူတော်တော်များများက ထောင့်နေရာကို ရှာ၍ ကိုယ့်ဘာသာကိုယ် လေ့ကျင့်ပြီး ပြင်ဆင်ရန် အချိန်ကို အပြည့်အဝ အသုံးချနေကြသည်။ လူတိုင်းနီးပါး စိုးရိမ်ကာ စိတ်လှုပ်ရှားနေသည်။
ယင်းကား Gala နွေဦးပွဲတော် မဟုတ်ပါတကား။
နိုင်ငံတွင်း၌ အကြီးကျယ်ဆုံးသော အစီအစဉ် ဖြစ်ပြီး တစ်နိုင်ငံလုံးမှ လူများက ကြည့်ရှုကြသည်။ ဖျော်ဖြေသူ၏ ဆွေမျိုးများနှင့် မိတ်ဆွေများတောင်မှ ကြည့်ကြလေသည်။
လူဦးရေ ရှစ်ဆယ် ရာခိုင်နှုန်းကျော်က Gala နွေဦးပွဲတော်၌ ပထမဆုံး ပါဝင်ရခြင်း ဖြစ်သဖြင့် သူတို့ မစိုးရိမ်ဘဲ မနေနိုင်ကြချေ။
ထို့အပြင် Gala နွေဦးပွဲတော်၌ ပထမဆုံးအကြိမ် ပါဖူးခြင်း မဟုတ်လျင်တောင်မှ ဖိအားက အလွန် ကြီးမားလွန်း၍ သူတို့အတွက် စိုးရိမ်တုန်လှုပ်ခြင်း မရှိရန် မဖြစ်နိုင်ချေ။
Gala နွေဦးပွဲတော်၌ ပြိုင်ဆိုင်မှုများက ပြင်းထန်နေသည်။ သေးငယ်သော အမှားတစ်ခုက သူတို့၏ အနာဂတ်ကို ပိတ်ပင်ရုံတင်မဘဲ သူတို့၏ ဘဝကိုပါ ပျက်စီးစေနိုင်လောက်သည်။
ခန်းမ …
စင်္ကြံလမ်း …
နားနေခန်း ဧရိယာ …
စိတ်လှုပ်ရှားပြီး စိုးရိမ်တုန်လှုပ်နေသော လူများအား နေရာတိုင်း၌ မြင်နေရသည်။
သာမန်လူတစ်ယောက်သာဆိုလျင် အနုပညာရှင်များနှင့် ဝိုင်းနေသဖြင့် သတိလစ်သွားလောက်သည်။ သူတို့ တစ်ယောက်ချင်းစီက နာမည်ကြီးများ ဖြစ်ကာ အားလုံးက အင်တာဗျူးဖြေမည့် သာမန်လူကဲ့သို့ စိုးရိမ်နေ ကြလေသည်။
ဤသို့သော ပတ်ဝန်းကျင်၌ ရဲ့လင်းချန်သည် မထင်မရှား ဖြစ်နေကာ တစ်ယောက်တလေ၏ သတိထားမိခြင်းကို မခံရချေ။
ကျောက်လျန့်ရင်က သူတို့နှင့်ယှဉ်လျင် အနည်းငယ် စိတ်အေးလက်အေး ဖြစ်နေ၏။ သူမ၏ အစီအစဉ်က နောက်ဆုံး၌ ဖြစ်ပြီး အဖွဲ့လိုက် သံပြိုင်သီဆို ရမည် ဖြစ်သည်။ သူမ နှုတ်ခမ်းလှုပ်၍ ဟန်လုပ်နေသရွေ့ စာသားမေ့ခြင်းက အရေးကြီးကိစ္စ မဟုတ်ချေ။
“ဟေး ရှင် ဘာကို ကြည့်နေတာလဲ”
ရဲ့လင်းချန်၏ သတိလက်လွတ် ဖြစ်နေသော ပုံစံကို ကြည့်ပြီး ကျောက်လျန့်ရင် မနေနိုင်ဘဲ မေးလိုက်မိသည်။
“ဒါနဲ့ စကားမစပ် ရှင် ဘာလို့ လာချင်တာလဲဆိုတာကို ကျွန်မ မသိရသေးဘူးနော်”
“ကင်ဟျွန်းမင် ဘယ်မှာလဲ”
ရဲ့လင်းချန် မေးလိုက်သည်။
“ကင်ဟျွန်းမင်လား”
ကျောက်လျန့်ရင်သည် ရဲ့လင်းချန် ပြောသောသူကို အစက သတိမရချေ။ တစ်ခဏမျှ စဉ်းစားပြီးမှ သူမ ပြန်မေးလိုက်သည်။
“ကိုရီးယားက အဲ့ဒီ စူပါစတားကို ပြောတာလား”
“အင်း … ဟုတ်တယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“သူက ဒီည အဓိက ဖျော်ဖြေသူလေ၊ အဲ့တော့ သူ့ကို ဂရုစိုက်တာက ပုံမှန်ပဲလေ၊ သူ့မှာ သူ့ကိုယ်ပိုင် သီးသန့်ခန်း ရှိတယ်၊ တတိယခန်းလို့ ကျွန်မ ပြောသံကြားတယ်”
ကျောက်လျန့်ရင်က ပြောပြသည်။
“အဲ့တစ်ယောက်က အဲ့လောက် ဂရုစိုက်ခံရတာလား”
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။
“ပွဲပြီးရင် သူက ကျွန်မတို့နိုင်ငံရဲ့ ပိုက်ဆံကို ယူပြီး ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှုကို ဦးနှောက်ဆေးသွားမှာ၊ သူက ကျွန်မတို့နိုင်ငံက နောက်မျိုးဆက်တွေရဲ့ နိုင်ငံတကာ မိတ်ဆွေတွေရဲ့ အမှိုက်ကောင်ပဲ”
ကျောက်လျန့်ရင်က ခပ်ပြတ်ပြတ် ပြောသည်။
သူမ၌ ဤသို့ စိတ်ဝင်စားစရာကောင်းသော စိတ်နေစိတ်ထား ရှိလိမ့်မည်ဟု ရဲ့လင်းချန် မထင်မှတ်ထားဘဲ စနောက်ဟန်ဖြင့် ပြောလိုက်သည်။
“မင်းလဲ သူ့ကို မကြိုက်ဘူးလား”
“သူက အရမ်း မောက်မာတယ်”
ကျောက်လျန့်ရင် မျက်မှောင်ကြုတ်နေသည်။
“လာ … သူ့ဆီ သွားလည်ရအောင်”
သီးသန့်အခန်း နံပါတ်သုံး။
ရဲ့လင်းချန်နှင့် ကျောက်လျန့်ရင်သည် အထဲသို့ ဝင်မသွားဘဲ တံခါးဝမှ ချောင်းကြည့်နေသည်။ တံခါးက ပွင့်နေပြီး အထဲ၌ တစ်ယောက်ယောက်က စကားပြောနေ၏။
“အဲ့ဒါ ဒါရိုက်တာဖုန့်လား”
ကျောက်လျန့်ရင်က တအံ့တဩ မေးသည်။
*ဖုန့်ရှောင်ဖုန်းလား*
ရဲ့လင်းချန်သည် ထိုဒါရိုက်တာအပေါ် အကောင်းမြင်စိတ် မရှိချေ။ သူသည် “နိုင်ငံခြားသားကို ဦးထိပ်ထားသူ” လူစားမျိုး ဖြစ်သည်။ အဓိက ပြဿနာမှာ သူ့စကားကို သူ ရုတ်သိမ်းခြင်း ဖြစ်သည်။ ရဲ့လင်းချန်သည် ဖိတ်ကြားခြင်းကို ဒေါသမထွက်သော်လည်း ဒါရိုက်တာက ဆိုးရွားသောအရာကို လုပ်ခဲ့သည်။
“ငါတို့ Gala နွေဦးပွဲတော် အစီအစဉ်မှာ အပြောင်းအလဲတစ်ချို့ လုပ်မယ်”
ဖုန့်ရှောင်ဖုန်းနှင့် ကင်ဟျွန်းမင်က တစ်စုံတစ်ရာကို ဆွေးနွေးနေသည်။
“$$$@@@@”
ကင်ဟျွန်းမင်ထံမှ ကိုရီးယားဘာသာစကားများ ထွက်လာနေသည်။ သူ့မျက်နှာတွင် အထင်သေးမှုနှင့် မောက်မာမှုတို့ အပြည့်ပင်။
“$$$@@@@”
ဖုန့်ရှောင်ဖုန်းက တစ်ခုခုကို ပြောချင်နေသော်လည်း ကင်ဟျွန်းမင်က မောက်မာစွာ ဖြတ်ပြောပြီး တစ်ဖက် လှည့်ကာ ထွက်သွားခိုင်းသည့် အမူအရာ လုပ်နေ၏။
“သူတို့ ဘာတွေပြောနေတာလဲ”
ကျောက်လျန့်ရင် နားဝေတိမ်တောင် ဖြစ်နေသည်။
“ဒါရိုက်တာဖုန့်က သူ့ဖျော်ဖြေချန်ကို လျှော့ချင်တာ၊ ဒါပေမဲ့ သူ အငေါက်ပဲ ခံလိုက်ရတယ်”
ရဲ့လင်းချန်က တိုတိုတုတ်တုတ် ပြန်ပြောလိုက်သည်။
“ကိုရီးယားနိုင်ငံက လူတွေက မောက်မာလွန်းတယ်၊ ဒါ ငါတို့နိုင်ငံလေ၊ ငါတို့နိုင်ငံကို သူ ဘာထင်နေတာလဲ”
ကျောက်လျန့်ရင်သည် ဒေါသအနည်းငယ် ထွက်သော်လည်း ဒါရိုက်တာ၏ ကံဆိုးမှုကို သဘောကျကာ ပြောလိုက်သည်။
“အဲ့ဒါရိုက်တာ နည်းတော်နည်းသေးတယ်၊ သူ့ကို ကင်ဟျွန်းမင်ကို ဖိတ်ဖို့ ဘယ်သူက ပြောလို့လဲ၊ အဲ့လူဆီက မျက်နှာသာ ရအောင် အသားကုန် ကြိုးစားပင်မယ့် အေးစက်စက် လုပ်တာပဲ ခံရတယ်”
“ဒါရိုက်တာဖုန့်က အင်တာနက်ပေါ်က ဝေဖန်မှုကို မထိန်းနိုင်လို့ အချိန်ကို ညှိဖို့ ဆုံးဖြတ်လိုက်တာပဲ၊ ဟားဟားဟား … သူ ဘယ်လို အဆုံးသတ်မလဲ ကြည့်ရသေးတာပေါ့”
ကျောက်လျန့်ရင်က အုတ်အုတ်ကျက်ကျက် ဖြစ်သည်ကို မြင်ရရန် စိတ်အားထက်သန်နေ၏။
“ဒါက သူ့ကို မျက်နှာလုပ်ရင် သူ့ကိုယ်သူ ပိုပြီး အထင်ကြီးတတ်တဲ့ လူစားမျိုးပဲ၊ အရမ်း ရှက်ဖို့ကောင်းတယ်”
ရဲ့လင်းချန်က ခေါင်းခါလိုက်ပြီးနောက် ကျောက်လျန့်ရင်ကို အလျင်အမြန်ဆွဲ၍ ပုန်းကွယ်ကာ ဖုန့်ရှောင်ဖုန်းကို ရှောင်လိုက်သည်။
“ရှင် ကင်ဟျွန်းမင်နဲ့ ဘာလုပ်မလို့လဲ”
ကျောက်လျန့်ရင်က သိချင်စိတ်ဖြင့် ဆက်မေးလေသည်။
“ခဏနေရင် သိရလိမ့်မယ်၊ အဲ့လူရဲ့ တတိယမျက်လုံးနေရာမှာ အမှောင်ထု ဖုံးနေတယ်၊ သူ ကံဆိုးမှုနဲ့ ကြုံရတော့မှာ”
ရဲ့လင်းချန်က ရယ်၍ ပြောလိုက်သည်။
“တကယ်လား၊ လူတစ်ယောက်ရဲ့ ကံကြမ္မာကို သူတို့ရဲ့ မျက်နှာသွင်ပြင်ကို ကြည့်ပြီး ရှင် ဘယ်လို ပြောနိုင်တာလဲ”
ကျောက်လျန့်ရင်က ရဲ့လင်းချန်အား မယုံသင်္ကာဖြင့် ကြည့်နေသော်လည်း တစ်ခုခု ဖြစ်လာမည်ကို ကြည့်ရရန် စိတ်လှုပ်ရှားနေလေသည်။
“ဒီမှာ စောင့်နေ”
ရဲ့လင်းချန်က သူမကို ပြောလိုက်သည်။ သူသည် တစ်ခဏမျှ လျှောက်ပတ်ကြည့်ပြီးနောက် မလိုအပ်သော တိုင်အချို့ကို ယူပြီး အခန်းနံပါတ်သုံး၏ နံရံကို မှီကာ ထားလိုက်သည်။ ထို့နောက် သူသည် အနီရောင် ဖဲကြိုးကို ယူ၍ အခန်းနံပါတ်သုံး၏ နံပါတ်ပြား၌ ချည်လိုက်လေသည်။
“ရှင် ဘာလို့ အဲ့လောက် ခိုးကြောင်ခိုးဝှက် နိုင်ရတာလဲ”
ကျောက်လျန့်ရင် ခေါင်းကုတ်နေသည်။
ထိုသို့သောအချိန်၌ သူ့အပြင် ခြေသံတစ်သံကို ကြားလိုက်ရသည်။ ရဲ့လင်းချန် နောက်လှည့်၍ ကြည့်လိုက်သောအခါ ထိုလူကြောင့် အလန့်တကြား ဖြစ်သွားလေသည်။
တစ်ဖက်လူကလည်း အံ့ဩသွားသည်။
“ရှင်ပါလား”
“ဟိုင်း … မတွေ့ရတာ ကြာပြီ”
ရဲ့လင်းချန် အနည်းငယ် အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ချန်ရှောင်ယန်ကို ယခုအချိန်၌ တွေ့ရမည်ဟု ထင်မှတ်မထားသောကြောင့်ပင်။
ချန်ရှောင်ယန်သည် ရဲ့လင်းချန်ကို မြင်ပြီး မျက်နှာတွင် ပို၍ မချင့်မရဲ ဖြစ်ဟန် ပေါ်လာသည်။ သူမက သက်ပြင်းချ၍ ပြောလိုက်သည်။
“အဆိုတော်ဝိုင်ကို ကျွန်မက တောင်းပန်ပါတယ်လို့ ပြောပေးပါလား၊ သူ ကျွန်မကို ပေးတဲ့ အခွင့်အရေးကို ကျွန်မ အလကား ဖြစ်စေခဲ့မိပြီ”
သူမက ပြောပြီးသည်နှင့် ဆက်၍ လျှောက်သွားရန် ပြင်လေသည်။
“မင်း ဘယ်သွားမလို့လဲ”
ရဲ့လင်းချန် မနေနိုင်ဘဲ မေးလိုက်သည်။
“ကျွန်မ စင်ပေါ် မတက်နိုင်တော့ဘူး၊ အဲ့တော့ ကျွန်မ ဒီမှာ နေစရာ အကြောင်းမရှိတော့ဘူး”
ချန်ရှောင်ယန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ သူမ တစ်ချိန်လုံး အတိုက်အခံ လုပ်နေခဲ့သော်လည်း သူမ၏ အဆက်အသွယ် မရှိမှုနှင့် သေးနုပ်သော ကျော်ကြားမှုကြောင့် ယနေ့ည သူမ စင်ပေါ်တက်ရန် ကံမပါလာခဲ့ချေ။
“မင်း အလျင်လိုစရာ မလိုပါဘူး၊ မသွားခင် ပွဲကြီးပွဲကောင်းကို ကြည့်သွားပါလား”
ရဲ့လင်းချန် ပြုံးနေသည်။
“ပွဲကြီးပွဲကောင်း ဟုတ်လား”
“ကင်ဟျွန်းမင်ရဲ့ တတိယမျက်လုံးနေရာက မည်းနေတယ်လို့ သူက ပြောတယ်၊ သူက မိစ္ဆာကို ရန်စမိလို့ မကြာခင် သူ့ဆီ ကံဆိုးမှု လာလိမ့်မယ်တဲ့”
ကျောက်လျန့်ရင်က စနောက်သော အမူအရာဖြင့် ပြောလာပြီး ရဲ့လင်းချန်၏ စကားကို အလွန် မယုံကြည်ချေ။
ချန်ရှောင်ယန်က နေရာ၌ ရပ်မြဲရပ်နေပြီး ဘာမှမပြောချေ။ သူမမျက်လုံးတွင်လည်း သံသယတို့နှင့် ပြည့်နေသည်။
“မင်းတို့ ခဏနေရင် သိလိမ့်မယ်”
ရဲ့လင်းချန်က လေးနက်စွာ အာမခံလေသည်။
ကင်ဟျွန်းမင်ကို သူ ပထမဆုံး မြင်လိုက်ရစည်က ကိုရီးယားလူမျိုး၏ အရှိန်အဝါက အလွန် မကောင်းကြောင်း သူ သတိထားမိသည်။ အခြေအနေက မကြာခင် မှားယွင်းလိမ့်မည်ဟု နိမိတ်ပြနေသည်။ ထိုလူ၏ မောက်မာမှုနှင့် ကသိကအောက် ဖြစ်စေမှု၊ မိန်းမကဲ့သို့ ပျော့ညံ့နေသော အချက်ကိုပါ ပေါင်းလိုက်လျင် ကံဆိုးမှုက အလွယ်တကူ ဖြစ်လာနိုင်ပေသည်။
လွန်ခဲ့သော မိနစ်အနည်းငယ်က သူ၏ အစီအရင် နည်းလမ်းကို သုံး၍ အစီအရင်တစ်ခု လုပ်ခဲ့သည်။ ယင်းက သီးသန့်ခန်းတစ်ခုလုံး၏ အရှိန်အဝါကို ပြောင်းလဲစေသည်။ ယင်းက ကင်ဟျွန်းမင်၏ အရှိန်အဝါကို ကမောက်ကမာ ဖြစ်စေပြီး အချိန်ကျလာလျင် သူ၏ ကံဆိုးမှုကို ပို၍ တိုးလာစေပေမည်။
စာစဉ် ၃၉ ပြီးပါပြီ။