← Chapters

ပြောင်မြောက်သည့်ပြပွဲ။

Vol. 4 Ch. 46

ပြောင်မြောက်သည့်ပြပွဲ။

Vol. 4 Ch. 46

“အကြီးအကဲ ဒါက…?”

အကြီးအကဲကျူးချင်၏မျက်နှာလှလှလေးမှာ ထိတ်လန့်သွားလျက် အကြီးအကဲချင်ရှန်းကို ကြည့်လိုက်လေသည်။ သူမ တစ်ခုခုပြောတော့မည်တွင် အကြီးအကဲချင်ရှန်း၏ တောက်ပပြူးကျယ်နေသည့်မျက်ဝန်းအစုံကို မြင်တွေ့လိုက်သောကြောင့် စကားစကို ရပ်လိုက်၏။

အကြီးအကဲကျူးချင်ကို စကားမပြောစေရန် ဟန့်တားလိုက်ပြီးနောက် အကြီးအကဲချင်ရှန်းသည် ထိပ်တန်းအယောက်၂၀အမည်စာရင်းကိုဖတ်ရှုလျက် စိတ်နှလုံးထဲတွင် မုန်တိုင်းထန်သွားရသည်။ ဝမ်ဖုန်းမှ နတ်ဆိုးချိပ်ပိတ်ညီလာခံတွင်ပါဝင်ရန်အတွက် ရှေးဟောင်းနတ်ဘုရားနယ်မြေသို့ သူ၏ရှန်ရှန့်ကျုံဂိုဏ်းတပည့်များကိုသာ စေလွှတ်ခဲ့လိမ့်မည်ဟု အကြီးအကဲချင်ရှန်း တွေးထားခဲ့၏။

သို့သော် ဝမ်ဖုန်းကိုယ်တိုင် ပါဝင်လာခဲ့ရာ ၎င်းမှာ အဘယ်သို့အဓိပ္ပာယ်ဆောင်သနည်း။

ဆိုလိုသည်မှာ ဝမ်ဖုန်းသည် သူ၏အပြင်ပန်းအသွင်အပြင်ကဲ့သို့ အမှန်တကယ် ငယ်ရွယ်သည့်လူငယ်တစ်ဦးဖြစ်ပြီး ထိုမျှငယ်ရွယ်သောလူငယ်လေးသည် ဂုဏ်သရေကြီးမြင့်သည့် ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်နေခဲ့သည်။ သို့ဖြစ်ရာ သူ၏ကျင့်ကြံဆင့်သည် စိတ်ကူးတွေးတော၍မရနိုင်လောက်သည်အထိ အင်အားကြီးမားနိုင်ပေသောကြောင့် အကြီးအကဲချင်ရှန်းမှာ ဝမ်ဖုန်းနှင့် ရှန်ရှန့်ကျုံဂိုဏ်းကို ပို၍ပင် ကြောက်ရွံ့သွားရတော့သည်။

ဆိုရိုးစကားအတိုင်းပင်… သာလွန်ခြင်းသည် အားနည်းခြင်းထက် ပိုမိုကြောက်မက်ဖွယ်ဖြစ်သည်ဟူ၍…။

သာမန်လူများ၏အမြင်တွင် ချောင်ဟိုင်ဂိုဏ်း(စန်းဟိုင်)သည် ကြောက်မက်ဖွယ်သောတော်ဝင်ဂိုဏ်းကြီးဖြစ်နိုင်၏။ သို့သော် ချင်းယွမ်စံအိမ်တော်၏အမြင်တွင်တော့ ထိုမျှကြောက်မက်ဖွယ်အင်အားကြီးမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဆန်းကြယ်သောရှန်ရှန့်ကျုံဂိုဏ်းသည် အကြီးအကဲချင်ရှန်းကို ပို‌၍ကြောက်ရွံ့စေသည်။

အကြီးအကဲချင်ရှန်းသည် ဝမ်ဖုန်း၏အငြိုးအတေးအမုန်းတရားကို ဖိတ်ခေါ်မိမည်စိုး‌ေသာကြောင့် ဝမ်ဖုန်းကို သစ္စာမဖောက်လိုပေ။ ချောင်ဟိုင်ဂိုဏ်း၏ အလေးပေးနှစ်ခြိုက်ခံရမှုနှင့် နှိုင်းယှဉ်လိုက်ပါလျှင် အကြီးအကဲချင်ရှန်းသည် ဝမ်ဖုန်းနှင့်ရှန်ရှန့်ကျုံဂိုဏ်း၏ အလေးပေးနှစ်ခြိုက်မှုကို ပို၍လိုလားပါ၏။

ဝမ်ဖုန်းနှင့်ရှန်ရှန့်ကျုံဂိုဏ်းမှ ပြသခဲ့ပြီးသည့်လုပ်ဆောင်ချက်များဖြင့် အကဲဖြတ်ကြည့်ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းသည် ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီး မဟုတ်ခဲ့လျှင်သော်မှ ထူးခြားပြောင်မြောက်သောဂိုဏ်းဖြစ်ပေသည်။

ထိုသို့သောဆန်းကြယ်သောဂိုဏ်းမျိုးဖြင့် မိတ်ဆွေကောင်းများဖြစ်နိုင်မည်ဆိုပါက ချင်းယွမ်စံအိမ်တော်အနေဖြင့် မိတ်ဖွဲ့ရန်အတွက် အကောင်းဆုံးကြိုးစားမည်ဖြစ်ပေသည်။ မိတ်ဖွဲ့ခြင်း မအောင်မြင်ခဲ့လျှင်သော်မှ အဘယ်သောအခါမှ အပြစ်ပြုလိမ့်မည်မဟုတ်ပေ။

အကြီးအကဲချင်ရှန်းသည် မိမိမှ စကားမဆိုနိုင်သေးမီတွင် အခြားလူ‌တစ်ယောက်မှ ပြောဆိုခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“အကြီးအကဲချန် ကြည့်ပါဦး ရှန်ရှန့်ကျုံဂိုဏ်းချုပ်ဝမ်ဖုန်းရဲ့အမှတ်က ဖုန်းမော့(ဖုန်းမို)ရဲ့အမှတ်နဲ့ အတူတူပဲ။ ဖြစ်နိုင်တာက ဖုန်းမော့ကို သူသတ်လိုက်တာပဲဖြစ်မယ်။ မဟုတ်ရင် ဘယ်မှာ အဲ့လောက်တိုက်ဆိုင်တဲ့ကိစ္စ ရှိနိုင်မှာလဲ။ ဖုန်းမော့ရဲ့နာမည် အခုပဲပျောက်သွားတယ်။ ပြီးတာနဲ့ချက်ချင်းပဲ သူ့နာမည်က ထိပ်တန်း၂၀ထဲမှာ ပေါ်လာတယ်”

ပြည်တည်တည်အော်သံတစ်ခုသည် ဒေါသထွက်နေသည့် ချောင်ဟိုင်ဂိုဏ်း၏အကြီးအကဲချန် ကြားနိုင်သည်အထိ ဝန်းကျင်တစ်ခွင်ပျံ့လွင့်သွားခဲ့သည်။

အခြားသောစွမ်းအားကြီးပုဂ္ဂိုလ်များသည်လည်း အနီးဝန်းကျင်သို့‌ဝေ့ဝဲကြည့်လိုက်ရာ အသံပိုင်ရှင်မှာ ထျန်းရှင်းဂိုဏ်းမှ တာ့အိုဝတ်စုံဖြင့်လှပသည့်အမျိုးသမီးဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

ထျန်းရှင်းဂိုဏ်း၏အကြီးအကဲဖြစ်ကြောင်းကို သိလိုက်ရသည်တွင် အကြီးအကဲချန်သည် တုံ့ဆိုင်းမှုမရှိ နတ်ဆိုးချိပ်ပိတ်စာရင်းသို့ အကြည့်တို့ကျရောက်သွားလျက် ဖတ်ရှုနေခဲ့သည်။ ဝမ်ဖုန်း၏အမည်နှင့် နောက်ရှိအမှတ်များကိုမြင်သည်တွင် ရုတ်ချည်းဒေါသတကြီးဖြစ်လာခဲ့လျက် အသံနက်ကြီးဖြင့်အော်ပြော၏။

“ဝမ်ဖုန်း မင်းက အရမ်းသတ္တိကောင်းတာပဲ! ငါ့ဂိုဏ်းရဲ့ဂုဏ်ဆောင်တပည့်ကို သတ်ရဲတယ်ပေါ့လေ”

အကြီးအကဲချန်၏အသံသည် ပွဲကြည့်စင်မြင့်တစ်ခုလုံးတွင် မြည်ဟီးသွားခဲ့လျက် သူ၏စကားလုံးများတွင်ရောနှောပါဝင်နေသည့် ဒေါသနှင့် ပြင်းထန်သည့်သတ်ဖြတ်ခြင်းအငွေ့အသက်ကို လူတိုင်းခံစားမိနိုင်ပေသည်။

ဝမ်ဖုန်းကို ချောင်ဟိုင်ဂိုဏ်းအကြီးအကဲချန် သိပါ၏။ ဝမ်ဖုန်းသည်လည်း ချင်းယွမ်စံအိမ်တော်၏ပဉ္စမထပ်တွင်ရှိနေခဲ့ပြီး ဝမ်ဖုန်းနှင့်စကားအနည်းငယ် ပြောဆိုခဲ့ဖူးသည်။ အကြီးအကဲချန်သည်လည်း ရှေး‌ေဟာင်းလျှို့ဝှက်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သူဝမ်ဖုန်းကို အနိုင်ရယူလိုသည်။ သို့သော် ဝမ်ဖုန်းမှ ချောင်ဟိုင်ဂိုဏ်း၏ဂုဏ်ဆောင်ကို သတ်ပစ်ရဲသည်အထိ သတ္တိကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ဝမ်ဖုန်း၏အမှတ်များကို မြင်တွေ့ပြီးနောက်တွင် ဖုန်းမော့ကို ဝမ်ဖုန်းမှသတ်ခဲ့သည်ဟု ယုံကြည်သွားခဲ့သည်။ သို့မဟုတ်ပါက အဘယ်သို့များ ဤမျှတိုက်ဆိုင်နိုင်လိမ့်မည်နည်း။ ဖုန်းမော့၏နာမည် ပျောက်ကွယ်သွားပြီးနောက်တွင် ဝမ်ဖုန်းသည် အဆင့်ထဲမဝင်ခဲ့ရာမှ ထိပ်တန်း၂၀အတွင်းဝင်ရောက်လာခဲ့ပြီး အမှတ်သည်လည်း ဖုန်းမော့နှင့်တူနေခဲ့သည်။

“ဝမ်ဖုန်းက ‌ချောင်ဟိုင်ဂိုဏ်းရဲ့မျိုးဆက်သစ်ကိုထိရဲတယ်ဆိုမှတော့ ဒီအကြီးအကဲရဲ့ရက်စက်မှုအတွက် အပြစ်မတင်ပါနဲ့။ သူက ငါ့ချောင်ဟိုင်ဂိုဏ်းရဲ့တပည့်ကို သတ်ခဲ့မှတော့ ဒီအကြီးအကဲကလည်း ပြန်သတ်ရလိမ့်မယ်!”

ထို့နောက်တွင် အကြီးအကဲချန်သည် ချီမိန်ချွှေရွှယ်နှင့်အခြားသူများကို နီရဲနေသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အေးစက်သည့်သတ်ဖြတ်ခြင်းအငွေ့အသက်များ ဖြာထွက်နေလေရာ လူများကို ‌‌ ရေခဲလိုဏ်ဂူအတွင်း ‌ကျရောက်သွားသည့်အလား ခံစားရစေသည်။

အကြီးအကဲချန်သည် စစ်ဖန်းစံအိမ်၏အကြီးအကဲကွေ့ရှုန်း၏လက်မောင်းကို ဖြတ်ပစ်ခဲ့သည့် ချီမိန်ချွှေရွှယ်၏ဓားချက်ကို ကြောက်ရွံ့မိသော်ငြား ထိုအခိုက်အတန့်တွင် သူ၏ဒေါသသည် ထိုအကြောင်းအရာကို ဖုံးလွှမ်းသွားတော့သည်။

ဖုန်းမော့သည် ချောင်ဟိုင်ဂိုဏ်း၏မျိုးဆက်သစ်များတွင် အတော်ဆုံးတပည့်မဟုတ်သော်ငြား အတော်ဆုံးများထဲမှတစ်ယောက်ဖြစ်ပြီး ချောင်ဟိုင်ဂိုဏ်း၏အနာဂတ်အတွက် ကျောရိုးဟုလည်း သတ်မှတ်နိုင်၏။ ထိုကဲ့သို့သောတပည့်ကိုဆုံးရှုံးလိုက်ရခြင်းသည် မည်သည့်ဂိုဏ်းအတွက်ဆို ကြီးမားသည့်ဆုံးရှုံးမှုကြီးဖြစ်သည်။

ခုနက အကြီးအကဲချန်ကိုပြောခဲ့သည့် ထျန်းရှင်းဂိုဏ်းအကြီးအကဲဖြစ်သူ တာ့အိုဝတ်ရုံဖြင့်လှပသည့်အမျိုးသမီးသည် အကြီးအကဲချန်၏ ဒေါသထွက်နေသည့်ပုံစံနှင့် သတ်ဖြတ်ခြင်းအငွေ့အသက်တို့ကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် မျက်နှာထက်တွင် လှောင်ပြုံးတစ်ခုဖြစ်တည်လာ၏။ စက်ဆုပ်သည့်အရိပ်အယောင်လည်း ပါဝင်နေပေသည်။

ချီမိန်ချွှေရွှယ်ကိုကြောက်ရွံ့ခြင်းဖြစ်စေ၊ ဝမ်ဖုန်း၏ ရှန်ရှန့်ကျုံဂိုဏ်းအကြောင်း ကြွားဝါပြောဆိုခြင်းကို မကျေနပ်၍ဖြစ်စေ တာ့အိုဝတ်ရုံဖြင့်အမျိုးသမီးသည် ရှန်ရှန့်ကျုံဂိုဏ်းမှ အရှက်ရသည်ကို မြင်တွေ့လို၏။

ယခုတွင် ချောင်ဟိုင်ဂိုဏ်းအကြီးအကဲချန်သည် ရှန်ရှန့်ကျုံဂိုဏ်းအပေါ်တွင် သတ်ဖြတ်လိုစိတ်များပေါက်ဖွားနေရာ ထိုရှန်ရှန့်ကျုံဂိုဏ်းမှာ ဂိုဏ်းပေါင်းစုံတို့၏ရှေ့မှောက်တွင် အရှက်ရလိမ့်မည်ကိုစိုးမိပေသည်။ ချီမိန်ချွှေရွှယ်တွင် မည်မျှသာလွန်ထူးကဲသည့်စွမ်းအားရှိသည်ဖြစ်စေ ချောင်ဟိုင်ဂိုဏ်းအကြီးအကဲချန်သည် ဆန်းကြယ်အင်ပါယာအလယ်အလတ်အဆင့်ဖြစ်သည်။ အင်ပါယာကြီးတစ်ခုလုံးတွင် ခမ်းနားကြီးကျယ်သောဂုဏ်ပုဒ်ရှိသူဖြစ်၏။

ဘုန်း!

အကြီးအကဲချန်၏ခန္ဓာကိုယ်မှ ခမ်းနားသည့်အရှိန်အဝါများ ထုတ်လွှတ်နေ၏။ စင်မြင့်ထက်တွင် လေတစ်ချက်ဝှေ့တိုက်သွားခဲ့လျက် စင်မြင့်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ နတ်ဆိုးချိပ်ပိတ်ခြင်းအဆင့်ကို စောင့်ကြည့်နေကြသည့်ကျင့်ကြံသူများမှာ အံ့အားသင့်ကုန်ကြကာ စင်မြင့်ကြီးကိုကြည့်လိုက်ကြသည်။

“ဘာဖြစ်တာလဲ။ ဘာလို့ ချောင်ဟိုင်ဂိုဏ်းအကြီးအကဲချန်က အရမ်းဒေါသထွက်နေရတာလဲ”

“,ကြည့်ရတာ ချောင်ဟိုင်ဂိုဏ်းတပည့်ဖုန်းမော့ အသတ်ခံလိုက်ရလို့ ဖုန်းမော့ရဲ့နာမည် ပျောက်သွားတာနဲ့ဆက်နွယ်နေမယ်ထင်တယ်”

လူကြီးများသည် တစ်ဦးနှင့်တစ်ဦးအကြည့်ချင်းဖလှယ်၍ သံသယဖြင့်ပြော၏။

အကြီးအကဲချန်၏ဒေါသထွက်ရသည့်အကြောင်းရင်းကို ဤကျင့်ကြံသူကြီးများမှာ မသိခဲ့ကြချေ။ အကြီးအကဲချန်၏အော်ဟစ်ပြောဆိုသံကိုလည်း သူတို့မကြားခဲ့ကြပါ။ စစ်သူကြီးချန်းလီမှ စင်မြင့်ကြီးတစ်ခုလုံးကို အကာအကွယ်စည်းချထားသောကြောင့် စည်း၏အတွင်းဘက်မှ စည်းအပြင်ဘက်ရှိအသံများကို မကြားရခြင်းဖြစ်သည်။

စင်မြင့်ထက်တွင် ဂိုဏ်းများစွာတို့မှစွမ်းအားကြီးပုဂ္ဂိုလ်ကြီးများသည် အကြီးအကဲချန်နှင့် ချီမိန်ချွှေရွှယ်တို့ကို ကြည့်နေခဲ့ကြသည်။ သူတို့သည် ဤသို့အခြေအနေပြောင်းလဲမှုကို မမျှော်လင့်ထားခဲ့သော်ငြား ဝင်ရောက်ဟန့်တားရန်အတွေးလည်း မရှိပါချေ။ ချောင်ဟိုင်ဂိုဏ်းအကြီးအကဲချန်မှ လှုပ်ရှားမှုပြုလုပ်ခဲ့ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်း၏အစစ်အမှန်ကို စူးစမ်းကြည့်ရန် သူတို့အတွက် အခွင့်အရေးတစ်ခုရရှိခြင်း‌ဖြစ်၏။

“အကြီးအကဲချန် ဒီကိစ္စက ကောက်ချက်ချလို့မရသေးပါဘူး။ ခင်ဗျားရဲ့တပည့်ဖုန်းမော့ကို ဂိုဏ်းချုပ်ဝမ်ဖုန်း သတ်ခဲ့တယ် မသတ်ခဲ့ဘူးဆိုတာက အငြင်းပွားဖွယ်ဖြစ်နေတုန်းပါပဲ။ အကြီးအကဲချန်က ဒေါသဖြစ်နေတာမှန်ပေမယ့် အခြားသူကို အမှုမဲ့အမှတ်မဲ့ ထိခိုက်‌စေတာမျိုးမဖြစ်ရအောင်လို့ နတ်ဆိုးချိပ်ပိတ်ညီလာခံပြီးသွားရင် သေ‌ချာစုံစမ်းစစ်ဆေးရပါလိမ့်မယ်”

အကြီးအကဲချင်ရှန်းမှ လောကဓံအားသိနားလည်ခြင်းသောမျက်လုံးအစုံတို့ဖြင့် အကြီးအကဲချန်အား စိုက်ကြည့်လျက် ထရပ်ပြောခဲ့သည်။

အကြီးအကဲချန်သည် ဤကဲ့သို့သောအပြောင်းအလဲကို မမျှော်လင့်ထားခဲ့ပေ။ အကြီးအကဲချင်ရှန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအပေါ် အမြင်ကောင်းရှိရုံမျှမက ရှန်ရှန့်ကျုံဂိုဏ်းအတွက် စကားပြောပေးနေသေး၏။

“အကြီးအကဲချင်ရှန်း ဒီအကြီးအကဲက ခင်ဗျားကိုလေးစားပါတယ်။ ‌ဒါပေမဲ့ အဲဒါက ကျုပ်တို့ချောင်ဟိုင်ဂိုဏ်းက ခင်ဗျားကိုကြောက်တယ်လို့ မဆိုလိုပါဘူး။ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းက ကျုပ်ရဲ့ဂိုဏ်းတပည့်ကိုသတ်ရဲတယ်ဆိုမှတော့ ဒီနေ့ဟာ သူတို့အတွက် ကံဆိုးမိုးမှောင်ကျဖို့ ကြမ္မာဖန်ထားပြီပဲ။ အကြီးအကဲချင်ရှန်းအနေနဲ့ ကြားဝင်မစွက်ဖက်ဖို့ ကျုပ်တောင်းဆိုချင်ပါတယ် မဟုတ်ရင်တော့…?”

အကြီးအကဲချင်ရှန်း၏စကားအဆုံးတွင် အကြီးအကဲချန်သည် အကြီးအကဲချင်ရှန်းအား နီရဲနေသည့်မျက်လုံးများဖြင့် စူးရဲစွာစိုက်ကြည့်လျက် ထက်ရှစွာပြော၏။ ချင်းယွမ်စံအိမ်တော်၏အင်အားသည် သူ၏ချောင်ဟိုင်ဂိုဏ်းထက် များစွာသာလွန်သော်ငြား ၎င်းသည် ချင်းယွမ်စံအိမ်တော်မှ ချောင်ဟိုင်ဂိုဏ်း၏အတွင်းကိစ္စများတွင် ဆန္ဒရှိသလိုဝင်ရောက်စွက်ဖက်နိုင်သည်ဟူသော အဓိပ္ပာယ်မသက်ရောက်ပေ။

“ခင်ဗျားလှုပ်ရှားရင် သေရလိမ့်မယ်”

အကြီးအကဲချင်ရှန်းသည် ခံစားချက်ကင်းမဲ့စွာဖြင့် စကားတချို့ပြောချင်ခဲ့သော်ငြား ရုတ်တရက်ပင် စင်မြင့်ထက်၌ အသံတစ်ခုထွက်ပေါ်လာခဲ့၏။ အကြီးအကဲချင်ရှန်းမှာ ခဏမျှကြောင်အသွားရသည်။ အသံလာရာကို အလျင်အမြန် ဝေ့ဝဲရှာကြည့်လိုက်ရာ အသံပိုင်ရှင်မှာ ချီမိန်ချွှေရွှယ်ဖြစ်ကြောင်း သိလိုက်ရသည်။

အကြီးအကဲချင်ရှန်းသည် အမေဖြစ်သူအား တိုင်တည်လိုက်မိရ၏။ အကြီးအကဲချင်ရှန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအတွက် ဆင်ခြေရှာပေးရန် အကောင်းဆုံးကြိုးစား၍ အကြီးအကဲချန်၏ဒေါသကို ဖိနှိပ်ချင်ခဲ့သည်။ သို့သော် ထိုလူ၏ဒေါသမှာ ‌တောက်လောင်နေခဲ့၏။

‘ရပါတယ် ဘာမှမဖြစ်ပါဘူး ကြိုက်သလိုသာလုပ်ကြပါတော့လေ’

အကြီးအကဲချင်ရှန်းမှာ စိတ်ဓာတ်ကျသွားလျက် မည်သည့်စကားမျှမဆိုတော့ဘဲ နေရာတွင်ပြန်ထိုင်လိုက်တော့သည်။

“ကောင်းကင်ဘုံ‌က ဘယ်လောက်မြင့်တယ်ဆိုတာကို နားမလည်ဘူးပဲ။ ဒီအကြီးအကဲကို မင်းဘယ်လိုသတ်မလဲဆိုတာ မြင်တွေ့ချင်မိပါရဲ့”

ချီမိန်ချွှေရွှယ်၏စကားသည် အကြီးအကဲချန်ကို ရုတ်ချည်းပေါက်ကွဲထွက်သွားစေကာ သူ၏ခန္ဓာကိုယ်ထက်တွင် ချီစွမ်းအင်လှိုင်းလုံးကြီးတစ်ခု လိမ့်တက်လာခဲ့ရာ အနီးဝန်းကျင်ရှိလေဟာပြင်တွင် လှိုင်းတွန့်များဖြစ်ပေါ်နေသည်မှာ သာမန်မျက်လုံးဖြင့်ပင်မြင်တွေ့နိုင်လေသည်။

အကြီးအကဲချန်မှ လက်ကိုဆန့်ထုတ်လိုက်သည်တွင် ခမ်းနားသည့်ချီစွမ်းအင်များသည် သူ၏လက်တွင်စုဝေးသွားခဲ့ရာ လက်ဖဝါးထက်တွင် တောက်ပသည့်အလင်းများဖြာထွက်နေ‌ခဲ့သည်။ အချိန်ခဏအတွင်းတွင် ရုပ်သဏ္ဍာန်ပေါ်လာခဲ့လျက် ‌ဧရာမလက်ဖဝါးကြီးမှ ကောင်းကင်တစ်ခွင်ကို ဖုံးကာလိုက်သည့်အလား ချီမိန်ချွှေရွှယ်တို့ကို ဦးတည်ဖိရိုက်ချလိုက်၏။

ထိုရိုက်ချက်သည် ချီမိန်ချွှေရွှယ်တို့ကို လက်ဖဝါးရိုက်ချက်တစ်ခုတည်းဖြင့် အရိုးအသားများကြွေမွသွားစေရန် ရည်ရွယ်လေသည်။

အကြီးအကဲချန်၏ကြောက်မက်ဖွယ်သော လက်ဖဝါးတိုက်ကွက်ကိုမြင်တွေ့ရသည်တွင် စင်မြင့်ထက်ရှိစွမ်းအားကြီးပုဂ္ဂိုလ်များစွာတို့မှာ တိတ်တခိုး ထိတ်လန့်သွားမိကြ၏။ အမှတ်တကယ်ပင် ဆန်းကြယ်အင်ပါယာအလယ်အလတ်အ‌ဆင့်ကျင့်ကြံသူ ပီသလှပါ၏။ အကြီးအကဲချန်၏လက်ဖဝါးရိုက်ချက်ကြောင့် ဆန်းကြယ်အင်ပါယာအစောပိုင်းအဆင့်ကျင့်ကြံသူများအားလုံးမှာ ထိတ်လန့်သွားခဲ့ကြသည်။

တာ့အိုဝတ်ရုံဖြင့်လှပသည့်အမျိုးသမီး၏မျက်နှာထက်တွင် လှောင်ပြုံးများ ထင်ဟပ်သွား၏။ သူမ၏အတွေးထဲတွင် ချီမိန်ချွှေရွှယ်တို့အားလုံး အရိုးအသားများကြေမွသည်အထိ ဖိရိုက်ခံလိုက်ရသည့်မြင်ကွင်းကို ပုံဖော်ခဲ့ပြီးလေပြီ။

“စစ်သူကြီး တားချင်ပါသလား”

စစ်သူကြီးချန်းလီဘေးရှိ အနီရောင်ချပ်ဝတ်တန်ဆာဖြင့်စစ်သည်မှ တီးတိုးမေးမြန်း၏။

“မတားဘူး။ ပြပွဲကောင်းလေးကြည့်ရဖို့ဆိုတာ ရှားပါးလွန်းတယ်။ ဒီလောက်ဆို ပျင်းဖို့ကောင်းတဲ့အချိန်တွေကို ကောင်းကောင်းကြီးဖြုန်းတီးနိုင်ပြီလေ”

စစ်သည်၏စကားအဆုံးတွင် စစ်သူကြီးချန်းလီသည် မျက်နှာထက်တွင် အဓိပ္ပာယ်မဖော်နိုင်သည့်အပြုံးဖြင့် လက်ဝှေ့ယမ်းပြလျက် ညင်သာနူးညံ့စွာရေရွတ်၏။

…..

အကြီးအကဲချန်၏အင်အားကြီးလှသည့် လက်ဖဝါးရိုက်ချက်ကို မြင်တွေ့လိုက်ရသည်တွင် အကြီးအကဲချင်ရှန်း၏မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွား၏။ အကြီးအကဲကျူးချင်ကို ချီမိန်ချွှေရွှယ်တို့အနားမှ ပြန်ဆွဲခေါ်လိုက်သည်။ အကြီးအကဲချင်ရှန်းမှာ ရှန်ရှန့်ကျုံဂိုဏ်းအပေါ်တွင် အမြင်ကောင်းရှိသည်မှန်သော်ငြား ပါဝင်ကူညီပေးလိုသည်အထိ‌တော့ မဟုတ်သေးပါချေ။

နောက်သို့ဆုတ်ခွာရင်းဖြင့် အကြီးအကဲချင်ရှန်းသည် ချီမိန်ချွှေရွှယ်ကိုလည်း သေချာကြည့်နေခဲ့သည်။ အကြီးအကဲချင်ရှန်းမှ ပါဝင်မလှုပ်ရှားရသည့် နောက်ထပ်အကြောင်းရင်းမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ အစစ်အမှန်သော အသေးစိတ်‌အခြင်းအရာများကို မြင်တွေ့လိုခြင်းကြောင့်ဖြစ်သည်။

ချီမိန်ချွှေရွှယ်၏တည်ငြိမ်အေးဆေးလှသော အသွင်အပြင်ကိုမြင်လိုက်ရသည်တွင် အကြီးအကဲချန်မှာ ထောင်ဖမ်းခံရတော့မည်ဟူသော အတွေးဖျော့ဖျော့တို့ အကြီးအကဲချင်ရှန်း၏စိတ်ထဲ ဝင်လာခဲ့ရသည်။

ချီမိန်ချွှေရွှယ်၏တည်ငြိမ်အေးဆေးလှသော အသွင်အပြင်ကို အံ့အားသင့်နေခဲ့သည်မှာ အကြီးအကဲချင်ရှန်း တစ်ဦးတည်းမဟုတ်ခဲ့။ နေရာရှိကျင့်ကြံသူများစွာတို့လည်း အံ့အားသင့်နေခဲ့ကြပေသည်။ ထိုကျင့်ကြံသူများမှာ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နေကြ၏။ မိမိတို့သာ ချီမိန်ချွှေရွှယ်၏နေရာတွင် အကြီးအကဲချန်၏လက်ဖဝါးရိုက်ချက်ကို လက်ခံရသူဖြစ်ခဲ့ပါလျှင် ထိုမျှတည်ငြိမ်အေးဆေးနိုင်လိမ့်မည်မဟုတ် ဟူ၍…။

ရုတ်တရက်ပေါ်ထွက်လာခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်းသည် ဂိုဏ်းချုပ်ဝမ်ဖုန်းပင်ဖြစ်စေ၊ ချီမိန်ချွှေရွှယ်ပင်ဖြစ်စေ သာလွန်ထူးကဲသောထိန်းချုပ်သည်းခံနိုင်စွမ်းရှိကြ၏။ ထိုကဲ့သို့သော အေးဆေးတည်ငြိမ်မှု၊ ကြော့ရှင်းသေသပ်မှု၊ အထက်တန်းဆန်လှသောအပြုအမူတို့သည် မိမိတို့မှာ ဂိုဏ်းကြီးများမှဖြစ်ကြသော်ငြား အသိအမှတ်ပြုလေးစားမိရပေသည်။

ဟမ်!

အကြီးအကဲချန်၏ကြောက်မယ်ဖွယ်လက်ဖဝါရိုက်ချက်သည် ချီမိန်ချွှေရွှယ်တို့ကိုထိလုနီးတွင် ချီမိန်ချွှေရွှယ်မှ လှုပ်ရှားလာ၏။ ချီမိန်ချွှေရွှယ်သည် ကျရောက်လာနေသည့်လက်ဖဝါးရိုက်ချက်အား အရေးမစိုက်ဟန် ခံစားချက်ကင်းမဲ့သည့်မျက်လုံးများဖြင့် မော့ကြည့်၏။

သူ၏လက်မသည် သူ၏ရင်အုံထက်ရှိဓားရိုးပေါ်တွင် ပေါ့ပါးညင်သာစွာထိစပ်ထားလျက် ရုတ်တရက်ဆန်လှစွာ ဓားအိမ်မှဓားကိုထုတ်ယူလိုက်‌ရာ ပြင်းထန်လှသည့်ဓားရောင်ခြည်သည် ရုတ်ချည်းထွက်ပေါ်လာခဲ့ကာ ဧရာမလက်ဖဝါးရိုက်ချက်ကို ခုတ်ပိုင်းဖြတ်လိုက်လေသည်။

All Chapters