← Chapters

သာ့ဝေထျန်းလုံ။

Vol. 4 Ch. 48

သာ့ဝေထျန်းလုံ။

Vol. 4 Ch. 48

အင်ပါယာကြီးသုံးခုတွင် ခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်ပြုလုပ်နိုင်သည့် အဂ္ဂိရတ်ပညာရှင်ဟူ၍ မရှိပေ။ ခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်ပြုလုပ်လိုပါလျှင် အနည်းဆုံးတော့ အဂ္ဂိရတ်ဝိဇ္ဇာအဆင့်ရှိရန် လိုအပ်ပေသည်။

သို့သော် ထိုကဲ့သို့သော ကောင်းကင်နှင့်ပထဝီမြေကြီး၏ရတနာသည် တော်ဝင်မင်းသားအဆင့်အတွက် အလွန်ကြီးမား‌ေသာသွေးဆောင်မှုဖြစ်နေဆဲပင်။ ခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်းရှိရုံဖြင့် အနည်းဆုံး အဆင့်တူကျင့်ကြံသူများကို အချိန်ကာလတစ်နှစ်စာ ကျော်လွန်နိုင်ပေမည်။

ထိုတစ်နှစ်စာဟူသောအချိန်ကာလကို အထင်မြင်သေး၍ မဖြစ်ပါ။ ထိပ်တန်းကျင့်ကြံသူများအတွက် တစ်နှစ်ဟူသောအချိန်ကာလသည် တိုးတက်မှုများစွာဖြစ်ပေါ်ရန် လုံလောက်သောအချိန်ကာလဖြစ်သည်။

သို့သော် ဝမ်ဖုန်းသည် ခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်းကို များစွာစိတ်မဝင်စားပေ။ သူအမှန်တကယ် စိတ်ဝင်စားသည်မှာ လူအုပ်စုနှစ်စုဖြစ်၏။

သေချာပေါက်ပင် ထိုခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်းကို အလွယ်တကူရရှိခဲ့ပါကလည်း ဝမ်ဖုန်းသည် အတိုင်းမသိ ပျော်ရွှင်ဝမ်းမြောက်မိမည်ဖြစ်ပါ၏။

…..

“အစ်ကိုဝူနျာန် ဒီခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်းက ဒီညီငယ်အတွက် အရမ်းအရေးကြီးပါတယ်။ အစ်ကိုဝူနျာန်အနေနဲ့ ဒီညီငယ်အပေါ်မေတ္တာထားပေးနိုင်မလား သိချင်မိပါတယ်။ အကယ်၍ အစ်ကိုဝူနျာန်အနေနဲ့ ဒီညီငယ့်အပေါ် မေတ္တာထားပေးမယ်ဆိုရင် ဒီညီငယ်က အစ်ကိုဝူနျန်ာအပါ် ကျေးဇူးကြွေးတင်သွားပြီလို့ သတ်မှတ်နိုင်ပါတယ်။ အစ်ကိုဝူနျာန်တစ်ခွန်းပြောလိုက်တာနဲ့ ဒီညီငယ်ဟာ အရောက်လာပါလိမ့်မယ်”

ဖေးယုဂိုဏ်း ယဲ့ဖုန်း၏မျက်လုံးများတွင် အလင်းတစ်စ ဖြတ်ပြေးသွားလျက် ဝူရှန်းဂိုဏ်း၏ဝူနျာန်ကို ‌ယဉ်ကျေးသိမ်မွေ့စွာပြောခဲ့သည်။ ဤခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်းကို ငြိမ်းချမ်းစွာရယူပိုင်ဆိုင်နိုင်ခဲ့ပါလျှင် ယဲ့ဖုန်းသာမက ဝူနျာန်သည်လည်း ဝမ်းမြောက်ရမည်ဖြစ်၏။ ယဲ့ဖုန်းသည်လည်း တော်ဝင်မင်းသားအလယ်အလတ်အဆင့်ဖြစ်သည်။ ယဲ့ဖုန်းသည် ဝူနျာန်ကို မကြောက်ရွံ့သော်ငြား တစ်ယောက်ထက်မကသည့်အရေအတွက်ကို ကြောက်ရွံ့ပါ၏။

အင်ပါယာကြီးသုံးခု၏ တစ်ခုတည်းသောဗုဒ္ဓဂိုဏ်းဖြစ်သည့် ဝူရှန်းဂိုဏ်း၏အင်အားသည် ထိပ်တန်းဂိုဏ်းကြီးများကဲ့သို့ မကြီးမားသော်ငြား ဂိုဏ်းအမွေအ‌နှစ်နှင့် မျိုးဆက်အမွေဆက်ခံမှုသည် ရှေးကျပြီးလျှို့ဝှက်ဆန်းကြယ်လွန်းလှသည်ဖြစ်ရာ ထိပ်တန်းဂိုဏ်းကြီးများသည်ပင် ဝူရှန်းဂိုဏ်းကို ကြောက်ရွံ့စိတ်ရှိကြလေသည်။

“သခင်လေးယဲ့က အမြင်ကောင်းတာပဲဗျာ။ ချမ်းသာကြွယ်ဝမှုဆိုတာဟာ ခန္ဓာကိုယ်ပြင်ပက အဆင်တန်ဆာသက်သက်ပါပဲ။ ကိုယ်တော့်အ‌ေနနဲ့ အဲဒါကို ကိုယ်တော်တို့ဝူရှန်းဂိုဏ်းကို ပြန်ယူသွားလိုက်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အဲ့လိုဆို လောကကြီးကလူတွေရဲ့စိတ်နှလုံးကို သွေးဆောင်နေတာမျိုးလည်း မဖြစ်ရတော့ဘူးပေါ့”

ဝူနျာန်၏ချောမောသည့်မျက်နှာထက်တွင် နူးညံ့သောအပြုံးတစ်ခုကို ထုတ်ဖော်ပြသထား၏။

“ကပ်သပ်လိုက်တဲ့ဘုန်းကြီး ကျုပ်တို့ဂိုဏ်းတူအစ်ကိုယဲ့က ခင်ဗျားဆီမှာ ကျေးဇူးကြွေးအတင်ခံဖို့ ဆန္ဒရှိနေတာကိုက လက်ဆောင်ပဏ္ဏာတစ်ခုလိုဖြစ်နေပြီကို ဘာကိုလုပ်သင့်လဲ မသိ‌သေးဘူးပဲ!”

ယဲ့ဖုန်း၏နောက်ရှိ ဖေးယုဂိုဏ်းတပည့်တစ်‌ဦးသည် ဝူနျာန်၏စကားများကိုကြားရသည်တွင် ရုတ်ချည်းဒေါသထွက်သွားလျက် အော်ဟစ်ပြောဆိုလာခဲ့သည်။

ဖေးယုဂိုဏ်းတပည့်မှ အော်ဟစ်ပြောဆိုသည်ကို ဝူနျာန် ဒေါသမထွက်ခဲ့ပါ။ ထိုဖေးယုဂိုဏ်းတပည့်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ယဲ့ဖုန်းအား ကြည့်လိုက်သည်။

“ရတနာကို တန်ဖိုးထားတဲ့လူက ရယူပိုင်ဆိုင်နိုင်လိမ့်မယ်။ အစ်ကိုဝူနျာန်အနေနဲ့ လက်မလွှတ်ဘူးဆိုရင်တော့ တိုက်ခိုက်ရပါလိမ့်မယ်”

ယဲ့ဖုန်း၏မျက်လုံးများမှာ အေးစက်လျက် ဝူနျာန်ကိုကြည့်၍ အရေးမထားဟန်ပြောခဲ့သည်။

သူ၏အသံသည် လေဟာပြင်အထိ အေးစက်သွားစေကာ ယခင်ကဲ့သို့ ညင်သာသိမ်မွေ့မနေတော့ချေ။ ဝူနျာန်မှ သူ့အား ခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်းကို ပေးရန်ဆန္ဒရှိပါလျှင် ယဲ့ဖုန်းအနေဖြင့် ဝူနျာန်ကို အစ်ကိုကြီးအဖြစ်သတ်မှတ်ရန် ဆန္ဒရှိ၏။ သို့မဟုတ်ပါက ယဲ့ဖုန်းမှာ လှုပ်ရှားရန်သာ တတ်နိုင်ပေတော့မည်။

“ထားလိုက်ပါတော့လေ.. ဒီကိုယ်တော်က သခင်လေးယဲ့ရဲ့ ခမ်းနားတဲ့လှည့်ကွက်တွေနဲ့ သင်ခန်းစာပေးဖို့ကိုပဲ တောင်းဆိုနိုင်ပါတော့မယ်”

ဝူနျာန်သည် လက်နှစ်ဖက်ကိုကွေးလျက် သိမ်မွေ့စွာပြောခဲ့သည်။

ဝူရှန်းဂိုဏ်းသည် ရှေးဟောင်းဗုဒ္ဓကျင့်စဉ်အလေ့အထတို့ဖြင့် လက်ဆင့်ကမ်းဆက်ခံလာခဲ့ခြင်းဖြစ်သည်။ သေမျိုးလောကတွင် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သတ်ဖြတ်ရန်အာရုံမထားရဘဲ ရသကင်းမဲ့စွာခြိုးခြံနေထိုင်ခြင်းတည်းဟူသော ဘာသာအယူဝါဒကို လက်ကိုင်ကျင့်သုံးကြသည်။ သို့သော် ဤကျင့်ကြံရေးလာကကြီးတွင် အဘယ်သို့များ သတ်ဖြတ်ခြင်းမရှိနိုင်မည်နည်း။

ဆန့်ကျင်ဘက်အနေဖြင့် ရှေးဟောင်းဗုဒ္ဓဝါဒဖြစ်စေ၊ လက်ရှိဝူရှန်းဂိုဏ်းဖြစ်စေ သူတို့အားလုံးသည် ဗုဒ္ဓသည် လူသားတို့၏ကျိုးကြောင်းစဉ်းစားဉာဏ်ကို သာလွန်သည်ဟူသောခံယူချက်နှင့် သတ်ဖြတ်နိုင်သည်ဟူသောခံယူချက်တို့ကို လိုက်နာကျင့်သုံးကြသည်ဖြစ်သည်။

“တိုက်မယ်!”

ဝူနျာန်၏စကားအဆုံးတွင် ယဲ့ဖုန်းသည်လည်း တုံ့ဆိုင်းမနေပါချေ။ ယဲ့ဖုန်းသည် အသံနိမ့်ဟိန်းဟောက်သံတစ်ချက်ပြုလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ခမ်းနားသောချီစွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာခဲ့ရာ လူတစ်ကိုယ်လုံးမှာ စစ်ပွဲ၏ပြယုဂ်အလား ဖြစ်တည်နေခဲ့သည်။

“ငှက်မွှေးဓားထောင်ချီ!”

ယဲ့ဖုန်း၏ကိုယ်မှထွက်ပေါ်လာသည့်ချီစွမ်းအင်များသည် ယဲ့ဖုန်း၏နောက်ရှိလေဟာပြင်တွင် ငှက်မွေးတောင်များအဖြစ် ဖွဲ့စည်းဖြစ်တည်သွားလေသည်။ ထိုငှက်မွှေးတောင်များ၏ထိပ်ဖျားတွင် အေးစက်သည့်အလင်းတစ်ခု တောက်ပနေ၏။ အံ့ချီးဖွယ်ထက်ရှမှုသည် နေရာရှိတပည့်နှစ်ဦး၏မျက်နှာအမူအရာကို သိသိသာသာပြောင်းလဲသွားစေလျက် ယဲ့ဖုန်းနှင့်ဝူနျာန်ကိုငေးစိုက်ကြည့်နေကြရင်းမှ အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။

ဝူနျာန်သည် ပေါ့ပါးစွာပြုံးလိုက်ပြီးနောက် တစ်ဖန်ပြန်လည်လေးနက်သွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဗုဒ္ဓရောင်ခြည်များဖြင့် လွှမ်းခြုံသွားသည်။ ဗုဒ္ဓသည် ဖုန်အလိမ်းလိမ်းကြားတွင်ရှိနေလျှင်သော်မှ အရှိန်အဝါသည် စူးရှကျယ်ပြောစွာ တောက်ပနေမည်ဖြစ်သည်။ ဖေးယုဂိုဏ်းတပည့်များသည် ဗုဒ္ဓ၏အရှိန်အဝါကို ခံစားရခြင်းနှင့်အတူ မြင်‌တွေ့ရပုံလည်းရ၏။ ဗုဒ္ဓမှ သူတို့အား အပြုံးတစ်ခုပေးသနားသည်တွင် ဂါဝရပြုလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာရသည်။

“သွား!”

ယဲ့ဖုန်း၏မျက်လုံးများမှာ တည်ကြည်လေးနက်သွားလျက် ကျယ်လောင်စွာအော်ဟစ်လာခဲ့သည်။ သူ၏နောက်ဘက်ရှိ ငှက်မွှေးတောင်များသည် ဓားမိုးရွာသွန်းသည့်အလား ရုတ်ချည်း ပစ်လွှတ်လာခဲ့ကြရာ မြင်တွေ့ရသူများကို တုန်ယင်သွားစေလေသည်။

ထိုကျယ်လောင်သည့်အော်ဟစ်သံသည် ဖေးယုဂိုဏ်းတပည့်များကိုလည်း နိုးကြားသွားစေ၏။ ဝူနျာန်ကို ကြောက်စိတ်လွှမ်းသောမျက်လုံးများဖြင့်ကြည့်လျက် ထပ်မံ၍နောက်ဆုတ်သွားကြပြန်သည်။ သူတို့သည် ထိုကပ်သပ်သောဘုန်းကြီးမှာ ထိုမျှအထိ အင်အားကြီးမားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဗုဒ္ဓ၏စွမ်းအင်တစ်ခုတည်းဖြင့် သူ့အား ထိမှန်လုနီးပါးသော အရာအားလုံးကို ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့ပေသည်။

“ပြောင်းလဲသဏ္ဌာန်ကင်းမဲ့‌ဗုဒ္ဓမီးလျှံ”

ယဲ့ဖုန်း၏ကြမ်းကြုတ်သောတိုက်ကွက်ကို ရင်ဆိုင်ရသည်တွင် ဝူနျာန်သည် တစ်ချက်လှောင်ရယ်လိုက်သေး၏။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ ဗုဒ္ဓစွမ်းအင်များထွက်ပေါ်လာခဲ့ပြီး သူ၏အထက်လေဟာပြင်တွင် ရွှေရောင်မီးလျှံများတောက်ပလာခဲ့သည်။ ထိုမီးလျှံများသည် ပုံရိပ်ယောင်ဟုထင်ရသော်ငြား တကယ်တမ်းထွက်ပေါ်လာသည်တွင် ကြောက်မက်ဖွယ်သော ပူပြင်းသည့်အပူချိန်ကိုဖြစ်ပေါ်စေခဲ့သည်။

ထို့နောက်တွင် ဝူနျာန်သည် လက်ဝါးရိုက်ချက်ဖြင့် ရိုက်ထုတ်လိုက်ရာ သူ၏တစ်ကိုယ်လုံးရှိပြောင်းလဲသဏ္ဌာန်ကင်းမဲ့မီးလျှံများအားလုံးသည် သူ၏လက်ဖဝါးထက်တွင် ရုတ်ချည်းစုစည်းသွား၏။ ပြောင်းလဲသဏ္ဌာန်ကင်းမဲ့‌ဗုဒ္ဓမီးလျှံနှင့်ပေါင်းစစပ်ထားသည့် ကြောက်မက်ဖွယ်သောလက်ဖဝါးရိုက်ချက်သည် အထက်သို့ဆန်တက်လျက် ဧရာမလက်ဖဝါးသဏ္ဌာန်ဖြစ်တည်သွားခဲ့ပြီး ငှက်မွှေးတောင်ဓားပျံထောင်ချီကို ရိုက်ခတ်တိုက်ခိုက်၏။

ဘုန်း!

တိုက်ခိုက်သူနှစ်ဦး၏ ပြင်းထန်လှသည့်စွမ်းအင်များ မျက်နှာချင်းဆိုင် အပြင်းအထန်ထိခတ်ဆောင့်တိုက်သွားကြသည်။ ချီစွမ်းအင်လှိုင်းလုံးများ ပေါက်ကွဲဖြန့်ကျက်သွားလျက် ဝူနျာန်နှင့်ယဲ့ဖုန်းတို့ကိုဦးတည်၍ မီတာတစ်ရာအကွာအဝေးထိသော ဝန်းကျင်တစ်ခွင်တွင် ကြီးမားသည့်အင်အားဖြင့် ချိုင့်ဝှမ်းဖြစ်သည်အထိ ဖိရိုက်ခံလိုက်ရသည့်အလား မြေဆီလွှာကြီးပင် တုန်လှုပ်မြောက်တက်သွားရသည်။

ဖြန့်ကျက်လာသည့်ချီစွမ်းအင်နှင့်အတူ မြေဆီလွှာမှာ တုန်လှုပ်ကွဲအက်သွား၏။

ယဲ့ဖုန်းနှင့်ဝူနျာန်ကို အနီးမှစောင့်ကြည့်နေကြသည့် ဝူရှန်းဂိုဏ်းနှင့် ဖေးယုဂိုဏ်းတပည့်များသည်လည်း မီတာနှစ်ရာအဝေးသို့ အလျင်အမြန်ဆုတ်ခွာလိုက်ကြရသည်။

ထူးဆန်းသည်မှာ ယဲ့ဖုန်းနှင့်ဝူနျာန်တို့သည် ထိပ်တိုက်ထိခတ်တိုက်ခိုက်ခဲ့ကြသော်ငြား သူတို့နှစ်ဦးကြားရှိ ခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်းကို စိုးစဉ်းသော်မျှ သက်ရောက်မှုမရှိခဲ့ချေ။ အနီးကပ်သေချာသတိထားကြည့်ပါလျှင် ထိုခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်းသည် ယဲ့ဖုန်းနှင့်ဝူနျာန်တို့ထုတ်လွှတ်လိုက်သည့် ချီစွမ်းအင်တိုက်ကွက်၏စွမ်းအင်များကို စုပ်ယူနေခဲ့သည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။

“တော်ဝင်မင်းသားအဆင့်ရတနာက မျှော်လင့်ထားတဲ့အတိုင်းပဲ။ ကိုယ့်အိတ်ထဲကို စုဆောင်းသင့်တယ်”

တိုက်ခိုက်ခြင်းတွင် စိတ်ရောက်နေသည့်ဝူနျာန်သည် ခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်း၏ မူမမှန်ခြင်းကို သတိမထားမိပေ။ သို့သော် အဝေးမှစောင့်ကြည့်နေသည့် ဝမ်ဖုန်းသည်တော့ သတိထားမိခဲ့သည်။ ထို့ကြောင့် အနည်းငယ်မျက်မှောင်ကြုတ်လျက် တီးတိုးရေရွတ်မိသွားရ၏။

ဝမ်ဖုန်းအနေဖြင့် ထိုခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်းကို မလိုအပ်ပါ။ သို့သော် ၎င်းသည် သူ၏အိတ်ထဲသို့ ထည့်သွင်းစုဆောင်း၍ တပည့်များကို ဆုချီးမြှင့်ရန်လည်း မသုံးဟု မဆိုလိုပါချေ။

ထို့ပြင် သူ၏ရည်ရွယ်ချက်မှာ ခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်းတစ်ခုတည်း မဟုတ်ပေ။ ဖြစ်နိုင်လျှင် ရှားပါးသည့်ဗုဒ္ဓလမ်းစဉ်ဝူရှန်းဂိုဏ်းအကြောင်းကို အဆုံးစွန်တူးဖော်ကြည့်လို၏။

ဝမ်ဖုန်းသည် တံခါးချပ်စည်းများအပေါ် မည်သည့်အတွေးအမြင်မှ မရှိချေ။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် လောကတစ်ခွင်ရှိ မြစ်ရေစီးကြောင်းအားလုံးကိုလက်ခံရန် ကြမ္မာဖန်ပြီးဖြစ်၏။ နတ်ဆိုးတစ်ပါးဖြစ်လျှင်သော်မှ ထိုနတ်ဆိုးသည် ပင်ကိုသဘာဝသန့်စင်၍ အခြေခံစည်းမျဉ်းများကို စောင့်ထိန်းမှုရှိပါလျှင် သူ၏ရှန်ရှန့်ကျုံဂိုဏ်းသို့ဝင်ခွင့်ပေးရန် ဆန္ဒရှိမည်ဖြစ်သည်။

ဝမ်ဖုန်း၏အတွေးအမြင်တွင် ဤကမ္ဘာလောကကြီး၌ စစ်မှန်သောကျင့်ကြံသူ၊ စစ်မှန်သောနတ်ဆိုးဟူ၍ မရှိချေ။ သူတို့၏စိတ်နှလုံးကိုင်တွယ်နိုင်စွမ်းကို ကျော်လွန်သွားခဲ့ခြင်းကြောင့် လူများမှသတ်မှတ်ခြင်းသာဖြစ်သည်။

ဘုန်း!

ဝမ်ဖုန်းမှ အတွေးနစ်မြုပ်နေစဉ်တွင် ယဲ့ဖုန်းနှင့်ဝူနျာန်တို့သည် ရပ်တန့်မနေခဲ့ပါ။ သူတို့သည် ပို၍ကျယ်ပြန့်စွာ တိုက်ရိုက်တိုက်ခိုက်နေကြ၏။ တစ်ခါတစ်ရံတွင် အချင်းချင်းထိုးနှက်ကြပြီး တစ်ခါတစ်ရံ အချင်းချင်း ကန်မိကြပေသည်။ ဤပတ်ဝန်းကျင်တစ်ခွင်တွင် လေဟာပြင်ရှိချီစွမ်းအင်ပေါက်ကွဲသံများ ပဲ့တင်ထပ်မြည်ဟီးနေ၏။ ထိုအသံနှင့်အတူ သူတို့နှစ်ဦး၏ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုသည် မီတာတစ်ရာအကွာအဝေးထိသော နေရာတစ်‌တစ်လျှောက်လုံးကို ပျက်စီးသွားစေခဲ့သည်။

သူတို့နှစ်ဦးသည် တော်ဝင်မင်းသားအဆင့်ရှိ ထိပ်တန်းကျင့်ကြံသူများဖြစ်သည်။ သူတို့နှစ်ဦး၏ လက်သီးထိုးချက်နှင့် ခြေကန်ချက်များ တိုက်ရိုက်ထိမှန်တွန်းတိုက်ခြင်းသည် လေဟာပြင်တစ်ခုလုံးကို တုန်လှုပ်စေသည်ဖြစ်ရာ ကြည့်ရှုနေသည့်တပည့်များကို ကြောက်ရွံ့ထိတ်လန့်နေစေတော့သည်။

ဘုန်း!

နောက်တစ်ကြိမ် တိုက်ရိုက်တွန်းတိုက်မှုအပြီးတွင် ဝူနျာန်နှင့်ယဲ့ဖုန်းတို့သည် အချိန်ခဏမျှ အဝေးသို့ကွဲထွက်သွားကြလျက် မျက်နှာချင်းဆိုင် ရပ်နေကြ၏။ ဤတစ်ကြိမ်တွင် နှစ်ဦးလုံးမှာ အသက်ပြင်းစွာရှူရှိုက်နေခဲ့ကြပြီး တစ်ဦးကိုတစ်ဦး ခက်ထန်တင်းမာစွာကြည့်နေခဲ့ကြသည်။

“အစ်ကိုဝူနျာန်က ဝူရှန်းဂိုဏ်းရဲ့ထိပ်တန်းပါရမီရှင်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်။ တကယ့်ကို နည်းပရိယာယ်ကြွယ်ဝတာပဲ”

ယဲ့ဖုန်းသည် ဝူနျာန်အား စိုက်ကြည့်လျက် တည်ကြည်လေးနက်စွာဖြင့် ပြော၏။

ဝူနျာန်သည် စွမ်းအားကြီးမားသူဖြစ်သည်ကို ယဲ့ဖုန်းသိထားပါ၏။ သို့သော် သူနှင့်တန်းတူဖြစ်သည့်အပြင် သူ့အားအနိုင်ရနိုင်ချေရှိသည်အထိ စွမ်းအားကြီးမားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“သခင်လေးယဲ့လည်း မဆိုးလှပါဘူး။ ဖေးယုဂိုဏ်းရဲ့ထိပ်တန်းပါရမီရှင်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပါပဲ”

တူနျာန်သည် လက်နှစ်ဖက်ကိုယှက်ပြီး ရယ်မောသံပြု၍ ပြောခဲ့သည်။

“ဒါပေမဲ့ ဒီလောက်က ကျွန်တော့်ကို နောက်ဆုတ်‌သွားစေဖို့အထိ မလုံလောက်ဘူးဗျာ”

ယဲ့ဖုန်းမှ အကြင်နာကင်းမဲ့ဟန်သော မျက်နှာထားဖြင့် ထပ်မံပြောခဲ့သည်။

“ဖေးယုယွင်လုံအဆင့်ကိုး၊ ယွင်လုံထျန်းပေါ်!”

ယဲ့ဖုန်းမှ အသိနိမ့်ဖြင့် ဟစ်ကြွေးသံပြုလိုက်၏။ ယဲ့ဖုန်း၏ခန္ဓာကိုယ်မှ ခမ်းနားသောချီစွမ်းအင်များသည် နဂါးပုံရိပ်အဖြစ်ပြောင်းလဲသွား သူ၏ကိုယ်ထက်တွင် ရစ်ဝဲနေပေသည်။ ကြီးကျယ်ခမ်းနားသောအရှိန်အဝါများ ဖြာထွက်နေသည်ဖြစ်ရာ တစ်ချက်ကြည့်ရုံဖြင့်ပင် လူ၏စိတ်နှလုံးကို ကြောက်ရွံ့စိုးထိတ်စေနိုင်သည်။

“ဂိုဏ်းတူအစ်ကိုယဲ့ကို ဖေးယုယွင်လုံအဆင့်ကိုးကို ထုတ်သုံးအောင်လုပ်နိုင်တယ်ဆိုရင်တော့ အဲဒီ့ကပ်သပ်တဲ့ဘုန်းကြီး ကိုယ်ကိုယ့်ကိုဂုဏ်ယူသင့်နေပြီ”

“ဟုတ်တယ် ဂိုဏ်းတူအစ်ကိုယဲ့က ဖေးယုယွင်လုံအဆင့်ကိုးကို ရောက်သွားခဲ့ပေမယ့် တစ်ခါမှထုတ်မသုံးဖူးဘူး။ နောက်ဆုံးတော့ အစ်ကိုယဲ့ရဲ့စွမ်းအားကို မြင်တွေ့ခွင့်ရခဲ့ပြီ”

ယဲ့ဖုန်း၏ကိုယ်ထက်တွင်ရစ်ဝဲနေသည့် နဂါးပုံရိပ်ကိုမြင်ကြရသည်တွင် ဖေးယုဂိုဏ်းတပည့်များမှာ ရုတ်ချည်းအံ့အားသင့်ကုန်ကြလျက် တီးတိုးပြောဆိုကြလေသည်။ သူတို့၏အသံအနေအထားမှာ ယဲ့ဖုန်း၏တိုက်ကွက်အပေါ် ယုံကြည်မှုအပြည့်အဝရှိနေ၏။

ဖေးယုယွင်လုံသည် ဖေးယုဂိုဏ်းတွင် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းဆက်ခံလာခဲ့သည့် စွမ်းအားအကြီးမားဆုံးသောကျင့်စဉ်ဖြစ်သည်။ စု‌စုပေါင်းအဆင့် ၁၃ဆင့်ရှိသည်။ ဖေးယုဂိုဏ်းအား အင်ပါယာ၏ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်စေခဲ့သည်မှာ ဖေးယုယွင်လုံဖြစ်သည်။ သို့ဖြစ်ရာ ဖေးယုယွင်လုံသည် မည်မျှစွမ်းအားကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသည်ကို မှန်းဆကြည့်နိုင်ပေသည်။

“ဝိဉာဉ်ကင်းမဲ့ သာ့ဝေထျန်းလုံ!”

ဝူနျာန်သည် အသံနိမ့်ဟစ်ကြွေးလိုက်၏။ သူ၏ဟစ်ကြွေးသံသည် ဗုဒ္ဓဂါ‌ထာတော်တစ်ပုဒ်အား တေးသီလိုက်သည့်အလား ဝန်းကျင်တစ်ခွင်ကို တုန်ခါသွားစေခဲ့သည်။

ဝူနျာန်၏ခန္ဓာကိုယ်ကိုဝန်းရံထားသည့် ဗုဒ္ဓရောင်ခြည်များသည် ရုတ်ချည်းတိုးမြင့်တောက်ပလာခဲ့ရာ ဝူနျာန်မှာ ရွှေရောင်လူသားအလား ဖြစ်နေတော့သည်။ ဖြာထွက်နေသည့်ချီစွမ်းအင်များသည် ရွှေရောင်နဂါးပုံရိပ်အဖြစ်ပြောင်းလဲသွားလျက် ဝူနျာန်၏ကိုယ်ထက်တွင် ရစ်ဝဲနေလေသည်။

မျက်လုံးများတွင် ဘာမျှရှိမနေခဲ့သည့် ယဲ့ဖုန်း၏နဂါးပုံရိပ်နှင့်ခြားနားစွာ ဝူနျာန်၏ရွှေရောင်နဂါးပုံရိပ်သည် ပုံရိပ်ယောင်ဖြစ်သော်ငြား မျက်လုံးအစုံတွင် ဝါဒမီးလျှံများတောက်ပနေခဲ့သည်။

“တိုက်!”

ယဲ့ဖုန်းနှင့်ဝူနျာန်တို့၏ဟစ်ကြွေးသံနှင့်အတူ အဖြူရောင်နှင့်ရွှေရောင်နဂါးပုံရိပ်နှစ်ခုသည်လည်း ရုတ်ချည်းဟစ်ကြွေးမြည်တမ်းကြလျက် စင်စစ်နဂါးနှစ်ကောင် ရင်ဆိုင်တိုက်ခိုက်နေသည့်အလား ကမ္ဘာလောကတစ်ခုလုံးကို စွမ်းအင်လှိုင်းလုံးကြီးများ ပျံ့နှံ့သွားစေခဲ့ရာ ကြည့်ရှုနေသည့်တပည့်များမှာ ကြောက်ရွံ့တုန်လှုပ်ကုန်ကြလေသည်။

သို့သော်ငြား သူတို့၏အကြည့်များသည် လှုပ်ရှားမှုတစ်ချက်လေးသော်မှ မလွတ်သွားစေချင်သောကြောင့် နဂါးပုံရိပ်နှစ်ခုထက်တွင် မလွှဲတမ်းကြည့်နေကြဆဲပင်…။

ဘုန်း!

ချက်ချင်းပင် အဖြူရောင်နှင့်ရွှေရောင်နဂါးပုံရိပ်နှစ်ခုသည် ထိပ်တိုက်ထိခတ်တိုက်ခိုက်ကြလေသည်။ သာမန်မျက်လုံးဖြင့်ပင်မြင်တွေ့နိုင်သည့် စွမ်းအင်လှိုင်းများဖြာထွက်လာခဲ့ပြီး မြေဆီလွှာမှာ မြင့်တက်သွားရသည်။ တိုက်ပွဲနေရာတစ်ခုလုံးကို ထူထပ်သည့်ဖုန်မှုန့်အခိုးအငွေ့များ ဖုံးလွှမ်းသွား၏။ နေရာရှိသစ်ပင်နက်ကြီးများမှာ သစ်စသစ်နများအဖြစ် အပိုင်းအပိုင်းကြေမွသွားရလေသည်။

ထိုအခိုက်အတန့်တွင် လေဟာပြင်သည်ပင် ပုံပျက်တွန့်လိမ်သွားရ၏။ ကောင်းကင်နှင့်ပထဝီမြေကြီးကို ဖျက်ဆီးနေသည့်အလား မြင်ကွင်းကို‌မြင်တွေ့နေရသည်ဖြစ်ရာ ဂိုဏ်းတပည့်များ၏မျက်နှာအမူအရာတို့မှာ အပြင်းအထန်ပြောင်းလဲကုန်ကြသည်။ တိုက်ပွဲ၏နောက်ဆက်တွဲသည် သူတို့အား သက်ရောက်လာမည်စိုးသောကြောင့် အပူတပြင်းထပ်မံဆုတ်ခွာကြရလေသည်။

All Chapters