ငါဂိုဏ်းချုပ် မင်းကို ဗုဒ္ဓတစ်ပါးဖြစ်လာမယ့် အခွင့်အရေးပေးမယ်။
Vol. 4 Ch. 50
မုယွင်ဖေးတို့သည် ယဲ့ဖုန်း၏နတ်ဆိုးသန့်စင်ခြင်းမှော်စွမ်းအင်ကို ကြောက်ရွံ့ထိတ်လန့်သွားခြင်းနှင့်အတူ ဝမ်ဖုန်းကိုလည်း အထင်ကြီးစွာကြည့်လာကြ၏။ သူတို့၏ဂိုဏ်းချုပ်သည် ယဲ့ဖုန်း၏နတ်ဆိုးသန့်စင်ခြင်းမှော်စွမ်းအင်ကို ယခင်တည်းက သိနေခဲ့ခြင်းပေလော။ ယဲ့ဖုန်းမှ အနိုင်ရလိမ့်မည်ဟု ကြိုတင်မှန်းဆထားခဲ့သည်လော။ ဂိုဏ်းချုပ်သည် အမှန်တကယ်ပင် ရှန်ရှန့်ကျုံဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ရန် ထိုက်တန်လှသည်။ သူ၏အမြင်ကို မည်သည့်အရာမှ ဖုံးကွယ်၍မရနိုင်ပေ။
မုယွင်ဖေးတို့တွေးနေသည်များကို ဝမ်ဖုန်းမှ သိခဲ့ရပါလျှင် ရယ်မောမိလိမ့်မည်ဖြစ်သည်။ ဝမ်ဖုန်းသည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ဖြစ်သော်ငြား ယဲ့ဖုန်းကိုယ်တိုင်မှ မဖော်ထုတ်မီတွင် ကြိုတင်သိရှိရန်မဖြစ်နိုင်ပေ။
ယဲ့ဖုန်းမှ အနိုင်ရလိမ့်မည်ဟု သုံးသပ်ရသည့်အကြောင်းရင်းမှာ ယဲ့ဖုန်း၏ခန္ဓာကိုယ်တွင်းမှ ထူးကဲသည့်စွမ်းအင်ကို ခံစားမိသောကြောင့်ဖြစ်သည်။ သို့သော် ၎င်းမှာ ယဲ့ဖုန်းကျင့်ကြံထားခဲ့သည့် မှော်စွမ်းအင်ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“မကောင်းဆိုးဝါးကောင်! အားလုံးပဲ သူ့ကိုသတ်ကြ! ယဲ့ဖုန်းက ဂုဏ်သရေတင့်တယ်တဲ့ဖေးယုဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ နတ်ဆိုးကျင့်စဥ်က လောကကြီးကို အန္တရာယ်ပြုတယ်ဆိုတာကို မင်းသိတယ်။ ဒါပေမဲ့ မင်းက နတ်ဆိုးလမ်းစဉ်ကိုကျင့်ကြံခဲ့သေးတယ်။ ဒါက ကောက်ကျစ်ယုတ်မာတဲ့ပြစ်မှုပဲ”
ဝူနျာန်သည် ယဲ့ဖုန်းကို စူးရဲစွာစိုက်ကြည့်လျက် အော်ပြောခဲ့သည်။ သူ၏ကိုယ်ထက်ရှိဗုဒ္ဓရောင်ခြည်သည် ခမ်းနားစွာတောက်လောင်နေလျက် သူ၏စွမ်းအင်မှာ ယခင်ထက်ပိုမိုအားကောင်းလာခဲ့သည်။
“ကျစ် ကျစ် နတ်ဆိုးလမ်းစဥ်ဆိုတော့ရော ဘာအရေးလဲ။ ငါပိုပြီးစွမ်းအားကြီးလာနိုင်သ၍ နတ်ဆိုးမိစ္ဆာတစ်ကောင်ဖြစ်ရမယ်ဆိုရင်တောင်မှ ငါဆန္ဒရှိတယ်။ ငါ ဒီကောင်းကင်နဲ့ပထဝီမြေကြီးကိုဝါးမျိုခြင်းဆိုတဲ့ မှော်စွမ်းအင်ကိုကျင့်ကြံဖို့အတွက်နဲ့ ငါလူဘယ်လောက်တောင်သတ်ခဲ့ရလဲ မင်းသိရဲ့လား။ ငါ့မှာ ခဲရာခဲဆစ်နဲ့ ဒီအထိကျင့်ကြံနိုင်ဖို့အတွက် လူ့နှလုံးဘယ်လောက်များများ စားသောက်ခဲ့ရလဲ မင်းသိရဲ့လား”
“ဒီလောကကြီးမှာ သူတော်ကောင်းတရားဆိုတာမရှိဘူး၊ နတ်ဆိုးမိစ္ဆာဆိုတာလည်းမရှိဘူး။ အားနည်းတဲ့သူက အသတ်ခံရပြီး အင်အားကြီးတဲ့သူက စည်းမျဉ်းတွေကို လိုသလိုထိန်းချုပ်နေကြရုံပဲ!”
“ပြီးတော့ မင်းက ငါ့ရဲ့စားသောက်တာကိုခံရပြီး သန့်စင်မွမ်းမံခံရဖို့ ကံပါလာခဲ့တာပဲ။ ဝူရှန်းဂိုဏ်းရဲ့ထိပ်တန်းပါရမီရှင်တဲ့။ စားကောင်းမယ်ထင်ရသား။ မင်းကိုစားသောက်သန့်စင်မွမ်းမံပြီး ခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်းကိုပါ သုံးပြီးသွားရင် ငါက ဆန်းကြယ်အင်ပါယာအဆင့်ကို တက်လှမ်းသွားတော့မှာကွ!”
ဝူနျာန်၏စကားအဆုံးတွင် ယဲ့ဖုန်းသည် ဒေါသတကြီးရယ်မောလာခဲ့လျက် သူ၏နီမြန်းစူးရဲသော မျက်လုံးအစုံတွင် ရက်စက်ကြမ်းကြုတ်မှုတို့ ဖြတ်ပြေးသွားခဲ့လေရာ ထိုပုံစံသည် ဖေးယုဂိုဏ်းတပည့်များကို ကြောက်ရွံ့ထိတ်လန့်သွားစေခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် သူတို့အမြဲလေးစားခဲ့ရသည့် ဖေးယုဂိုဏ်း၏ထိပ်တန်းပါရမီရှင် ဂိုဏ်းတူအစ်ကိုကြီးယဲ့ဖုန်းမှာ သူတို့နှင့် စိုးစဉ်းမျှ မသိကျွမ်းမရင်းနှီးခဲ့ဖူးသည့်အလား ခံစားလိုက်ရပေသည်။
“မင်း….!”
ယဲ့ဖုန်း၏စကားများသည် ဝူနျာန်ကို ဒေါသထွက်သွားစေခဲ့သည်။ ယဲ့ဖုန်းကဲ့သို့ ကောင်းမွန်စွာဝတ်စားပြင်ဆင်ထားသည့် မောက်မာထောင်လွှားသည့် ဂိုဏ်းသားတစ်ဦးသည် ကောင်းကင်ဘုံအား စော်ကားပြစ်မှားသည့်လုပ်ရပ်များကို လုပ်ဆောင်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ နတ်ဆိုးမိစ္ဆာကောင်သည် နတ်ဆိုးမိစ္ဆာကောင်သာဖြစ်၏။ လူသားဆန်ခြင်းဟူ၍ စိုးစဉ်းမျှမရှိပေ။
“ကျစ် ကျစ် အချိန်တော့ကြာလိမ့်မယ်။ ဒါပေမဲ့ ရပါတယ်လေ။ မင်းလည်း ခါးသီးတဲ့အရသာကို ဖြေးဖြေးချင်း ခံစားကြည့်သင့်တယ်။ ဒါပေမဲ့ အဲဒီ့မတိုင်ခင်…”
ဝူနျာန်၏ဒေါသထွက်သွားသည် မျက်နှာအမူအရာကိုမြင်သောအခါ ယဲ့ဖုန်းသည် အေးစက်စွာပြုံး၏။
ထို့နောက် ချက်ချင်းပင် ယဲ့ဖုန်းမှ ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်သည်။ သူ၏ကိုယ်မှာ လျှပ်စီးအလား လျင်မြန်လွန်း၏။ ယဲ့ဖုန်းသည် ဖေးယုဂိုဏ်းတပည့်လေးဦး၏နောက်တွင် ရုတ်ချည်းရောက်သွားခဲ့လျက် ထိုလေးဦးကို လက်ဖဝါးဖြင့်ဖိချလိုက်သည်။ ဖေးယုဂိုဏ်းတပည့်လေးဦးမှာ မယုံကြည်နိုင်သည့်မျက်နှာအမူအရာများသို့ ပြောင်းလဲသွားကြရသည်။
ဘုန်း!
“မလုပ်နဲ့!”
ကြောက်မက်ဖွယ်သောလက်ဖဝါးရိုက်ချက်သည် ဖေးယုဂိုဏ်းတပည့်များကို ရုတ်ချည်းလွင့်ထွက်သွားစေခဲ့သည်။ ရုတ်တရက်ဆန်လှသည့် အကျပ်ကိုင်တိုက်ခိုက်မှုသည် သူတို့ကို မလှုပ်ရှားနိုင်ဖြစ်သွားစေခဲ့၏။ မျှော်လင့်ချက်ပျက်သုဉ်းနေသောအော်ဟစ်သံများသာ ပဲ့တင်ထပ်သွားခဲ့လေသည်။ ထိုလက်ဖဝါးရိုက်ချက်သည် အသွေးအသားများကို ကြေမွသွားစေခဲ့သည်။
ထိုဖေးယုဂိုဏ်းတပည့်များမှာ ယဲ့ဖုန်းသည် သူတို့ကိုသတ်လိမ့်မည်ဟု တွေးထင်မထားခဲ့ကြပေ။
“ယဲ့ဖုန်း မင်းရူးနေပြီပဲ!”
မြင်ကွင်းမှာ လွန်စွာအံ့ဩထိတ်လန့်ဖွယ်ဖြစ်ရာ ဝူနျာန်မှာ ဒေါသတကြီးဖြင့် အော်ဟစ်မိလေတော့သည်။
ဝူနျာန်သည်လည်း ယဲ့ဖုန်းသည် ဖေးယုဂိုဏ်းတပည့်များကို သတ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။ ယဲ့ဖုန်း၏ ထိုလှုပ်ရှားမှုမှာ လျင်မြန်လွန်းသောကြောင့် ဝူနျာန်မှာ တုံ့ပြန်ချိန်မရလိုက်ဘဲ ဖေးယုဂိုဏ်းတပည့်များမှာ သေဆုံးသွားခဲ့ရသည်။
နတ်ဆိုးမိစ္ဆာအဖြစ်ပြောင်းလဲသွားသည့်ယဲ့ဖုန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
“စိတ်မပူပါနဲ့။ အခုထိ မပြီးသေးဘူး…”
ဝူနျာန်၏ဒေါသတကြီးအော်ဟစ်သံကို ကြားလိုက်ရသည်တွင် ယဲ့ဖုန်းမှ ဝမ်းနည်းပူဆွးဟန်ဖြင့် ပြုံးပြလာခဲ့၏။ ထို့နောက် သူ၏နီမြန်းစူးရဲသည့်မျက်လုံးများသည် ပြင်းထန်လှသည့် သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ဝူရှန်းဂိုဏ်းတပည့်များထံသို့ ရုတ်တရက်ကျရောက်သွားခဲ့သည်။ ယဲ့ဖုန်း၏ထိုအကြည့်ကြောင့် ဝူရှန်းဂိုဏ်းတပည့်များမှာ မျက်နှာအမူအရာပြောင်းလဲသွားရကာ တစ်ကိုယ်လုံးတုန်ရီလျက် နောက်သို့ဆုတ်ခွာခဲ့ကြ၏။
ဘုန်း!
ဝူနျာန်သည်လည်း မျက်နှာအမူအရာပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်မှ ခမ်းနားသည့်ချီစွမ်းအင်များ ရုတ်ချည်း ဖြာထွက်လာခဲ့သည်။ ဗုဒ္ဓဆင်းသက်လာသည့်အလား ဝူနျာန်၏ခန္ဓာကိုယ်မှာ ဗုဒ္ဓရောင်ခြည်များလွှမ်းခြုံသွားခဲ့လျက် ဝူရှန်းဂိုဏ်းတပည့်များရှေ့သို့ ရုတ်ချည်းရောက်ရှိလာခဲ့သည်။
…..
“ဂိုဏ်းချုပ် ကျွန်တော်တို့လှုပ်ရှားမှာလား”
အဝေးတွင်ပုန်းကွယ်စောင့်ကြည့်နေကြသည့် မုယွင်ဖေးတို့သည်လည်း ယဲ့ဖုန်းမှ ဖေးယုဂိုဏ်းတပည့်များအား သတ်လိုက်သည့်မြင်ကွင်းကြောင့် အလျင်စလိုမေးလာခဲ့သည်။
ယဲ့ဖုန်းမှ နတ်ဆိုးအဖြစ်ပြောင်းလဲသွားပြီးနောက်တွင် မုယွင်ဖေးသည်လည်း ကြောက်စိတ်ဝင်သွားခဲ့ရသည်။ မိမိမှာ ယဲ့ဖုန်းကို အနိုင်တိုက်နိုင်မည်ကိုပင် မသေချာနိုင်ဖြစ်သွားရ၏။
“ဒါက သူတို့ရဲ့ကပ်ဘေးပဲ။ သူတို့အသက်ရှင်ကျန်နိုင်ခဲ့ရင် ရှင်သန်နိုင်လိမ့်မယ်။ မလုပ်နိုင်ခဲ့ရင်လည်း သေရုံပဲပေါ့။ ဒီဂိုဏ်းချုပ် လှုပ်ရှားရအောင်အထိ ဘယ်သူမှ အရည်အချင်းပြည့်မီ မနေဘူး”
မုယွင်ဖေး၏အမေးကို ဝမ်ဖုန်းသည် ခေါင်းခါယမ်းလျက် အရေးမထားဟန် ပြန်ဖြေခဲ့သည်။
ဝမ်ဖုန်း၏ထိုစကားလုံးများသည် မုယွင်ဖေးနှင့်အခြားသူများကို ကြောင်အသွားစေခဲ့သည်။ သူတို့သည် ဂိုဏ်းချုပ်အကြောင်းကို သေချာမသိကြသေးခြင်းဖြစ်ပေမည်။ ဂိုဏ်းချုပ်၏စိတ်နေသဘောထားသည် ကြိုတင်မှန်းဆ၍မရနိုင်ပေ။ တစ်ခါတစ်ရံတွင် နူးညံ့ကြင်နာပြီး တစ်ခါတစ်ရံတွင် အရေးမထားတတ်ဘဲ လျှို့ဝှက်ဆန်းကြယ်၏။
“ဟား မင်းတစ်ယောက်တည်းနဲ့ ဒီလိုအချိန်မှာ ငါ့ကိုတားချင်တယ်ပေါ့လေ။ ငါ့ရဲ့မှော်စွမ်းအင်က အလဟဿကျင့်ကြံထားတယ်လို့ မင်းတကယ်ကြီးထင်နေတာလား”
ဝမ်ဖုန်းတို့စကားပြောနေစဉ်တွင် ယဲ့ဖုန်းသည် မတွေးတောဘဲ ကြားဝင်လာသည့်ဝူနျာန်ကို လှောင်ရယ်လျက်ပြော၏။
ဟမ်!
ထို့နောက်တွင် ယဲ့ဖုန်း၏ခန္ဓာကိုယ်သည် အရိပ်ကဲ့သို့လှုပ်ရှားသွားလျက် ယဲ့ဖုန်း၏ပုံရိပ်မြောက်များစွာတို့ လေဟာပြင်တွင် ထွက်ပေါ်လာခဲ့သည်။ ဝူနျာန်မှာ မည်သည်မှာ ပုံရိပ်အစစ်အမှန်ဖြစ်သည်ကို မခွဲခြားနိုင်ဖြစ်နေရသည်။ ဝူနျာန် တုံ့ဆိုင်းနစဉ်တွင် သူ၏နောက်ဘက်မှ စူးစူးဝါးဝါးအော်ဟစ်သံများ ထွက်ပေါ်လာခဲ့၍ ရုတ်ချည်းနောက်လှည့်ကြည့်လိုက်သည်။ နောက်ဘက်ရှိမြင်ကွင်းကြောင့် ဝူနျာန်၏မျက်လုံးများမှာ အက်ကွဲသွားသည့်အလားဖြစ်သွားရလျက် တစ်ကိုယ်လုံးမှာ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ လွှမ်းခြုံသွားတော့သည်။
ဝူရှန်းဂိုဏ်းတပည့်များ၏ရင်အုံတွင် အပေါက်ကြီးများဖြစ်သွားခဲ့ကြပြီး ဝတ်ရုံမှာ သွေးများစွန်းထင်းပေကျံနေခဲ့သည်။ ယဲ့ဖုန်းသည် ထိုဂိုဏ်းတပည့်များ၏နှလုံးကို ယစ်မူးစွာစားသောက်နေခဲ့၏။
အဝေးမှကြည့်နေသည့်ဝမ်ဖုန်းတို့အုပ်စုမှာ မျက်မှောင်ကြုတ်မိသွားရသည်။ လင်းဖေးဝူနှင့် လီထျန်းရှင်းတို့မှာ ထိုမြင်ကွင်းကို ကြောက်ရွံ့စက်ဆုပ်လွန်းသောကြောင့် ဝမ်ဖုန်း၏နောက်တွင် ပုန်းကွယ်လိုက်ကြ၏။
“ဗုဒ္ဓဘုရားသခင် သနားကြင်နာတော်မူပါ!”
ဝူနျာန်သည် လက်နှစ်ဖက်ကိုယှက်၍ ဝူရှန်းဂိုဏ်းတပည့်များကို အရိုအသေပြုလိုက်သည်။ သက်ပြင်းတစ်ချက်ရှူသွင်းလိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြောက်ခမန်းလိလိသောစွမ်းအင်များ ဖြာထွက်လာခဲ့ရာ လေဟာပြင်ထဲရှိစွမ်းအင်လှိုင်းများကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်ပေသည်။
ဗုဒ္ဓသည် ကြင်နာမှုရှိသော်ငြား ဒေါသဟူသည် လိုအပ်၏။ လက်ရှိအချိန်တွင် ဘုန်းကြီးဝူနျာန်သည်လည်း ဒေါသဖုံးလွှမ်းနေခဲ့သည်။
ဘုန်း!
ဝူနျာန်၏မျက်နှာမှာ တည်ကြည်လေးနက်နေ၏။ သူ၏ခန္ဓာကိုယ်ထက်တွင် ဗုဒ္ဓပုံတော်တစ်လွှာ လွှမ်းခြုံထားသည်။ ဗုဒ္ဓ၏အရှိန်အဝါသည် တစ်မဟုတ်အတွင်း ဖြာထွက်ပျံ့နှံ့သွားခဲ့ရာ ကမ္ဘာလောကတစ်ခုလုံးကို ကိုင်လှုပ်နေတော့သည်။
သူ၏နောက်ဘက်တွင် ဧရာမပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်ယောင်ကြီး၏ထိပ်ဖျားတွင် ရွှေရောင်အလင်းများတောက်ပနေလျက် မှောင်မည်းနေသည့်လောကတစ်ခွင်ကို အလင်းပေးနေခဲ့သည်။
“ဗုဒ္ဓ၏ဒေါသ၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်းလက်ဖဝါး!”
ဘုန်းတော်ကြီးဝူနျာန်သည် အသိနိမ့်ဖြင့် ဟစ်ကြွေးလိုက်ရာ သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များသည် ဒီရေလှိုင်းလုံးကြီးအလား လွင့်ထွက်သွားခဲ့သည်။ သူ၏နောက်ရှိ ဧရာမပုံရိပ်ကြီးသည် ရုတ်တရက် လက်ဆန့်ထုတ်လာခဲ့၍ လောကတစ်ခွင်ရှိ ချီစွမ်းအင်လှိုင်းလုံးကြီးအလုံးစုံမှာ ဆွဲဆောင်စုစည်းခံလိုက်ရသည့်အလား လေဟာပြင်တွင် ကောင်းကင်နှင့်နေမင်းကို ဖုံးအုပ်နိုင်စွမ်းသည့် ဧရာမလက်ဖဝါးသဏ္ဍာန်ကြီး ဖြစ်တည်လာခဲ့သည်။
ထိုလက်ဖဝါးသဏ္ဍာန်ကြီးထွက်ပေါ်လာခြင်းနှင့်အတူ လောကတစ်ခွင်တွင် ဖိအားတစ်ခုဖြစ်တည်စေခဲ့လျက် လေဟာပြင်ကိုပင် ပုံပျက်တွန့်လိမ်သွားစေခဲ့သည်။
လက်ရှိအချိန်ရှိ ဝူနျာန်၏စွမ်းအားသည် တော်ဝင်မင်းသားနှောင်းပိုင်းအဆင့်စွမ်းအားဖြင့်ပင် နှိုင်းယှဉ်၍ရနိုင်လောက်ပေသည်။ သို့သော် လက်ရှိကျင့်ကြံဆင့်သည် ယဲ့ဖုန်းကို ရင်ဆိုင်ရန်မလုံလောက်သည်မှာ သိသာလှပါ၏။
ဘုန်း!
ထိုလက်ဖဝါးရိုက်ချက်သည် ယဲ့ဖုန်းသို့ ဦးတည်ရိုက်ခတ်၏။ ထိုအခိုက်အတန့်တွင် ယဲ့ဖုန်းအား ကမ္ဘာလောကကြီးတစ်ခုလုံးမှ ဖိစီးထားသည့်အလား ထင်မှတ်ရပေသည်။
အင်အားပြင်းထန်သည့်ရိုက်ချက်နှင့် ရင်ဆိုင်လိုက်ရသောကြောင့် ယဲ့ဖုန်း၏မျက်လုံးများတွင် စိတ်ပျက်မှုများ ထင်ဟပ်သွားခဲ့သည်။ ယဲ့ဖုန်းသည်လည်း လက်ကိုဆန့်ထုတ်၍ လက်ဖဝါးရိုက်ချက်တစ်ခု ပစ်လွှတ်ခဲ့သည်။ သူ၏လက်ဖဝါးထက်ရှိ မှော်စွမ်းအင်သည် အသက်ဝင်နေသည့်အလား လိုက်လျောညီထွေစွာ ရစ်ဝဲလှည့်ပတ်နေပေသည်။
ထိုမှော်စွမ်းအင်၏ရစ်ဝဲလှည့်ပတ်မှု တစ်ကြိမ်ပြီးတိုင်းတွင် ယဲ့ဖုန်း၏လက်တွင် စုစည်းပုံဆောင်လာသည့်စွမ်းအင်သည် ပို၍ပို၍ ကြောက်မက်ဖွယ်ဖြစ်လာခဲ့သည်။
ဘုန်း!
ကောင်းကင်ထက်ရှိလက်ဖဝါးရိုက်ချက်သည် ယဲ့ဖုန်းအား ဖိနှိပ်တော့မည်တွင် ယဲ့ဖုန်းသည်လည်း တုံ့ဆိုင်းခြင်းမရှိ လက်ဖဝါးရိုက်ချက်ကို ထုတ်လွှတ်လိုက်၏။
ကောင်းကင်နှင့်ပထဝီမြေကြီးမှာ ရုတ်တရက်တုန်လှုပ်သွားရကာ ပြင်းထန်လှစွာေသာ ချီစွမ်းအင်လှိုင်းလုံးကြီးတစ်ခု ဖြာထွက်သွားခဲ့သည်။ ၎င်းလှိုင်းသည် ယဲ့ဖုန်းနှင့်ဝူနျာန်ကိုဗဟိုပြု၍ မီတာသုံးရာအကွာအဝေးတိုင် အနီးဝန်းကျင်ရှိအရာအားလုံးကို ဖျက်ဆီးသွားခဲ့သည်။
ထိုကြောက်မက်ဖွယ်ချီစွမ်းအင်လှိုင်းလုံးကြီးသည် နတ်ဆိုးချိပ်ပိတ်နယ်မြေအတွင်းရှိကျင့်ကြံသူများကိုပင် အနည်းငယ်သတိထားမိသွားစေခဲ့ရာ ယဲ့ဖုန်းတို့ရှိရာအရပ်သို့ မျက်နှာမူလှည့်ကြည့်မိသည်အထိ အင်အားကြီးမားခဲ့သည်။
ယဲ့ဖုန်းတို့ရှိရာအရပ်နှင့် မိုင်တစ်သောင်းကွာဝေးသည့်ချိုင့်ဝှမ်းထဲတွင် အင်ပါယာ၏အိမ်ရှေ့မင်းသားယုဖေးနှင့် ဂိုဏ်းကြီးများစွာတို့၏ဂိုဏ်းတပည့်များ အနားယူနေကြသည်။
သို့သော် ထိုချီစွမ်းအင်လှိုင်းလုံးဖြတ်သွားသည့်အခိုက်အတန့်တွင် အိမ်ရှေ့မင်းသားယုဖေးနှင့် ဂိုဏ်းကြီးများ၏ဂိုဏ်းတပည့်များသည် အလိုအလျောက် မတ်တပ်ထရပ်မိသွားလျက် လှိုင်းလုံးလာရာအရပ်သို့ ကြည့်မိကုန်ကြ၏။ သူတို့၏မျက်နှာထက်တွင် ဂုဏ်သရေတင့်တယ်လှစွာသော အမူအရာများဖြစ်တည်နေကြသည်။
“အိမ်ရှေ့မင်းသား ဒီလိုချီစွမ်းအင်လှိုင်းလုံးဖြစ်တည်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော်သွားပြီး စစ်ဆေးကြည့်လိုက်ရမလား”
ထိုဂိုဏ်းတပည့်၏မျက်လုံးတွင် အလင်းဖျော့တစ်စ တောက်ပနေလျက် လျှောက်တင်ခဲ့သည်။
ထိုမျှသောချီစွမ်းအင်လှိုင်းလုံးကို ဖြစ်တည်စေနိုင်ခြင်းသည် စွမ်းအားကြီးဂိုဏ်းတပည့်တို့၏တိုက်ပွဲ သို့မဟုတ် ရတနာတစ်ပါးမွေးဖွားပေါ်ထွက်ခြင်းကြောင့်သာဖြစ်နိုင်ပေသည်။ မည်သည့်အကြောင်းအရာဖြစ်စေ သွားရောက်စူးစမ်းကြည့်ရန် ထိုက်တန်၏။
“ကောင်းပြီ”
မင်းသားယုဖေးသည် မျက်လုံးများကိုမှေးကျဉ်းလိုက်ပြီးနောက် ခေါင်းညိတ်သဘောတူခဲ့၏။
ထို့နောက်တွင် လူအူပ်စုကြီးသည် ချီစွမ်းအင်လှိုင်းလုံးလားရာအရပ်သို့ ရုတ်ချည်းဒုန်းစိုင်းထွက်ခွာကြတော့သည်။
နတ်ဆိုးချိပ်ပိတ်ခြင်းနယ်မြေ၏ နေရာမြောက်များစွာ၌ အလင်းတန်းများတောက်ပလျက်ရှိ၏။ သို့ရာတွင် သူတို့ဦးတည်ထွက်ခွာခဲ့ကြသည့်အရပ်မှာ ယဲ့ဖုန်းတို့တိုက်ခိုက်နေကြသည့်အရပ် မှန်ကန်ပေသည်။
…..
အဟွတ်… အဟွတ်!
ဝူနျာန်သည် ကြီးမားပြင်းထန်သည့်ရိုက်ချက်ထိမှန်သွားခဲ့ပြီး သူ၏ချောမောသည့်မျက်နှာမှာ သွေးများစွန်းထင်းပေကျံသွားရသည်။ ဝူနျာန်သည် သူ့ထံသို့ ဖြေးညင်းစွာဦးတည်လျှောက်လာနေသည့်ယဲ့ဖုန်းကို စိတ်ပျက်စွာစိုက်ကြည့်နေခဲ့၏။
ခုနက တိုက်ကွက်တွင် သူ၏စွမ်းအင်အလုံးစုံကို ဖောက်ခွဲအသုံးပြုခဲ့လျှင်သော်မှ ယဲ့ဖုန်း၏ရိုက်ချက်ကို ဟန့်တားနိုင်ခဲ့မည်မဟုတ်ချေ။ ယဲ့ဖုန်း၏လက်ဖဝါးရိုက်ချက်သည် သူ၏တိုက်ကွက်ကိုဖြိုခွင်းသွားရုံမျှမက ဒဏ်ရာအပြင်းအထန်ရစေခဲ့သည်။
ထိုအခိုက်အတန့်တွင် ဝူနျာန်မှာ မိမိကိုယ်ကိုအားနည်းခြင်းအတွက် မုန်းတီးမိ၏။ ဝူရှန်းဂိုဏ်းတပည့်များအတွက် လက်စားချေမပေးနိုင်ခဲ့ခြင်းအတွက်လည်း မိမိကိုယ်ကို မုန်းတီးမိလေသည်။ ဝူရှန်းဂိုဏ်းသားများ၏ အလွန်အမင်းဝမ်းနည်းဖွယ်ကောင်းစွာ သေဆုံးသွားခဲ့သည့်ပုံရိပ်သည် သူ၏စိတ်အစဉ်တွင် ထင်ထင်ရှားရှား ထင်ဟပ်နေဆဲဖြစ်လေရာ သူ၏နှလုံးအိမ်တစ်ခုလုံးမှာ ဆိုးဆိုးရွားရွားလှုပ်ခါနေခဲ့၏။
ဝူရှန်းဂိုဏ်းသားများအတွက် လက်စားချေနိုင်မည်ဆိုပါလျှင် သူ၏အသက်ကိုပေးဆပ်ရလျှင်သော်မှ ဆန္ဒရှိပါ၏။ အနည်းဆုံးတော့ သေဆုံးသွားသည့်ဝူရှန်းဂိုဏ်းသားများကို တမလွန်တွင် စိတ်အေးချမ်းစွာဖြင့် သွားတွေ့နိုင်မည်ဖြစ်သည်။ သို့သော် ယခုတွင် မိမိမှာ လက်စားပင်ချေမပေးနိုင်ခဲ့။ ဝူနျာန်မှာ သူ၏ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် နက်ရှိုင်းစွာသော အားနည်းချည့်နဲ့မှုကို ခံစားလိုက်ရပေသည်။
“ငါပြောခဲ့သားပဲ မင်းက ငါ့ပြိုင်ဘက်မဟုတ်ပါဘူးလို့။ ငါမှော်စွမ်းအင်ပညာကို စပြီးလေ့ကျင့်ကတည်းက အမြဲထိန်းချုပ်ထားပြီး တစ်ခါမှမဖော်ထုတ်ခဲ့ဘူး။ မင်းအတွက် ငါရဲ့ဒီမှော်စွမ်းအင်ပညာကို ထုတ်သုံးခဲ့တာကို မင်းဂုဏ်ယူသင့်တယ်”
“မင်းကို လေးစားမှုပြသတဲ့အနေနဲ့ မင်းရဲ့နှလုံးကို ငါဖြေးဖြေးချင်းပဲ မြည်းစမ်းပါ့မယ်။ မစိုးရိမ်နဲ့။ အရမ်းမနာပါဘူး။ ခဏကြာရင် မခံစားရတော့ဘူး”
ယဲ့ဖုန်းသည် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့အပြုံးဖြင့် ဝူနျာန်ဆီသို့ ဖြေးညင်းစွာလျှောက်လာနေခဲ့သည်။ သူ၏နှုတ်ဖျားမှထွက်အံလာသည့် စကားလုံးများသည်လည်း မကောင်းဆိုးဝါးတစ်ကောင်၏အသံအလား ပဲ့တင်ထပ်နေခဲ့သည်။
“မကောင်းမှုဆိုတာ ဖုံးကွယ်ထားလို့မရနိုင်ဘူး။ ငါအဲဒီ့နေ့ကို မမြင်တွေ့နိုင်တော့ရင်တောင်မှ သိပ်မကြာခင် သေချာပေါက် မင်းလည်းငါ့လိုအဆုံးသတ်သွားရမှာပါပဲ။ မင်းကိုကြိုတင်မမှန်းဆနိုင်ခဲ့ဘဲ မင်းလိုမကောင်းဆိုးဝါးကောင်ကို မသတ်နိုင်ခဲ့တာအတွက်ပဲ ငါ့ကိုယ်ငါမုန်းတီးမိတယ်!”
ဘုန်းတော်ကြီးဝူနျာန်သည် ယဲ့ဖုန်းကို အေးစက်စွာစိုက်ကြည့်လျက် ဒေါသတကြီးအော်ပြော၏။
“မင်းသူ့ကို မင်းလက်နဲ့ကိုယ်တိုင်သတ်ချင်ရင် ဒီဂိုဏ်းချုပ်က မင်းကိုအဲဒီ့အခွင့်အရေးပေးလို့ရတယ်။ ဒါပေမဲ့ သူ့ကိုသတ်ပြီးသွားရင် မင်း ဒီဂိုဏ်းချုပ်နဲ့ အတူလိုက်ခဲ့ရမယ်။ ဒီဂိုဏ်းချုပ်က မင်းကို ဗုဒ္ဓတစ်ပါးဖြစ်လာဖို့ အခွင့်အရေးပေးနိုင်တယ်။ ပြီးတော့ ဒီတစ်ကြိမ်ဟာ မင်းရဲ့ဘဝမှာ အားနည်းသူဖြစ်ရတဲ့ တစ်ခုတည်းသောအချိန်ဖြစ်လိမ့်မယ်”