အသီးသီးခွဲခွာကြ။
Vol. 4 Ch. 52
“မင်းဘယ်လိုမှော်အတတ်ကို… သုံးခဲ့တာလဲ”
ယဲ့ဖုန်း၏နီမြန်းစူးရဲစွာသောမျက်လုံးများသည် ဝမ်ဖုန်းကိုကြောက်ရွံ့စွာကြည့်လျက် ဟစ်အော်လာ၏။
ယဲ့ဖုန်းသည် ရုန်းကန်ချင်သော်ငြား သူ၏ခန္ဓာကိုယ်မှာ သေမျိုးတစ်ယာက်ကဲ့သို့ အင်အားစိုးစဉ်းသော်မျှ မရှိတော့ချေ။ မည်သို့ရုန်းကန်ရမည်ကိုပင် မေ့လျော့သွားရကာ အသုံးမကျသည့်လူတစ်ယောက်ကဲ့သို့ ဒေါသကြီးနေရန်သာ တတ်နိုင်ခဲ့သည်။
ဘုန်းတော်ကြီးဝူနျာန်သည်လည်း ပြန်လည်တုံ့ပြန်လာ၏။ ဝူနျာန်သည် ဝမ်ဖုန်းကိုငေးစိုက်ကြည့်ရင်းမှ မျက်လုံးများအရောင်လက်လာခဲ့သည်။
အမှန်အတိုင်းပြောရပါလျှင် ဝမ်ဖုန်းကို သဘောတူညီခဲ့ပြီးချိန်တွင် ဝူနျာန်၏စိတ်နှလုံးမှာ အနည်းငယ် နောင်တရသွားလျက် မိမိမှာ စိတ်လိုက်မာန်ပါလုပ်မိပြီဟု ခံစားလိုက်ရသေး၏။ သို့သော် ယခုတွင်တော့ နောင်တဟူ၍ စိုးစဉ်းမျှ မရှိတော့ပေ။
“ငါဂိုဏ်းချုပ်ပြောမယ်။ မင်းလာသတ်လှည့်! သတ်ပြီးသွားရင် အမုန်းတရားလည်း ပြီးဆုံးသွားပြီ။ လွှတ်ချလိုက်ခြင်းဟာ အဆုံးသတ်လည်းဖြစ်သလို စတင်ခြင်းလည်းဖြစ်တယ်”
ဝမ်ဖုန်းသည် ယဲ့ဖုန်း၏ဒေါသကို လျစ်လျူရှု၍ ဝူနျာန်အား နူးညံ့ညင်သာစွာပြောခဲ့သည်။
ဝူနျာန်သည်လည်း ခေါင်းညိတ်၍ ယဲ့ဖုန်းသို့ဦးတည်လျှောက်လာခဲ့ပြီး လက်နှစ်ဖက်ကိုယှက်၍ ပြောခဲ့သည်။
“ဝေါမိထာဖု ကိုယ်တော့်ရဲ့ဂိုဏ်းတူညီငယ်တို့… ဝူနျာန် လက်စားချေပေးခဲ့ပါပြီ။ ဒီအကြောင်းကိုမေ့ပစ်လိုက်ပြီး အေးချမ်းစွာနဲ့နိဗ္ဗာန်ကိုသွားကြပါတော့”
ထိုစကားသံအဆုံးတွင် ဝူနျာန်သည် လက်ဖဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။ ယဲ့ဖုန်း၏ဦးခေါင်းကြီးတစ်ခုလုံး ပေါက်ကွဲထွက်သွား၏။ သွေးများလွင့်စင်ထွက်၍ ဝူနျာန်၏ကိုယ်ထက်သို့ စွန်းထင်းပေကျံသွားရာ မြင်ကွင်းမှာထူးဆန်းနေသော်ငြား ဘုန်းတော်ကြီးဝူနျာန်၏စိတ်အစဉ်သည်တော့ တည်ငြိမ်နေဆဲပင်။
“ယွင်ဖေး သူတို့ရဲ့နတ်ဆိုးချိပ်ပိတ်ခြင်းအဆင့်အတွက် အမှတ်တွေကို ယူလိုက်ပြီး သူတို့ရဲ့အမှတ်တွေကို မင်းတို့တွေထဲကိုပေါင်းထည့်လိုက်”
ယဲ့ဖုန်း လဲကျသွားသည်ကိုကြည့်လျက် ဝမ်ဖုန်းသည် ေခါင်းတစ်ချက်ညိတ်ကာ နံဘေးရှိ မုယွင်ဖေးကိုပြောလိုက်သည်။
“ဟုတ်ကဲ့ ဂိုဏ်းချုပ်”
တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲနှင့် မုယွင်ဖေးသည် ယဲ့ဖုန်းနှင့် ဖေးယုဂိုဏ်းတပည့်များ၏ နတ်ဆိုးချိပ်ပိတ်ခြင်းအမှတ်များကို စုဆောင်းယူလိုက်သည်။ ထို့နောက် ဘုန်းတော်ကြီးဝူနျာန်ကိုကြည့်လိုက်သည်။ ဝူနျာန်မှ ခေါင်းညိတ်၏။ မုယွင်ဖေးသည် ဝူရှန်းဂိုဏ်းတပည့်များထံမှ ရယူခဲ့သည်။
ဤတစ်ကြိမ်တွင် စုစုပေါင်းအမှတ် ခြောက်သောင်းတိတိရရှိခဲ့သည်။ ထိုအမှတ်များကို ဝမ်ဖုန်း အလိုမရှိပါ။ မုယွင်ဖေးသည်လည်း မလိုချင်ပေ။ ထို့ကြောင့် လင်းဖေးဝူ၊ လီထျန်းရှင်းနှင့် လီဟေးတို့ကို နှစ်သောင်းစီ အညီအမျှခွဲဝေပေးလိုက်၏။
ဝူနျာန်သည် သူတို့ထက် အမှတ်နှစ်သောင်းသုံးထောင်ပိုများသည်ဖြစ်ရာ မုယွင်ဖေးနှင့်ဝမ်ဖုန်းသည် ရုတ်တရက် အမှတ်အနိမ့်ဆုံးဖြစ်သွားကြ၏။
သို့သော် ဝမ်ဖုန်း ဂရုမစိုက်ပါ။ လက်ကိုဝှေ့ယမ်း၍ ဂိုဏ်းတပည့်များကို ဝူနျာန်အား ဖေးမကူညီရန်သာ ပြောခဲ့သည်။ ဝူရှန်းဂိုဏ်းတပည့်များကို မြှုပ်နှံပြီးနောက်တွင် မြောက်များစွာသောပျက်စီးမှုများကို ထားရစ်ခဲ့ပြီး မုယွင်ဖေးတို့ကိုခေါ်၍အဝေးသို့ထွက်ခွာခဲ့သည်။
ဟေး! ဟေး!
ဝမ်ဖုန်းတို့အုပ်စုထွက်ခွာပြီး ၁၅မိနစ်ခန့်ကြာပြီးနောက်တွင် ထိုနေရာသို့ ပုံရိပ်များစွာတို့ ကောင်းကင်ထက်မှ ဆင်းသက်လာကြပြီး အော်ဟစ်ခေါ်သံများ ညံသွားခဲ့သည်။
“အရှင်မင်းသား ကျွန်တော်တို့နောက်ကျသွားပါတယ်။ တိုက်ပွဲက ပြီးဆုံးသွားပါပြီ”
ထိုပုံရိပ်များမှာ အိမ်ရှေ့မင်းသားယုဖေးနှင့် အခြားသောဂိုဏ်းတပည့်များဖြစ်ကြသည်။ စကားလျှောက်တင်ခဲ့သူမှာ ယုဖေး၏နောက်ရှိ ဂိုဏ်းကြီးတပည့်တစ်ဦးဖြစ်သည်။
အိမ်ရှေ့စံမင်းသားယုဖေးသည် မည်သည့်စကားမျှ မဆိုခဲ့ချေ။ လေးနက်တည်ကြည်စွာဖြင့် နေရာတစ်ဝိုက်ရှိ အပျက်အစီးများကို ဝေ့ဝဲကြည့်ရှုနေ၏။ အပျက်အစီးများကို ကြည့်ရှုရုံဖြင့်ပင် တိုက်ပွဲမှာ မည်မျှရက်စက်ကြမ်းကြုတ်ခဲ့သည်ကို မှန်းဆနိုင်ပေသည်။ ထိုတိုက်ပွဲသည် ညီမျှစွာပြီးဆုံးသွားခဲ့ခြင်း မဖြစ်နိုင်ပေ။
“မင်းသား ကြည့်ပါဦး!”
ထိုအခိုက်တွင် ဂိုဏ်းတပည့်တစ်ဦးမှ တစ်စုံတစ်ရာကို မြင်တွေ့သွားပုံရ၏။ လက်ညှိုးညွှန်လျက် အံ့အားသင့်စွာပြောလာခဲ့သည်။
ထိုဂိုဏ်းတပည့်၏အံ့အားသင့်စွာပြောဆိုမှုသည် မင်းသားယုဖေးနှင့် အခြားသောဂိုဏ်းတပည့်များကို မျက်လုံးများမှေးကျဉ်းသွားစေခဲ့လျက် ညွှန်ပြရာအရပ်သို့ကြည့်လိုက်ကြသည်။ သူတို့အားလုံး ရုတ်ချည်း အံ့အားသင့်သွားကြ၏။ ထိုနေရာတွင် အလောင်းများစွာ ရှိနေခဲ့သည်။
ဂိုဏ်းကြီးတစ်ခုမှဂိုဏ်းတပည့်တစ်ဦးမှ အလျင်အမြန်လှုပ်ရှား၍ အလောင်းများကို ဂရုတစိုက် စစ်ဆေးကြည့်ရှုခဲ့သည်။ ခဏကြာပြီးနောက်တွင် ထိုဂိုဏ်းတပည့်၏မျက်နှာအမူအရာမှာ မှန်းဆ၍မရနိုင်သည့်အမူအရာသို့ ပြောင်းလဲသွားလျက် မင်းသားယုဖေးသို့ အလောတကြီးပြန်လာခဲ့၍ ပြော၏။
“မင်းသား အလောင်းတွေက ဖေးယုဂိုဏ်းတပည့်တွေရဲ့ အလောင်းတွေပါ။ သူတို့ရဲ့အလောင်းမှာ စွဲကျန်ရစ်နေတဲ့စွမ်းအင်အရဆို နတ်ဆိုးမိစ္ဆာကြောင့် ဒဏ်ရာရထားကြတာပါ”
“ပြီးတော့….?”
“ဘာဖြစ်လဲ?”
“ဖေးယုဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်ယဲ့ဖုန်းလည်း သေနေပါတယ်။ သေနေတဲ့ပုံစံဟာလည်း အရမ်းကိုမှ စိတ်မချမ်းမြေ့စရာပါပဲ။ သူ့ရဲ့ဦးခေါင်းမရှိတော့ပေမယ့် နတ်ဆိုးချိပ်ပိတ်တာ ရှိနေပါသေးတယ်။ ဒါပေမဲ့ အမှတ်တွေတော့ မရှိတော့ပါဘူး”
ယုဖေးဂိုဏ်း၏ဂုဏ်သရေဖြစ်သည့် ဂိုဏ်းတပည့်အကြောင်းကို နားထောင်ပြီးသည်တွင် မင်းသားယုဖေးနှင့် နေရာရှိဂိုဏ်းတပည့်အားလုံးမှာ အံ့ဩထိတ်လန့်ကုန်ကြလျက် သူတို့၏မျက်နှာထက်တွင် ဂုဏ်သရေတင့်တယ်လေးနက်မှုတို့လည်း ထင်ဟပ်လာခဲ့၏။
ယဲ့ဖုန်းကို မင်းသားယုဖေးဖြစ်စေ၊ အခြားသောဂိုဏ်းတပည့်များဖြစ်စေ အားလုံးသိကျွမ်းကြသည်။ မင်းသားယုဖေးမှလွဲ၍ အခြားသောဂိုဏ်းတပည့်များသည် ယဲ့ဖုန်းကို ကြောက်စိတ်ရှိကြပေသည်။
သို့သော် သူတို့ကိုအားကျလေးစားစေသည့် ထိပ်တန်းပါရမီရှင်သည် ဤနေရာတွင် ဦးခေါင်းပင်မရှိသည်အထိ ဆိုးရွားလှစွာသေဆုံးသွားရလိမ့်မည်ဟု မည်သူမျှ မတွေးထင်ထားခဲ့ပါချေ။
ဘယ်သူကများ ထိုမျှထိ ရက်စက်ကြမ်းကြုတ်နိုင်ရသနည်း။ ဘယ်သူကများ ဖေးယုဂိုဏ်းရဲ့ထိပ်တန်းပါရမီရှင်ကို တိုက်ခိုက်ဝံ့ရသနည်း။ ထို့ပြင် ဘယ်သူကများ ထိုမျှကြောက်မက်ဖွယ်စွမ်းအင်မျိုး ရှိနေခဲ့သနည်း။
ယဲ့ဖုန်း၏နတ်ဆိုးချိပ်ပိတ်ခြင်းအဆင့်အတွက် အမှတ်များပျောက်ဆုံးခြင်းကြောင့် မင်းသားဖေးယုနှင့် အခြားဂိုဏ်းသားများသည် ယဲ့ဖုန်းကို သတ်ပစ်ခဲ့သည်မှာ နတ်ဆိုးမိစ္ဆာမဟုတ်ဘဲ ကျင့်ကြံသူတစ်ဦးဖြစ်သည်ကို သိနေခဲ့ပါ၏။
“ထိပ်တန်းပါရမီရှင်တစ်ယောက်ကို ဒီလိုမျိုးကွပ်မျက်ပစ်နိုင်ဖို့ဆိုတာ အဲဒီ့လူရဲ့စွမ်းအင်က သာမန်ထက်သာလွန်ထူးကဲနေတာပဲဖြစ်ရမယ်။ ရှေ့ဆက်တဲ့ခရီးမှာ ငါတို့ဂရုစိုက်ရမယ်”
မင်းသားယုဖေးမှ ပြောခဲ့သည်။ ထိုမျှအင်အားဖြင့်လူသတ်သမားကို ရင်ဆိုင်ရာတွင် မင်းသားယုဖေးသည်လည်း လျစ်လျူမရှုရဲပါချေ။
သူ့အား အန္တရာယ်ပြုဝံ့သူမရှိနိုင်ဟု မင်းသားယုဖေး တွေးတောသည်မှန်ပါသော်ငြား သတိကြီးစွာထားခြင်းသည် မှန်ကန်သည့်လုပ်ရပ်ဖြစ်ပေသည်။
“ဟုတ်ကဲ့!”
…..
သူတို့ထွက်ခွာပြီးနောက်တွင် မင်းသားဖေးယုတို့အုပ်စု ရောက်ရှိလာခဲ့မည်ဟု ဝမ်ဖုန်း မသိခဲ့ပါချေ။ သို့မဟုတ်ပါက ဝမ်ဖုန်း ထွက်ခွာခဲ့မည်မဟုတ်ပါ။ မင်းသားယုဖေးကို စောင့်ဆိုင်းနေခဲ့မည်ဖြစ်၏။
ထိုအခိုက်တွင် ဝမ်ဖုန်းသည် မုယွင်ဖေးတို့ကိုခေါ်ဆောင်၍ နက်ရှိုင်းသည့်နယ်မြေအတွင်းပိုင်းထဲသို့ သွားနေခဲ့ခြင်းဖြစ်သည်။ နောက်မှလိုက်ပါလာသည့် ဝူနျာန်သည်တော့ ဝမ်ဖုန်းကို ကျေးဇူးတင်လေးစားမှုများ ပြည့်နှက်နေ၏။
ဝမ်ဖုန်းသည် သူ၏လက်စားချေမှုကို ကူညီပေးခဲ့ရုံသာမက သူ့အား ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်လာရန် စွမ်းဆောင်ပေးနိုင်သည့် ခရမ်းရောင်ဆန်းကြယ်စိတ်ဝိဉာဉ်ပန်းကိုလည်း ပေးခဲ့သည်။
ထို့ကြောင့်ပင် ဝူနျာန်သည် ရှန်ရှန့်ကျုံဂိုဏ်းသို့ဝင်ရန် အနည်းငယ်တုံ့ဆိုင်းမှုရှိခဲ့သော်ငြား ဝမ်ဖုန်းကိုလေးစားခြင်းမှာမူ တုံ့ဆိုင်းမှုမရှိခဲ့ချေ။
“အခု တစ်ရက်ကုန်ဆုံးသွားပြီ။ နတ်ဆိုးချိပ်ပိတ်ညီလာခံပြီးဆုံးဖို့ အချိန်နှစ်ရက်ကျန်သေးတယ်။ ဒီနှစ်ရက်အတွင်းမှာ မင်းတို့ ကိုယ့်ဘာကိုယ် လေ့ကျင့်နိုင်တယ်”
လမ်းလျှောက်နေရင်းမှ ဝမ်ဖုန်းသည် ရပ်တန့်သွားပြီး နောက်သို့လှည့်ကာ မုယွင်ဖေးတို့အားလုံးကို ပြောခဲ့သည်။
“ဂိုဏ်းချုပ် ဂိုဏ်းချုပ်ကရော?”
ဝမ်ဖုန်း၏စကားအဆုံးတွင် မုယွင်ဖေးတို့အားလုံးသည် အံ့အားသင့်စွာမော့ကြည့်လျက် မေးလာကြ၏။
“ဒီဂိုဏ်းချုပ်က ရှေးဟောင်းနတ်ဘုရားနယ်မြေရဲ့ ဟိုးအတွင်းအနက်ရှိုင်းဆုံးနေရာထိ သွားကြည့်ဖို့ရည်ရွယ်ထားတယ်။ အဲဒါကြောင့် ရှေ့လျှောက်ကို ကိုယ့်ဘာကိုယ်သွားကြ။ ဒီဂိုဏ်းချုပ်မှာ တောင်းဆိုစရာတစ်ခုပဲရှိတယ်။ အဲဒါက နတ်ဆိုးချိပ်ပိတ်ညီလာခံရဲ့အဆင့်၅ဆင့်နေရာကို မင်းတို့တွေသိမ်းပိုက်ဖို့ပဲ”
ဝမ်ဖုန်းသည် မုယွင်ဖေးတို့ကို ကြည့်လျက် တည်ကြည်လေးနက်စွာဖြင့် ပြော၏။
ဝမ်ဖုန်းသည် ရှေးဟောင်းနတ်ဘုရားနယ်မြေကို စူးစမ်းလိုစိတ်ပြင်းပြနေ၏။ နတ်ဆိုးချိပ်ပိတ်ညီလာခံသည် နယ်မြေမှထွက်ခွာခြင်းကို မကန့်သတ်ထားသောကြောင့် အလျဉ်းသင့်သွားခဲ့သည်။ ဤအခွင့်အရေးကိုအသုံးချ၍ ရှေးဟောင်းနတ်ဘုရားနယ်မြေ၏အတွင်းပိုင်းကို သွားရောက်ကြည့်ရှုရပေမည်။
ထို့ပြင် လင်းယုန်ငှက်သည် အရွယ်ရောက်ကြီးပြင်းရန်အတွက် တစ်ကိုယ်တည်းပျံသန်းရန်လိုအပ်၏။
ဝမ်ဖုန်းနောက်သို့ တစ်ချိန်လုံးလိုက်နေပါလျှင် မုယွင်ဖေးတို့အတွက် လေ့ကျင့်ခြင်း၏ရည်ရွယ်ချက် ပျောက်ဆုံးသွားရပေလိမ့်မည်။
ထို့ပြင် မုယွင်ဖေးတို့၏အင်အားဖြင့်ဆိုလျှင် ဤနတ်ဆိုးချိပ်ပိတ်ညီလာခံအတွင်း၌ အန္တရာယ်ပြုနိုင်မည့်သူ မရှိနိုင်ပေ။ တော်ဝင်မင်းသားအထွတ်အထိပ်အဆင့် သားရဲများသည်ပင် သူတို့ငါးဦးအင်အားပေါင်းစည်းလိုက်ပါက ဟန့်တားနိုင်မည်မဟုတ်ချေ။ သတိတကြီးရှိနေသ၍ အန္တရာယ်ကင်းလိမ့်မည်ဖြစ်၏။
ထို့ပြင် လီဟေးနှင့်ဝမ်ဖုန်း၌ အမြဲတစေ ဖောက်ထွင်းမြင်နိုင်စွမ်းမရှိနေပါ။ သို့သော် အမှန်တကယ် အန္တရာယ်ကြုံလာရပါက လီဟေးမှ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်၏။ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ရှိ ဝမ်ဖုန်း၏ကျင့်ကြံမှုဖြင့်ပင် လီဟေး၏ အစစ်အမှန်အင်အားမှာ မည်မျှပမာဏဖြစ်သည်ကို မမှန်းဆနိုင်ပေ။
မုယွင်ဖေးတို့သည် ဝမ်ဖုန်း၏စကားကြောင့် တိတ်ဆိတ်သွားကြ၏။ သူတို့သည် ဝမ်ဖုန်းကို ဆွဲထား၍မရသကဲ့သို့ ဝမ်ဖုန်းနှင့်အတူ ရှေးဟောင်းနတ်ဘုရားနယ်မြေအတွင်းထဲသို့ လိုက်သွား၍လည်းမရချေ။ သူတို့၏ကိုယ်ခန္ဓာလေးဖြင့် ဝင်သွားခဲ့ပါက ဖိအားများကြောင့် ကြောက်ရွံ့ထိတ်လန့်နေရပေလိမ့်မည်။
“ဂိုဏ်းချုပ် မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ ဂိုဏ်းချုပ်ရဲ့မျှော်မှန်းချက်အတိုင်း နတ်ဆိုးချိပ်ပိတ်အဆင့် ထိပ်တန်း၅ဆင့်ကိုသိမ်းပိုက်ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ဂုဏ်တက်စေရပါမယ်”
အချိန်ခဏမျှတိတ်ဆိတ်နေပြီးနောက်တွင် မုယွင်ဖေးတို့မှ လေးစားစွာဖြင့် အလျင်အမြန်ဖြေကြားခဲ့၏။ ဝူနျာန်သည်လည်း အနည်းငယ် စိတ်မသက်မသာဖြစ်ရသော်ငြား အလိုက်တသင့်နေပေးခဲ့လေသည်။
လီဟေးတစ်ဦးတည်းသာ ထောင်လွှားဟန်ဖြင့် အသာအယာ ခေါင်းတစ်ချက်ညိတ်ပြ၏။
“မင်းတို့ငါးယောက် စည်းလုံးရမယ်။ ရှန်ရှန့်ကျုံဂိုဏ်းကို မင်းတို့ရဲ့အိမ်လိုသဘောထားပြီး ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေအားလုံးဟာ အချင်းချင်း တစ်ဦးကိုတစ်ဦးမှီခိုနိုင်တဲ့ ကျောထောက်နောက်ခံအဖြစ် သဘောထားဆက်ဆံနိုင်ဖို့ ငါဂိုဏ်းချုပ်မျှော်လင့်တယ်”
ဝမ်ဖုန်း၏မျက်လုံးများတွင် အလင်းတစ်စ နက်ရှိုင်းစွာဖြစ်တည်နေ၏။ မျက်နှာအမူအရာသည်လည်း တည်ကြည်လေးနက်နေခဲ့သည်။
“ဟုတ်ကဲ့ ဂိုဏ်းချုပ်”
မုယွင်ဖေးတို့အားလုံးသည်လည်း လက်လျှော့ရန်အတွေးမရှိကြသကဲ့သို့ ဝမ်ဖုန်းကိုလည်း အရှက်မရစေလိုကြပေ။ ထို့ကြောင့် စိတ်အားထက်သန်စွာ ခေါင်းညိတ်ခဲ့ကြသည်။
“နောက်နှစ်ရက်ကြာလို့ ငါဂိုဏ်းချုပ်ပြန်မလာခဲ့ရင် မင်းတို့အရင်ထွက်သွားပြီး အကြီးအကဲချီမိန်နဲ့ အခြားအကြီးအကဲတွေကို ရှာကြ။ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်အရာကိုမှ မကြောက်ဘူးဆိုတာကို မှတ်သားထားပါ။ ငါတို့ကိုစော်ကားပြုမူရဲတဲ့သူမှန်သမျှ အဲဒါဘယ်သူပဲဖြစ်ပါစေ အင်ပါယာရဲ့အိမ်ရှေ့စံမင်းသားဆိုရင်တောင်မှ သတ်ပစ်နိုင်တယ်။ မနိုင်ရင် ထွက်ပြေးကြ! ထွက်ပြေးတယ်ဆိုတာ ရှက်စရာမဟုတ်ဘူး။ အသက်ကသာ အရာရာပဲ!”
ဝမ်ဖုန်း ထပ်မံသတိပေးလိုက်သည်။ ဤတစ်ကြိမ် ရှေးဟောင်းနတ်ဘုရားနယ်မြေအတွင်းထဲသို့ ဝင်ရောက်ခြင်း၌ မည်သည့်အရာနှင့်ကြုံတွေ့ရမည်ကို ဝမ်ဖုန်း မသိချေ။ ဤတစ်ကြိမ်တွင် ပြန်ထွက်လာနိုင်ရန်လည်း မသေချာပေ။ ထို့ကြောင့် အရာအားလုံးကို အချည်းနှီးမဖြစ်စေရန် စီစဉ်ထားရပေမည်။
ရှေးဟောင်းနတ်ဘုရားနယ်မြေသို့ ရောက်လာခဲ့ချိန်မှစ၍ ဝမ်ဖုန်း၏စိတ်ထဲတွင် ရှေးဟောင်းနတ်ဘုရားနယ်မြေ၏အတွင်းထဲသို့ လမ်းညွှန်နေသည့်အသံတစ်ခု ရှိနေခဲ့သည်။ ထို့ကြောင့် ဝမ်ဖုန်းလည်း ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ သူ့အား ဆွဲဆောင်နေသည့်အရာကို သွားရောက်ကြည့်ရှုရပေမည်။
စူးစမ်းလိုရုံမျှသာဖြစ်လျှင် ဝမ်ဖုန်းသည် မုယွင်ဖေးတို့ကို ထားရစ်ခဲ့မည်မဟုတ်ပါ။ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးမှ ဝင်ရောက်ရှာဖွေလိမ့်မည်ဖြစ်သည်။ သို့သော် သူ၏စိတ်တွင်းထဲမှအသံသည် ပို၍ပို၍လေးနက်ပြင်းထန်လာလေရာ ဝမ်ဖုန်းကို မစောင့်ဆိုင်းနိုင်ဖြစ်စေခဲ့သည်။
“ဂိုဏ်းချုပ် စိတ်အေးချမ်းစွာနဲ့သွားပါ။ ကျွန်တော်တို့ နောက်မှ ပြန်လာရှာပါ့မယ်”
မုယွင်ဖေးမှ ကျယ်လောင်စွာပြောခဲ့သည်။
???
ဝမ်ဖုန်းသည် မုယွင်ဖေးအား အရေးမထားဟန် ငေးစိုက်ကြည့်နေခဲ့ပြီးနောက် စကားမဆိုဘဲ ထွက်သွားတော့သည်။
“ဂိုဏ်းတူအစ်ကို အစ်ကိုတော့ ဂိုဏ်းချုပ်မှတ်တာခံလိုက်ရပြီ”
ဝမ်ဖုန်းထွက်ခွာသွားသည်တွင် လီထျန်းရှင်းသည် ရွှတ်နောက်နောက်ဖြင့်ပြုံးလျက် မုယွင်ဖေးအား ပြော၏။
“ငါက ဂိုဏ်းချုပ်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်လာစေချင်ရုံပါ။ ရှေးဟောင်းနတ်ဘုရားနယ်မြေက နက်ရှိုင်းတယ်။ ပြီးတော့ ဘယ်သူမှလည်း အဲ့ထဲကို မဝင်ဖူးဘူးလေ”
မုယွင်ဖေးသည် လီထျန်းရှင်းကို ပြန်မပြောခဲ့ပါ။ သို့သော် ဝမ်ဖုန်းထွက်ခွာသွားရာဘက်သို့ကြည့်၍ နူးညံ့ညင်သာစွာ တီးတိုရေရွတ်၏။ သူ၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေခဲ့သည်။
မုယွင်ဖေးသည် ဝမ်ဖုန်းအပေါ်တွင် ယုံကြည်မှုအပြည့်အဝရှိပြီး ဝမ်ဖုန်းသည် ကြိုတင်မှန်းဆ၍မရနိုင်သည်ကိုသိသော်ငြား ရှေးဟောင်းနတ်ဘုရားနယ်မြေအတွင်းပိုင်းဟူသည် လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်မဟုတ်ပါလော။ အင်ပါယာကြီးသုံးခုတွင် မည်သူမျှ မဝင်ရောက်ရဲခဲ့ပေ။ ဝမ်ဖုန်းသည် မည်သူမျှမဝင်ရောက်ခဲ့ဖူးသည့် ကန့်သတ်နယ်မြေတွင်းသို့ ဝင်ရောက်မည်ဖြစ်သောကြောင့် မုယွင်ဖေးမှာ စိုးရိမ်ပူပန်နေရခြင်းဖြစ်သည်။
မုယွင်ဖေး၏စကားကိုကြားလိုက်ရသည်တွင် လီထျန်းရှင်းသည် အချိန်ခဏမျှ တိတ်ဆိတ်သွား၏။ ဝူနျာန်၏မျက်နှာသည်ပင် အနည်းငယ်လေးလံနေခဲ့သည်။ မိမိမှာ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ပြီးခါစတွင်ပင် ဝမ်ဖုန်းမှ သူတို့ကိုထားရစ်ခဲ့ပြီး မည်သူမျှ မဝင်ရောက်ခဲ့ဖူးသည့် ကန့်သတ်နယ်မြေထဲသို့ ဝင်ရောက်သွားလိမ့်မည်ဟု ဝူနျာန် မမျှော်လင့်ထားခဲ့မိပေ။
“အင်း… ဂိုဏ်းချုပ်ရဲ့အရည်အချင်းက ငါတို့မှန်းဆလို့ရတဲ့အရာမဟုတ်ပါဘူး။ ဂိုဏ်းချုပ်ကို သာမန်လူတွေကိုကြည့်တဲ့အမြင်နဲ့ မကြည့်လိုက်နဲ့။ ငါတို့အခု စိတ်ပူသင့်တာက နတ်ဆိုးချိပ်ပိတ်ခြင်းအဆင့်ရဲ့ ထိပ်တန်း၅ဆင့်ကို ဘယ်လိုရအောင်ယူမလဲဆိုတာပဲ”
လင်းဖေးဝူမှ ပြုံးလျက်ဖြင့် လက်ဝှေ့ယမ်း၍ပြောခဲ့သည်။