တစ်ဖက်လောကလျိုယင်း။
Vol. 4 Ch. 54
ထိုထူးဆန်းသည့်အရာ၏ လှုပ်ရှားမှုအရှိန်နှုန်းသည် လျင်မြန်လွန်းလှသည်။ ၎င်းမှာ အရှိန်မလျှော့ဘဲနှင့် ဝမ်ဖုန်းမှာ ပြိုင်ဘက်၏အရိပ်ကိုပင် ဖမ်းမမိနိုင်ပါလျှင် အဘယ်သို့များ ပြန်လည်တိုက်ခိုက်နိုင်တော့မည်နည်း။
ထူးဆန်းသည့်အရာ၏တိုက်ခိုက်မှုသည် ဝမ်ဖုန်းကို ကြီးမားသည့်ထိခိုက်မှု မဖြစ်စေသော်ငြား တစ်ချိန်လုံးတိုက်ခိုက်နေခြင်းမှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလှသည်။
ထို့ပြင် ဤသို့ဆက်လက်ဖြစ်ပွားနေပါက ဝမ်ဖုန်းအနေဖြင့် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ဖြစ်လျှင်သော်မှ ရှင်သန်ခြင်းနှင့်သေဆုံးခြင်း၏ စားသုံးမှုကိုခံယူရလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် ရှေးဟောင်းနတ်ဘုရားနယ်မြေအလယ်တွင် သူ၏ချီစွမ်းအင်ကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်စွမ်း ရှိမနေပေ။
ထို့ကြောင့် ဝမ်ဖုန်းသည် စိတ်ချရသောနည်းလမ်းတစ်မျိုးကိုသာ အသုံးပြုခဲ့သည်။ ဝမ်ဖုန်း၏မီတာ၁၀ဝန်းကျင်တွင် ခမ်းနားလှစွာေသာချီစွမ်းအင်များဖြင့်ဝန်းရံနေခဲ့ရာ ဝမ်ဖုန်း၏ဝန်းကျင်ရှိလေဟာပြင်ကို တောင့်ခဲခိုင်မာနေစေ၏။
ထိုအတွင်းသို့ကျရောက်သွားခဲ့ပါလျှင် ရွှံ့ညွန်ထဲကျရောက်သွားသည်ကဲ့သို့ လွတ်မြောက်နိုင်မည်မဟုတ်ချေ။ ဝမ်ဖုန်းနှင့်မီတာ၁၀အကွာအဝေးအတွင်း သာမန်ဆန်းကြယ်အင်ပါယာကျင့်ကြံသူ ပေါ်ထွက်လာခဲ့ပါက လှုပ်ရှားနိုင်လိမ့်မည်မဟုတ်ပေ။
ဟမ်!
ထိုအခိုက်တွင် ထူးဆန်းသည့်အသံ တစ်ဖန်ပြန်လည်ထွက်ပေါ်လာ၏။ ဝမ်ဖုန်းသည် မျက်လုံးများကိုမှေးကျဉ်းလိုက်ပြီး ချီစွမ်းအင်များလည်း ခန္ဓာကိုယ်ကို ရုတ်ချည်းလွှမ်းခြုံသွား၏။ ဝမ်ဖုန်းသည် မိမိမှာ ထိုထူးဆန်းသည့်အရာကို မထိတွေ့နိုင်ဟု မယုံကြည်ပါချေ။
ဘုန်း!
ဝမ်ဖုန်းမှ စိတ်ဝိဉာဉ်ဉာဏ်စွမ်းကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် စွမ်းအားကြီးတစ်ခုမှ သူ၏ခန္ဓာကိုယ်ကို တိုက်ခိုက်နေသည်ကို ထပ်မံခံစားရလိုက်ရပြန်သည်။ ဝမ်ဖုန်းမှာ အထက်အောက် လွင့်ပျံတက်သွားရ၏။ ကိုယ်ဟန်အနေအထားကို ပြန်လည်တည်ငြိမ်အောင် မထိန်းချုပ်နိုင်မီတွင် လေထဲ၌ အကြိမ်အနည်းငယ်မျှ လည်ထွက်သွားခဲ့သေးသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ ဝမ်ဖုန်းသည် ထူးဆန်းသည့်အရာကြီး၏ ပုံသဏ္ဍာန်ကိုသေချာမြင်လိုက်ရသည်။ တိုတောင်းလှသော အချိန်လေးမျှသာဖြစ်သော်ငြား ထိုအရာ၏သရုပ်မှန်ကို ဝမ်ဖုန်းသိသွားခဲ့ပါ၏။
အမှန်အတိုင်းဆိုရပါလျှင် ထိုထူးဆန်းသည့်အရာ၏သရုပ်မှန်ကြောင့် ဝမ်ဖုန်း အံ့ဩထိတ်လန့်သွားခဲ့ရသည်။ ရှေးဟောင်းနတ်ဘုရားနယ်မြေတွင် ထိုကဲ့သို့သောအရာမျိုး ရှိနေလိမ့်မည်ဟု ဝမ်ဖုန်း မမျှော်လင့်ထားခဲ့ပါ။
တစ်ဖက်လောကလျိုယင်း!
ရှင်ခြင်းသေခြင်းဟူသည် လျင်မြန်လွန်းလှသည်။ စိတ်ဝိဉာဉ်မှာ ပြန်လည်မလာမီ၌ပင် ရွှမ်ယင်သည် သတ်ဖြတ်ခံခဲ့ရပြီး မြှုပ်နှံခံလိုက်ရသည်။
ဒဏ္ဍာရီများတွင် ငရဲဘုံရှိနွေဦးဝါ၏တစ်ဖက်ခြမ်းတွင် လျိုယင်းဟုအမည်ရသည့် နတ်ဆိုးမိစ္ဆာတစ်ကောင်ရှိသည်ဟူ၍ ပြောစမှတ်ပြုကြသည်။ ၎င်း၏ခန္ဓာကိုယ်သည် အဝါရင့်ရောင်ဖြင့် အရွယ်အစားမှာတစ်လက်မခန့်ဖြစ်ကာ အရှိန်နှုန်းသည် အလွန်လျင်မြန်သည်။
ဤမိစ္ဆာသည် အခြားမိစ္ဆာများနှင့်ကွာခြား၏။ ၎င်းတွင် ဝိဉာဉ်မရှိ၊ အသက်မရှိ၊ နှလုံးသားမရှိပေ။ သို့သော် ဤကမ္ဘာလောကတွင် ရှင်သန်နေထိုင်၏။ ဝမ်ဖုန်း ယခုကြုံတွေ့နေရသည့်မိစ္ဆာ၏ အရာအားလုံးမှာ တစ်ဖက်လောကလျိုယင်းကို ဖော်ဆောင်နေပေသည်။
ထိုကဲ့သို့သောမိစ္ဆာသည် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံမှုမှ မွေးဖွားလာကြသည်ဟုဆိုကြသည်။ အရွယ်ရောက်ပြီးသည်လျိုယင်းသည် ပို၍ပင်ကြောက်မက်ဖွယ်ကောင်း၏။ ဒဏ္ဍာရီလာသားရဲကြီးများပင် လျိုယင်း၏တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိချေ။
ထို့ပြင် အရွယ်ရောက်ပြီးသည့်လျိုယင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ထူးကဲသာလွန်သည့်စွမ်းအင်ကို မွေးဖွားနိုင်ပေသည်။ လျိုယင်းသည် နတ်သားရဲတစ်ပါးမဟုတ်ဘဲ နတ်ဆိုးမိစ္ဆာတစ်ကောင်ဖြစ်သော်ငြား နတ်သားရဲကောင်များထက် များစွာပို၍ကြောက်မက်ဖွယ်ကောင်းပေသည်။
ကောင်းကင်နှင့်ပထဝီမြေကြီး၏ခေတ်ကာလတစ်ခုတွင် တစ်ဖက်လောကလျိုယင်းတစ်ကောင်သာ မွေးဖွားနိုင်၏။
ဤရှေးဟောင်းနတ်ဘုရားနယ်မြေတွင် တစ်ဖက်လောကလျိုယင်းကို ဆုံတွေ့ရလိမ့်မည်ဟု ဝမ်ဖုန်း မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် ၎င်းတစ်ဖက်လောကလျိုယင်းသည် အကောင်ပေါက်လေးသာဖြစ်၏။ သို့ဖြစ်ရာ ဝမ်ဖုန်းမှာ နဖူးတွင်ချွေးစေးများ ပြန်လာခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လောကလျိုယင်းသည် မွေးကင်းစအကောင်ပေါက်လေးဖြစ်နေ၍တော်ပါသေးသည်။ သို့မဟုတ်ပါက ၎င်း၏ပထမဆုံးတိုက်ခိုက်မှုဖြင့်ပင် ဝမ်ဖုန်းမှာ အသက်ထွက်သွားပြီးဖြစ်လောက်ပေမည်။ မည်သို့အသက်ထွက်သွားခဲ့သည်ကိုပင် မသိလိုက်ရသည့်သေဆုံးမှုမျိုး ဖြစ်သွားနိုင်၏။
ထိုနတ်ဆိုးမိစ္ဆာအကြောင်းကို အရင်က ကြားခဲ့ဖူးသည်တွင် ဝမ်ဖုန်းသည် ၎င်းမှာ ဒဏ္ဍာရီပုံပြင်များထဲတွင်သာရှိသည်ဟု ေတွးထင်၍လှောင်ရယ်ခဲ့သေး၏။ သို့သော် ၎င်းမိစ္ဆာကောင်မှာ အမှန်တကယ်ရှိနေခဲ့ပြီး မိမိမှာ ပက်ပင်းတိုးမိသွားခဲ့သေးသည်။
ဝမ်ဖုန်းမှာ အလွန်ရှုပ်ထွေးသွားရ၏။ တစ်ဖက်လောကလျိုယင်းသည် အဘယ်ကြောင့် ရှေးဟောင်းနတ်ဘုရားနယ်မြေတွင် ထွက်ပေါ်လာရသနည်း။
ထိုကဲ့သို့သောမိစ္ဆာမျိုးသည် ဟွမ်ချွမ်း၏အခြားတစ်ဖက်တွင် ရှိနေသင့်သည်မဟုတ်ပါလော။
ဟမ်!
ဝမ်ဖုန်း စဉ်းစားတွေးတောနေစဉ်တွင် ထူးဆန်းသည့်အသံ တစ်ဖန်ထွက်ပေါ်လာပြန်ကာ ဝမ်ဖုန်းမှာ တစ်ဖန် လွင့်ထွက်သွားရပြန်သည်။ ဤတစ်ကြိမ်တွင်လည်း ဝမ်ဖုန်းသည် တစ်ဖက်လောကလျိုယင်း၏ပုံပန်းသွင်ပြင်ကို ထပ်မံမြင်တွေ့ခဲ့ရပါ၏။
သို့သော် ဤတစ်ကြိမ်တွင် ဝမ်ဖုန်းသည် ချီစွမ်းအင်ဖြင့် မိမိကိုယ်ကို မကာကွယ်ခဲ့တော့ပေ။
သေချာစဉ်းစားကြည့်လိုက်သည်တွင် ထိုတစ်ဖက်လောကလျိုယင်းသည် မိမိအား ကစားစရာတစ်ခုဟုသဘောထား၍ ဆော့ကစားနေခြင်းဖြစ်သည်ကို ဝမ်ဖုန်း နားလည်သွားခဲ့သည်။ သို့မဟုတ်ပါက တစ်ဖက်လောကလျိုယင်း၏ကြောက်မက်ဖွယ်စွမ်းအင်ဖြင့် အကြိမ်ပေါင်းများစွာ အသွေးအသားများချေမွခံရပြီးဖြစ်ကာ ယခုချိန်ထိ အသက်ရှင်နေနိုင်မည်မဟုတ်ချေ။
“စမ်းကြည့်ရမလား”
ဝမ်ဖုန်းသည် မျက်လုံးများမှေးကျဉ်းလျက် တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်၏။
ဝမ်ဖုန်းသည် ဤကဲ့သို့မိစ္ဆာမျိုးအကြောင်းကို မုယွင်ဖေးပေးခဲ့သည့် ရှန်းလန်ကျားထန်စာအုပ်တွင် လေ့လာခဲ့ဖူးပြီး ထိုစာအုပ်တွင် မှတ်တမ်းတင်ထားသည့် စာတစ်ကြောင်းကိုမှတ်မိနေခဲ့သည်။
လျိုယင်းနှင့်ဆုံတွေ့ခဲ့လျှင် ကျိန်းသေပေါက်သေဆုံးရလိမ့်မည်! အလားအလာရှိနိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာ မိမိ၏သွေးဖြင့် ၎င်းမိစ္ဆာကိုသွေးဆောင်ဖြားယောင်းရန်ဖြစ်သည်။ ၎င်းမိစ္ဆာမှ စိတ်ကျေနပ်ခဲ့ပါလျှင် အခွင့်အရေးတစ်ခုဖြစ်ပြီး စိတ်မကျေနပ်ခဲ့ပါလျှင် သေဆုံးရလိမ့်မည်။
ထိုစာကြောင်းကိုဖတ်ခဲ့ချိန်တွင် ဝမ်ဖုန်းသည် အပြင်းအထန်ရယ်မောခဲ့သေး၏။ မသေဆုံးမယ့်အခွင့်အရေးတဲ့! အဲ့ကောင်ကိုသွေးဆောင်ဖြားယောင်းဖို့ သွေးဘယ်လောက်များများ လိုအပ်မှာများလဲ?
သို့သော် သူလှောင်ရယ်ခဲ့ပြီးမကြာမီ၌ပင် ထိုနည်းလမ်းကို ကိုယ်တိုင်စမ်းကြည့်ရန် ဖြစ်လာခဲ့လေသည်။
ဝမ်ဖုန်းသည် ထိုနည်းလမ်းကို စမ်းကြည့်ရန်ဆုံးဖြတ်ခဲ့ခြင်းမှာ အသွေးအသားများ ထုချေမခံလိုသောကြောင့်ဖြစ်ပါ၏။ တစ်ဖက်ပြိုင်ဘက်၏တောက်လောင်မှုကို ခံစားနိုင်သော်ငြား မိမိမှာ ရင်ဆိုင်နိုင်စွမ်း ရှိမနေချေ။
အရှိန်နှုန်းမှာ အလွန်အမင်းလျင်မြန်ပြီး တစ်လက်မအရွယ်အစားသာရှိရာ အဘယ်သို့စမ်းကြည့်ရမည်နည်း။ မိမိ သတ်ဖြတ်ခံလိုက်ရနိုင်ခြေရှိသည်။ ၎င်းသည် အကောင်ပေါက်လေးသာဖြစ်နေပြီး အဆော့မက်နေသောကြောင့်သာ မဟုတ်ခဲ့ပါက ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိသည့်အခြေအနေဖြင့် ဝမ်ဖုန်းမှာ အကြိမ်ကြိမ်သေဆုံးပြီးနေလောက်ပေပြီ။ ယခုတွင် ဝမ်ဖုန်းမှာ လဲကျမသွားသေးသော်ငြား ဒူးတစ်ဖက်ထောက်ထားရသည့် အခြေအနေဖြစ်သည်။
ဝမ်ဖုန်းသည် လက်ချောင်းများကိုဆန့်ထုတ်၍ ချီစွမ်းအင်ဓားတစ်လက် ဖန်ဆင်းလိုက်သည်။ ထို့နောက် တခြားလက်တစ်ဖက်ကို ခပ်သာသာလှီးဖြတ်လိုက်ရာ လက်ဖဝါးမှ သွေးများစိမ့်ထွက်လာ၏။
လေဟာပြင်တွင် ခပ်ဖျော့ဖျော့သွေးညှီနံ့အချို့ စိမ့်ဝင်သွားခဲ့သည်။
ထို့နောက်တွင် အဝါရောင်ဖွားဖွားအကောင်ပေါက်လေးသည် ဝမ်ဖုန်းရှေ့သို့ ရောက်လာခဲ့၏။ လေဟာပြင်တွင် ပျံသန်းနေရင်းဖြင့် ခေါင်းသေးသေးလေးမှာ ဟိုရမ်းသည်ရမ်းဖြင့် တစ်စုံတစ်ရာကို အနံ့ခံကြည့်နေလေသည်။
ဝမ်ဖုန်းသည် လှုပ်ရှားမှုမပြုဘဲ တိတ်တဆိတ်စောင့်ကြည့်နေခဲ့ပြီးနောက် သွေးထွက်နေသည့်လက်ဖဝါးကို ဖြေးဖြေးချင်း ရှေ့သို့ဆန့်ထုတ်လိုက်သည်။
ဤအကောင်ပေါက်လေးကို ချစ်စဖွယ်ကောင်းသည်ဟု အတွေးမဝင်သင့်ပေ။ ၎င်း၏ချစ်စဖွယ်ကောင်းမှုသည် လူသတ်နိုင်၏။ သတိတကြီးမထားပါလျှင် အသက်ပျောက်သွားရပေမည်။
ဤသေးငယ်သည့်ခန္ဓာလေးအတွင်းတွင် မည်မျှပမာဏသော စွမ်းအားကြီးများ ပုန်းခိုတည်ရှိနေသည်ကို မမှန်းဆနိုင်ပေ။ သာမန်လူများမှာ မြင်တွေ့ခဲ့ပါလျှင် ဤအကောင်ပေါက်လေးမှာ ပေါက်ဖတ်ပိုးမွှားကောင်လေးဟု တွေးထင်ကြပေရော့မည်။
ကမ္ဘာလောကကြီးမှာ ကြီးမားကျယ်ပြောလှသည်ဖြစ်ရာ ဤအခြင်းအရာများမှာ အံ့ဩဖွယ်ရာတော့လည်း မဟုတ်ပါချေ။
ဝမ်ဖုန်းသည် သူ၏စိတ်နှလုံးကို တိတ်တဆိတ်ထိန်းချုပ်ထားလိုက်သည်။ ဝမ်ဖုန်းတွင် စနစ်ရှိနေသော်ငြား ဤလောကတွင် ထူးခြားဆန်းကြယ်သည့်အရာများစွာရှိနေသည်ဖြစ်ရာ မိမိအနေဖြင့် သတိကြီးစွာထားရပေမည်။
အင်းးးး….
သို့သော် ထိုအခိုက်အတန့်တွင် အိပ်မက်အလား နူးညံ့သည့်အသံတစ်ခုကို ဝမ်ဖုန်းကြားလိုက်ရသည်။ မိမိမှာ ဝေ့ဝဲနေသည့်လျိုယင်းသည် မရေမတွက်နိုင်စွာသောကမ္ဘာလောကများကို ဖြတ်သန်းနေခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ထင်မိ၏။ အခြားတစ်ဖက်ရှိ အိပ်မက်ပုံရိပ်ယောင်အလား တစ်ဖက်လောကကို မြင်တွေ့ခဲ့ရသည်ဟုလည်း ထင်မိသည်။ ထိပ်ဖျားတွင် ဆန်းကြယ်လှစွာသော မှော်စွမ်းအင်ပန်းတစ်ပွင့် ပွင့်လန်းနေခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟုလည်း ထင်မိ၏။
ဝမ်ဖုန်း အသိပြန်ဝင်လာချိန်တွင် လက်ဖဝါးမှ နာကျင်မှုကိုခံစားလိုက်ရသည်။ ဝမ်ဖုန်း ငုံ့ကြည့်လိုက်ရာ အကောင်ပေါက်လေးသည် သူ၏လက်ဖဝါးထက်တွင်ခိုနား၍ ဖြေးဖြေးချင်း သွေးစုပ်နေလေသည်။
အစပိုင်းတွင် အနည်းငယ်နာကျင်ရသည်မှလွဲ၍ အေးစက်မှုအနည်းငယ်ကို ခံစားလိုက်ရပြီး နောက်ပိုင်းတွင် ထိုအကောင်ငယ်လေး၏ သွေးစုပ်ခံနေရသည့်ခံစားချက်မှာ တဖြေးဖြေးနှင့် သက်သောင့်သက်သာရှိလာခဲ့သည်။
အကောင်ငယ်လေး၏စမ်းလက်များသည် အလွန်နူးညံ့လွန်းလှ၍ မိမိမှာ ထိုအကောင်ငယ်လေးကို အချိန်မရွေး ဖိချေပစ်နိုင်မည့်အလား ခံစားရပေသည်။
သို့သော် ဝမ်ဖုန်း မလှုပ်ရှားရဲပါ။ တကယ်တမ်း လက်ကိုဆုပ်၍ဖိချေလိုက်ပါလျှင် ထိုအကောင်ပေါက်လေး မသေဆုံးဘဲ မိမိ၏လက်သာ ပေါက်ကွဲသွားလိမ့်မည်ဟု ခံစားရပေသည်။
ဤထူးဆန်းသည့်သားရဲသည် မည်မျှစွမ်းအားကြီးသည်ကို မည်သူမျှ မမှန်းဆနိုင်ပေ။ ဝမ်ဖုန်းသည် ထိုအကောင်ပေါက်လေးကို သွေးဆောင်ဖြားယောင်းနိုင်ခဲ့သည်။ ဝမ်ဖုန်း ဒုက္ခမများလိုပေ။ ဤအကောင်ပေါက်လေးမှ မီးထမွှေးလျှင်သော်မှ မိမိမှာ သည်းခံရပေမည်။
“-ြီး!!”
ထိုအခိုက်တွင် ဝမ်ဖုန်းမှာ အချိန်ခဏမျှ ကြောင်အသွားလျက် မျက်နှာအမူအရာမှာ သိသိသာသာပြောင်းလဲသွားရသည်။ သူ၏ခန္ဓာကိုယ်တွင်းမှ ချီစွမ်းအင်များသည် ကသုတ်ကရက်ထွက်လာခဲ့ပြီး သွေးထွက်နေသည့်လက်သို့ ဦးတည်သွားနေခဲ့သည်။
ထိုအကောင်ပေါက်လေးသည် ဝမ်ဖုန်း၏သွေးကိုစုပ်ယူပြီးသော်ငြား မကျေနပ်သေးပုံရ၏။ ၎င်းသည် ဝမ်ဖုန်း ဓားဖြင့်လှီးဖြတ်ထားသည့် ဒဏ်ရာရှိရာလက်ဖဝါးမှ လက်ေမာင်းသို့တက်သွားခဲ့လေသည်။
ဝမ်ဖုန်းမှာ ထိတ်လန့်သွားရလျက် သူ၏ခန္ဓာကိုယ်မှ ချီစွမ်းအင်များသည်လည်း ဆက်တိုက်ထွက်နေခဲ့သည်။ ဝမ်ဖုန်းသည် ထိုအကောင်ပေါက်လေးကို အမြန်ဆွဲထုတ်ချင်မိ၏။
၎င်းမှာ တစ်ဖက်လောကလျိုယင်းဖြစ်သည်။ ဒဏ္ဍာရီများအရ ဟွမ်ချွမ်း၏အခြားတစ်ဖက်ရှိ အထူးခြားဆန်းကြယ်ဆုံးသော နတ်ဆိုးမိစ္ဆာမှာ တစ်ဖက်လောကလျိုယင်းဖြစ်လေသည်။ ဤအကောင်ပေါက်လေးမှ သူ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားခဲ့သည်ကို မိမိမှာ အဘယ်ကြောင့်များ မသေဆုံးသေးသနည်း။
ဘုန်း!
ထိုအခိုက်အတန့်တွင် ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ ခမ်းနားကြီးကျယ်သောချီစွမ်းအင်များ ပေါက်ကွဲထွက်သွားခဲ့သည်။ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ချီစွမ်းအင်သည် ကြိုတင်အရိပ်အယောင်ပြခြင်းမရှိ ပေါက်ကွဲသွား၏။ ထိုပေါက်ကွဲမှုကြောင့် ဝမ်ဖုန်း၏ပတ်ဝန်းကျင်လေဟာပြင်မှာ လှိုင်းထသွားရလေသည်။
ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင်းစွမ်းအင်များမှာ အပြင်းအထန်ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြကာ သူ၏လက်မောင်းထက်တွင် စုစည်းကြကုန်သည်။ စွမ်းအင်အဟုန်ပြင်းစွာဖြစ်တည်လျက် တစ်ဖက်လောကလျိုယင်းကို ခန္ဓာကိုယ်တွင်းမှထုတ်ရန် ကြိုးပမ်းနေခဲ့သည်။
…..
ဝမ်ဖုန်းသည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အခြေခံမှ ထိုးဖောက်ခွဲသွားချိန်တွင် ရှေးဟောင်းနတ်ဘုရားနယ်မြေ၏အလယ်မှ ဗြောင်ဝတ်ရုံဖြင့်နောက်ကျောတွင် ဓားကြီးတစ်ချောင်းကိုသယ်ပိုးထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်သည် တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား အထက်ကောင်းကင်မှ ဆင်းသက်ကျရောက်လာခဲ့သည်။
ဝမ်ဖုန်း အသက်ကိုအပူတပြင်းရှူသွင်းလိုက်ချိန်တွင် ထိုလူကြီးသည် ရပ်တန့်သွား၍ ဝမ်ဖုန်းရှိရာသို့ စိုက်ကြည့်လာခဲ့၏။ ထို့နောက်တွင် ဝမ်ဖုန်းသို့ဦးတည်၍ လှည့်လျှောက်လာခဲ့သည်။ ကနေဦးတွင် ဖြေးညင်းစွာလျှောက်လာနေခဲ့ပြီး ပို၍ပို၍လျင်မြန်လာခဲ့ကာ အဆုံးသတ်တွင် ၎င်းမှာစွဲကျန်ရစ်သည့်ပုံရိပ်သာဖြစ်နေခဲ့သည်။
…..
“အေးလိုက်တာ!”
ဝမ်ဖုန်း စိတ်ပျက်နေမိ၏။ မိမိမှာ ပြင်းပြင်းထန်ထန် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရသည်။ တစ်ဖက်လောကလျိုယင်းကို တွန်းအားမပေးခဲ့ရုံမျှမက ပို၍ပင် စိတ်လှုပ်ရှားသွားစေခဲ့သည်။ ထိုအကောင်ပေါက်လေးသည် မိမိမှာ သူနှင့်ဆော့ကစားပေးနေသည်ဟု အထင်ရောက်နေပုံရလေသည်။
ဝမ်ဖုန်းသည် မိမိ၏စိတ်ဝိဉာဉ်အတွင်းသို့ နစ်မြုပ်ဝင်ရောက်၍ သူ၏နှလုံးအိမ်တွင်လဲလျောင်းနေသည့် အကောင်ပေါက်လေးကိုကြည့်လိုက်သည်။ သူ၏နှလုံးတစ်ခုလုံးမှာ ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ဝမ်ဖုန်းခံစားနေရသည်။ တစ်ကိုယ်လုံးအေးစက်ကာ ကြက်သီးမွေးညင်းများပင်ထလာရသည်။
ဝမ်ဖုန်းသည် မိမိမှာ အတော်လေးသတ္တိကောင်းသည်ဟု ခံစားရပါ၏။ သို့သော် ဤမိစ္ဆာကောင်မှာ သူ၏နှလုံးအိမ်အား အသိုက်အဖြစ်အသုံးပြုသည့် ကြောက်မက်ဖွယ်မိစ္ဆာကောင်ဖြစ်၏။ မည်သူမဆို ကြောက်လန့်လွန်း၍ သေသွားနိုင်လောက်သည့် မိစ္ဆာကောင်ဖြစ်သည်။
ဤအကောင်ပေါက်လေး၏ကျင့်ကြံမှုမှာ ဆန်းကြယ်အင်ပါယာအစောပိုင်းအဆင့်ဖြစ်ရာ ထိုအကောင်ပေါက် လှုပ်ရမ်းလိုက်သည်နှင့် ဝမ်ဖုန်း၏နှလုံးမှာ အမြှုပ်များပေါက်ထွက်သည်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကွဲကြေသွားနိုင်ပေသည်။
ဝမ်ဖုန်းမှာ ချွေးစေးများထွက်နေရ၏။ ထိုအကောင်ေပါက်ကို အတင်းအကြပ်ထုတ်ပစ်ချင်သော်ငြား အလျင်စလို မပြုမူရဲချေ။ ထိုအကောင်ပေါက်ဝင်ရောက်နေသည်မှာ သူ၏နှလုံးအိမ်မဟုတ်ပါလော။
ယခုတွင် ထိုအကောင်ပေါက်သည် သူ၏နှလုံးအိမ်တွင်ဝင်ရောက်နေသည်ဖြစ်ရာ ထိုအကောင်ပေါက်ကို တွန်းအားပေးလိုက်ခြင်းဖြင့် သူနှင့်ဆော့ကစားလိုသည်ဟု အထင်မှားစေမိခဲ့ပါလျှင် ရလဒ်အနေဖြင့် သူ၏နှလုံးအိမ် စုတ်ပြဲကွဲကြေသွားရမည်ဖြစ်သည်။
ဒဏ္ဍာရီများအရ အဆင့်တစ်ခုအထိ လေ့ကျင့်ပြီးပါက ခန္ဓာကိုယ်ပေါက်ကွဲသွားလျှင်သော်မှ ဝိဉာဉ်ရှင်သန်နေဆဲဖြင့် ခန္ဓာကိုယ်ကိုပြန်လည်တည်ဆောက်နိုင်သည်ဟူ၍ဆိုကြသည်။
သို့သော် ဝမ်ဖုန်း၏ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံမှုသည် စွမ်းအားကြီးမားပုံေပါ်သော်ငြား ထိုမျှအဆင့်အထိ မရောက်ရှိသေးပေ။ ပေါက်ကွဲသွားသည်နှင့် အမှန်တကယ်ပေါက်ကွဲသွားခြင်းသာဖြစ်၏။
“စနစ် တစ်ဖက်လောကလျိုယင်းကို ထုတ်ပစ်လို့ရမယ့်နည်းလမ်းရှိလား”
ဝမ်ဖုန်း အလျင်စလိုမေးလိုက်သည်။ ထိုအကောင်ပေါက်လေးရှိနေလေရာ သူ့နှလုံးမှာ ခုန်လှုပ်ရန်ပင်စိုးရွံ့နေရသည်ဟု ဝမ်ဖုန်းခံစားရ၏။
“သခင်ကိုအသိအမှတ်ပြုခြင်း”
“သွေးနဲ့ပြုစုပျိုးထောင်ပါ”
“ဘယ်လိုပျိုးထောင်ရမှာလဲ”
“အစာကျွေးပါ”
ဝမ်ဖုန်း၏တစ်ကိုယ်လုံးမှာ မကောင်းသည့်အငွေ့အသက်များ ခံစားလိုက်ရသည်။ ဤစနစ်တွင် လူ၏ဝိဉာဉ်ရှိနေသည်ဟု ဝမ်ဖုန်း ရုတ်တရက်ခံစားလိုက်ရ၏။ သို့မဟုတ်ပါက ထိုမျှကတ်သပ်နေမည်မဟုတ်ချေ။
“မိမိကိုယ်ကို လျစ်လျူရှုပါ။ တစ်ဖက်လောကလျိုယင်းလိုလားတာက သွေးမဟုတ်ပါဘူး။ လျိုယင်းက သူ့ရဲ့ဘဝမှာ တစ်ကြိမ်ပဲသွေးယူပါတယ်”
“ဘာကိုဆိုလိုတာလဲ”
သူ၏စိတ်တွင်းမှ အေးစက်သည့်အသံကိုကြားလိုက်ရသည်တွင် ဝမ်ဖုန်းမှာ တွန့်ဆုတ်သွားလျက် မေးလိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ စနစ်သည် ပြန်ဖြေမလာခဲ့တော့ချေ။