ကြေးညိုခန်းမ၊ သလင်းကျောက်ခေါင်းတလား။
Vol. 4 Ch. 56
ထိုစကားအဆုံးတွင် ဝမ်ဖုန်းသည် ပြုံးလိုက်ကာ ပြောခဲ့၏။
“ရတယ်။ ဒါပေမဲ့ ဂိုဏ်းတပည့်အဖြစ်ပဲ”
အခြားသူများမှ ထိုစကားများကိုကြားခဲ့လျှင် အလွန်အံ့ဩထိတ်လန့်သွားနိုင်ပေသည်။ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူသည် တပည့်တစ်ဦးသာဖြစ်နိုင်သည်တဲ့။
ဝမ်ဖုန်း၏စကားကြောင့် သက်လတ်ပိုင်းအရွယ်လူကြီးသည် မျက်လုံးများအနည်းငယ်တောက်ပသွားခဲ့ကာ ခေါင်းညိတ်ခဲ့ပြီးနောက် စကားဆိုမလာခဲ့ချေ။
“နာမည်ဘယ်လိုခေါ်လဲဗျ”
ဝမ်ဖုန်းသည်လည်း မျက်လုံးတွင် အလင်းတစ်စဖြတ်ပြေးသွားကာ မေးမြန်းခဲ့သည်။
“ချုံဖုန်း”
“နာမည်ကောင်းပဲ”
…..
“ဒင်! ဓားသိုင်းပညာရှင်တစ်ဦးကို ခေါ်ယူနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ကျပန်းဆင့်ခေါ်ခွင့်တစ်ကြိမ်နှင့် ဂိုဏ်းအမှတ်၅သောင်းရရှိပါတယ်”
ဝမ်ဖုန်းသည် သူ၏စိတ်တွင်းမှ ထိုအေးစက်သည့်အသံကို အရေးမစိုက်ပေ။ ရှေးဟောင်းနတ်ဘုရားနယ်မြေမှ လေးလံလှစွာသောခြေလှမ်းကိုသာ လှမ်းလျှောက်လိုက်၏။ နှစ်ဦးသားသည် ခြေတစ်လှမ်းလှမ်းလိုက်ရာ ၁၂ပေခန့်မျှ ကွာဝေးသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ အရှိန်နှုန်းသည် လျင်မြန်ပြီးရင်းလျင်မြန်လာခဲ့ကာ နက်ရှိုင်းသထက် နက်ရှိုင်းလာခဲ့သည်။
“ဒီရှေးဟောင်းနတ်ဘုရားနယ်မြေထဲမှာ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ”
လမ်းလျှောက်နေရင်းဖြင့် ဝမ်ဖုန်းမှ မေးခဲ့သည်။
“ဆယ်နှစ်”
ထိုအဖြေကိုကြားသည်တွင် ဝမ်ဖုန်း အံ့ဩသွားခဲ့သည်။ ဤရှေးဟောင်းနယ်မြေထဲတွင် ဆယ်နှစ်ကြာနေထိုင်နိုင်သည်အထိ ထိုလူသည် မည်သို့သောလူမျိုး ဖြစ်လိမ့်မည်နည်း။
“ဓားရေးလေ့ကျင့်ဖို့အတွက်လား”
ချုံဖုန်းမှ ခေါင်းညိတ်လျက် ပြောသည်။
“ဒီနေရာက ကျုပ်အတွက် အရမ်းသင့်တော်တယ်”
တကယ်ကို သင့်တော်ပါ၏။
ဝမ်ဖုန်းသည် ချုံဖုန်းအား သူ၏ဇစ်မြစ်၊ ဆန်းကြယ်အင်ပါယာအဆင့်သို့ အဘယ်သို့ရောက်ရှိခဲ့ခြင်း စသည်တို့ကို မမေးမြန်းခဲ့ပေ။ ချုံဖုန်းကို အင်ပါယာကြီးသုံးခုတွင်လည်း သိကျွမ်းသူမရှိပေ။
ဝမ်ဖုန်းသိသည်မှာ လက်ရှိတွင် ချုံဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းတပည့်တစ်ဦး ဖြစ်သည်ဟူ၍ဖြစ်သည်။ ထိုမျှဖြင့်ပင် လုံလောက်ပါ၏။
“ရှေးဟောင်းနတ်ဘုရားနယ်မြေအတွင်းပိုင်းထဲကို ဝင်ဖူးလား”
ဝမ်ဖုန်းမှ တောက်ပနေသည့်မျက်လုံးများဖြင့်မေး၏။
ဆယ်နှစ်! ဤအင်ပါယာကြီးသုံးခုထဲတွင် ချုံဖုန်းထက် ရှေးဟောင်းနတ်ဘုရားနယ်မြေအကြောင်းကို သိမည့်သူမရှိသည်ကိုပင် စိုးရွံ့မိပါ၏။ မဟာနတ်ဆိုးရွှမ်ရှသည် ရှေးဟောင်းနတ်ဘုရားနယ်မြေတွင် နှစ်ပေါင်းထောင်ချီနေခဲ့သာ်ငြား ချိပ်ပိတ်ခံထားရခြင်းဖြစ်၏။ ချုံဖုန်းသည်တော့ ဆယ်နှစ်တိုင် လွတ်လပ်စွာနေထိုင်ခဲ့သည်ဖြစ်ရာ မတူညီနိုင်ပေ။
အင်ပါယာကြီးသုံးခုထဲတွင် ရှေးဟောင်းနတ်ဘုရားနယ်မြေထဲသို့ အတွေ့အကြုံရယူရန် ဝင်ရောက်ခဲ့ဖူးသည့်စွမ်းအားကြီးပုဂ္ဂိုလ်ကြီးများ ရှိပါ၏။ သို့သော် မည်သူကများ ချုံဖုန်းကဲ့သို့ ဆယ်နှစ်တာ နေထိုင်နိုင်လိမ့်မည်နည်း။
ထို့ပြင် ဝမ်ဖုန်းသည် လက်ရှိတွင် ချုံဖုန်းတစ်ယောက်ကိုသာ သိထားသည်။
ဝမ်ဖုန်း၏စကားအဆုံးတွင် ချုံဖုန်းသည် ခေါင်းခါယမ်းလျက် တည်ကြည်လေးနက်စွာပြော၏။
“ဝင်သွားကြည့်ချင်ခဲ့ပေမယ့် ဒီနေရာရဲ့ဖိအားက အရမ်းကြောက်ဖို့ကောင်းတယ်။ မိုင်တစ်ရာလောက်လျှောက်ပြီးတော့ ပြန်ဆုတ်လာခဲ့ရတယ်”
ဝမ်ဖုန်း၏မျက်နှာအမူအရာမှာ တောင့်ခဲသွားရသည်။ ရှေးဟောင်းနတ်ဘုရားနယ်မြေ၏အတွင်းပိုင်းသည် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ကို ဝမ်ဖုန်းသိထားသော်ငြား ချုံဖုန်းမှ ထိုစကားကိုပြောလာခဲ့သည်တွင် အနည်းငယ်ထိတ်လန့်အံ့ဩသွားရဆဲဖြစ်သည်။
ချုံဖုန်း၏အင်အားကို ဝမ်ဖုန်းကောင်းစွာ သိပါ၏။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးတွင် ဝမ်ဖုန်းကိုယ်တိုင်မှလွဲ၍ ချုံဖုန်းကို အနိုင်ယူနိုင်မည့်သူဟူ၍ ယန်ရှီစန်းတစ်ဦးသာ ရှိပေမည်။
ကျန်သူများတွင်မူ ချီမိန်ချွှေရွှယ်သည်ပင် ချုံဖုန်းကို အနိုင်မယူနိုင်လောက်ပေ။ ချီမိန်ချွှေရွှယ်၏ဓားသိုင်းပညာရပ်အား သိမြင်နားလည်မှုသည် ချုံဖုန်းထက်မြင့်မားသော်ငြား ခြုံငုံလိုက်ပါလျှင် ချီမိန်ချွှေရွှယ်၏ကျင့်ကြံမှုသည် ဆန်းကြယ်အင်ပါယာအလယ်အလတ်အဆင့်သာ ရှိသေးပေသည်။
သို့သော် ထိုမျှစွမ်းအားအင်အားဖြင့်ပင် ရှေးဟောင်းနတ်ဘုရားနယ်မြေအတွင်းပိုင်းကို ဝင်ရောက်ရန် ခက်ခဲသည်ဖြစ်ရာ နယ်မြေအတွင်းပိုင်းသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
အင်ပါယာကြီးသုံးခုမှ ဤနယ်မြေကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားခြင်းမှာ အံ့ဩဖွယ်မရှိပေ။
ထိုသို့အတွေးတွင် ဝမ်ဖုန်းသည် အချိန်ခဏမျှ မင်သက်သွားမိ၏။ ဝမ်ဖုန်းသည် ဖြစ်တည်ခဲလှသော တည်ကြည်လေးနက်သည့်မျက်နှာအမူအရာဖြင့် ရှေ့တူရူကိုငေးစိုက်ကြည့်နေခဲ့သည်။ သတိမထားမိသည့်အချိန်အတွင်း၌ပင် သူနှင့်ချုံဖုန်းတို့သည် ရှေးဟောင်းနယ်မြေအတွင်းပိုင်း၏ နယ်မြေအစွန်းနားသို့ ရောက်နေခဲ့ကြလေပြီ။
ဝမ်ဖုန်း၏မျက်လုံးရှေ့တွင် ထွက်ပေါ်လာခဲ့သည်မှာ ပိန်းပိတ်အောင်မှောင်မည်းသော တောအုပ်ကြီးမဟုတ်ဘဲ နှင်းကဲ့သို့ဖြူဖွေးသောကျောက်တုံးကြီးများဖြစ်လေသည်။ ထိုနှင်းဖြူရောင်ကျောက်တုံးများသည် သူတို့၏ရှေ့တွင် အဖြူရောင်သံချပ်ဝတ်ရုံများဝတ်ဆင်ထားသည့် အစောင့်အကြပ်စစ်သည်များအလား ခမ်းနားကြီးကျယ်စွာ ရှိနေပေသည်။ အရှိန်အဝါမှာ ပျံ့နှံ့သက်ရောက်နေ၏။
“မင်းရှေးဟောင်းနယ်မြေအတွင်းပိုင်းထဲကို ဝင်တုန်းက ဘာအန္တရာယ်တွေ ကြုံခဲ့ရသေးလဲ”
ဝမ်ဖုန်းသည် နယ်မြေအတွင်းသို့ ဦးစွာခြေမလှမ်းသေးဘဲ ဘေးရှိချုံဖုန်းကိုးမေးလိုက်သည်။
ချုံဖုန်းမှ ခေါင်းခါယမ်းလျက်ဖြေ၏။
“ကြောက်ခမန်းလိလိ ဖိအားကြီးတစ်ခုက စိတ်ဝိဉာဉ်ကိုတုန်လှုပ်စေခဲ့တာပဲရှိတယ်”
ချုံဖုန်း၏စကားအဆုံးတွင် ဝမ်ဖုန်းသည် ပို၍တည်ကြည်လေးနက်လာခဲ့သည်။ ထိုစကားလုံးများသည် အနည်းငယ်လေးလံ၏။ ချုံဖုန်းကဲ့သို့လူမျိုးထံမှ ထိုသို့သောစကားလုံးများထွက်လာရန်မှာ အလွန်ကြောက်မက်ဖွယ်ကောင်း၍သာ ဖြစ်နိုင်ပေလိမ့်မည်။
သို့သော် ရှေးဟောင်းနယ်မြေအတွင်းပိုင်းတွင် ကြုံတွေ့ခဲ့ရသည်မှာ ပြင်းထန်စွာသောကြောက်မက်ဖွယ်ဖိအားကြီးတစ်ခုတည်းသာဖြစ်သောကြောင့် ဝမ်ဖုန်း စိတ်သက်သာရာရမိပါသည်။ သို့မဟုတ်ဘဲနှင့် ထူးဆန်းသည့်အရာများရှိနေပါလျှင် ဝမ်ဖုန်းအနေဖြင့် စဉ်းစားတွေးတောစရာများ များပြားရပေရော့မည်။
ချုံဖုန်းကဲ့သို့စွမ်းအားကြီးကျင့်ကြံသူသည်ပင်ထိုဖိအားကို ခံနိုင်ရည်မရှိခဲ့ချေ။ ထူးဆန်းသည့်အရာများ၏တိုက်ခိုက်ခြင်းကိုပါ ရင်ဆိုင်ရပါလျှင် သေဆုံးနိုင်သည့်အခွင့်အရးများ၏။ ဝမ်ဖုန်းသည် ရှေးဟောင်းနတ်ဘုရားနယ်မြေအတွင်းပိုင်းကို ဝင်ရောက်ရန်စိတ်အားထက်သန်လှသော်ငြား သေရေးရှင်ရေးအခြေအနေတွင်တော့ ရွေးချယ်သင့်သည့်အရာကို သေချာသိပါသည်။
သေချာစဉ်းစားပြီးနောက်တွင် ဝင်ရောက်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့သည် ရှေးဟောင်းနတ်ဘုရားနယ်မြအတွင်းပိုင်း၏ အစွန်းကိုပင် ရောက်ရှိနေခဲ့ပေပြီ။ ဒီအတိုင်းပြန်သွားရန် မလိုလားပါချေ။
“ရှေ့ဆက်သွားလို့မရတော့ဘူးလို့ ခံစားရရင် ငါ့ကိုရပ်ပြီးစောင့်နေပါ။ ဘာမှလုပ်နိုင်တာမရှိရင် ဒီဂိုဏ်းချုပ်လည်း ပြန်ဆုတ်မယ်”
ဝမ်ဖုန်း၏စကားကြောင့် ချုံဖုန်းသည် အံ့ဩထိတ်လန့်သွားခဲ့သည်။ ထို့နောက် ရဲရင့်ရန်အားထုတ်မတော့ဘဲ ခေါင်းညိတ်ပြလာခဲ့သည်။
ဝမ်ဖုန်းသည်လည်း တုံ့ဆိုင်းခြင်းမရှိ ရှေးဟောင်းနတ်ဘုရားနယ်မြအတွင်းပိုင်းထဲကို ဝင်သွားခဲ့သည်။ ရှေးဟောင်းနတ်ဘုရားနယ်မြအတွင်းပိုင်းထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းမှာ အလုံးစုံနစ်မြုပ်သွားရသည်။ သူ၏ခြေထောက်များမှာ ရွှံ့ဗွက်အိုင်ကြီးထဲတွင်နစ်မြုပ်နေသည်ကဲ့သို့ ခြေထောက်ကိုပင့်မြှောက်လျှောက်လှမ်းရန် လေးလံလွန်းနေတော့သည်။
အရပ်လေးမျက်နှာမှ ကြောက်မက်ဖွယ်ပြင်းထန်သောဖိအားများ ထွက်ပေါ်လာခဲ့သည်။ ထိုဖိအားသည် သူရင်ဆိုင်ခဲ့ဖူးသည့် လေးလံသည့်ဓားထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်း၏။
ဝမ်ဖုန်းသည် ရှေ့ဆက်မလျှောက်သေးဘဲ ခန္ဓာကိုယ်အား ဖိအားနှင့်အသားကျသွားစေရန် ကြိုးစားထိန်းညှိလိုက်သည်။ ထို့နောက်မှ ဆက်လက်လျှောက်လှမ်း၏။
နောက်ဘက်ရှိ ချုံဖုန်းသည် ရှေးဟောင်းနတ်ဘုရားနယ်မြအတွင်းပိုင်းသို့ လိုက်ပါဝင်ရောက်ခြင်း မပြုခဲ့ပေ။ နယ်မြေအစွန်းတွင်ရပ်၍ ဝမ်ဖုန်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ မိမိမှာ မိုင်တစ်ရာသာ လျှောက်လှမ်းနိုင်လိမ့်မည်ကို ချုံဖုန်းသိနေခဲ့ပြီးဖြစ်သည်လေ။ ဝမ်ဖုန်းမှ ကျော်လွန်သွားနိုင်ခဲ့ပါလျှင်သော်မှ မိမိမှာ ဆက်လိုက်သွားနိုင်မည်မဟုတ်ပေ။ ဝမ်ဖုန်းမှ ကျော်လွန်မသွားနိုင်ခဲ့ပါလျှင်လည်း ပြန်ဆုတ်လာရမည်သာဖြစ်၏။ သို့ဖြစ်ရာ လိုက်မသွားသည်က ပိုကောင်း၏။
ဝမ်ဖုန်းမှ သူ၏ဇစ်မြစ်ကို မေးမြန်းခြင်းမပြုခဲ့သကဲ့သို့ ချုံဖုန်းသည်လည်း ဝမ်ဖုန်းအား ရှေးဟောင်းနယ်မြေအတွင်းပိုင်းထဲသို့ ဝင်ရောက်လိုရသည့်အကြောင်းရင်းကို မေးခွန်းမထုတ်ခဲ့ပါ။ သူတို့နှစ်ဦးသည် အချင်းချင်း နားလည်မှုတစ်မျိုးကို ထိန်းသိမ်းထား၏။
၁၂မိုင်မျှလျှောက်လှမ်းပြီးနောက်တွင် ဝမ်ဖုန်းသည် ဖိအားနှင့် ဖြေးဖြေးချင်း အသားကျလာခဲ့သည်။ သူ၏နဖူးမှာ ချွေးစေးများထွက်နေခဲ့ပြီး ခန္ဓာကိုယ်သည် အဆက်မပြတ်တုန်ရီနေသော်ငြား ရှေ့ဆက်သွားရန် လက်မလျှော့ခဲ့ပေ။
ထိုဆယ်မိုင်ခန့်မျှခရီးစဉ်အတွင်းတွင်လည်း ဝမ်ဖုန်းတွင် စိတ်ကျေနပ်ဖွယ်သော ရှာဖွေတွေ့ရှိမှုကြီးရှိခဲ့သည်။ ဖိအားသည် ကျောက်တုံးကြီးများဖြင့် အရပ်မျက်နှာတိုင်းမှဖိစီးနေသကဲ့သို့ အမှန်တကယ် ပြင်းထန်ကြောက်မက်ဖွယ်ကောင်းပါ၏။ သို့သော် ထိုဖိအားကိုတောင့်ခံရင်းဖြင့် သူ၏ခန္ဓာကိုယ်ရှိချီစွမ်းအင်သည် ပို၍ပို၍မြန်ဆန်စွာစီးဆင်းလာနေသည်ကို ဝမ်ဖုန်းခံစားမိနေခဲ့သည်။
အထူးသဖြင့် နှလုံးအိမ်ကိုဖြတ်သန်းစီးဆင်းပြီးချိန်တွင် အရှိန်နှုန်းမြန်ဆန်ရုံမျှမက ချီစွမ်းအင်သည် ပို၍သန့်စင်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင်းချီစွမ်းအင်သည် မိမိကိုယ်တိုင် အားကုန်သုံး၍ကျင့်ကြံခဲ့စဉ်ထက် ပိုမိုမြန်ဆန်နေခဲ့သည်။
ထိုအချက်သည် ဝမ်ဖုန်း၏ကျင့်ကြံမှုကို တိုးတက်မှုမဖြစ်စေသော်ငြား အခြေခံတည်ဆောက်မှုကို ပို၍သန်မာစေသည်။ ဝမ်ဖုန်းအတွက် ထိုအချက်သည် ကျင့်ကြံဆင့်ထိုးဖောက်ဖြတ်ကျော်နိုင်ခြင်းထက် ပို၍စိတ်ကျေနပ်စေပါ၏။
ကနဦးတွင် ဝမ်ဖုန်း၏ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံမှုသည် စနစ်၏ကောင်းချီးကြောင့် ရရှိခဲ့ခြင်းဖြစ်ခဲ့သည်။ ၎င်းတွင် ဘေးထွက်ဆိုးကျိုးမရှိဘဲ အခြေခံခိုင်မာသော်ငြား ကောင်းကင်ဘုံကိုဆန့်ကျင်စိန်ခေါ်ကျင့်ကြံသည့် ကျင့်ကြံသူများကဲ့သို့ ကြောက်ခမန်းလိလိသော အခြေခံမျိုးမဟုတ်ပေ။
လက်ရှိတွင် ဝမ်ဖုန်းသည် ဆယ်မိုင်ခန့်မျှခရီးကို လျှောက်လှမ်းခဲ့ပြီးနောက် သူ၏ခန္ဓာကိုယ်တွင်းချီစွမ်းအင်သည် အနည်းဆုံး ၅၀ရာခိုင်နှုန်းခန့် ပို၍သန့်စင်သွားခဲ့သည်ကို ခံစားခဲ့ရသည်။ ထိုမျှအကျိုးသက်ရောက်မှုသည် ကျင့်ကြံသူများအတွက် စိတ်ကူး၍မတတ်နိုင်လောက်အောင် ကြီးမားလှစွာသော သက်ရောက်မှုဖြစ်သည်။
ထို့ကြောင့် ထိုဖိအားသည် ဝမ်ဖုန်း၏တစ်ကိုယ်လုံးကို တုန်ရီစေ၍ ကြွက်သားများကို ရောင်ရမ်းစေလျှင်သော်မှ ရှေ့ဆက်လျှောက်ရန် လက်မလျှော့လိုခဲ့ပေ။
…..
ဝမ်ဖုန်းသည် မိမိမှာ အချိန်မည်မျှကြာ လျှောက်လှမ်းခဲ့ပြီးသည်မသိချေ။ သူ၏အသိစိတ်မှာ အနည်းငယ်ဝေဝါးနေ၏။ သူ၏အနီးဝန်းကျင်ရှိ နှင်းဖြူရောက်ကျောက်တုံးကြီးများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး သွေးနီရောင်မဏ္ဍိုင်များသို့ ပြောင်းလဲသွားခဲ့ကြပြီး ပင်လယ်နတ်ဘုရား၏အပ်ကဲ့သို့ ရွှေဝါရောင်မဏ္ဍိုင်များအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။
ထိုအချိန်တွင် ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင်းချီစွမ်းအင်များသည် အလွန်အမင်းခိုင်ခံ့နေခဲ့ပြီဖြစ်ပြီး ဖိအားဖြင့်ဖိစီးခံထားရသည့် သူ၏ရုပ်ခန္ဓာကြံ့ခိုင်မှုသည်လည်း ယခင်ထက် အဆပေါင်းများစွာ ပို၍ကြံ့ခိုင်သန်မာနေခဲ့ပြီဖြစ်သည်။
သို့သော်ငြား ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင် ထူထဲသည့်သွေးပင်တစ်လွှာ ဖြစ်ပေါ်နေခဲ့ကာ ပြင်းထန်လှစွာသောဖိအားသည် သူ၏ခန္ဓာကို ပျက်စီးစေခဲ့ပြီး အရေပြားထက်တွင် အက်ကွဲကြောင်းများ ဖြစ်တည်စေခဲ့ရာ သွေးလူသားကဲ့သို့ ဖြစ်နေစေတော့သည်။
ခန္ဓာကိုယ်တွင်းချီစွမ်းအင်များ အဆက်မပြတ်သန့်စင်နေခြင်းနှင့် သူ့အား အဆက်မပြတ်အားအင်ပြန်လည်ဖွဲ့စည်းဖြစ်တည်စေသည့် နှလုံးအိမ်တစ်ခြမ်းမှလျိုယင်း၏စီးဆင်းမှုကြောင့်သာမဟုတ်ပါက ဝမ်ဖုန်းအနေဖြင့် ခံနိုင်ရည်မရှိဘဲ ပြန်ဆုတ်လာခဲ့ရသည်မှာ ကြာလှပေရော့မည်။
ထိုအချိန်တွင် ဝမ်ဖုန်း၏မှေးကျဉ်းထားသောမျက်လုံးများတွင် စိတ်ပျက်အားလျော့မှုများ တိုးပွားလာနေခဲ့ပြီဖြစ်သည်။ ဝမ်ဖုန်းသည် နှုတ်ခမ်းကိုဖိကိုက်လိုက်ခြင်းဖြင့် နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာစေခဲ့သည်။ သူ၏အသိစိတ်သည် ပိုမိုကြည်လင်လာခဲ့၍ ရှေ့သို့ကြည့်လိုက်ရာ မျက်လုံးအိမ်မှာ ပြူးကျယ်သွားရတော့သည်။
ဝမ်ဖုန်း၏ ရှေ့ဆယ်မိုင်နီးပါးခန့်အကွာအဝေးတွင် ကြေးညိုဘုရားကျောင်းတစ်ကျောင်းကို မြင်တွေ့လိုက်ရသည်။ ထိုကြေးညိုဘုရားကျောင်းသည် မကြီးမားလှသော်ငြား သေးငယ်သည်လည်း မဟုတ်ပေ။
ထိုဘုရားကျောင်းကို ကြည့်ရှုရုံဖြင့်ပင် ဝမ်ဖုန်းသည် သူ၏မျက်နှာသို့ရိုက်ခတ်လာနေသည့် ကံကြမ္မာလောကဓံတရား၏ ရှေးကျလှသည့်အရှိန်အဝါကို ခံစားမိပေသည်။ ထိုကြေးညိုဘုရားကျောင်းကို မြင်တွေ့လိုက်ရသည်တွင် ဝမ်ဖုန်း၏စိတ်နှလုံးတွင်းမှအသံသည် ပို၍ပို၍ထက်သန်အားကောင်းလာခဲ့သည်။ ထိုကြေးညိုဘုရားကျောင်းသည် သူ့အား ရှေးဟောင်းနတ်ဘုရားနယ်မြေအတွင်းပိုင်းသို့ ဝင်ရောက်စေရန် ဆွဲဆောင်နေခဲ့သည့်အရာဟု သူ၏အလိုလိုထိုးထွင်းသိမြင်စိတ်မှ ပြောနေပေသည်။
ဝမ်ဖုန်း ကြေးညိုခန်းမသို့ ဖြေးညင်းစွာလျှောက်သွားခဲ့သည်။ ေရှ့သို့ဦးတည်ေနသည့်ခြေလှမ်းနှင့်အတူ ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ ချီစွမ်းအင်သည်လည်း တိတ်တဆိတ်ဖြာထွက်လျက်ရှိ၏။ ကြေးညိုခန်းမနှင့် ထိုအနီးဝန်းကျင်သည် အန္တရာယ်ရှိသည်၊ မရှိသည်ကို ဝမ်ဖုန်း မသိပေ။ ထို့ကြောင့် ဝမ်ဖုန်းအနေဖြင့် မိမိကိုယ်ကို အားကုန်သုံး၍ကာကွယ်ရန်သာ တတ်နိုင်ပေသည်။
ဖိအား၏ပြင်းထန်သည့်သက်ရောက်မှုကြောင့် ထိုအခိုက်အတန့်တွင် ဝမ်ဖုန်း၏စိတ်ဝိဉာဉ်သည် ပတ်ဝန်းကျင်အခြေအနေကို လေ့လာအကဲခတ်နိုင်စွမ်းမရှိတော့ပေ။ တစ်မီတာပတ်လည်အကွာအဝေးကိုပင် လေ့လာနိုင်စွမ်း ရှိမနေတော့ပါ။ ထို့ကြောင့် သာမန်မျက်လုံးဖြင့်သာ ပတ်ဝန်းကျင်ကို ကြည့်ရှုနိုင်ခဲ့သည်။ သာမန်မျက်လုံးဖြင့် မမြင်တွေ့နိုင်လျှင် ဘာမျှမမြင်တွေ့ခြင်းသာဖြစ်၏။
ကြေးညိုခန်းမသို့ ရောက်လာခဲ့သည်တွင် ဝမ်ဖုန်းမှာ ပို၍အံ့ဩထိတ်လန့်သွားရသည်။ ဖုန်အလိမ်းလိမ်းတက်နေသည့် ကြေးညိုခန်းမကြီးကိုကြည့်ရင်းဖြင့် ဝမ်ဖုန်း၏စိတ်နှလုံး၌ ဝမ်းနည်းမှုများ လှိုက်တက်လာခဲ့သည်။ ထိုဝမ်းနည်းမှုမှာ စကားလုံးများဖြင့် ရှင်းပြ၍မရနိုင်ချေ။
ဝမ်ဖုန်း ခေါင်းခါရမ်းလိုက်သည်။ တစ်ကိုယ်လုံးမှာ ထိတ်လန့်တုန်လှုပ်နေလျက် ချီစွမ်းအင်များသည်လည်း ဖြာထွက်နေခဲ့ရာ ဝမ်ဖုန်း၏ခန္ဓာကိုယ်အား သံချပ်ဝတ်ရုံကဲ့သို့ ကာကွယ်ထားပေသည်။ မိမိကိုယ်ကို လုံခြုံစေရန်ကာကွယ်ပြီးနောက်တွင် ဝမ်ဖုန်းသည် လက်နှစ်ဖက်ဖြင့် ကြေးညိုခန်းမတံခါးကို ထိကိုင်လိုက်သည်။
ကြေးညိုခန်းမ၏တံခါးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းသည် နားထဲမှ ရွှေသံမြင်းတစ်ကောင်ပြေးလာနေသည့်အသံကို ခံစားမိလိုက်သည်ထင်မိ၏။ ထို့ပြင် ပုံရိပ်တစ်ခုကိုလည်း မြင်တွေ့လိုက်သည်ထင်မိသည်။ သို့သော် မြူဆိုင်းနေသောကြောင့် ထိုပုံရိပ်ကို တိတိကျကျမမြင်လိုက်ရပေ။
ဝမ်ဖုန်းသည် ပုံရိပ်ကို ရှင်းလင်းစွာမြင်တွေ့လိုသောကြောင့် မျက်လုံးကို အာရုံစိုက်၍ခပ်ကျယ်ကျယ်ပြူးကြည့်လိုက်သည်တွင် အသိစိတ်ပြန်ဝင်လာခဲ့သည်။ သူ၏ရှေ့တွင် ကြေးညိုခန်းမတံခါးကြီးရှိနေဆဲဖြစ်သည်။ ဝမ်ဖုန်း တံခါးကို လူတစ်ယောက်ဝင်ဆံ့သော အကျယ်ခန့်ဖွင့်ဟလိုက်သည်။
ဝမ်ဖုန်းသည် ခုနက မြင်တွေ့ခဲ့ရသည့်ပုံရိပ်အကြောင်းကို မတွေးတော့ပေ။ အံကိုတင်းတင်းကြိတ်၍ တံခါးဟကြားမှ ကြေးညိုခန်းမထဲသို့ ဝင်ခဲ့လိုက်သည်။
ကြေးညိုခန်းမထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်း၏ခန္ဓာကိုယ်မှာ ပေါ့ပါးမှုကိုခံစားလိုက်ရပြီး သူ၏ပတ်ဝန်းကျင်ရှိ ဖိအားကြီးပျောက်ကွယ်သွားခဲ့ရာ ဝမ်ဖုန်းမှာ အချိန်ခဏမျှ သက်သောင့်သာခံစားလိုက်ရသည်။
ဝမ်ဖုန်းသည် ပခုံးများကို အနည်းငယ်ဖြေလျော့လိုက်ပြီးနောက် ရှေ့သို့ကြည့်လိုက်ရာ မင်သက်သွားရ၏။ ခန်းမကြီး၏အလယ်တည့်တည့်တွင် ကြည်စင်သည့်သလင်းကျောက်ခေါင်းတလားတစ်ခု ရှိနေခဲ့သည်။