ထောင်ချောက်မိနေသောနဂါး...တိမ်တိုက်များကိုစီးနင်းခြင်း.....
Vol. 5 Ch. 68
မွန်းတည့်ချိန်တွင် ကျန်းချန်ရှန်း တရားထိုင်နေရင်းကနေ သက်ပြင်းချလိုက်သည်။
ပိုင်ချီက စိတ်ဝင်တစားဖြင့် " ဆရာတော်... ဘာလို့ သက်ပြင်းချနေတာလဲ "
ကျန်းချန်ရှန်းက ခေါင်းယမ်းပြီး ဘာမှပြန်မဖြေခဲ့ပေ။တကယ်တော့ စောရနတ်ဘုရားအတွက် သက်ပြင်းချလိုက်ခြင်းဖြစ်သည်။ မနေ့ညက ရှင်သန်ခြင်းဆုလာဘ်ကို မရခဲ့ခြင်းမှာ စောရနတ်ဘုရားက အမှန်တကယ် သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ ခိုးယူလိုခြင်းသာ ဖြစ်ပုံရသည်။
ထို့နောက်မြေဝိညာဉ်သစ်ပင်ဆီသို့ လျှောက်သွားကာ ဆေးဖက်ဝင်ဆေးပြားများကို စတင်သုံးစွဲခဲ့သည်။
ပိုင်ချီက တစ်ခုခုကို အနံ့ခံပြီး ခြံဝင်းထဲကနေ ချက်ချင်း ပြေးထွက်သွားခဲ့သည်။
ဟွာဂျန်ရှင်းက ကျန်းရှုကို သိုင်းပညာ သင်ကြားပေးနေပြီး ဝမ်ချန်းကတော့ ပေါက်ပြားထမ်းကာ တောင်နောက်ဘက်သို့ထွက်သွားခဲ့သည်။
ဆောင်းဦးလေ အနည်းငယ် တိုက်ခတ်လာပြီး သစ်ရွက်ခြောက်များ ပြန့်ကျဲနေသည်။သစ်ရွက်ခြောက်များ ကျန်းချန်ရှန်းပေါ်သို့ ဆင်းသက်ခါနီးတွင် မမြင်နိုင်သော စွမ်းအားတစ်ခုကြောင့် တုန်ခါသွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲသွားခဲ့သည်။
နှစ်နာရီကြာပြီးနောက် ပိုင်ချီသည် ကျန်းချန်ရှန်းဆီသို့ပြန်လာပြီး ...."ကျုပ်နောက်ကိုလိုက်လာတဲ့ ကောင်းကင်ဘုံဂိုဏ်းက သိုင်းပညာရှင်ရောက်လာပြီ" လို့ အသံတိုးတိုးနဲ့ပြောလိုက်သည်။
ကျန်းချန်ရှန်းက သူ့မျက်လုံးတွေကိုမှိတ်ထားပြီး ". ငါသိပြီးပြီ.... ရန်သူကိုသတိပေးလိုက်သလိုမဖြစ်စေနဲ့....."
ပိုင်ချီက သူ့ရည်ရွယ်ချက်တွေကို နားမလည်ပေမယ့် စကားနားထောင်ဖို့သာ ရွေးချယ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ကျန်းချန်ရှန်သည် ကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံးကိုပင် သုတ်သင်နိုင်အောင် သန်မာလှသည်။
................
နန်းတော်အတွင်းရှိ တော်ဝင်စာကြည့်ဆောင်တွင်......
ကျန်းဇီယုသည် စားပွဲပေါ်ရှိ မြေပုံကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
တကျန်း၏ နယ်မြေများ ကျယ်ပြန့်လာသော်လည်း အရှေ့၊ အနောက်နှင့် မြောက်ဘက်တွင် မင်းဆက်များစွာ ရှိပါသေးသည်။ တောင်ဘက်မှာတော့ မစူးစမ်းရသေးတဲ့ အဆုံးမရှိတဲ့ ပင်လယ်ကြီးတစ်ခုရှိနေသည်။
ဟန်ထျန်းကျိီက စားပွဲဘေးမှာ ရပ်လိုက်ပြီး...... “အရှင်မင်းကြီး၊ ဒါက ထောင်ချောက်မိနေတဲ့နဂါးရဲ့ ထောင်ချောက်ပဲ..... အနီးနားက မင်းဆက်တွေရဲ့ တော်ဝင်မိသားစုတွေကို တယောက်ပြီး တယောက် အသတ်ခံနေရတယ်....ဒီမင်းဆက်တွေကို အမည်မသိရန်သူက ထိန်းချုပ်ထားပြီး ရန်သူက အမှောင်ထဲမှာ ကျုပ်တို့က အလင်းထဲမှာဖြစ်နေပြီ....ခန့်မှန်းရခက်တယ်..."
ကျန်းဇီယုက ခေါင်းညိတ်လိုက်ပြီး “ကိုယ်တော်လည်း သိပါတယ်....ဒါပေမယ့် ပြဿနာက ဒီမင်းဆက်တွေကို အခြားသူတွေက ချုပ်ကိုင်ထားတာကြောင့် ပြင်ပကမ္ဘာနဲ့ ကုန်သွယ်မှုဖြတ်တောက်ထားကြတယ်..အခုနေ စစ်ပွဲတစ်ခု စတင်ချင်ရင် လက်နက်နဲ့ ရိက္ခာအမြောက်အမြားစုဆောင်းထားနိူင်မှတော်ကာကျမယ်.... ဒါကြောင့် အချိန်နည်းနည်းကြာအောင် စောင့်ချင်တယ်... အခုဆို တကျန်းမှာ စစ်သားတစ်သန်းရှိပြီး အရံတပ်သား ၁.၅ သန်းနီးပါးရှိနေပြီဆိုတော့ နှစ်အနည်းငယ်အတွင်း ပတ်ဝန်းကျင် မင်းဆက်တွေကို သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်တယ်......”
“အရှင်မင်းကြီး၊ မင်းဆက်အမျိုးမျိုးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတွေကို သတ်ဖြတ်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ လျှို့ဝှက်စစ်တပ်ကို ပြုစုပျိုးထောင်ဖို့ လိုအပ်နေပြီ...."
"ကိုယ်တော်လည်း ဒီလို တွေးနေတာ ကြာပြီ.... နှစ်များအတွင်း စုဆောင်းထားတဲ့ ရှားပါးရတနာတွေသုံးပြီး လူတစ်ယောက်ကိုအစစ်အမှန်နတ်ဘုရားနယ်ပယ် ရောက်အောင်ပျိုးထောင်ဖို့စီစဉ်ထားတယ်... အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ယောက် ပေါ်လာတာနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတွေအတွက် ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မယ်.... "
ဟန်ထျန်းကျိီက မျက်ခုံးပင့်လိုက်ပြီး "အရှင် လူရွေးပြီးပြီလား...."ဟုမေးလိုက်သည်။
"ပင်းအန်း....."
"ဗိုလ်ချုပ် ပင်းအန်းသာဆိုဖြစ်နိုင်တယ်... သူ့ရဲ့ကိုယ်လုံးကိုယ်ပေါက်က ကြောက်မက်ဖွယ်ကောင်းပြီး သာမန်လူများ မခံနိုင်တဲ့ နာကျင်မှုကို ခံနိုင်ရည်ရှိတယ်... ဒါ့အပြင် ဗိုလ်ချုပ်ပင်းအန်းက အရှင့်စကားကိုပဲနားထောင်တဲ့သူ....."
ပင်းအန်းအကြောင်းတွေးရင်း ဟန်ထျန်းကျီ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
ဘယ်လောက်ရက်စက်တဲ့လူလဲ.....
သူသည် ရှန်းရှန်တုံးထျန်းမှဆင်းသက်လာသော်လည်း ပင်းအန်း၏ အရည်အချင်းကြောင့် အံ့အားသင့်နေရစမြဲပင်.....
အကယ်၍ ထိုလူသည် ငယ်စဉ်ကတည်းက ရှန်းရှန်တုံးထျန်းတွင် သိုင်းပညာ လေ့ကျင့်ခဲ့မည်ဆိုလျှင် သူ၏အောင်မြင်မှုများကို စိတ်ကူးကြည့်ရန် ခက်ခဲပေလိမ့်မည်။ ဒဏ္ဍာရီနယ်ပယ်ကို ဖြတ်ကျော်ဖို့ သူ့အတွက် မဖြစ်နိုင်စရာအကြောင်းမရှိပေ။
ကောင်းကင်အလိုဆန္ဒက မျှတသည်ဟုဆိုရမည်။ ပင်းအန်းသည် သာမာန်လူသားများထက် သာလွန်သော ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိသော်လည်း သူ့ထံတွင် ဝိဉာဉ်စွမ်းအားများကို အာရုံခံနိုင်စွမ်းမရှိပေ။
ထိုအချိန်တွင် ဝတ်ဖြူတော်အစောင့်တစ်ယောက်က အမြန်ဝင်လာပြီး ကျန်းဇီယုထံသို့ စာတစ်စောင် ဆက်သခဲ့သည်။
ကျန်းဇီယုက စာကို ဖွင့်ကြည့်လိုက်ပြီး သူ့အမူအရာက ချက်ချင်း အေးစက်သွားသည်။
"ဟမ့် ... သိုင်းလောကရဲ့ စည်းမျဥ်းတွေကို ချိုးဖျက်ချင်တာလား....သေချင်နေတဲ့ကောင်ပဲ... "
ကျန်းဇီယုက ထိုသို့ ရေရွတ်ပြီးနောက် ဝတ်ဖြူတော် အစောင့်ကိုကြည့်ကာ "ဒီသတင်းကိုအစစ်အမှန်သိုင်းစံအိမ်က ဗိုလ်ချုပ်ရှုဆီသွားပို့လိုက်....."
အစောင့်တပ်သားက အမိန့်ရသည်နှင့် ချက်ချင်းထွက်သွားခဲ့သည်။
ဟန်ထျန်းကျိီသည် နာမည်ချင်းတူနေသော ရှုထျန်းကျိကို အလွန်စိတ်ဝင်စားဖြစ်သည်။
"အစစ်အမှန်သိုင်းစံအိမ်မှာ အကြာကြီးနေခဲ့တာဆိုတော့ ဗိုလ်ချုပ်ရှုရဲ့ ခွန်အားတွေ တိုးတက်လာပြီလား" ဟု စပ်စုမေးမြန်းလိုက်သည်။
ကျန်းဇီယုက ပြုံးလိုက်ပြီး....
“အင်း... ဗိုလ်ချုပ်ရှု ငယ်စဉ်က သိုင်းလောကကို လှုပ်ခတ်သွားစေခဲ့တဲ့ ပါရမီရှင်တစ်ဦးဖြစ်ခဲ့ပြီး ထိပ်တန်းသိုင်းပညာရှင်တစ်ဦးဖြစ်လာခဲ့တယ်... ကံမကောင်းစွာပဲ၊ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်မမီဘဲ ကိုယ်တော့်ရဲ့ဆရာကို စိန်ခေါ်ခဲ့တယ်လေ....”
ဟန်ထျန်းကျိီ၏ မျက်လုံးများ တောက်ပလာသည်။ သူသည် တကျန်းသိုင်းလောက၏ နံပါတ်တစ်ပုဂ္ဂိုလ်ကို အမြဲစိတ်ဝင်စားခဲ့သည်။ သို့သော်လည်း ကျန်းချန်ရှန်းသည် တရားရုံး၏အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကို အတွေ့မခံသောကြောင့် သူ့ကို အတင်းအကြပ် မပြုလုပ်နိုင်ပေ။
ဤနှစ်များတစ်လျှောက်တွင် ဆရာတော်ချန်ရှန်းထံမှ မျက်နှာသာရလိုသော အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးကို မင်းကြီး၏လျှို့ဝှက်တပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့သည်။ တိတ်ဆိတ် အသတ်ခံလိုက်ရသူများပင်ရှိသည်။
လုံချီ ဘုရားကျောင်းသည် ဧကရာဇ်မင်းမြတ်အတွက် တန်ဖိုးအရှိဆုံးသောအရာဖြစ်သည်။ထို့ကြောင့် လုံချီ ဘုရားကျောင်းကို ဘယ်သူမှ လောဘတက်ဖို့မကြိုးစားဝံ့ကြပေ။
ညဉ့်နက်ပိုင်းတွင်....
တည်းခိုခန်းထဲတွင် တရားထိုင်နေသော လုချန်းဖန်သည် ပြတင်းပေါက်အပြင်ဘက်မှ လေချွန်သံကို ရုတ်တရက်ကြားလိုက်သောအခါ ချက်ချင်းပင် မျက်လုံးဖွင့်ကာ သစ်သားသေတ္တာကို ထမ်း၍ ပြတင်းပေါက်မှ ခုန်ဆင်းလိုက်သည်။
သူလမ်းပေါ်ဆင်းလာသည်နှင့် အနီးနားက တည်းခိုခန်းပြတင်းပေါက်တွေ တစ်လုံးခုပြီးတစ်ခုပွင့်လာပြီး သိုင်းပညာရှင်များ ခုန်ဆင်းလာကြသည်။
နတ်ဘုရားအစေခံတောင်တန်းမှ စစ်သည်တော် နှစ်ဦးလည်း ပေါ်လာပြီး တစ်ယောက်က ဓားရှည်တစ်လက်ကိုင်ထားပြီး တစ်ယောက်က လှံတစ်ချောင်းကိုကိုင်ထားသည်။ သူတို့က လုချန်းဖန်ကိုတွေ့သည်နှင့် တုန့်ပြန်တဲ့အနေနဲ့ ခေါင်းညိတ်လိုက်ကြသည်။
ခဏအကြာတွင်၊ လမ်းမများပေါ်တွင် သိုင်းပညာရှင်များဖြင့် ပြည့်နှက်နေပြီး ၎င်းတို့အားလုံးတွင် ထူးခြားသောအော်ရာများရှိကြသည်။
“လူတိုင်း တောင်ပေါ်တက်ပြီး ပရမ်းပတာဖြစ်အောင် အစွမ်းကုန်ကြိုးစားပါ.... နတ်ဆိုးဘုန်းကြီးသတိမထားမိအောင် လူစုခွဲနေဖို့လည်းမမေ့ကြနဲ့... နားလည်ကြလား...."
နတ်ဘုရားအစေခံတောင်တန်းမှ လှံကိုင်ဆောင်ထားသော သိုင်းပညာရှင် အော်ပြောလိုက်ခြင်းဖြစ်သည်။ သူ့အသံက အကျယ်ကြီးမဟုတ်ပေမယ့် သူ့ရဲ့စစ်မှန်တဲ့ချီဓာတ် လည်ပတ်မှုအောက်မှာတော့ ထိုအသံက လူတိုင်းရဲ့နားထဲကို ရှင်းရှင်းလင်းလင်း ဝင်ရောက်လာခဲ့သည်။
အားလုံးက ခေါင်းညိတ်ပြပြီး သူတို့နှစ်ယောက်နှင့်အတူ လုံချီ တောင်ကို လိုက်သွားကြသည်။ တောင်ခြေရင်းလမ်းထဲသို့ ဝင်ပြီးနောက် လမ်းကြောင်းအမျိုးမျိုးမှ တောင်ထိပ်သို့ အလျင်အမြန် လူစုခွဲကာ ခိုးဝင်ခဲ့ကြသည်။
လှံကိုင်သိုင်းပညာရှင်နှင့် ဓားကိုင်သိုင်းပညာရှင်တို့ ဘေးချင်းကပ်လျက် လျှောက်လာနေစဉ် ဓားရှည်ကိုင်ဆောင်ထားသော သိုင်းပညာရှင်က.... “အကိုကြီး၊ ပိုင်လုံက အရမ်းကြီးတယ်..... ဖယ်ဖို့မလွယ်ဘူး”
လှံကိုင်ထားတဲ့ သိုင်းပညာရှင်က.... “ရင်မဆိုင်နိုင်တော့လဲရှောင်လိုက်ရုံပေါ့..... အဓိကကတော့ ဒီလိုမြွေနတ်ဆိုးကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ လုံချီ ဘုရားကျောင်းမှာ ဘယ်လိုရတနာမျိုးလဲဆိုတာ စုံစမ်းဖို့ပဲ.....”
ဓားရှည်ကိုင်ဆောင်ထားသော သိုင်းပညာရှင်က သက်ပြင်းချကာ..... “တကျန်းကတော့ ဒီလိုနတ်ဆိုးမျိုး ရှိနေတာကံဆိုးတာပဲ... ရောက်လာတဲ့ ပညာရှင်အများစုက တကျန်းက မဟုတ်ကြဘူး... လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း၊ လမ်းကြောင်းဆယ်ခုမင်းဆက်တွေို လှုပ်ခတ်နိုင်တဲ့ နတ်ဆိုးဆိုလို့တစ်ဦးသာ ရှိခဲ့တယ်....."
လှံကိုင်ထားသော သိုင်းပညာသည် မဖြေဘဲ အလုပ်အပေါ် အာရုံစူးစိုက်ထားသည်။
တစ်ချိန်တည်းမှာပင် အခြားသော သိုင်းပညာ ရှင်များကလည်း လွန်စွာ စိတ်လှုပ်ရှားနေကြသည်။ သူတို့ရဲ့ ရည်မှန်းချက်တွေအားလုံး အတူတူပင်.... သူတို့သည် ကျန်းချန်ရှန်း၏ အစွမ်းထက်သော ကျင့်စဉ်များနှင့်မြေဝိဉာဉ်သစ်ပင်ကြောင့်သာဤနေရာသို့လာခဲ့ကြခြင်းဖြစ်သည်။
ပိုင်လုံ၏အမည်သည် ကမ္ဘာအနှံ့ ပျံ့နှံ့နေပြီဖြစ်သည်။ အခြေခံအုတ်မြစ်အနည်းငယ်ရှိသည့် မည်သည့်ဂိုဏ်းမဆို လုံချီ ဘုရားကျောင်းတွင် ထိုသို့သောနတ်ဆိုးမြွေတစ်ကောင်ကို ပြုစုပျိုးထောင်ရန် အံ့ဖွယ်အရာအချို့ရှိမည်ဟု မှန်းဆထားသည်။
ထိုသို့သော ထူးဆန်းသော အရာဝတ္ထုသည် သိုင်းပညာရှင်များကို ဆွဲဆောင်နိုင်ခဲ့သည်။
ကောင်းကင်ဘုံဂိုဏ်းမှ လုချန်းဖန်လည်း ဒီကိစ္စအတွက် လာခဲ့ခြင်းပင်.....
လုချန်းဖန်သည် သစ်ရွက်များပေါ်မှ ခုန်ဆင်းပြီး တောင်ပေါ်မှာ လုံချီ ဘုရားကျောင်းကို အကဲခတ်နေသည်။ ဘုရားကျောင်းတစ်ခုလုံးမှောင်မည်းနေပြီး အလွန်တိတ်ဆိတ်နေသည်။
ဤအခိုက်အတန့်တွင်၊ လုံချီ ဘုရားကျောင်းထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အမြင့်သို့ ပျံသန်းသွားသည်ကို လုချန်းဖန်နှင့် အခြားသော သိုင်းပညာရှင်တို့က မသိစိတ်ကြောင့် မျှော်ကြည့်နေကြသည်။
အဲ့ဒါ….....
လုချန်းဖန်သည် လွန်ခဲ့သော ဆယ့်နှစ်ခန့်က ထိုညကို ရုတ်တရက် ပြန်သတိရလာသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
မကောင်းတော့ဘူး........
လုချန်းဖန် အလွန်ထိတ်လန့်သွားပြီး ချက်ချင်းတောင်အောက်သို့ ဆင်းသွားခဲ့သည်။ ရွှေရောင်အလင်းတန်းသည် အလွန်လျင်မြန်သောအရှိန်ဖြင့် တောင်ပေါ်ရှိ သိုင်းပညာရှင်တို့၏ လည်ချောင်းများကို ထိုးဖောက်ဝင်ရောက်သွားသည်။ အော်သံတွေ အပြိုင်အဆိုင်ထွက်ပေါ်လာပြီး အများစုမှာ ထိတ်လန့်ကြပြီး လည်ချောင်းဖောက်ခံရသူများသည် အလွန်တိုတောင်းသောအချိန်အတွင်း သေဆုံးသွားကြသည်။
လုံချီ ဘုရားကျောင်းရှိ တပည့်များလည်း အော်သံများကြောင့် ထိတ်လန့်သွားကြသည်။ ဟွမ်းချွမ်၊ ဝမ်လီ နှင့် လင်းရှောင် တို့အခန်းတွင်းမှ အမြန်ပြေးထွက်လာကြသည်။
ရွှေရောင်အလင်းတန်းများသည် လုံချီ တောင်ကို ဝန်းရံထားပြီး တောင်ပေါ်မှ လှည့်ပတ်သွားကာ လမ်းတစ်လျှောက်ရှိ သိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့သည်။ ဘယ်သိုင်းပညာရှင်ကမှ အဲဒါကို ခံနိုင်ရည်မရှိနိုင်သလို ရှောင်တိမ်းလို့လည်းမရခဲ့ပေ။
နတ်ဘုရားအစေခံတောင်တန်းမှ သိုင်းပညာရှင်နှစ်ဦးသည်လည်း ရွှေရောင်အလင်းတန်းကြောင့် ထိတ်လန့်တကြား ဒုန်းစိုင်းပြေးနေရသည်။
"ကယ်...ကြ..."
လှံကိုင်သိုင်းသမားက သူ့နောက်က အော်သံကိုကြားတော့ မသိစိတ်ကြောင့် လှည့်ကြည့်လိုက်မိသည်။သို့သော် ချက်ချင်းဆိုသလိုပင် သူ့လည်ချောင်းထဲကို ရွှေရောင်အလင်းတန်းတွေ ထိုးဖောက်ဝင်ရောက်သွားပြီး သေဆုံးသွားခဲ့သည်။ နောက်ဆုံးအချိန်ထိ ဘာ့ကြောင့်သေရမှန်းပင်မသိနိုင်ခဲ့ကြပေ။
လုချန်းဖန် အော်ဟစ်သံများ နီးကပ်လာသည်ကို ကြားလိုက်ရပြီး ထိုအရာက သူ့ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို သိလိုက်ရသည်။
'မဖြစ်သေးဘူး....ဒီအတိုင်းဆက်သွားရင် သေချာပေါက်သေရလိမ့်မယ်..."
လုချန်းဖန် အံကြိတ်ကာ စဉ်းစားလိုက်သည်။ သူသည် တောင်ပတ်လမ်းပေါ်သို့ အမြန်ဆင်းပြီး သစ်သားသေတ္တာကို မြေပြင်ပေါ်ချထားလိုက်သည်။ထို့နောက် စစ်မှန်သောချီဓာတ်ကိုအသက်သွင်းပြီး သစ်သားသေတ္တာကို လက်ဖြင့်ရိုက်လိုက်သည်။ သစ်သားဓားရှည်များ သေတ္တာထဲမှ ထွက်လာပြီး သူ့ပတ်ဝန်းကျင်ရှိ မြေဆီလွှာထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ၀င်္ကပါ တစ်ခုအဖြစ်ဖွဲ့စည်းသွားလေသည်။
ရွှေရောင်အလင်းတန်းများ ချဉ်းကပ်လာနေသည်ကို မြင်သောအခါ ဓား၀င်္ကပါ ကိုအသက်သွင်းဖို့ လက်နှစ်ဖက်ဖြင့် အလျင်အမြန် လက်ဟန်အချို့ပြုလုပ်လိုက်သည်။ သို့သော် ရွှေရောင်အလင်းတန်းက သူ့ထက် မြန်လွန်းလှသည်။
မြန်လိုက်တာမှ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတောင် လိုက်မမှီနိုင်ပေ။
ရွှေရောင်အလင်းတန်းတွေ သူ့ရှေ့ရောက်လာတော့ အချိန်တွေက ရပ်တန့်သွားသလိုခံစားရပြီး ရွှေရောင်သစ်ရွက်တစ်ရွက်ကို မြင်လိုက်ရသည်။
ဝှစ်............
လုချန်းဖန်၏လည်ချောင်း ပြတ်ရှသွားပြီး သွေးများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ သူ့မျက်လုံးများ ပြူးကျယ်လာပြီး ခန္ဓာကိုယ်က နောက်သို့ တအိအိပြိုလဲကျနေသည်။ နောက်ဆုံးတွင် တောင်ခြေရင်းသို့ လဲကျကာ သွေးသံတရဲရဲဖြင့်သေဆုံးခဲ့ချေပြီ။
တောင်ပေါ်တွင် ဟွမ်းချွမ်၏ သိုင်းပညာစွမ်းရည်ကအမြင့်မားဆုံးဖြစ်သောကြောင့် အမြန်ဆုံးဖြစ်သည်။ သူသည် တောင်တံခါးမှ အလျင်အမြန်ပြေးကာ ရန်သူကို ရှာဖွေခဲ့သော်လာ်း မကြာခင်မှာပင် အလောင်းများကိုသာ တွေ့ရှိခဲ့သည်။
သူက မျက်မှောင်ကြုတ်ပြီး နောက်ထပ် ကျူးကျော်သူတွေကို ဆက်ရှာခဲ့သည်။
ဤသိုင်းပညာရှင်အားလုံးသည် တပုံစံတည်း သေဆုံးသွားခဲ့ကြသည်။ သူတို့၏လည်ချောင်းများကို ချွန်ထက်သောလက်နက်ဖြင့် ထိုးဖောက်ခံထားရသည်။
တောင်ပေါ်မှ ဆင်းလာသောအခါ ဟွမ်းချွမ် မြင်နေရသောမြင်ကွင်းကြောင့်ဆွံ့အသွားခဲ့သည်။
အော်ဟစ်သံတွေ ပေါ်လာပြီးကတည်းက သူချက်ချင်း ထွက်လာခဲ့ပေမယ့် ဒီလူတွေ သေဆုံးတာလောက် မမြန်နိုင်ခဲ့ပေ။
'ဆရာတော် လှုပ်ရှားလိုက်တာနဲ့တူတယ်....'
ဟွမ်းချွမ် တိတ်တိတ်လေး တွေးပြီး သူ့မျက်လုံးတွေထဲမှာ လေးစားမှုပြည့်နှက်နေခဲ့သည်။ ဒါပေမယ့် ခံစားချက်တွေ ရောထွေးနေဆဲပင်.......
ဆရာတော်ရဲ့ ခွန်အားကို ဖမ်းဆုပ်နိုင်ပါ့မလားလို့ သူတွေးနေခဲ့ပေမယ့် အခုချိန်မှာတော့ ဘယ်တော့မှ မလုပ်နိုင်ဘူးလို့ ခံစားနေမိသည်။
ခြံဝင်းထဲတွင်.....
သစ်ပင်ပင်စည်ပေါ်ထိုင်နေတဲ့ ကျန်းချန်ရှန်း က သူ့လက်ကို မြှောက်လိုက်သည်။ ထို့နောက် ဝင်းအပြင်ဘက်မှ ရွှေရောင်အလင်းတန်းတစ်ခု လွင့်ပျံလာပြီး ဝတ်ရုံလက်စထဲသို့ ဝင်ရောက်သွားခဲ့သည်။
ပိုင်ချီက ခေါင်းမော့ပြီး ...."အဲဒါ ဘာလဲ" လို့ စပ်စုလိုက်သည်။
ဤအရာကို သူကောင်းကောင်းသိသည်။ဤအရာက သူ့ကို လုံချီ ဘုရားကျောင်းသို့ ခေါ်ဆောင်လာခဲ့သော အရာပင်...
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး ....“မင်း မမေးတာ ပိုကောင်းတယ်။ ဘာလဲဆိုတာ သိတဲ့သူတွေ အကုန်သေကုန်ပြီ”
ပိုင်ချီက တုန်တုန်ယင်ယင်နှင့် ခေါင်းကို အမြန်ခါလိုက်သည်။
“ဆရာတော် အကုန်လုံးကိုသတ်လိုက်ပြီလား....."
ကျန်းချန်ရှန်းက မျက်လုံးတွေကိုမှိတ်ပြီး
“မေးနေစရာ လိုသေးလို့လား... လက်နက်တွေကိုင်ဆောင်ပြီး တောင်ပေါ်တက်ကြတဲ့သူတွေ အများကြီးဆိုတော့ သတ်ကိုသတ်ပစ်ရမှာပေါ့... သူတို့ရဲ့ ရည်ရွယ်ချက်က ငါ့ကိုရောအဖ်ိုးတန်ရတနာတွေရောပဲ....."ဒါက နောက်ဆုံးအကြိမ် မဟုတ်ဘဲ နောက်ထပ်လူတွေ ထပ်လာဖို့ မျှော်လင့်နေတယ်...."
“ တာဝန်ရှိသူတွေကို ခေါ်ပြီး အလောင်းတွေလာကောက်ဖို့ ဝမ်လီကိုသွားပြောလိုက်.... ဒီလူတွေက သူရဲကောင်းသင်္ချိုင်းထဲမှာမြှုပ်နှံခံရဖို့ မထိုက်တန်ဘူး....”
ထိုသို့သော လိမ်လည်လှည့်စားသူများကို သူရဲကောင်းများအဖြစ် မည်သို့ယူဆနိုင်မည်နည်း။
ပိုင်ချီ က ခေါင်းညိတ်ပြပြီး ချက်ချင်းထွက်သွားခဲ့သည်။
တောင်အောက်ကို ဆင်းသွားတော့ တပည့်တော်တော်များများ အလောင်းတွေကို စစ်ဆေးနေတာကို တွေ့လိုက်ရသည်။
ဝမ်လီက တောင်ခြေကို ရောက်နှင့်နေပြီ....
ပိုင်ချီ သည် တောင်ခြေရင်းသို့ရောက်သောအခါ လုချန်းဖန်၏အလောင်းကိုတွေ့လိုက်ရသဖြင့် ကြည်နူးသွားပြီး ....."အခြားသူတွေက ဆရာတော် ဘယ်လောက်သန်မာမှန်း မသိပေမယ့် မင်းကတော့သိနေတယ်မလား.... မင်းတကယ်လောဘကြီးတာပဲ....ကိုယ့်မိုက်ပစ်နဲ့ကိုယ်ပဲ......"
လုချန်းဖန်သည် တစ်ချိန်က လူများကို အန္တရာယ်မှ ကယ်တင်ခဲ့ပြီး လူကောင်းဟု ယူဆနိုင်သည်။ သို့သော် သူသည် ဂိုဏ်းအတွက် လူများနှင့် နတ်ဆိုးများကို သတ်ပစ်ခဲ့သည်။
ကျန်းချန်ရှန်းက လုချန်းဖန်ကို ကယ်တင်ခဲ့သော်လည်း လုချန်းဖန်က ကျန်းချန်ရှန်းဆီ မကောင်းသော ရည်ရွယ်ချက်ဖြင့်ရောက်လာခဲ့သည်။
တစ်ခြားဘက်တွင်မူ.....
သစ်ပင်ပေါ်တွင်ထိုင်နေသော ကျန်းချန်ရှန်း သည် နောက်ဆုံးတွင် အကြောင်းကြားစာကို တွေ့လိုက်ရသည်။
[ ချန်ဝူခေါတ်၏ 10 နှစ်တွင်၊ မင်းဆက်အသီးသီးမှ သိုင်းပညာသည်များသည် မြေဝိညာဉ်သစ်ပင်နှင့် နဂါးဖြူတို့ကို မက်မောခြင်းကြောင့် လုံချီ တောင်ကို ညဉ့်နက်ပိုင်းတွင် ကျူးကျော်ဝင်ရောက်ခဲ့သည်။ အချိန်မီ အရေးယူပြီး အားလုံးကို သတ်ပစ်လိုက်နိုင်သည့်အတွက် ဘေးဆိုးတစ်ခုမှ လွတ်မြောက်ပြီးနောက် သင်သည် ရှင်သန်ခြင်းဆုလာဘ်အဖြစ် 'တိမ်တိုက်စီးခြင်း'မှော်ဂါထာကို ရရှိခဲ့သည်။]
ရှစ်နှစ်ကြာပြီးနောက်၊ သူသည် နောက်ဆုံးတွင် ရှင်သန်ခြင်းဆုလာဘ်ကို ရရှိခဲ့သည်။
ကျန်းချန်ရှန်းက အကြောင်းကြားစာကို ကြည့်ပြီး ပြုံးလိုက်သည်။ ဒါကလည်း သူဘယ်သူ့ကိုမှ အသက်မရှင်စေခဲ့တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေသည်။ အကြောင်းကြားစာမှတစ်ဆင့် ရန်သူများ၏ရည်ရွယ်ချက်ကိုသိရှိနိုင်သည်။
သူသည် တိမ်တိုက်စီးနင်းခြင်း မှောဂါထာကို ပျော်ရွှင်စွာ အမွေဆက်ခံခဲ့သည်။ ဓားတစ်စင်းပေါ်တွင် ပျံသန်းကာ တိမ်များကိုစီးနင်းခြင်းသည် အင်မော်တယ်များ၏အမှတ်သညှာဖြစ်သည်။
နောက်နေ့မနက်မှာတော့ လုံချီ တောင်ခြေမှ. လူစည်ကားနေသည်။ စစ်သားအများအပြားသည် အလောင်းများကို သယ်ဆောင်လာခဲ့ကြပြီး ဝမ်လီကတော့ တာဝန်ရှိသူများနှင့် ညှိနှိုင်းနေခဲ့သည်။
ရာနှင့်ချီသော သိုင်းပညာရျင်များ နေ့ချင်းညချင်း သေဆုံးခဲ့သည်မှာ တကယ့်ကို ကြောက်စရာကောင်းလှသည်။
အပြာရောင်ဝတ်ထားသူတစ်ဦးက ဤမြင်ကွင်းကို လူအုပ်ကြားထဲမှ မြင်ပြီးနောက် တိတ်တဆိတ် ဝမ်းမြောက်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် စောရနတ်ဘုရားကိုကြိုတင်တွေ့ပြီး နောက်ဆုတ်ရန် စည်းရုံးခဲ့သည်။ မဟုတ်ရင် သူသည်လည မြေပြင်ပေါ်က အလောင်းတွေထဲက တစ်လောင်းဖြစ်နေလောက်ပြီ။
"ဆရာတော်ချန်ရှန်းက တကယ်ကို သန်မာတယ်....."
ထိုသူသည် စိတ်ထဲကနေ သက်ပြင်းချကာ လှည့်ထွက်သွားခဲ့သည်။
နန်းတော်အတွင်းတွင်.....
ကျန်းဇီယုသည် လုံချီ ဘုရားကျောင်း၏ မနေ့ညကအကြောင်းများကို ဝတ်ဖြူတော်အစောင့်တပ်မှတဆင့် သိရှိခဲ့သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး.... “အဲဒီသိုင်းသမားတွေ ဘယ်ကလာတာလဲသေချာစုံစမ်း......"
“ဟုတ်!”
အစောင့်တပ်သား ထွက်သွားပြီးနောက် ကျန်းဇီယု လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူတွေအားလုံး ကျန်းချန်ရှန်း ကို ပစ်မှတ်ထားနေတယ်လို့ သူထင်ခဲ့တယ်..
သူသည် ကျန်းချန်ရှန်းကို ယုံကြည်နေသော်လည်း၊ ထိုလူများ၏ လုပ်ရပ်များသည် အချက်ပြမှုတစ်ခုဖြစ်နေကြောင်း သံသယဝင်နေပါသည်။
ရန်သူက သူ့ရဲ့အကြီးမြတ်ဆုံးကျောထောက်နောက်ခံကို အရင်ဖယ်ရှားပစ်ချင်ခဲ့တာလား.....