← Chapters

ရှေးဟောင်းဧကရာဇ်....ကိုယ်ပွားကျင့်စဉ်....

Vol. 5 Ch. 73

ရှေးဟောင်းဧကရာဇ်....ကိုယ်ပွားကျင့်စဉ်....

Vol. 5 Ch. 73

ကြယ်စင်စုဝေးခြင်းမျှော်စင်၏ လက်ဝဲသံအမတ်ကြီး သေဆုံးပြီးနောက်၊

ကျင်းမင်းဆက်ကို တကျန်း၏ ကျူးကျော်မှုများ ပိုမိုအားကောင်းလာခဲ့သည်။ စစ်မြေပြင်တွင် ကျင်းမင်းဆက်မှ ကျွမ်းကျင်သူများ နည်းပါးသထက် နည်းပါးလာသည်။ ဤနှုန်းဖြင့်သာဆို ကျင်းမင်းဆက်ကို သိမ်းပိုက်ရန် ခက်ခဲမည်မဟုတ်ပေ။

အထူးသဖြင့် သိုင်းလောကတွင် တကျန်း၏ပုံရိပ် တိုးမြင့်လာသည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးပင် မြို့တော်၌ ရှုံးနိမ့်ခဲ့သည်။ အခုဆို တကျန်း ဘယ်လောက်တောင် သန်မာနေပြီလဲ.....

ကျန်းဇီယုသည် ကျန်းချန်ရှန်း၏ ခွန်အားကို ထပ်မံတွေ့မြင်ခဲ့ပြီးနောက် သူ၏ ရည်မှန်းချက်များပိုမိုကြီးထွားလာပြီး တပ်များကို ဆက်လက်စေလွှတ်ခဲ့သည်။

ကျန်းချန်ရှန်းသည်ဘုရားကျောင်းတွင် ကျင့်ကြံသူဘဝနှင့်သာ ဆက်လက်နေထိုင်ခဲ့သည်။

ခြံဝင်းထဲတွင် ကျန်းရှုနှင့် စောရနတ်ဘုရားတို့၏အသံ ဆူညံနေသည်။

ကျန်းချန်ရှန်း ဘေးမှ ကြည့်နေသောကြောင့် စောရနတ်ဘုရားက ကျန်းရှုကို မတော်တဆ ထိခိုက်မိမည်ကို အလွန်အမင်း ထိတ်လန့်နေလေသည်။

ဆယ်နှစ်အရွယ် ကျန်းရှု၏ လှုပ်ရှားမှုများသည် အလွန်ချောမွေ့နေပြီဖြစ်သည်။ စောရနတ်ဘုရားက သူ့ကို သေချာစနစ်တကျသင်ပေးနေပြီးဟွာဂျန်ရှင်းကလည်း ကျန်းချန်ရှန်း နံဘေးတွင် ထိုင်ကာ ရံဖန်ရံခါ လမ်းညွှန်ပေးနေသည်။ ကျန်းချန်ရှန်းကတော့ ဆေးလုံးများ သန့်စင်နေရင်း တိုက်ပွဲကို ကြည့်ရှုနေသည်။

အချိန်အတော်ကြာပြီးနောက်.....

ကျန်းရှု ထိတ်လန့်သွားပြီး တိုက်ပွဲကို ရပ်လိုက်သည်။ ကျန်းချန်ရှန်း သူ့ကို အပြစ်တင်မှာ ကြောက်လို့ စောရနတ်ဘုရား ချက်ချင်း ရှောင်ထွက်သွားခဲ့သည်။

ကျန်းရှု မှောက်ရက်လဲသွားပြီး မေးစေ့ထိခိုက်မိသွားသည်။သို့သော် ကျန်းရှု မငိုခဲ့ပေ။

ဟွာဂျန်ရှင်းက ကျန်းရှုကို ထူပေးပြီးဒဏ်ရာကို သုတ်ပေးနေသည်။

ကျန်းရှုက ကျန်းချန်ရှန်း ကိုကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ...."ဘိုးဘိုး...သားက အသုံးမကျဘူးမလား...."

ကျန်းချန်ရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "နည်းနည်းပါ" ဟု ဖြေလိုက်သည်။

ထိုအဖြေကြောင့် ကျန်းရှု၏

မျက်လုံးတွေ နီရဲလာသည်။

ဟွာဂျန်ရှင်းက သူ့ကို အမြန်နှစ်သိမ့်ပေးပြီး.....

"ရှုအာ...သားက အရမ်းထူးချွန်ပါတယ်.. ဒါပေမယ့် မင်းရဲ့အဘိုးက ဒီထက့်ပိုထူးချွန်စေချင်လို့ပါ.... ဘိုးဘိုးရဲ့တပည့်တွေက ဘယ်သူလည်း သားသိတယ်မလား..... ဗိုလ်ချုပ်ပင်းအန်း၊ဟွမ်းချွမ်နဲ့ သားရဲ့အဖေလေ. ...”

ကျန်းရှု ဤစကားကိုကြားသောအခါ အဓိပ္ပါယ်ရှိသည်ဟုတွေးလိုက်ပြီး စိတ်ခံစားချက် အနည်းငယ် သက်သာလာသည်ဟု ခံစားလိုက်ရသည်။

ကျန်းချန်ရှန်းက ...."ရှုအာ... မင်းရဲ့ တခြားမွေးချင်းတွေနဲ့ အဆင်ပြေရဲ့လား...."

ကျန်းဇီယုတွင် သားခြောက်ယောက်နှင့် သမီးခုနစ်ယောက် ထွန်းကားနေပြီဖြစ်သည်။ တတိယမင်းသားသည် ကျန်းရှုထက် နှစ်နှစ်သာငယ်သည်။

ကျန်းရှုက “အဆင်ပြေပါတယ်...ဘာဖြစ်လို့လဲ?"

"ဘာမှမဟုတ်ပါဘူး...ဒီအတိုင်းမေးကြည့်ရုံပါ....."

ဟွာဂျန်ရှင်းက ကျန်းရှု၏ဒဏ်ရာကိုဆေးထည့်ပေးပြီးနောက် လုံချီ ဘုရားကျောင်ကတပည့်များနှင့်ကစားဖို့ သွားခိုင်းလိုက်သည်။ သူ ခြံဝင်းထဲက ထွက်သွားပြီးနောက် ဟွာဂျန်ရှင်းက စိုးရိမ်တကြီးနဲ့ .....

"တတိယမင်းသားက သိုင်းပညာ ပါရမီပါလို့ ကျုံးထျန်းဝူကို ဆရာတင်လိုက်ပြီ.... တခြားမင်းသားတွေရဲ့ အရည်အချင်းကို မသိရသေးဘူး....”

ကျန်းချန်ရှန်းက.... “သူတို့အားလုံးက မင်းရဲ့မြေးတွေပါ...ဘာလို့ရှုအာကို မျက်နှာပိုလိုက်နေတာလဲ....."

ဟွာဂျန်ရှင်းက မျက်လုံးပြူးပြီး .....“ဒါတော့ ကျွန်မလည်း သိပါတယ်.... ရာဇပလ္လင်အတွက် တိုက်ပွဲက သူတို့ရဲ့ ညီအကိုဆက်ဆံကေို ထိခိုက်သွားမှာစိုးရိမ်လို့ပါ....”

ကျန်းမိသားစုရဲ့ ညီအကိုတွေ အမြဲတမ်း တိုက်ခိုက်ခဲ့ကြသည်ကို သူမ အသိဆုံးပင်....

ချင်ဝမ်မှလွဲ၍ ကျန်းချန်ရှန်း၏အခြားညီတော်များတွင် ကောင်းသောအဆုံးသတ်မရှိပေ။ ဧကရာဇ်ကျန်းယွီ ထီးနန်းရယူပြီးနောက် မင်းသားများကို ဖယ်ရှားရန် လျှို့ဝှက်သော နည်းလမ်းများစွာကို အသုံးပြုခဲ့သည်။

ကျန်းဇီဟန်သည်လည်း ထိုနည်း၎င်းပင်..... သူ့ညီအကို တော်တော်များများ ထိခိုက်သေဆုံးခဲ့ပြီး နောက်ဆုံး ကျန်းဇီယု အနိုင်ရခဲ့ပေမယ့် သူ့မှာ ညီအစ်ကိုတွေ မရှိတော့ပေ။

ကျန်းချန်ရှန်းလည်း ထိုကဲ့သို့ စိုးရိမ်မှုများရှိသဖြင့် ကျန်းရှု၏ အစ်ကိုများနှင့် ဆက်ဆံရေးအကြောင်း မေးမြန်းခဲ့သည်။

အင်ပါယာမိသားစုက ထိုအတိုင်းပင်..... မင်းဆက်ရဲ့အစောပိုင်းကာလတွေမှာ တောဝင်မိသားစုရဲ့ သဘောထားဟာ နောင်လာနောက်သား မျိုးဆက်တွေကို အလွယ်တကူ ထိခိုက်စေနိုင်သည်။

ဥပမာဆိုရသော် လီရှီမင်းသည် သမိုင်းတွင် ပထမဆုံးဧကရာဇ်အဖြစ် သတ်မှတ်ခံရသော်လည်း ရွှမ်းဝူဂိုဏ်း၏ ပြောင်းလဲမှုများက လီမိသားစုအပေါ် သက်ရောက်မှုများစွာရှိခဲ့သည်။

ကျန်းချန်ရှန်းက.... "ကျုပ် ဇီယု ကို နောက်မှ သတိပေးလိုက်မယ်"

ဟွာဂျန်ရှင်း ခေါင်းညိတ်လိုက်သည်။ ခဏကြာ စကားစမြည်ပြောပြီးနောက် ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး ထွက်သွားခဲ့သည်။ ကျန်းချန်ရှန်းသည် တစ်နေ့တာလုံး စွမ်းအားကျင့်ကြံခြင်းနှင့်ဆေးလုံးသန့်စင်ခြင်းတွင်သာ အာရုံနှစ်ထားသဖြင့် သူ့ဘေးမှာရှိနေရတာ ပျင်းစရာကောင်းတဲ့အတွက် ဟွာဂျန်ရှင်းဟာ သူ့မြေးဖြစ်သူအတွက် အချိန်အများစုကို အသုံးပြုဖြစ်ခဲ့သည်။

သူမထွက်သွားပြီးနောက် ပိုင်ချီ ခြံဝင်းထဲကို ဝင်လာခဲ့သည်။

သူမကို ဘာဆိုဘာမှ မကြားရအောင် ကျန်းချန်ရှန်း ပထုတ်ထားခြင်းပင်.....

ပိုင်ချီက ကျန်းချန်ရှန်း ရှေ့ကိုရောက်လာပြီး...

" ဆရာတော်... ဆေးပင်စိုက်ခင်းထဲက ငှက်တွေကို မောင်းထုတ်လိုက်ပြီ.... အနံ့ ချန်ထားခဲ့တာမို့ လောလောဆယ် သူတို့ မလာတော့ဘူး....”

ကျန်းချန်ရှန်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဆေးများကိုသန့်စင်ရန် အာရုံစိုက်လိုက်သည်။

ပိုင်ချီက စပ်စပ်စုစုဖြင့်.... "ဒီတစ်ခေါက် ဘာဆေးတွေ သန့်စင်နေတာလဲ"

"ခန္ဓာကိုယ် ကြံ့ခိုင်ခြင်းဆေးပြား"

သူ့တွင် ကျင့်ကြံနိုင်စွမ်းရှိသော်လည်း ဝိညာဉ်စွမ်းအင်ကို ပိုမိုခံနိုင်ရည်ရှိရန် ကိုယ်ခန္ဓာကို ခိုင်ခံ့အောင် လုပ်ဆောင်ဖို့လိုသည်။

ပိုင်ချီ ဒါကိုကြားတဲ့အခါ သူမရဲ့ မျက်လုံးတွေ တောက်ပလာပြီး ထိုအရာကို စောင့်မျှော်နေတော့သည်။

ကျန်းချန်ရှန်းသည် ဆေးလုံးများ သန့်စင်ပြီးသည်နှင့် ၎င်းကို သူ့ပတ်ဝန်းကျင်ရှိလူများနှင့် အမြဲမျှဝေပေးသည်။ ပိုင်လုံအတွက် ဝေစုလောက် မကောင်းမွန်သော်လည်း အနည်းဆုံးတော့ သူမ ရရှိနိုင်သေးသည်။

ကျန်းချန်ရှန်းနောက်ကို 16 နှစ်ကြာ လိုက်ပြီးနောက် သူမ၏ ခွန်အားသည် ဆယ်စုနှစ်များစွာ ခါးသီးသော ကျင့်ကြံမှုကို ကျော်လွန်ကာ အရှိန်မြှင့်လာခဲ့သည်။

ချန်းဝူ ခေါတ်၏ 15 နှစ်မြောက် လေးလပိုင်းတွင် ရှူထျန်းကျိသည် သူ၏စစ်တပ်ကို ကျင်း မင်းဆက်၏မြို့တော်အထိဉီးဆောင်၍ နန်းတော်ထဲသို့ဝင်ရောက်ခဲ့သည်။

ထို့နောက် ကျန်းမင်းဆက်၏ စစ်အလံကို စိုက်ထူခဲ့ပြ ထိုအချိန်မှစ၍ ကျင်းမင်းဆက်သည် ကျန်းမင်းဆက်၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။

ဤသတင်း တကျန်းသို့ ပြန်လည်ပျံ့နှံ့လာသောအခါ စီရင်စုဆယ့်သုံးခုနှင့် အခြားခရိုင်ကိုးခုမှ နိုင်ငံသားများအားလုံး ရွှင်မြူးခဲ့ကြသည်။ဤသည်က အင်အားကြီးသော အင်ပါယာကြီး ထွန်းကားလာပုံကို သက်သေပြလိုက်သလိုပင်.....

ကျင်းမင်းဆက်ကို သိမ်းပိုက်ပြီးနောက် မြောက်ပိုင်းဇူ မင်းဆက်က ပြန်လည်ဆုတ်ခွာခဲ့ပြီး စစ်ပွဲလည်း ရပ်တန့်သွားခဲ့သည်။ ကျန်းဇီယုသည် နှစ်နှစ်ကြာ အနားယူပြီး တိုက်ပွဲအတွက် ရိက္ခာများ၊ မြင်းများ၊ လက်နက်များ စသည်တို့ကိုစုဆောင်းရန် ဆုံးဖြတ်ခဲ့သည်။ သူအရမ်းရည်မှန်းချက်ကြီးနေသေးပေမယ့် ထင်တိုင်းကြဲနေလို့မဖြစ်ပေ။

လက်ရှိတွင် ကျန်းဇီယုသည် အသက် 36 နှစ်သာရှိသေးသည်။

ဧကရာဇ်ကျင်းဝမ်သည်လည်း ဤအရွယ်တွင် ထီးနန်းတက်ခဲ့ပြီး ကြီးမားသောအောင်မြင်မှုများရရှိနေပြီဖြစ်သည်။

ကျန်းဇီယုသည် ဝေ့ဝမ်ဖြစ်ဆဲအချိန်၌ ကျန်း မင်းဆက်ပြိုလဲခါနီးတွင် ၎င်းတို့၏နယ်မြေကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သည်။ နန်းတက်ပြီးနောက် ရှေးဟောင်းဟန်မင်းဆက်နှင့် ကျင်းမင်းဆက်ကို ဝါးမြိုပြီး တကျန်း၏ နယ်မြေကို နှစ်ဆတိုးခဲ့သည်။ ဗရုတ်သုတ်ခ လျှောက်မလုပ်သရွေ့ သမိုင်းစာအုပ်များတွင် သူ့အဆင့်အတန်းသည် သိုင်းဘိုးဘေးနှင့်ဧကရာဇ်ကျင်းဝမ်တို့ထက် သာလွန်နေပေလိမ့်မည်။ စီရင်စု ဆယ့်သုံးပါးရှိ ဧကရာဇ်မင်းများ အားလုံး၏ ထိပ်တန်း ဧကရာဇ်သုံးပါးစာရင်း၌ပင် အဆင့်သတ်မှတ်ခံရနိုင်သည်။ မင်းဆက်တစ်ခုလုံး စည်းလုံးညီညွတ်ပြီး အုပ်ချုပ်သူနဲ့ ပြည်သူတွေ စည်းလုံးညီညွတ်ခြင်းသည် ဧကရာဇ်၏ဘုန်းတန်ခိုးအာနုဘော်ကြီးမြတ်ခြင်းကြောင့်ဟု သာမန်လူများက ယုံကြည်ကြသည်။

တော်ဝင်စာကြည့်ဆောင်တွင်.....

ကျန်းဇီယုဆီသို့ ဟွာဂျန်ရှင်း လာရောက်လည်ပတ်ခဲ့သည်။ ကျန်းဇီယုကအစားအသောက်များယူလာရန် အစေခံတစ်ဉီးကိုအမိန့်ပေးလိုက်ပြီး တံခါးကို ပိတ်လိုက်သည်။

"ဇီယု မင်း အလုပ်ရှုပ်နေတာ အမေသိတယ်...ဒါပေမယ့် မင်းသားတွေ တဖြည်းဖြည်းအရွယ်ရောက်လာကြပြီမို့ စိတ်ဓာတ်ကို တည်ငြိမ်အောင် ထိန်းရမယ့် အချိန်ရောက်ပြီ.... အိမ်ရှေ့မင်းရာထူးကို စောစော သတ်မှတ်လေလေ. ...ဒုက္ခရောက်လေလေပဲ ..ကလေးတွေကို သေချာလေ့လာပြီး ညီအစ်ကိုဆက်ဆံရေးကို သေချာမြှင့်တင်ပေးပါ....."ဟု ဟွာဂျန်ရှင်း က အလေးအနက် ပြောကြားခဲ့သည်။

ကျန်းဇီယုက ဒါကိုကြားပြီးနောက် ပြုံးလိုက်ပြီး ..."အမေပြောတာ မှန်တယ်....ကျန်းရှု ကို အိမ်ရှေ့မင်းအဖြစ် ခန့်အပ်ချင်တယ်...အရင်ကတည်း ခန့်အပ်ဖို့ကို ငယ်ရွယ်လွန်းတာကြောင့် အချိန်ယူနေခဲ့တာ.... အမေ၊ စိတ်မပူပါနဲ့... ကျန်းမိသားစုရဲ့ ပထမမျိုးဆက်သုံးဆက်ရဲ့ အစွန်းအထင်းတွေကို နောက်မျိုးဆက်တွေဆီ အပါမခံပါဘူး.... ကျန်းမိသားစုကို ပြင်ပေးပါ့မယ်....."

ဟွာဂျန်ရှင်းနှင့် သီးသန့်တွေ့ဆူုချိန်တွင် သူ့ကိုယ်သူ 'ကိုယ်တော်' ဟု မသုံးနှုန်းခြင်းသည် ဟွာဂျန်ရှင်းကို မျက်နှာသာပေးခြင်းပင်....

ဟွာဂျန်ရှင်း ခေါင်းညိတ်လိုက်သည်။ထို့နောက်ကျန်းဇီယုကိုကြည့်ကာ စာနာစိတ်ဖြင့် .....

"ဇီယု...ပိန်သွားလိုက်တာ... ပြီးတော့ အသားအရေလည်းဖြူဖျော့နေတာပဲ.... မင်းရဲ့သွေးနဲ့ ချီဓာတ်ကို အာဟာရဖြည့်တင်းဖို့ မင်းအဖေကို ဆေးဝါးအချို့ သန့်စင်ပေးဖို့ ပြောလိုက်ရမလား....တိုင်းပြည်က အရေးကြီးပေမယ့် မင်းရဲ့ကျန်းမာရေးက ပိုအရေးကြီးတယ်"

ကျန်းဇီယုက ကုလားထိုင်ပေါ် ပြန်ထိုင်ပြီး.....

" စိတ်မပူပါနဲ့ ကျွန်တော့်အကြောင်း ကျွန်တော်သိပါတယ်.... အသက်တိုတဲ့ ဧကရာဇ်မဖြစ်ချင်ဘူး.....”

ဟွာဂျန်ရှင်း ထိုစကားကို ကြားမှသာ စိတ်သက်သာရာ ရသွားသည်။ သားအမိနှစ်ယောက် စကားစမြည်ပြောဖြစ်ခဲဲ့ကြပြီး ဟွာဂျန်ရှင်းက သူ့ကို အကြာကြီး မနှောင့်ယှက်ဘဲ ပြန်သွားခဲ့သည်။

ကျန်းဇီယုသည် သဝဏ်လွှာကို ကောက်ယူလိုက်သော်လည်း မကြာမီတွင် ပြန်ချလိုက်သည်။ ဟွာဂျန်ရှင်း၏စကားများက မောင်းမဆောင်ကို အမှန်ပင် လျစ်လျူရှုခဲ့ကြောင်း သူ့ကိုသတိရစေသည်။

"ကျန်းရှု..."

ကျန်းဇီယု၏ မျက်လုံးတောက်ပလာပြီး စားပွဲပေါ်ကို လက်ချောင်းဖြင့်တတောက်တောက်ခေါက်နေသည်။

တကယ်တော့ သူ့စိတ်ထဲမှာ နောက်ထပ် အစီအစဉ်တစ်ခု ရှိနေသေးသည်။

အိမ်ရှေ့မင်းဖြစ်ဖို့ ဘယ်သူအသင့်တော်ဆုံး ဖြစ်မလဲ ကြည့်ချင်သည်။ သို့သော်လည်း ကျန်းရှုကို အိမ်ရှေ့မင်းသားအဖြစ် မခန့်ထားပါက ပရမ်းပတာဖြစ်လာမှာ အမှန်ပင်။

တော်ဝင်မိသားစုတွေရဲ့ ရုန်းကန်မှုတွေနဲ့ ယှဉ်ရင် သူဟာ ထီးနန်းကို အရည်အချင်းမရှိသူထံ မအပ်ချင်ပေ။

“အပြစ်ပေးအကြီးအကဲ.... ..... မနက်ဖြန်ကစပြီး အိမ်ရှေ့စံက သဝဏ်လွှာတွေကို ပြန်လည်သုံးသပ်ဖို့ ကိုယ်တော့်ဆီလာရမယ်လို့ အမိန့်ချလိုက်ပါ....."

ဤသည်မှာ ကျန်းရှု၏ ပင်ကိုယ်စွမ်းရည်ကို ကိုယ်တိုင်လေ့ကျင့်ပေးရန် ဖြစ်သည်။ သို့သော် သူသည် အခြားမင်းသားများထက် နိမ့်ကျနေသေးလျှင် ဘာမျှမတတ်နိုင်တော့ပေ။

"ဟုတ်ကဲ့ ! ”

စာကြည့်ဆောင်အတွင်း အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။

ကျင်းမင်းဆက် ငြိမ်သက်သွားပြီးနောက် ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းသွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ မင်းဆက်များကလည်း ကျန်းမင်းဆက်ကို နှိုးဆော်ရန် မဝံ့ရဲကြပေ။ ကျန်းမင်းဆက်၏ ကြီးစိုးသော ကုန်သွယ်မှု လိုအပ်ချက်များကို ရင်ဆိုင်ရင်း မည်သူမျှ မနာခံဘဲမနေဝံပေ။ ဤသို့ဖြင့် ကျန်းမင်းဆက်၏ အာဏာနှင့် စီးပွားရေး တနေ့တခြား ကြီးထွားလာခဲ့သည်။

အောက်တိုဘာလတွင်.....

မြို့တော်တွင် ရုတ်တရက် ငလျင်တစ်ခု လှုပ်သွားခဲ့သည်။ လုံချီတောင်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါပြီး အိမ်များ တစ်ခုပြီးတစ်ခု ပြိုကျသွားသည်။ ချက်ခြင်းပင်၊ ကျန်းချန်ရှန်းသည် သူ၏ညာလက်ကို မြေပြင်ပေါ်တွင် ဖိထားပြီး သူ၏ ပြင်းထန်သော ခွန်အားနှင့် တည်ငြိမ်စေရန် လုံချီ တောင်ထဲသို့ ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းလိုက်သည်။

သို့သော် မြို့တော်သည် ဤမျှလောက် မတည်ငြိမ်ခဲ့ပေ။ လမ်းမများနှင့် မြို့ရိုးများ အက်ကွဲကာ လုံးဝ မရပ်တန့်မီ ဆက်တိုက် ငလျင် လှိုင်းခုနစ်ခု လှုပ်ခဲ့ပြီး အကြာဆုံးမှာ နှစ်မိနစ်နီးပါး ကြာမြင့်သည်။

မြေငလျင်ပြီးဆုံးပြီးနောက်တွင် အစောင့်တပ်သားများက မြို့တွင်းရှိလူများကို ကယ်တင်ခဲ့သည်။ လုံချီ ဘုရားကျောင်း၏တပည့်များသည်လည်း ဒဏ်ရာရတပည့်များနှင့် ကိုးကွယ်ဆည်းကပ်သူများကို ကယ်တင်ခဲ့သည်။ ကျန်းချန်ရှန်းကြောင့် လုံချီ ဘုရားကျောင်းတွင်မည်သူမျှမသေဆုံးပေ။

ပိုင်ချီက .... "ဆယ့်သုံးစီရင်စုရဲ့ မြို့တော်အောက်မှာ နဂါးသွေးကြောတွေ မရှိဘူးလား.... ဘာကြောင့် ငလျင်လှုပ်တာလဲ”

ဝမ်ချန်းက တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး.... "လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ငလျင်လှုပ်ခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ကြိမ်က အရင်အကြိမ်တွေထက် အများကြီး သေးငယ်သွားတယ်"

ပိုင်ချီက ခေါင်းခါလိုက်ပြီး ကျန်းချန်ရှန်းကို ကြည့်လိုက်ကာ... "မဖြစ်နိုင်လောက်ဘူးထင်တယ်...."

ဝမ်ချန်း၏ သိုင်းပညာနယ်ပယ် နိမ့်ပါးသောကြောင့် ၎င်းကို နားမလည်နိုင်ပေ။ သို့သော် ငလျင်လှုပ်ချိန်တွင် လုံချီ တောင်ကို တည်ငြိမ်စေသည့် ကြီးမားသော စွမ်းအားတစ်ခု ရှိနေကြောင်း သူမ ခံစားနိုင်သည်။

ကျန်းချန်ရှန်း၏ ကျင့်ကြံမှု မည်မျှ အစွမ်းထက်သောကြောင့် တောင်ကို တည်ငြိမ်အောင် စွမ်းဆောင်နိုင်သည်ကို သူမ စိတ်ကူးမကြည့်နိုင်တော့ပေ။

ကျန်းချန်ရှန်းက ဘာမှပြန်မဖြေခဲ့ပေ။ လုံချီ တောင်ကို တည်ငြိမ်စေရန်အတွက် ဝိညာဉ်စွမ်းအင်များစွာကို သုံးစွဲခဲ့သည်။ မဟာယာနနဂါးမျှော်စင်ကို တိုက်ခိုက်ရန်ပင် ထိုမျှလောက်သော ဝိညာဉ်စွမ်းအင်ကို မသုံးခဲ့ရပေ။ အဘယ်ကြောင့်ဆိုသော် သူသည် လုံချီ တောင်ကို တည်ငြိမ်စေရုံသာမက မြေကြီးအောက်ရှိ ကျောက်တုံးများကိုလည်း တည်ငြိမ်အောင် ထိန်းထားရသောကြောင့် ဖြစ်သည်။

သူ သိပ်ပြီး မစဉ်းစားမိဘူး.... တကယ်တော့ သဘာဝဘေးအန္တရာယ်ဆိုတာ လူသားတွေ

ဖန်တီးတာမှ မဟုတ်တာ....

[ ချန်းဝူခေါတ်၏ 15 နှစ်တွင်၊ ရှီခရိုင်ကိုဉီးတည်၍ နှစ်ပေါင်းရာနှင့်ချီ၍ မြင်တွေ့ခဲသော ငလျင်လှုပ်ခတ်ခဲ့သဖြင့် လုံချီ တောင်ပြိုကျလုနီးပါးဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အချိန်မှီကယ်တင်နိုင်ခဲ့သည်။ သင်သည် ဘေးဆိုးတစ်ခုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး အသက်ပေါင်းများစွာကိုကယ်တင်ခဲ့သည့်အတွက် ရှင်သန်ခြင်းဆုလာဘ်အဖြစ်ကိုယ်ပွားကျင့်စဉ် မန္တာန်ကိုရရှိခဲ့သည်]

ရှီခရိုင်?

ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်မိပြီး ဤငလျင်ကို လျှော့တွက်မိကြောင်း သဘောပေါက်လိုက်သည်။ လွန်ခဲ့သောဆယ်စုနှစ်များက ငလျင်သည် မြို့တော်၌သာဖြစ်ပွားခဲ့သည်။ အခု ရှီပြည်နယ်တစ်ခုလုံးနဲ့ ပတ်သက်နေသည်။ ရှီပြည်နယ်တွင် မြို့ 20 ကျော်ရှိသဖြင့် အသေအပျောက် မည်မျှ ရှိသည်ကိုမူ မသိရပေ။

သို့သော်၊ သူသည် ဤအရာများကို စဉ်းစားနေစရာမလိုဘဲ ကျန်းဇီယုကသာ ခေါင်းကိုက်လောက်အောင်တွေးပူနေရမည့်သူပင်.....

ကျန်းချန်ရှန်းက ကိုယ်ပွားကျင့်စဉ်ကို အမွေဆက်ခံခဲ့သည်။

သူသည် ကိုယ်ပွားကျင့်စဉ်ကို အမွေဆက်ခံပြီးနောက် မတ်တပ်ထရပ်ကာ ဤကျင့်စဉ်ကို ကျင့်ကြံရန် အိမ်ထဲသို့ ၀င်သွားခဲ့သည်။

ကိုယ်ပွားကျင့်စဉ်ဖြင့် ကိုယ်ပွားပွားများစွာ ဖန်တီးနိုင်သည်။ ပြီးတော့ ကိုယ်ပွားတွေရဲ့ ခွန်အားဟာ ကျန်းချန်ရှန်း ထည့်သွင်းလိုက်တဲ့ ဝိညာဉ်စွမ်းအင် အပေါ် မူတည်သည်။ ထို့အပြင်၊ ကိုယ်ပွားများက တိုက်ခိုက်နိုင်သေးသည်။

မဆိုးဘူး... မဆိုးဘူး.....

မြို့တော်တွင် တစ်မြို့လုံး မည်းမှောင်နေပြီး အော်ဟစ်သံများ တစ်မြို့လုံး ပဲ့တင်ထပ်နေပါသည်။

ဟန်ထျန်းကျီသည် အပျက်အစီးတစ်ခုပေါ်တွင် ရပ်နေပြီး သူ့ပတ်ဝန်းကျင်ကို စစ်ဆေးရင်း မျက်မှောင်ကြုတ်လိုက်သည်။ တုန်လှုပ်နေသော သူ့လက်ထဲတွင် ရွှေရောင်ဆွဲသီးကို ကိုင်ထားသည်။

“ဘာတွေဖြစ်ကုန်တာလဲ … နဂါးသွေးကြောရဲ့ ပံ့ပိုးမှု ပြောင်းလဲသွားပြီ…"

ခေါင်းငုံ့ပြီး မြေပြင်ကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေဲမှာ ရှုပ်ထွေးမှုတွေ ပြည့်နှက်နေသည်။

သူသည် ရှန်းရှန်တုန်းထျန်းတွင် ထောက်ပံ့ရေးပညာကို အမွေဆက်ခံထားသော်လည်း လက်ရှိအခြေအနေကို အဖြေရှာမရပေ။

သူသည် ဆရာဖြစ်သူ၏ စကားများကို ရုတ်တရက် သတိရသွားသည်။

“ကျန်းမင်းဆက်ရဲ့ စီရင်စု ဆယ့်သုံးခုအောက်မှာ နဂါးသွေးကြောတွေ ရှိတယ်.... ကမ္ဘာပေါ်မှာ နဂါးသွေးကြော ကိုးခုသာရှိပြီး နဂါးသွေးကြောတစ်ခုစီမှာ ပံ့ပိုးမှုပမာဏများစွာပါရှိတယ်... ဒါပေမယ့် စီရင်စု ၁၃ခုရဲ့ နဂါးသွေးကြောတွေ အားနည်းနေပြီ.... ထူးဆန်းတယ်၊ ထူးဆန်းတယ်..... အဲဒါက လူသားတွေ

ရဲ့လက်ချက်မဟုတ်ရင် ကြီးမားတဲ့ ဘေးဒုက္ခကြီး ဖြစ်လာမှာ သေချာတယ်.....”

ထိုအချိန်တွင် မဟာယာနနဂါးမျှော်စင်သည် သိုင်းပညာလမ်းကြောင်းကို နိုင်ထက်စီးနင်းဆုံးဖြတ်ပြီး ကံကြမ္မာ ကျဆင်းသွားသောကြောင့် နဂါးသွေးကြောများ အားနည်းသွားခြင်းကြောင့်ဟု သူထင်ခဲ့သည်။ ယခုတော့ ထိုသို့မဟုတ်ဟု ထင်ရသည်။

နဂါးသွေးကြောထဲမှာ လျှို့ဝှက်ချက်ကြီးတစ်ခု ဝှက်ထားခဲ့တယ်.......

All Chapters