နေရာယူခြင်း....
Vol. 51 Ch. 706
ဇူချင်းဟောင်၏ ကြေငြာချက်က လေထုကို အေးခဲသွားစေခဲ့သည်။ လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားသည်။ ရှပြည်ထောင်စု ၏အထင်ကရ အိမ်တော်ငါးခုအနက်
ဂျိယန်အိမ်တော်သည် လီတိုင်ရွှမ်နှင့်တန်တိုင်လန် ထွက်ခွာသွားပြီးနောက် အသန်မာဆုံးဟု ယူဆရပြီး ဇူချင်းဟောင်သည် စတုတ္ထအဆင့်မြို့စားဖြစ်လာသည်။ ဒါက တခြားအိမ်တော်သခင်တွေထက် တစ်လှမ်းပိုမြင့်သည်ဟုဆိုနိုင်သည်။
သူ၏ ကြေငြာချက်သည် ကုန်းယွမ်နှင့်အတူရပ်တည်မည်ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ခြင်းပင်......
အထူးသဖြင့် လော့လန်အိမ်တော်၏ အိမ်တော်စုဝေးပွဲနှင့် ပတ်သက်သည့် အခြေအနေပြီးနောက် ဤသို့ဖြစ်လာသည်မှမထူးဆန်းတော့ပေ။ ဇူချင်းဟောင် နှင့် ကုန်းယွမ် တို့သည် လှေတစ်စင်းတည်းပေါ်ရှိနေပြီဖြစ်သည်။
"ကျုပ်အုပ်ချုပ်တဲ့ ခရိုင်သုံးခုက မြောက်ပိုင်းမှာရှိတာဆိုတော့ ကျုပ်ရဲ့ရွေးချယ်မှုကို အထူးတလည်ရှင်းပြနေဖို့မလိုတော့ဘူးထင်တယ်...."
ထိုအချိန်တွင် ဘုရင်ခံကျုံးသည် ကုန်းယွမ် ၏ ခိုင်မာသော ထောက်ခံသူများထဲမှ တစ်ဦးအဖြစ် အလားတူ ပြောဆိုခဲ့သည်။
ကျင်းချွဲ့အိမ်တော်သခင်စီချင်း၏ မျက်လုံးများတောက်ပလာပြီး...
"ကျင်းချွဲ့အိမ်တော်ကလည်း မြောက်ပိုင်းကို သွားဖို့ ဆန္ဒရှိတယ်......"
အိမ်တော်စုဝေးပွဲတွင် လော့လန်အိမ်တော်ကို အပြစ်မပြုမိပါက အခြားသူများနှင့်အတူ တောင်ဘက်သို့ သွားချင်နေပေလိမ့်မည်။ သို့သော် ကုန်းယွမ်က သန်မာသောကြောင့် အန္တာရာယ်များကို ခံနိုင်ရည်ရှိသောခံစားချက်ကို ပေးစွမ်းနေ၏။ ထို့အပြင်၊ သူသည် တစ်စုံတစ်ယောက်၏ ထောက်ခံမှုကို သရုပ်ပြသည့် ဤလွန်ကဲသော နည်းလမ်း၏ ပရိတ်သတ်မဟုတ်ပေ။ ကံမကောင်းစွာပဲ၊ သူသည် လော့လန်အိမ်တော် နှင့် ဆက်ဆံရေးကို ပျက်ပြားစေခဲ့ပြီး လီတိုင်ရွှမ်နှင့်တန်တိုင်လန်၏ နောက်ဆုံးလက်စားချေမှုကို မည်သို့ကာကွယ်ရမည်ကို တွက်ချက်ဆုံးဖြတ်ရမည်ဖြစ်သည်။
ရှပြည်ထောင်စု တစ်ခုလုံးကို တစ်ချက်ကြည့်လိုက်ရင် သူတို့နှစ်ယောက်ကို တွန်းလှန်ဖို့ ခွန်အားရှိသူက ကုန်းယွမ် တစ်ယောက်သာရှိတော့သည်။
ပိုအရေးကြီးတာက ကုန်းယွမ်က လော့လန်အိမ်တော်ကို ဆန့်ကျင်ပြီး ရန်သူ၏ရန်သူသည် မိတ်ဆွေဖွဲ့သင့်သောသူပင်..
သူတို့သည် လီတိုင်ရွှမ်နှင့်တန်တိုင်လန် တို့ကို ကိုင်တွယ်ဖြေရှင်းရန် သဘာဝအတိုင်း အတူတကွ ပူးပေါင်းရတော့မည်။
ဒီအတွေးတွေဖြင့် စီချင်း ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းပင်.....
အလားတူကြေငြာချက်က အားလုံးကို တုန်လှုပ်သွားစေသည်။အိမ်တော်နှစ်ခုက ကုန်းယွမ်ကို ထောက်ခံရန် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ကြေငြာခဲ့သဖြင့် မရေမတွက်နိုင်သော ကိုယ်စားလှယ်များ အမူအရာပြောင်းကုန်ကြသည်။ ကျန်သေးသည့်အိမ်တော်သုံးခုတွင် လန်လင်းအိမ်တော်က အစည်းဝေးပွဲသို့ရောက်မလာသည့်အတွက် လော့လန်အိမ်တော်နှင့်ဒူဇီအိမ်တော်တို့သာ ဆုံးဖြတ်ဖို့ကျန်တော့သည်။
ထိုအချိန်တွင်၊ တော်ဝင်နန်းတွင်းမှ အရေးပါသော အရာရှိအချို့နှင့် ကြားနေသမားများသည် ကုန်းယွမ်နှင့် လက်တွဲလိုသော ဆန္ဒကို ဖော်ပြခဲ့ကြသည်။
တခဏအတွင်း ကုန်းယွမ်အတွက် များစွာသော ပံ့ပိုးကူညီမှုများစွာကို ရရှိနေပြီဖြစ်သည်။
ကြေငြာချက်များကြောင့် မင်းသမီး၏မျက်နှာ အေးစက်သွားပြီး သူမ၏နူးညံ့သောခန္ဓာကိုယ်သည် တုန်တုန်ယင်ယင်ဖြစ်ပြီ ဒေါသကို ထိန်းထားရသည်မှာ ထင်ရှားနေသည်။
ထိုအချိန်တွင် လူငယ်တစ်ဦး၏ ရယ်မောသံထွက်ပေါ်လာသည်။
"ဟားးဟားးး လော့လန်အိမ်တော်ရဲ့ အိမ်တော်စုဝေးပွဲမှာ ဖေဟောင်က ပေါက်ကွဲအားပြင်းတဲ့အဆင့်တက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်....ဒါဟာ ရှန်ကျင်းရှောင်ရဲ့ လျှို့ဝှက်ပံ့ပိုးကူညီမှုကြောင့် ဖြစ်တယ်ဆိုတာကို စုံစမ်းတွေ့ရှိခဲ့တယ်.... ဒါ့အပြင် ကိုယ်စားအုပ်ချုပ်သူ ကျုပ်တို့ကို တိတ်တဆိတ် လျှို့ဝှက်လုပ်ကြံခဲ့တာက အတော် အံ့သြသွားစေတယ်....ဆိုတော့ ကိုယ်စားအုပ်ချုပ်သူနဲ့ ရှန်ကျင်းရှောင်တို့ကြားမှာ အထူးတလည် ဆက်ဆံရေးမျိုးရှိတယ်”
လီလော့၏စကားသံ ဟိန်းကနဲထွက်ပေါ်လာသည်။
" ရှန်ကျင်းရှောင်နဲ့ ထူးဆန်းတဲ့မျက်စံရှိတဲ့ လူငယ်နှစ်ယောက်စလုံး ပုန်းလျှိုးကွယ်လျှိုးနဲ့အရိပ်လှိုဏ်ဂူ ကျိုးပေါက်အောင် လှုံဆော် ခဲ့ကြတယ်...ကိုယ်စားအုပ်ချုပ်သူနဲ့ရှန်ကျင်းရှောင်တို့မှာ အထူးဆက်ဆံရေး တစ်မျိုးမျိုး ရှိခဲ့ရင် ဖန်းကျွမ်အဖွဲ့အစည်းရဲ့ အဖွဲ့သားအဖြစ်ယူဆနိုင်တယ်....ဟုတ်တယ်မလား....."
ဤစကားများသည် လူတိုင်းကို နှုတ်ဆိတ်သွားစေသည်။ ဒုကျောင်းအုပ်စုရှင်းပင်လျှင် ကုန်းယွမ်ထံသို့ ပြင်းပြင်းထန်ထန် တစ်ချက်ကြည့်လိုက်သည်။
ဤဖိအားများကိုရင်ဆိုင်ရသောအခါ ကုန်းယွမ်က....
"အိမ်တော်သခင်လီလော့ကို ရင့်ကျက်လာပြီထင်ခဲ့တာ.....တကယ်တမ်းကျတော့ တကယ်ကို ရိုင်းစိုင်းကြမ်းတမ်းတာပဲ.... လော့လန်အိမ်တော်မှာ လူတိုင်းမက်မောတဲ့ ဘဏ္ဍာကို ပိုင်ဆိုင်ထားတာမို့ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်ရင်တော့ မင်းမိဘတွေကိုပဲအပြစ်တင်လိုက်.... သက်သေမရှိဘဲနဲ့ ရမ်းသမ်းစွပ်စွဲမနေနဲ့...."
လီလော့ အနည်းငယ်ပြုံးလိုက်မိသည်။
"ကျုပ်က ကျုပ်အတွေးတွေကိုပြောပြရုံသက်သက်ပါ.... ဘာလို့ ဒီလောက်လေးနက်နေတာလဲ၊ လော့လန်အိမ်တော်က မင်းသမီးနဲ့ တောင်ဘက်ကိုသွားဖို့ရွေးချယ်မှာပါ.... အခု ကိုယ်စားအုပ်ချုပ်သူက ကျုပ်တို့ရဲ့ ရတနာတွေကို လိုချင်နေတာလို့ ပွင့်ပွင့်လင်းလင်း ပြောနေပြီဆိုတော့ သူ့နောက်ကို လိုက်သွားရင် ကျားရှေ့လည်စင်းပေးသလိုဖြစ်နေမှာပေါ့....."
ကုန်းယွမ်၏ ခံစားချက်ကင်းမဲ့သော အမူအရာသည် ထိုကဲ့သို့သော ရလဒ်ကို မျှော်လင့်ထားပြီးဖြစ်ကြောင်း ထင်ရှားနေသည်။
ဒူဇီအိမ်တော်သခင် ဒူဇီယန်ကလည်း သူ၏ဆုံးဖြတ်ချက်ကို ဖြည်းညှင်းစွာဖော်ပြခဲ့သည်။
"ဒူဇီအိမ်တော်က အိမ်အသစ်ဆောက်ဖို့ တောင်ပိုင်းကိုသွားမှာပါ... အရာအားလုံးက နောက်ဆုံးတော့လည်း မူလအစဆီပဲပြန်သွားရမှာပဲ... ရှမြို့တော်က ထွက်ခွာရမယ်ဆိုရင် တောင်ပိုင်းကိုသွားဖို့ပဲရွေးချယ်မှာပါ...."
ဒီရွေးချယ်မှုက မထူးဆန်းပါပေ။ ဒူဇီယန် သည် အိမ်တော်စုဝေးပွဲအတွင်း စီချင်းကို ပိတ်ဆို့ရန် ရွေးချယ်ခဲ့ပြီး ၎င်းသည် သူနှင့် ကုန်းယွမ်တို့ကြား တင်းမာသောဆက်ဆံရေးကို အမှတ်အသားပြုခဲ့သည်။
သို့တိုင်၊ လော့လန်အိမ်တော်နှင့် ဒူဇီအိမ်တော် တို့၏ ရွေးချယ်မှုများသည် အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်စေသည်ဟု ယူဆပါက၊ နောက်တစ်ဦးချင်းစီ၏ စကားများသည် လူတိုင်း အာရုံစိုက်နေသည့်အရာဖြစ်သည်။
" မင်းသမီးကို တောင်ပိုင်းဆီ ပို့ဆောင်ပေးဖို့
ဆန္ဒရှိပါတယ်"
ဒါတွေက ချင်ဇန်ကျန်း၏ရပ်တည်ချက်ပင်... သူ၏သူရဲကောင်းဆန်သော ကိုယ်ဟန်အနေအထားသည် မရေမတွက်နိုင်သော အမာရွတ်များဖြင့် သံမဏိဘုရားနှင့်တူသော ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသောကြောင့် အားကိုးထိုက်သူဖြစ်ကြောင်း ထင်ရှားနေသည်။
ကုန်းယွမ်၏ မျက်ခွံများ လှုပ်ယမ်းသွားသည်။ ချင်ဇန်ကျန်းသည် စစ်တပ်တွင် အရေးပါသော ရာထူးရှိသူဖြစ်သည်။ အကယ်၍ သူသည် တောင်ဘက်သို့သွားရန် ရွေးချယ်ပါက သူနှင့်အတူ လိုက်ပါရန် အခြားဗိုလ်ချုပ်များစွာကို ဆွဲဆောင်နိုင်ပြီး ကုန်းယွမ် ဘက်ကိုလည်း အကြီးအကျယ် သက်ရောက်မှုရှိသည်။
"ကြယ်တာယာခရီးရှည်ကောလိပ်ကလည်း တောင်ပိုင်းကိုပဲသွားမှာပါ... မြို့ငယ်လေးတွေမှာကျွန်မတို့ရဲ့လိုအပ်ချက်များနှင့် ကိုက်ညီပြီး ပြန်လည်မွမ်းမံပြင်ဆင်နိုင်တဲ့ ကောလိပ်တွေရှိတာမို့ ပိုလွယ်ကူနိုင်တယ်..." ဟု ဒုကျောင်းအုပ်စုရှင်းက တည်ငြိမ်စွာ ရှင်းပြခဲ့သည်။
ထိုစကားများကြောင့် ကုန်းယွမ်၏အမူအရာ ရုပ်ဆိုးသွားခဲ့သည်။ ကြယ်တာယာခရီးရှည်ကောလိပ် ပျက်စီးသွားခဲ့ပြီး ခရမ်းအဆင့်နည်းပြအချို့ ကူးစက်ခံရပြီး ဒဏ်ရာရရှိခဲ့သော်လည်း ၎င်းသည် အထူးစွမ်းအားတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ၎င်း၏အုတ်မြစ်နှင့် နောက်ခံသည် ခိုင်မာဆဲဖြစ်ပြီး တောင်ဘက်သို့ မင်းသမီးနှင့်အတူ လိုက်ခဲ့မည်ဆိုလျှင် နောင်ကာလများတွင် သူမ၏အရှိန်ကို မြှင့်တင်နိုင်မည်ဖြစ်သည်။
သို့သော် ဤသည်မှာ ဒုကျောင်းအုပ်စုရှင်း၏ ရွေးချယ်မှုဖြစ်သည်။
ကောလိပ်တွင် ဘုရင်အဆင့် ကျွမ်းကျင်သူ ဖန်ချန်ယွမ် ရှိခဲ့ဖူးသောကြောင့် စိတ်ပူစရာမခဲ့ပေ။ သို့သော်လည်း ယခုအခါ သူသည် ချိတ်ပိတ်ခံခဲ့ရပြီး ကောလိပ်သည်လည်း ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ အကယ်၍ သူမသာ ကုန်းယွမ်နှင့် လက်တွဲရန် အစပြုခဲ့မည်ဆိုလျှင်၊ သူမအား ဖိနှိပ်ချုပ်ချယ်ရန် နည်းလမ်းအချို့ကို အသုံးချနိုင်သည်။
ထိုအမျိုးသမီးသည် လိမ္မာပါးနပ်ပြီး သူ့ကို အမြတ်ထုတ်ရန် အခွင့်အရေးမပေးပေ။
တောင်ဘက်သို့ ဦးတည်နေသော ကြယ်တာယာခရီးရှည်ကောလိပ်သည် ဆိုးရွားသောအရာမဟုတ်ပေ။ နှစ်အနည်းငယ်ကြာလာသောအခါတွင်၊ ဖန်းကျွမ်အဖွဲ့အစည်းက သူ့ဘက်တွင်ရှိနေမည်ဖြစ်ပြီး ဆက်ဆံရေးလည်း ပိုမိုနက်ရှိုင်းလာမည်ဖြစ်သည်။ အကယ်၍ ကောလိပ်သာ သူနှင့်အတူရှိလျှင် ၎င်းတို့ကို ရှာဖွေတွေ့ရှိနိုင်ပြီး မလွှဲမရှောင်သာသော ဒုက္ခဆီသို့ ဦးတည်သွားနိုင်သည်။
ထို့ကြောင့် မြောက်ပိုင်းကို အပြည့်အဝထိန်းချုပ်ရန် သီးခြားလမ်းကို လျှောက်လှမ်းရန်မှတပါး ရွေးချယ်စရာမရှိပေ။
သူ့ကိုယ်ပိုင်ခွန်အားများ တိုးလာကာ အဆင့်မြင့်မြို့စားအဆင့်သို့ရောက်ရှိခဲ့လျှင် ဖန်းကျွမ်အဖွဲ့အစည်းသည် သူနှင့် လက်တွဲလုပ်ဆောင်နေကြောင်း ထင်ရှားလာလျှင်ပင် သဘောထားကွဲလွဲမှုများကို နှိမ်နှင်းရန် ယုံကြည်မှုရှိလာမည်ဖြစ်သည်။ ဤအတွေးများကြောင့် ကုန်းယွမ်၏ စိတ်ထဲတွင် လင်းလက်သွားသော်လည်း....
"ဒါက ဒုကျောင်းအုပ်စုရှင်းရဲ့ ဆုံးဖြတ်ချက်မို့ လေးစားရမှာပေါ့..." ဟု အေးစက်စွာ ပြန်ဖြေရင်း သူ့အမူအရာက မှုန်ကုပ်ကုပ် ဖြစ်နေသည်။
ထို့နောက် သူက ယုဟုန်ရှီ ဘက်သို့ လှည့်လိုက်သည်။
"ဥက္ကဋ္ဌယု၊ ရွှေနဂါးဘဏ်ရဲ့ ဆုံးဖြတ်ချက်ကရော...."
ယုဟုန်ရှီက ပြုံးလိုက်ပြီး..... "ရွှေနဂါးဘဏ်အတွက် မြောက်ပိုင်းနဲ့တောင်ပိုင်းတို့က စီးပွားရေးလုပ်ဖို့အတွက် နယ်မြေကောင်းတွေပါ... ကျွန်မတို့ရဲ့ဌာနချုပ်က တောင်ဘက်ကို သွားမှာဆိုပေမယ့် မြောက်ပိုငိးနဲ့ ဆက်ဆံရေးကိုလည်း စွန့်လွှတ်မှာမဟုတ်ဘူး၊ ကျွန်မတို့ရဲ့ ဘဏ်ခွဲတွေကို အဲဒီနေရာမှာ စီးပွားရေးလုပ်ဖို့ ဖွင့်ထားမှာပါ...”
ယုဟုန်ရှီသည် မင်းသမီးဘက်ကို ပို၍ အားသာနေသည်မှာ ထင်ရှားသည်။ သို့တိုင် ၎င်းတို့သည် စီးပွားရေးသမားများဖြစ်၍ ကြားနေဝါဒကိုကိုင်စွဲထားရန် ရွေးချယ်ခဲ့သည်။ ဒီလို ထူးထူးခြားခြား အခြေအနေတွေကြောင့်သာ မဟုတ်ရင် သူတို့ ဒီလောက် ရူးသွပ်စွာ ပြုမူဖို့ ရွေးချယ်မှာ မဟုတ်ပေ။
ကြယ်တာယာခရီးရှည်ကောလိပ်နှင့် ရွှေနဂါးဘဏ်တို့၏ ဆုံးဖြတ်ချက်များ ချမှတ်ပြီးသည်နှင့် ကျန်ကိုယ်စားလှယ်များက ၎င်းတို့၏ အမြင်များကို အချင်းချင်း ထုတ်ဖော်ပြောဆိုကြသည်။ ယင်းတို့ထဲမှ အချို့သည် နိုင်ငံတော်၏ မြောက်ဘက်ခြမ်းမှ ဖြစ်သောကြောင့် ကုန်းယွမ်ကိုရွေးချယ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ပေမယ့် ကုန်းယွမ်ရဲ့ အုပ်ချုပ်မှု နှစ်တွေကြာလာတာနဲ့အမျှ သူတို့အပေါ် လွှမ်းမိုးခဲ့တာလည်းပါပေလိမ့်မည်။ အခြားသောအင်အားစုများသည် မဟာအိမ်တော်ကြီးငါးခုနှင့် မညီမျှသော်လည်း ၎င်းတို့ကို ပူးပေါင်းလိုက်ပါက ထည့်သွင်းတွက်ချက်ရမည့် စွမ်းအားများဖြစ်လာခဲ့သည်။
ဤအချိန်တွင် ရှပြည်ထောင်စုရှိ အမြင့်ဆုံးအာဏာများကို ကိုယ်စားပြုသည့် အင်အားစုများကို မြောက်ဘက်နှင့် တောင်ဘက်ဟူ၍ အုပ်စုနှစ်ခုခွဲထားသည်။
အကယ်၍ ကြယ်တာယာခရီးရှည်ကောလိပ် နှင့် ရွှေနဂါးဘဏ်ကို ညီမျှခြင်းမှ ဖယ်ရှားခဲ့မည်ဆိုလျှင် ကုန်းယွမ်ကို ထောက်ခံအားပေးသူများသည် ခွန်အားနှင့် သြဇာပိုကြီးသည်ဟု ထင်ရပေလိမ့်မည်။
ဤရလဒ်သည် ကုန်းယွမ်အား ကျေနပ်မှုရစေခဲ့သည်။ ထို့ကြောင့်သွယ်ဝိုက်မနေတော့ဘဲ မင်းသမီးကို မာနကြီးစွာကြည့်လိုက်ပြီး....
" လွမ်ယု ... မင်းဆုံးဖြတ်ချက်ချပြီးကတည်းက တောင်ပိုင်းဒေသကို ကောင်းကောင်းစီမံခန့်ခွဲနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်... ရှပြည်ထောင်စုရဲ့အနာဂတ်က အားလုံးပေါ်မူတည်နေတယ်...."
မင်းသမီးက အေးတိအေးစက်နဲ့.....
"ကုန်းယွမ်...ကျွန်မအဖေဧကရာဇ်က တကယ်မျက်စိကန်းနေခဲ့တာပဲ၊ ရှင့်ကို ကိုယ်စားအုပ်ချုပ်သူအဖြစ်ရွေးချယ်လိုက်တာက နိုင်ငံကို ခွဲထွက်စေလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး...."
သို့သော်လည်း ကုန်းယွမ်သည် ဆက်လက်၍ ငြင်းခုန်ခြင်း မပြုခဲ့ပေ။
သူထွက်ခွာသွားသည်နှင့်အမျှ သူ့ကို ပံ့ပိုးပေးသူများသည်လည်း အလားတူ ထွက်ခွာသွားကြသည်။
ခဏအကြာတွင် လူတစ်ဝက်လောက်ရှင်းသွားသည်။
မင်းသမီး၏လှပသောမျက်နှာသည် အတိအကျမသိနိုင်သောအမူအရာရှိသော်လည်း သူမ၏အကြည့်များတွင် သတ်ဖြတ်လိုစိတ်များကို ဖုံးကွယ်ထားသည်။ သူမသည် ထိုလူများကို အရေးယူရန် အမိန့်ပေးချင်လုနီးပါးဖြစ်ခဲ့သော်လည်း ဆင်ခြင်တုံတရားကြောင့် စိတ်လျော့လိုက်ရသည်။
ဒုကျောင်းအုပ်စုရှင်းနှင့်ယုဟုန်ရှီတို့သာရှိမနေလျှင် ကုန်းယွမ်သည် တော်ဝင်နန်းတော်ကို တိုက်ရိုက်ထိန်းချုပ်ပြီး သူမတို့မောင်နှမကို ချက်ချင်းလက်ငင်း ဖယ်ရှားလိုက်မညိဟု သူမ သံသယဖြစ်ရှိနေသည်။
မင်းသမီးသည် အသက်အနည်းငယ်ပြင်းပြင်းရှူလိုက်ပြီး စိတ်ကိုတည်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ ထို့နောက် လီလော့နှင့်ကျန်းချင်းအာတို့ကို ကျေးဇူးတင်ခြင်းအပြည့်ဖြင့် ပြုံးပြကာ လှည့်ကြည့်လိုက်သည်။
"ဆုံးဖြတ်ချက်ချပြီးပြီမို့ ထွက်ခွာဖို့ ပြင်ဆင်မှုတွေ လုပ်လို့ရတော့မယ်.... ရှမြို့တော်ကိုလက်လွှတ်ခဲ့ရပေမယ့် ရှပြည်ထောင်စု ရဲ့ အနာဂတ်ကိုမျှော်လင့်နိုင်ပါသေးတယ်.... တစ်နေ့ ကျွန်မတို့ ဒီကိုပြန်လာနိုင်မယ်လို့ ယုံကြည်တယ်..... “
သူမ၏ စိတ်အားထက်သန်သော စကားလုံးများကို ကြားလိုက်ရသည်နှင့် သူမနှင့်အတူလိုက်ပါမည့် ကိုယ်စားလှယ်များသည် ချက်ခြင်း ထွက်ခွာသွားကြသည်။ အလုပ်တွေအများကြီးလုပ်ရပေဉီးမည်......
လီလော့သည် မထွက်ခွာမီတွင် ဒုကျောင်းအုပ်စုရှင်းဆီသို့ အပြေးအလွှားသွားကာ နှုတ်ဆက်စကားဖလှယ်ခဲ့သည်။
"ဒုကျောင်းအုပ်....ကြယ်တာယာခရီးရှည်ကောလိပ် ကို ပြန်လည်တည်ဆောက်ဖို့ တောင်ဘက်မှာ နေရာတွေရှိလား.." ဟု လီလော့က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
သူမ ပြုံးပြပြီး လီလော့ကိုလှည့်ကြည့်ကာ...
"အင်း..... ရွေးစရာနည်းနည်းရှိတယ်... ဘာကြောင့်လဲ... မင်းမှာ အကြံပေးစရာ ရှိလို့လား..."
"ကျွန်တော် နန်ဖန်းကောလိပ်ကို အကြံပြုချင်ပါတယ်......"
"နန်ဖန်းကောလိပ်.. ဒါက ရွေးချယ်မှုတွေထဲက တစ်ခုပါ...."
ဒုကျောင်းအုပ်စုရှင်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။ လီလော့ နှင့် ကျန်းချင်းအာ နှစ်ဦးစလုံး ထိုနေရာမှ ဘွဲ့ရခဲ့ကြောင်း သူမ သိသည်။
"ဒီကိစ္စကို နည်းပြတွေနဲ့ ဆွေးနွေးလိုက်မယ်... မင်းနဲ့ကျန်းချင်းအာတို့လို ထူးချွန်တဲ့ ကျောင်းသားနှစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ရင် သူတို့ရဲ့ ကံကြမ္မာက သိပ်မဆိုးပါဘူး"
လီလော့က ပြုံးပြီး ခေါင်းညိတ်လိုကိသည်။ စုရှင်း မှိုင်းပြသော အမူအရာကို သတိပြုမိသော်လည်း နှစ်သိမ့်ပေးရုံမှတစ်ပါး မတတ်နိုင်ပေ။
"ဒုကျောင်းအုပ်.... အရမ်းစိတ်ပျက်စရာ မလိုပါဘူး။ ကောလိပ်က ပျက်စီးသွားပြီ၊ ဒါပေမယ့် ဒါက ပြာပုံကနေ ပြန်လည်မွေးဖွားဖို့ အခွင့်အရေး ဖြစ်နိုင်တယ်။ ကြယ်တာယာခရီးရှည်ကောလိပ်က တခြား ကောလိပ်တွေနဲ့မတူဘဲ ထူးချွန်တဲ့ပါရမီရှင်တွေ မွေးထုတ်ပေးနိုင်တယ်။ အနည်းဆုံးတော့၊ အဲဒါကို 'ရှေးဟောင်းကောလိပ်' အဖြစ် သတ်မှတ်နိုင်လိမ့်မယ်....."
လီလော့၏ နှစ်သိမ့်စကားများကို နားထောင်ရင်း သူမ ပြုံးပြလိုက်သည်။ သူမ၏အကြည့်များ နွေးထွေးလာကာ လူငယ်၏ဆံပင်ကို ပွတ်သပ်ရန် လက်ကိုဆန့်လိုက်သည်။
"ဒီလိုဆိုရင် မင်းနဲ့ ကျန်းချင်းအာ အပေါ်မှာ ငါ့မျှော်လင့်ချက်တွေ ပုံအောထားလိုက်တော့မယ်...."