အဖြေတစ်ခု....
Vol. 51 Ch. 707
ရှမြို့တော်သည် နောက်ထပ်ဆယ်ရက်ကြာအောင် ပျာယာခတ်နေခဲ့သည်။
မရေမတွက်နိုင်သောလူများသည် မိမိတို့၏နေအိမ်များကို စွန့်ခွာကာ မြောက်ဘက် သို့မဟုတ် တောင်ဘက်သို့ပြောင်းရွေ့ဖို့
ရွေးချယ်ခဲ့ကြသည်။ နှလုံးသားထဲတွင် ဆန္ဒမရှိကြသော်လည်း ပတ်ဝန်းကျင်တွင် အမှောင်စွမ်းအင်များ ပိုမိုထူထပ်လာပြီး ကမ္ဘာခြားသက်ရှိများ၏အရိပ်အယောင်များကိုတွေ့နေရပြီဖြစ်သည်။
ကောင်းသောအချက်မှာ ၎င်းတို့သည် အဆင့်နိမ့်များဖြစ်ပြီး ရှမြို့တော်၏ ကျွမ်းကျင်ပညာရှင်များက အလွယ်တကူ ချေမှုန်းနိုင်ခဲ့ကြသည်။
သို့သော် ကမ္ဘာခြားသက်ရှိများ အသတ်ခံရချိန်တွင်ပင် မြို့တွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့သည်။
နေ့စဉ်နှင့်အမျှ ထွက်ပြေးသူဦးရေ တိုးလာကာ အားလုံး အထိတ်တလန့်ဖြစ်နေကြသည်။ တစ်ချို့က နှစ်သစ်ကို ဆင်နွှဲဖို့ ကြိုတင်ပြင်ဆင်နေခဲ့သော်လည်း ယင်းအစား၊ ဘဝသည် အိပ်မက်ဆိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤသည်မှာ မည်သူမျှ ရှောင်လွှဲမရနိုင်သော ဘေးအန္တရာယ်တစ်ခုဖြစ်သည်။
ရှမြို့တော်ရဲ့ ထိပ်တန်းအာဏာရှင်တွေတောင်မှ ကင်းလွတ်ခွင့်မရှိခဲ့ချေ။
၎င်းတို့အားလုံးသည် ပိုင်ဆိုင်မှုအရင်းအမြစ်များအားလုံးကို အလျင်စလိုစုဆောင်းရန် ကြိုးပမ်းခဲ့ကြသော်လည်း အချိန်အကန့်အသတ်ကြောင့် ပြန်လည်ရယူနိုင်သည့် ပမာဏမှာ အနည်းငယ်မျှသာဖြစ်သည်။
ထိုအချိန်တွင် ရှမြို့တော်အတွင်း မည်သူမျှ အဆင်မပြေခဲ့ပေ။
တော်ဝင်နန်းတွင်း၏သဘောထား ကွဲလွဲမှုကြောင့် အခြေနေကပို၍ပင်ဆိုးဝါးလာသည်။ မင်းသမီးနှင့်ကိုယ်စားအုပ်ချုပ်သူတို့ လမ်းခွဲခဲ့ကြသည်။ ၎င်းတို့အနက် တစ်ဦးက မြောက်ဘက်သို့ ဦးတည်ကာ နောက်တစ်ဉီးက တောင်ဘက်သို့ ထွက်ခွာသွားသည့် သတင်း မြို့တွင်းသို့ ပျံ့နှံ့သွားကာ ပြည်သူများကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်တွေကို ကလေးတောင်မှ နားလည်နိုင်သည်။
တော်ဝင်နန်းတော် နှစ်ပိုင်းကွဲသွားပြီး ရှပြည်ထောင်စုသည် သေးငယ်သောနိုင်ငံနှစ်ခုအဖြစ် မလွဲမသွေ ကွဲသွားမည်ဖြစ်သည်။
တောင်ပိုင်းကို မင်းသမီးအဖွဲ့မှ ချုပ်ကိုင်ထားမည်ဖြစ်ပြီး မြောက်ပိုင်းကို ကုန်းယွမ်က အုပ်ချုပ်မည်ဖြစ်သည်။
အကယ်၍ လွန်ခဲ့သည့်တစ်လကသာ ဤသို့ဖြစ်လာပါက ကုန်းယွမ်သည် အဆုံးမရှိသော ဝေဖန်မှုများ၏သားကောင်ဖြစ်မည်မှာ သေချာပါသည်။မည်သို့ပင်ဆိုစေ ဤသည်မှာ သစ္စာဖောက်သော ပူးပေါင်းကြံစည်မှုဖြစ်သည်။ ကံမကောင်းသည်က ရှမြို့တော်တစ်ခွင်ပျံ့နှံ့နေသော အမှောင်စွမ်းအင်၏ အရေးပါသောပြဿနာကြောင့် ကုန်းယွမ်ကို ဒုတိယအကြိမ် စောင့်ကြည့်ဝေဖန်ရန် မည်သူမျှ မတတ်နိုင်တော့ပေ။
မင်းသမီး၏အဖွဲ့သာလျှင် ကုန်းယွမ်အား လူသိရှင်ကြား စကားပြောဆိုရန် အချိန်ဖြုန်းဆဲဖြစ်သည်။ ရက်ကြာလာသည်နှင့်အမျှ အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ ၎င်းတို့၏ ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည်။ ကမ္ဘာခြားသက်ရှိများ၏ပြသာနာသာမရှိပါက နှစ်ဖက်စလုံးစစ်ဖြစ်နေလောက်ပြီ.. ....
အတိုချုပ်ပြောရလျှင် တော်ဝင်နန်းတော်၏သဘောထားကွဲလွဲမှုက ရှမြို့တော်အတွင်း အခြေအနေများကို ယခင်ကထက် ပိုမိုရှုပ်ထွေးစေခဲ့သည်။
……..........
လော့လန်အိမ်တော်၏ မြေအောက်နန်းတော်တွင်......
လီလော့နှင့်ကျန်းချင်းအာတို့သည် နွားသိုးကြီးပေါင်ပေါင်ကို အထိတ်တလန့်ဖြင့် ကြည့်နေကြသည်။ပေါင်ပေါင်သည် လောလောဆယ်တွင် လက်ဟန်အမူအရာအချို့ကို ဆက်တိုက်လုပ်ဆောင်နေပြီး တစ်ခုချင်းစီကြောင့် မြေအောက်နန်းတော်ကို ဖုံးအုပ်ထားသည့် အလင်းရောင်များ တဖြည်းဖြည်း အားနည်းလာသည်။
ဤအလင်းမှော်စာလုံးများသည် လော့လန်အိမ်တော်ကို ထိန်းသိမ်းထားသည့် ခံစစ်အစီအရင်၏ အခြေခံအုတ်မြစ်ဖြစ်သည်။
လီလော့ အကြည့်တွေ ရှုပ်ထွေးနေ၏။ ခံစစိအစီအရင်သည် လော့လန်အိမ်တော်ကို နှစ်ပေါင်းများစွာ ကာကွယ်ခဲ့ပြီး၊ အပြင်လူများအစား သူ့ကြောင့် ပျက်စီးသွားလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
သို့သော် ရွေးချယ်စရာမရှိခဲ့ချေ။ ရှမြို့တော် သည် ပျက်စီးခြင်းသို့ ဦးတည်သွားခဲ့ပြီး လော့လန်အိမ်တော်ကို ပြောင်းရွှေ့ရပေတော့မည်။
ထို့ကြောင့်၊ သူတို့သည် နတ်ဘုရားအရာကို ပြန်လည်ရယူပြီး လီတိုင်ရွှမ်နှင့်တန်တိုင်လန် တို့ ချန်ရစ်ခဲ့သော အသက်မီးတောက်များကို ကာကွယ်ရန် လိုအပ်သည်။
လီလော့ စိတ်ရှုပ်နေမှန်းသိသောကြောင့် ကျန်းချင်းအာက သူ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး တောက်ပသောမျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။
သူ့လက်ဖဝါးပေါ်မှ အေးစက်ပြီး သိမ်မွေ့သော အထိအတွေ့ကို ခံစားလိုက်ရသဖြင့် လီလော့က ကျန်းချင်းအာကို နွေးထွေးသော ခံစားချက်ဖြင့် လှည့်ကြည့်လိုက်သည်။
"ခံစစ်အစီအရင်က သူ့ရဲ့ရည်ရွယ်ချက်ကို ဖြည့်ဆည်းခဲ့ပြီးပြီ... ခံစစ်အစီအရင်က အိမ်တော်စုဝေးပွဲရဲ့စမ်းသပ်မှုတွေကနေ ငါတို့ကို ကာကွယ်ပေးခဲ့တယ်... အခုချိန်ကစပြီး ငါတို့တွေ ကိုယ့်ကိုကိုယ်အားကိုးသင့်ပြီ...."
ကျန်းချင်းအာက အနည်းငယ် ပြုံးပြလိုက်သည်။ သူမ၏ လှပသော မျက်နှာသည် တောက်ပသော အလင်းရောင်များကြောင့်ဝင်းပနေပြီး မြေအောက်နန်းတော်သည်လည်း ခဏတာ တောက်ပနေပုံပေါ်သည်။
နီးနီးကပ်ကပ်ရှိနေသည့် ဤအကြွင်းမဲ့ အလှကို ရင်ဆိုင်ရသည်မှာ အချိန်အတော်ကြာ ကျင့်သားရနေသော်လည်း လီလော့ မှင်သက်ခဲ့ရပြန်သည်။
သူကလည်း ကျောက်စိမ်းလို သေးသွယ်သွယ်လျသော လက်ချောင်းများကို ဆုပ်ကိုင်ထားပြီး သက်ပြင်းချကာ... "အစ်မချင်းအာ...ဘာလိုလိုနဲ့ အချိန် တစ်နှစ်လောက် ကုန်ဆုံးသွားခဲ့ပြီနော်.... နင် ငါ့ကို ခေါ်ဖို့ နန်ဖန်းကောလိပ်ကို စရောက်တုန်းကအချိန်တွေကို မှတ်မိသေးလား... ငါ အခု လုံလောက်တဲ့ စမ်းသပ်မှုတွေနဲ့ ဒုက္ခတွေကို ကျော်ဖြတ်သွားပြီလို့ မထင်ဘူးလား.... ငါ့ရဲ့ အဆိုပြုချက်ကို လိုက်လျောပေးလို့ ငါ အဖြေရသင့်တယ် မထင်ဘူးလား....."
ကျန်းချင်းအာ အနည်းငယ် အံ့သြသွားခဲ့သည်။
"နင်က ဘာကို ရည်ညွှန်းတာလဲ"
"ရူးချင်ယောင်ဆောင်မနေနဲ့ !"
"စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းဖို့ သဘောတူညီချက်ကိုပြောနေတာ... မင်းရဲ့စစ်ဆေးမှုတွေကို ငါအောင်မြင်သွားပြီလို့ မထင်ဘူးလား! အခု ငါက အိမ်တော်ရဲ့သခင်ဖြစ်လာပြီလေ....."
ကျန်းချင်းအာက ကူကယ်ရာမဲ့စွာဖြင့် ...
"နင် ပေါက်ကရလေးဆယ်တွေအတော်လုပ်တယ်နော်...."
"မဟုတ်ဘူး! ဒါက ငါ့အတွက် အရမ်းအရေးကြီးတယ်" ဟု လီလော့က လေးနက်စွာ ပြန်ဖြေခဲ့သည်။
ထို့နောက် ကျန်းချင်းအာသည် အပြုံးမည်သော အပြုံးဖြင့်....
"နင့်ရဲ့ခွန်အားက ငါ့ထက်မသာဘူး... နင်ငါ့ကိုကျော်တက်နိုင်ပြီဆို စိတ်ကြိုက်လုပ်နိုင်တယ်လို့ အမြဲတမ်းတွေးနေတာမဟုတ်ဘူးလား...."
လီလော့က မကျေမနပ်ဖြစ်ပြီး "မင်းကို ကျော်တက်သွားတယ်ဆိုတဲ့စကားက နည်းနည်းတော့ ရိုင်းတယ်။ ဒီစကားလုံးတွေက စုံတွဲတွေကြားမှာသုံးလို့သင့်ပါ့မလား... ပြိုင်ဆိုင်မှု မရှိသင့်ဘူးထင်တယ်...."
ထို့နောက်တွင် သူသည် ကျန်းချင်းအာ ၏လက်လေးကို အတင်းဆုပ်ကိုင်ထားပြီး သူမကို ဂရုတစိုက်ကြည့်နေသည်။
"ငါ ဘာကိုမှ ဂရုမစိုက်ဘူး...ငါ သိချင်တာက နင်ငါ့ကိုသဘောကျလားဆိုတာပဲ....."
ဤရုတ်တရက်တိုက်ခိုက်မှုသည် သာမန်အားဖြင့် ငြိမ်သက်နေသော ကျန်းချင်းအာ ကိုပင် ဆွံအစေခဲ့သည်။ ကြွေသားသဖွယ် နူးညံ့သိမ်မွေ့သော သူမ၏ ပါးပြင်ပေါ်တွင် နီမြန်းသော အရိပ်တစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်တည်းတွင် သူမ၏ မျက်လုံးများတွင် ရှားရှားပါးပါး ရှက်ရွံ့မှုအရိပ်အမြွက် ပေါ်လာသည်။
ခံစစ်အစီအရင်ကို ဖျက်သိမ်းပြီး လော့လန်အိမ်တော်ကို စွန့်ပစ်လိုက်ခြင်းကြောင့် လီလော့သည် ပုံမှန်ထက် အနည်းငယ်ပို၍ မဆင်မခြင် ပြုမူနေသည်ဟု ကျန်းချင်းအာ ခံစားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးခုန်နှုန်းများမြန်ဆန်နေသဖြင့် မည်သို့ပြန်ဖြေရမည်ကို မသိပေ။
သူမ ပြန်မဖြေတာကိုမြင်တော့ လီလော့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။
"နင့်ရဲ့အဖြေက အရေးမကြီးပေမယ့် နင်က လော့လန်အိမ်တော်ရဲ့ တစိတ်တပိုင်းဖြစ်နေပြီ။ လော့လန်အိမ်တော်ရဲ့ သခင်မလေးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်!"
လီလော့တစ်ယောက်တည်း ရှုပ်ယှက်ခတ်နေသောကြောင့် ကျန်းချင်းအာ ရယ်ရမလား ငိုရမလား မသိတော့ပေ။
"အဟမ်း.. "
ထိုအချိန်တွင် ချောင်းဟန့်သံက မြေအောက်နန်းတော်တစ်ခွင်တွင် ပဲ့တင်ထပ်ကာ ရင်ခုန်စရာအငွေ့အသက်ကို အနှောင့်အယှက်ပေးသည်။
လီလော့ နှင့် ကျန်းချင်းအာတို့သည် နွားသိုးကြီးပေါင်ပေါင် နောက်ဆုံးဖန်တီးလိုက်သော လက်ဟန်ကြောင့် ရှုပ်ထွေးပွေလီသော အလင်းပုံစံများအားလုံး မှိန်သွားသည်ကိုမြင်နေရသည်။ ပုံသဏ္ဍာန်မရှိသော စွမ်းအင်လှိုင်းလုံးများက သူတို့အပေါ်သို့ လျင်မြန်စွာ လွင့်စင်သွားသည်။
ထိုအခါ မြေအောက်နန်းတော် တုန်ခါသွားပြီး ဖုန်မှုန့်များ အနှံ့အပြား ပျံ့လွင့်သွားသည်။
ခရက်....
မြေအောက်နန်းတော်၏ အလယ်ဗဟိုရှိ ကျောက်စာတိုင်ကြီး တဖြည်းဖြည်း ကွဲအက်သွားကာ လျှို့ဝှက်ဆန်းကြယ်သော စိန်ပုံသဏ္ဍာန်ရှိသော သလင်းကျောက်တစ်ခု လေထဲသို့ ဖြည်းညှင်းစွာ လွင့်ပျံလာပြီး အလင်းလှိုင်းများ ထွက်လာသည်။ ထိုအရာဝတ္တု၏အသွင်အပြင်နှင့်အတူ၊ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်တစ်ခု မြေအောက်နန်းတော်အတွင်းသို့ ပျံ့နှံ့သွားပြီး လီလော့၏ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားများကို ဆူပွက်သွားစေခဲ့သည်။
နတ်ဘုရားအရာ....
လီလော့ ၎င်းကိုမြင်သောအခါ အေးခဲသွားသည်။ ဤသည်မှာ မြို့စားတိုင်း လိုချင်တောင့်တခဲ့သော မိဘများ ချန်ရစ်ခဲ့သည့် ရတနာတစ်ခုဖြစ်သည်။
သူသည် အသက်မီးတောက် နှစ်ခုဆီသို့ လျှောက်သွားပြီး....
"ဖေဖေ.... မေမေ... ရှပြည်ထောင်စုကြီး ကသောင်းကနင်း ဖြစ်နေပြီမို့ ဌာနချုပ်ကို အကာအကွယ် မပေးနိုင်တော့ဘူး၊ ဒါကြောင့် နတ်ဘုရားအရာကို တခြားနေရာဆီ သွားယူဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး...ကျွန်တော်ပြောတာတွေကြားတယ်ဆို စစ်တလင်းမှာ ဂရုစိုက်ကြပါ...."
ခံစစ်အစီအရင်ကို ထိန်းသိမ်းရန် မြေအောက်နန်းတော်တွင် နတ်ဘုရားအရာကို သိမ်းဆည်းထားသော်လည်း အခြားလုပ်ဆောင်မှုတစ်ခုရှိသေးသည်။ လိုအပ်နေတဲ့အချိန်အတွင်းမှာ လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့သည် စစ်တလင်းမှတဆင့် သူတို့ရဲ့ ခွန်အားတချို့ကို ပို့ဆောင်ပြီး အိမ်တော်ကို ကာကွယ်ဖို့ စီမံနိုင်ကြသည်။
ထို့ကြောင့်၊ အခြားရွေးချယ်စရာများရှိပါက လီလော့အနေဖြင့် နတ်ဘုရားအရာကို ဖယ်ထုတ်ဖို့ ရွေးချယ်မည်မဟုတ်ပေ။
ထို့နောက် သူ့လက်ကို ဆန့်တန်းကာ အသက်မီးတောက်နှစ်ခုကို အလွန်သတိထားပြီး သိမ်းဆည်း လိုက်သည်။
ထို့နောက် သူသည် နွားသိုးကြီးပေါင်ပေါင်ကို လှည့်ကြည့်လိုက်ကာ... " ဉီးလေးပေါင်... မြန်မြန်သိမ်းထား!"
နွားသိုးကြီးပေါင်ပေါင်က လီလော့ကို ပြုံး၍ လှမ်းကြည့်ကာ မြို့စားအားလုံး တောင့်တနေသော နတ်ဘုရားအရာကို ဆုပ်ကိုင်ထားသည်။
"သခင်လေး ဒီဟာကို လောလောဆယ်တော့ စောင့်ရှောက်ပေးပါ့မယ်... အန္တရာယ်ကင်းသွားရင် မင်းကို ပြန်ပေးပါ့မယ်"
လီလော့က လက်ကို ဝှေ့ယမ်းလိုက်ပြီး...
"လော့လန်အိမ်တော်က အရာအားလုံးကို ပြင်ဆင်ပြီးသွားပြီ... နောက်နှစ်ရက်လောက်နေရင် ထွက်သွားရတော့မယ်...ကမ္ဘာခြားသက်ရှိတွေ မြို့ပြင်မှာ ပေါ်လာပြီမို့ အချိန်ဆွဲနေလို့မဖြစ်ဘူး...."
နွားသိုးကြီးပေါင်ပေါင်က ခေါင်းညိတ်လိုက်သည်။
"ဒါဆို နောက်ဆုံးပြင်ဆင်မှုတွေ လုပ်ထားလိုက်တော့မယ်..."
ထို့နောက် သူတို့သုံးဦးသည် ပြိုကျနေသော မြေအောက်နန်းတော်အား နောက်ဆုံးတစ်ချက်ကြည့်ကာ ထွက်ခွာခဲ့ကြသည်။
လီလော့နှင့် ကျန်းချင်းအာသည် နွားသိုးကြီးပေါင်ပေါင် ၏နောက်ကို အနီးကပ်လိုက်ခဲ့သည်။
လီလော့က ကျန်းချင်းအာ၏လက်လေးကို ဆုပ်ကိုင်လိုက်ရင်း... "ချင်းအာ... နင့်ငါ့ကို အဖြေမပေးရသေးဘူး...."
ထိုစကားလုံးများသည် ကျန်းချင်းအာ၏ နူးညံ့သိမ်မွေ့သော နားရွက်ငယ်များကို ကျော်ဖြတ်သွားသောအခါ အနည်းငယ်နီရဲသွားပုံရပြီး နွားသိုးကြီးပေါင်ပေါင် ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမက
"ငါတို့ နန်ဖန်း မြို့ကိုရောက်ရင် အဖြေပေးမယ်!"
ထို့နောက် သူမခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး အဆောတလျင် ထွက်သွားလေတော့သည်။
လီလော့သည် သာမန်အားဖြင့် အေးဆေးတည်ငြိမ်ပြီး စိတ်ရှုပ်မခံသော မိန်းကလေးကို ကြည့်ရင်း ပြုံးလိုက်မိသည်။