အရာအားလုံး အဆင်ပြေသွားမှာပါ
Vol. 11 Ch. 195
ရှဲ့ချောင်မှာ မျက်လုံးမှေးကာ ကြည့်နေလေသည်။ သူမပုံစံမှာ ချစ်ခြင်းများအပြည့်ဖြင့် စီနီယာတစ်ယောက်ကဲ့သို့ပင်။
ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းစွန်းမှာ ရုတ်တရက် မြင့်တက်သွားလေ၏။
ရှဲ့ချောင်၏ မျက်နှာထက်မှ ကွာကျနေသော
မိတ်ကပ်အပိုင်းအစလေးတစ်ခုအား…သူတွေ့လိုက်သည်။ ၎င်းမှာ မသိသာပေ။
‘ ဟားဟား ဆရာတူအစ်မတဲ့လား’
သူ စကားဟတော့မည့်ဆဲဆဲမှာပင် ရှောင်ယွီရုန် သည် သစ်ခွအိုးတစ်အိုးကို ပျော်ရွှင်စွာသယ်လျက် အပြင်မှ ရုတ်တရက် ပြေးဝင်လာ၏။
သူ အထဲသို့ဝင်လာလာချင်းပင် ကျောက်ရွှမ်ကျင်းအား တွေ့လိုက်ရရာ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
“ အရှင့်သားက ဘာလို့ ဒီရောက်နေတာလဲ?”
“ ဆရာတူအစ်မဆီ လာလည်တာ” ကျောက်ရွှမ်ကျင်း သရော်ပြုံးပြုံးလိုက်၏။ ဆရာတစ်ယောက်
အလားပင် သူသည် ထိုင်ခုံ၌နေရာယူလိုက်ကာ ရှောင်ယွီရုန်၏ လက်ထဲမှ သစ်ခွအိုးအား ကြည့်လိုက်ကာ “ အဲ့တာက ဒီဆရာတူညီလေး အတွက်လား?”
ရှောင်ယွီရုန်သည် အိမ်ရှေ့စံမင်းသားမှ ယူသွားမည်ကို စိုးရိမ်သည့်အလား အိုးလေးအား တင်းကျပ်စွာ ပိုက်ထားလေသည်။ “ ဆိုင်မှာ အရောင်မဲ့နေတာ သတိထားမိလို့ ဆရာတူအစ်မ အမြင်အေးအောင် ဒီသစ်ခွပန်းအိုးကို ကျွန်တော် ရွေးခဲ့တာ…”
ရှောင်ယွီရုန်သည် ရှက်နေသောအပြုံးလေးဖြင့် ရှဲ့ချောင်အား ပြောလိုက်သည်။
ရှဲ့ချောင်သည် သူမခေါင်းအား အနည်းငယ်နှိမ့်ကိုင်လိုက်ကာ အတော်လေး နေရခက်နေလေ၏။
ဒီငတုံးဆရာက ဘာလို့ ဒီကို ရောက်နေတာလဲ…
“ ကျွန်တော် ဒီကို မနက်က ရောက်လာတာ။ ဒါပေမယ့် ဆရာတူအစ်မမော့က မရှိဘူး။ ဆိုင်ရှင်ဆီကကြားခဲ့တာတော့ အစ်မ အပြင်မှာ အလုပ်လုပ်နေတာဆို။ ဘာများပါလိမ့်? ပြီးတော့ အဆင်ပြေခဲ့ရဲ့လား? တကယ်လို့ ကျွန်တော့်အကူအညီလိုတယ်ဆိုရင် တုံ့ဆိုင်းမနေပဲ ကူညီပါ့မယ်” ဆရာရှောင်မှ ရုတ်တရက် ပြောလိုက်သည်။
ကျောက်ရွှမ်ကျင်းမှာ သူ့အား အကဲခတ်နေလေသည်။
ရှောင်ယွီရုန်သည် ယနေ့ ဝတ်ရုံအသစ်တစ်ထည်ကို ဝတ်ဆင်ထား၏။
“ ဆရာတူအစ်မမော့က တာအိုသူတော်စင်တစ်ပါးလေ။ သူမ လက်ခံလိုက်တဲ့အလုပ်က သဘာဝကျကျပဲ မကောင်းဆိုးဝါးတွေကို နှိမ်နင်းပြီး ပယောဂတွေကို နှင်ထုတ်၊ သူတို့ကို လွှတ်ပေးဖို့အတွက် ဝိဉာဥ်တွေကို လိုက်ဖမ်းရတာပေါ့။ ဆရာတူအစ်ကိုရှောင်က အရမ်းကို စိတ်ဝင်စားနေတာဆိုတော့ ဆရာတူအစ်မက ဒီနေ့ဖမ်းခဲ့တဲ့ ဝိဉာဥ်အကြောင်း ကျွန်တော်တို့ကို ပြောပြနိုင်မလားနော်” ကျောက်ရွှမ်ကျင်းသည် တည်ငြိမ်သောအသံဖြင့် ပြုံးရင်း ပြောလိုက်သည်။
ဆရာရှောင်၏ အမူအရာမှာ တောင့်သွားလေ၏။
ဝိဉာဥ်တွေကို ဖမ်းတယ်?
ဝိဉာဥ်တွေဆိုတာ မရေရာတဲ့ အရိပ်တွေ…
ရှဲ့ချောင်တစ်ယောက် လိပ်ပြာလွင့်သွားသည်။ “ ဒါပေါ့။ အရင်က ဆရာတူမောင်လေးရှောင်က ငါ့ဆီကနေ အဆောင်တစ်ချို့ဝယ်ခဲ့တော့ ဒီလိုအရာမျိုးမှာ တော်တော်စိတ်ဝင်စားလိမ့်မယ်လို့ ထင်လိုက်တာ”
ဆရာရှောင်၏ မျက်ခွံများ လှုပ်သွားလေသည်။ သူသည် အဆောင်များကို သုံးမည့်အစား အဝေး၌ ထားသည်ပင်။
“ ကျွန်တော် ဒီနေ့ အနက်ရောင်မီးခိုးငွေ့တွေကို နေရာတိုင်းမှာ တွေ့ခဲ့ရတယ်။ အဲ့တာက ကြမ်းကြုတ်ရက်စက်တဲ့ ဝိဉာဥ်တစ်ကောင်များဖြစ်နေမလား စိုးရိမ်မိတယ်?” ကျောက်ရွှမ်ကျင်း၏ အေးစက်စက်မျက်နှာထက်၌ စပ်စုသောအပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ ဤသည်မှာ အတော်လေး ကျောချမ်းစရာကောင်းလေသည်။
“ အမှန်ပဲ” ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။ “ အဲ့ဒီလူက ဆိုးရွားတဲ့နည်းလမ်းနဲ့ သေခဲ့တာ။ အသက်ရှင်နေတုန်းကလည်း သူ့ဘဝကြီးက ခက်ခဲနှင့်နေပြီးသား။ အခွင့်အရေးကောင်းတစ်ခု ပေါ်လာချိန်ကျမှ အသတ်ခံရပြီး ဖယောင်းထဲမှာ မြုပ်ခံခဲ့ရတာ။ ပြီးတော့ သူ့မျက်လုံးတွေ၊ နှာခေါင်း၊ နှုတ်ခမ်းနဲ့ နားတွေက ဖယောင်းနဲ့ ဖုံးခံထားရတယ်။ သူက အချိန်တစ်ခုလောက် ချိပ်ပိတ်ခံထားရတော့ သူ့နာကြည်းချက်တွေက သာမန်ထက် လွန်ကဲနေတာ”
ဆရာရှောင်၏ မျက်နှာထက်၌ အပြုံးမရှိတော့ပေ။ အမှန်မှာ သူ့ကိုယ်သူ ပြုံးရန်ပင် မစွမ်းဆောင်နိုင်တော့တာပင်။
‘ ဟာသပဲ၊ အဓိပ္ပာယ်မရှိလိုက်တာ!
‘ ဆရာတူအစ်မက သူ့ကိုယ်ပိုင်မျက်လုံးတွေနဲ့ ဝိဉာဥ်ကို မြင်ခဲ့ရတဲ့အတိုင်း ပြောနေတာပဲ!’
“ အိုး ဟုတ်သားပဲ၊ မထွက်လာခင်တုန်းက ဆရာတူအစ်မ ဟိုစုံတွဲနဲ့ ပေးချေမှုအကြောင်း ပြောခဲ့တယ်နော်။ ခန့်မှန်းခြေအရဆို ဘယ်လောက်များလဲဟင်?” ကျောက်ရွှမ်ကျင်း ထပ်မံ မေးလိုက်သည်။
“ အနည်းဆုံး ငွေစတစ်ရာလောက်ပေါ့။ ဝေ့မိသားစုက ချမ်းသာတယ်။ သူတို့သမီးရဲ့ ကိုယ်ပိုင်ငွေက ပင်လုံးကြိုင်အပင်ရဲ့ အောက်မှာ ဖွက်ခံထားရတာ။ ငွေစကလွဲရင် အသုံးအဆောင်ပစ္စည်းတစ်ချို့ ရှိမယ်ဆိုတာ သေချာတယ်။ အဲ့တာတွေကို နောက်မှ အရည်ကျိုပစ်ပြီး ဓမ္မတူရိယာအသုံးအဆောင်တွေအဖြစ် အသွင်ပြောင်းပစ်မယ်” ရှဲ့ချောင် စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
“ အရမ်း အများကြီးတောင်းဆိုခဲ့တာပဲ?” ဆရာရှောင် အလိုအလျောက် ပြောလိုက်မိ၏။
သူ့အတွက်တော့ ဝိဉာဥ်ဖမ်းခြင်းမှာ လုံးဝကို အဓိပ္ပာယ်မရှိပေ။ အခြားဘုန်းတော်ကြီးများ လုပ်သကဲ့သို့–အခမ်းအနားကျင်းပကာ နေရာ၌ အဆောင်အချို့မီးရှို့ခြင်းထက် မကွာခြားသင့်ပေ။
သူမ ဘယ်လိုများ အဖိုးအခများစွာ ယူရသနည်း?
“ ငါအဖိုးအခအများကြီး ယူတယ်လို့ ဆရာတူမောင်လေး တွေးနေတာလား?” ရှဲ့ချောင် သူ့အား စိတ်ရှုပ်ထွေးမှုဖြင့် ကြည့်လိုက်သည်။
“ မဟုတ်၊ မဟုတ်ပါဘူး!” ဆရာရှောင်သည်
ချက်ချင်းပင် လက်ဝှေ့ယမ်းကာ ထိုကဲ့သို့ ဆိုလိုသည်မဟုတ်ကြောင်း ပြောလေ၏။ “ ဆရာတူအစ်မက လုပ်နိုင်စွမ်းရှိတယ်။ အခမ်းအနားပြီးတဲ့နောက်မှာ အမှုသည်တွေ အေးချမ်းသွားမယ်ဆိုတာ ကျွန်တော်သေချာတယ်။ တစ်ယောက်ယောက်ငြိမ်းချမ်းသွားတာနဲ့ အရာအားလုံးအဆင်ပြေသွားလိမ့်မယ်။ အရာအားလုံးအဆင်ပြေသွားတဲ့အချိန်ကျရင် အဲ့တာက ဆရာတူအစ်မရဲ့ အခမ်းအနားက ထိရောက်တယ်လို့ ဆိုလိုတာပဲ။ အစ်မအတွက် အဲ့ဒီပမာဏအဖိုးအခယူတာ အဓိပ္ပာယ်ရှိပါတယ်၊ ဖြစ်သင့်ပါတယ်”
••••••