ကောင်းကင်မှ ပိုင်မုန့်
Vol. 11 Ch. 200
ရှဲ့နျိုရှန်းသည် သခင်မလု၏ပြုမူပုံနှင့်ပတ်သက်၍ စိတ်ကျေနပ်သွားသည်။ ရှဲ့ဖင်းကန်းသည်ပင် ရှားရှားပါးပါး ဤတစ်ကြိမ်တော့ သခင်မလု ကောင်းကောင်းလုပ်ခဲ့သည်ဟု တွေးနေလေ၏။ ထို့ကြောင့် ယနေ့ သူမအား သူ ပိုကောင်းမွန်စွာ ဆက်ဆံပေးလိုက်သည်။
“ ပစ္စည်းတွေက ယွမ်မိသားစုကနေ တောင်းပန်လက်ဆောင်အနေနဲ့ ပေးလာတာတွေ။ ဒါတွေကို အမြန်ချုပ်လို့ရအောင် အတော်ဆုံးအပ်ချုပ်သမားကို ခေါ်ထားတယ်…” သခင်မလု ဂရုတစိုက်စကားပြောနေပုံမှာ ရှဲ့ချောင်အား စိတ်ကျေနပ်စေရန် ကြိုးစားနေသကဲ့သို့ပင်။
ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။ “ ကျေးဇူးပါ အမေ”
သူမ၏အသံမှ မည်သည့်ခံစားချက်ကိုမျှ မကြားနိုင်ပေ။ ဤသည်မှာ သူမသည် ပုံမှန်လူတစ်ယောက်အား ဆက်ဆံနေသကဲ့သို့ပင်။
သခင်မလုမှာ ခပ်တောင့်တောင့် ဆက်ပြုံးနေလေသည်။
“ မင်း အဲ့တာတွေကို မကြိုက်ဘူးလား?” သခင်မလု ရုတ်တရက် ထပ်ပြောလိုက်သည်။
“ ပစ္စည်းတွေက အဆင်ပြေပါတယ်” ရှဲ့ချောင်သည် အေးစက်နေဆဲပင်။
ယခုတွင်မူ သခင်မလု ဒေါသထွက်နေလေပြီ။ ထို့ကြောင့် မှားနေသည်ဟု ခံစားရသည်ကို သိရှိစေရန် ရှဲ့နျိုရှန်းအား တစ်ချက်ကြည့်လိုက်သည်။
ရှဲ့နျိုရှန်း တခစ်ခစ်ရယ်လိုက်သည်။ “ ဒီအဝတ်တွေက ကောင်းသားပဲ။ ငါသာ မိန်းကလေးတစ်ယောက်ဆိုရင် ငါလည်း ဒါတွေကို ကြိုက်မိမှာ။ ဟုတ်ပြီ စားကြရအောင်”
သခင်မလု သူ့အား စိန်းစိန်းဝါးဝါးကြည့်လိုက်၏။ ယခု သူမ ဘာပြောရမည်မှန်း မသိတော့ပေ။
သူမ ရှဲ့နျိုရှန်းက အဝတ်တွေကို ချီးကျူးတာ လိုချင်ခဲ့တာမို့လို့လား?!
အဖေနှင့်သားသည် ယောက်ျားများဖြစ်ကြသည်ပင်။ သူတို့က ဘယ်လိုများ အလှတရားကို ခွဲခြားသိနိုင်မှာတဲ့လဲ!?
သခင်မလုထင်ခဲ့သည်မှာ ထိုမိန်းကလေးအတွက်
ဝတ်စုံများပြင်ဆင်ပေးထားပါက သူမ ကျေးဇူးတင်လိမ့်မည်ဟုပင်။ သူမ အားထုတ်မှုအနည်းငယ်လုပ်ထားရပေသည်၊ ထို့ကြောင့် ရှဲ့ချောင်သည် သူမအား ကျေးဇူးတင်သင့်ပေသည်!
အဆုံးတွင်တော့ သူမသည် ထိုအရာများအား အေးစက်စက်ဖြင့် လက်ခံလိုက်သည်။ ၎င်းတို့အား သူမ ကြိုက်မကြိုက်ကိုပင် မည်သူမှ မပြောနိုင်ပေ။
မည်သို့ပင်ဖြစ်စေ သူတို့၏ အဝတ်များသည် မဆိုးရွားပေ။ ဤကဲ့သို့သော အရည်အသွေးမြင့်အဝတ်များအား သူမ ဆက်ပြီးဂျီးများနေသေးသည်ဆိုပါက ထိုမိန်းကလေးသည် အမှန်ပင် ကျေးဇူးမသိတတ်သူတစ်ယောက် ဖြစ်သည်။
သခင်မလုသည် ကျိုးကျိုးနွံနွံ ထိုင်ချလိုက်လေသည်။
ရှဲ့ဖင်းကန်းသည် သူ ယနေ့ အမှတ်မထင်တွေ့ခဲ့ရသော အရာအား ပြန်တွေးကာ ယခင်နေ့က ရှဲ့ချောင်ပြုလုပ်ခဲ့သည့် မတွေးတတ်အောင် ခက်ခဲနက်နဲသောမှတ်ချက်နှင့် ဆက်စပ်ကြည့်လိုက်သည်။ သူစဥ်းစားလိုက်ကာ ထိုအရာနှင့်ပတ်သက်၍ တစ်စုံတစ်ခုပြောရန် အသင့်ဖြစ်နေခဲ့သည်။
“ မြို့ထဲမှာ ဖယောင်းဆိုင်တစ်ဆိုင်ရှိတယ်၊ ပြီးတော့ ကောင်းချီးဖယောင်းတိုင်ထဲမှာ ယောက်ျားအလောင်းတစ်လောင်း အဝှက်ခံထားရတာ။ ငါဒီနေ့ ဖြတ်သွားဖို့အကြောင်းဖန်ခဲ့ပြီး ရာဇဝတ်သားကို ဖမ်းခဲ့တယ်လေ။ အဲ့တာက တိုက်ဆိုင်မှုတစ်ခုဖြစ်သွားတော့ ဘာမှမလုပ်ခဲ့ရပေမယ့် အသိအမှတ်ပြုမှုတော့ရခဲ့တယ်။” ရှဲ့ဖင်းကန်း ပြောလိုက်၏။
အခုတလော သူ့ကံမှာ အလွန်အမင်းကို ကောင်းနေခဲ့လေသည်။
အစောပိုင်းရှိအမှုမှလွဲ၍ ထူးခြားဆန်းကြယ်သောအမှုအေးကြီးအား သူ ရုတ်တရက် ဖြေရှင်းခဲ့ရလေ၏။
ယနေ့ဖြစ်ပျက်ခဲ့သော အရာမှာ သူ့ပါးစပ်ထဲသို့ ကောင်းကင်ပေါ်မှပိုင်မုန့်ကြီး အမှန်တကယ် ကျလာသကဲ့သို့ပင်။ သူ့ထံတွင် မျက်မြင်သက်သေနှင့် အထောက်အထားများရှိပြီး ရာဇဝတ်သားသည်လည်း ပြစ်မှုရုံးခွဲသို့ ခေါ်သွားခံရလျှင်ခံရချင်းပင် အပြစ်ဝန်ခံခဲ့သည်။ သူ့အထက်လူကြီးသည် ၎င်းအား သုံးရက်ကြာသောအခါတွင် ကွပ်မျက်ရန် ဆုံးဖြတ်ခဲ့၏။
သူ့လုပ်ဖော်ကိုင်ဖက်များမှာ သူ့အား မနာလိုအားကျနေကြလေသည်။
ပြောရလျှင် အိမ်ရှေ့မင်းသားနှင့် အပြင်ထွက်စဥ် ရုတ်တရက်ပင် သူ ထိုအမှုထဲ ပါမိသွားလေသည်။ အိမ်ရှေ့မင်းသားသည် ထိုအသိအမှတ်ပြုမှုအား မလိုအပ်သောကြောင့် သူကပဲ အသိအမှတ်ပြုမှုအားလုံးအား ကိုယ်စားယူလိုက်လေသည်။
ရှဲ့နျိုရှန်းသည် ထိုအရာအား ကြားရသည့်အပေါ် ပျော်ရွှင်နေလေသည်။ “ ဒီအသိအမှတ်ပြုမှုနဲ့ဆိုရင် အမှားကြီးတစ်ခုကိုတောင်မှ ပြင်ဆင်နိုင်တယ်။ ကြည့်ရတာတော့ မင်းအခု အရာရှိတစ်ယောက်အနေနဲ့ တည်ငြိမ်တဲ့ရာထူးတစ်ခု ရပြီထင်တယ်ကွ။ အရင်တစ်ခါတုန်းကလို သစ္စာဖောက်ခံရမှာမျိုးကို မင်းစိတ်ပူစရာ မလိုတော့ဘူး”
ရှဲ့ချောင်တစ်ယောက် ပြောစရာစကားမရှိ ဖြစ်သွားလေသည်။
ရှဲ့ဖင်းကန်း ခေါင်းညိတ်လိုက်သည်။ “ အကြီးဆုံးညီမလေး ညီမလေးက တာအိုဘုရားကျောင်းမှာ အကြာကြီးနေလာခဲ့တာဆိုတော့ အဲဒီ့မှာ ကမ္ဘာပေါ်က မဟာဘုန်းတော်ကြီးလိုမျိုး ကျွမ်းကျင်သူတွေ အများကြီးရှိလား?”
မဟာဘုန်းတော်ကြီးဆိုသည်မှာ တောင်အမာခံနယ်မြေ၌ မဟာဗျူဟာအကြံပေးပုဂ္ဂိုလ်ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ သူသည် အခြားတစ်ခုခု၌ အထူးပြုသည်ပင်။ မဟာဘုန်းတော်ကြီးသည် မကောင်းဆိုးဝါးဝိညာဥ်ဖမ်းခြင်းကဲ့သို့သော အသေးအဖွဲအရာများ၌ မကျွမ်းကျင်သော်လည်း ကြယ်တာရာနက္ခတ်နှင့် စစ်ဗျူဟာများတွင်တော့ နောကျေပေသည်။
“ မဆိုးပါဘူး။ အများကြီးတော့ မရှိဘူး” ရှဲ့ချောင် နှုတ်ခမ်းရှုံ့လိုက်၏။
“ ဒီနေ့မီးက အတော်လေးဆိုးဝါးတယ်။ ငါထင်တာတော့ အဲ့ဒီမှာ တစ်ခုခုညစ်ပတ်တာရှိမယ်ထင်တာပဲ။ အဲ့ကို အမျိုးသမီးတာအိုသူတော်စင် တစ်ပါး ရောက်လာပြီးတော့ ဘေးဒုက္ခလည်း သွေဖယ်သွားခဲ့တာ။ တစ်နည်းပြောရရင် လူတွေအများကြီး အဲ့မှာ သေသွားနိုင်တယ်” ရှဲ့ဖင်းကန်းသည် စကားပြောပြီးသည်နှင့် သူ့ခေါင်းကိုစောင်းငဲ့လိုက်ရင်း ရှဲ့ချောင်အား တစ်ချက်အကဲခတ်လိုက်သည်။
“ တာအိုဘုရားကျောင်းမှာ မင်းအချိန်တွေအများကြီး ကုန်ဆုံးခဲ့တာမလား? တစ်ခုခု သင်ယူခဲ့လား?”
ရှဲ့ချောင် ညင်သာစွာ ခေါင်းမော့လိုက်၏။ “ သင်ခဲ့
တာပေါ့…”
“ မကောင်းဆိုးဝါးဝိညာဥ်တွေကို ဖမ်းတာလား?” ရှဲ့ဖင်းကန်း တခစ်ခစ်ရယ်လိုက်လေ၏။
ရှဲ့ချောင် စဥ်းစားလိုက်ကာ ရယ်သံအပြီးနောက်တွင် မေးလိုက်သည်။ “ ကျွန်မလုပ်သင့်လား?”
ရှဲ့ဖင်းကန်း ရုတ်တရက် လက်မြှောက်လိုက်ကာ သူမခေါင်းအား ပုတ်လိုက်၏။ “ မင်းရဲ့ခေါင်းထဲမှာ ဘာမှကောင်းတာမရှိဘူးလို့ ငါသံသယရှိလာပြီ။ မင်းတကယ်ကြီး တာအိုဘုန်းတော်ကြီးလုပ်ဖို့ စဥ်းစားနေတာလား?! မင်းရဲ့ နန်းမြို့တော်ကိုလာရတဲ့ တာဝန်က တစ်ယောက်ယောက်ကို လက်ထပ်ပြီး ကလေးတွေကို ပျိုးထောင်ဖို့လေ။ တခြားဘာကိုမှ တွေးမနေနဲ့!”
ရှဲ့ချောင် မျက်ခွံများ လှုပ်သွားလေသည်။
ဟား! အဲ့တာတွေ အားလုံးလုပ်ဖို့ဆိုရင် သူမ အသက်ရှင်နေဦးမှလေ၊ ဟုတ်တယ်မလား!
•••••••