ရာထူးတိုးခြင်းနှင့်အခွင့်အလမ်း
Vol. 12 Ch. 217
လုသခင်မပြောလိုက်သည့် စကားသည် လူတိုင်း
ကို တုန်လှုပ် လန့်ဖျပ်သွားစေခဲ့ပြီး၊ အမျိုးသမီးအိုကြီးသည် နောက်ဆုံးတော့ လွတ်လမ်းရှာတွေ့သွားခဲ့ပြီဖြစ်သည်။
ရှဲ့ချောင်သည် အားနည်းသည့်ပုံပေါ်တာကြောင့် သူမသည် တစ်စုံတစ်ခုကို လုပ်တတ်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။ သို့သော်၊ ဘယ်လိုပဲ ဖြစ်ဖြစ် သူမသည် အငယ်သာ ဖြစ်သည်။ သူမကို အလုပ်လုပ်ခိုင်းလို့ရမယ့် အခွင့် အရေးကို ဘာလို့ မဖမ်းဆုပ်ရမှာလဲ။
"ချောင်အာ၊ ဒါဖြင့်ရင် နောက်ဖေး မီးဖိုချောင်ကို သွားလိုက်။ အဘွားတို့ရဲ့ မိသားစု ဘိုးဘေးခန်းမထဲမှာက ကမ္ဗည်းပြားတွင် အများ ကြီး မရှိဘူးဆိုပေမယ့် ဘိုးဘေးတွေက စောင့်ကြည့်နေကြတာလေ။ မုန့်လေးမျိုးကနေ ရှစ်မျိုးလောက်အထိရအောင် အားထုတ်ကြိုးပမ်းသင့်တယ်။ အဲ့ဒါတွေက အရသာရှိဖို့လည်း လိုတယ်၊ မဟုတ်ရင် သူတို့ စိတ်မကောင်းဖြစ်ကြလိမ့်မယ်" သခင်မကြီးက
စကားဆိုသည်။
ရှဲ့ချောင်သည် သူမ၏ အင်္ကျီလက်အား ခါရှင်းလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "အဖေ၊ စောစောတုန်းက ညီအစ်မနှစ်ကြောင့် သမီး အခုထိ ထိတ်လန့်နေတုန်းပဲ။ သမီးရဲ့ ပါးစပ်တစ်ခုပဲ လှုပ်ရှားနိုင်တယ်။ ဒါပေမယ်လည်း အဘွားက ဒီလိုမျိုး တောင်းဆိုနေတဲ့ဟာကို သမီးမလုပ်ဘူးဆိုရင်၊ သမီးက ဆိုးတဲ့သူတစ်ယောက်ဖြစ်သွားလိမ့်မယ်။ အကြီးဆုံးအဒေါ်၊ အမေ၊ တတိယဒေါ်လေးနဲ့ ညီမလေး နှစ်ယောက်က သမီးနဲ့ အတူတူသွားရင်ရော ဘယ်လိုလဲ။ သမီးသူတို့ကိုသင်ပေးနိုင်တယ်လေ"
သခင်မကျားသည် ပြောစရာစကားမဲ့သွားခဲ့ပြီး ရှသခင်မရှင်းက မျက်ခွံလှုပ်သွားကာ လုသခင်မမှာ ဆို့နင့်မလိုပင် ဖြစ်သွားရ၍ ညီမငယ် နှစ်ယောက်မှာတော့ ထခုန်လု နီးပါးပင် ဖြစ်သွားခဲ့သည်။
" ငါ မလုပ်ချင်ဘူး!!!"
" ငါတို့မှာ မိန်းမစေတွေ မရှိလို့လား" သခင်မကြီးသည် ရှဲ့ချောင် ဒီလောက်ရင့်သီးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရှဲ့ချောင်သည် ဖြူစင်ရိုးသားစွာနှင့် မျက်တောင် ပေကလတ် ပေကလတ်လုပ်ကာ မေးလိုက်သည် " သမီးတို့က ဘိုးဘေးတွေကို ဝတ်ပြုဆုတောင်းတဲ့နေရာမှာ စိတ်ရင်းအမှန်ကို ပြဖို့ လိုတယ်မဟုတ်ဘူးလား။ "
သူမ၏ အသံမှာ နူးညံ့နေကာ၊ ဝါးများပေါ်သို့ ရိုက်ခတ်ကျဆင်းနေသည့် မိုးစက်များသဖွယ် ဖြစ်လို့နေသည်။ ၎င်းသည် ဖြေးဖြေးလေး ဖြစ်ကာ နားထောင်ကောင်းသည် ။ သို့ရာတွင်လည်း သူမ ပြောလိုက်သော စကားသည် သခင်မကြီးအား
ဒေါသထွက်သွားစေခဲ့သည်။
ရှဲ့ဖင်းကန်းမှာ သူ့အဖေလောက် ထုံအ မနေပေ။ သူသည် ထို အပြန်အလှန် မှတ်ချက်များကြားမှ တင်းအားတစ်ခုကို ခံစားမိလိုက်သည်။
ဒါက ဘယ်သူ့ကို ပစ်မှတ်ထားနေတာလဲ။ ဒါပေါ့၊ သူ့ ညီမ အရင်းကို ပစ်မှတ်ထားဦးတည်နေတာလေ။
ထို့အပြင် သူသည် ထိုမိသားစုအား စစချင်းကတည်းက အထင်မြင်သေးခဲ့သည်။ ရှဲ့ချောင် အဝေးတွင် ရှိစဉ်က ရှဲ့ရှိ၏ တိုက်ခိုက်မှု အကျိုးသက်ရောက်ချက်မှာ သုညသာ ဖြစ်ခဲ့သည်။ သူသည် ယောက်ျားသား တစ်ဦးဖြစ်သောကြောင့် အမျိုးသမီးများအား ပြဿနာရှာလျှင် မကောင်းဖြစ်ပေလိမ့်မည်။ ပြောစရာမလိုအောင်ပင်၊ ထိုလူများသည် သူ့ကို ကြောက်ကြသည်။ ပစ္စည်း များ
ကို မေးမြန်းတောင်းဆိုတာက လွဲလျှင်၊ သူ့အား နှုတ်ဖြင့် ရင်ဆိုင် စိန်မခေါ်ရဲခဲ့ကြပေ။
သို့ဖြစ်ရာ တစ်ချိန်လုံး ဘာပြဿနာမှ မဖြစ်ခဲ့ချေ။
သို့သော်လည်း ဤအခြင်းအရာသည် အတော်လေး စိတ်ဝင်စားစရာကောင်းလှသည်။
ထို အမျိူသမီးအို ကြီးသည် မိုက်ရူးရဲဆန်တာကြောင့် သူမ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ ဆိုတာကို ရှဲ့ဖင်းကန်းသိချင်မိသွားသည်။ သူမ စောစောသေလေ၊ ပိုကောင်းလေဖြစ်သည်။ သူမ သေဆုံးသွားလျှင် သူတို့သည် ငွေတုံး အချို့ ပိုပြီး ချွေတာနိုင်မည်ဖြစ်၏။
"ညီမလေးရဲ့ တောင်းဆိုချက်က မဖြစ်နိုင်တာပဲ"
ရှဲ့ဖင်းကန်းသည် ရုတ်တရက် အော်ပြောလိုက်ကာ သူ၏ အသံအနေထားကို ပြောင်းလဲလိုက်သည်။ "သူတို့က အပြင်လောက ကို ဘယ်တုန်းကမှ မမြင်ဖူးတဲ့ အမျိုးသမီးတွေပဲ။ သူတို့က ပေါက်စီလောက်ပဲ လုပ်နိုင်မှာလေ။ ဘယ် အစာပြေမုန့်မျိုးကိုများ သူတို့ လုပ်နိုင်မှာလဲ။ စားတာက လွဲပြီး သူတို့ တခြားဘာလုပ်တတ်လို့လဲ။ သူတို့ ညီမလေးကို ဘာကူပေးနိုင်မှာတုန်း။ ညီမလေးကို မရှုပ်ရင်တောင် ကောင်းသေးတယ်။ ပြီးတော့ အငယ်နှစ်ယောက်ကလည်း ထုံအ မိုက်မဲတဲ့သူတွေ။ ညီမလေး အဆုတ်ကွဲ မတတ်အော်ရင်တောင် သူတို့နားမလည်မှာကို အကိုကြီး စိုးရိမ်တယ်။ "
ရှဲ့ချောင်သည် သူမ အစ်ကိုကြီးမှာ သူမထက်တောင်ပိုပြီး တွန့်တိုတတ်သည်ဟု တွေးလိုက်မိသည်။
သို့သော်၊ သူမသည် သူမအစ်ကိုလိုမျိူး ကိုယ်ဟာ
ကိုယ်ဟုတ်လှပြီဟု ထင်ကာ ဗိုလ်ကျတတ်သည်ပုံပေါက်ချင်လျှင် လူတွေကို သေချာပေါက် ပိုပြီး ခြိမ်းခြောက်ရပေလိမ့်မည်။
" ဟုတ်သားပဲ၊ ညီမလေးက အားနည်းတယ်၊ စကား အများကြီး မပြောနိုင်ဘူး၊ မဟုတ်ရင် အသက်မရှူနိုင် ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့်လည်း၊ ဒါက ကိစ္စကြီးတစ်ခုလေ။ သူတို့ လေ့လာသင်ယူသင့်တယ်။ ဒီလိုဆိုရင်ရော။ အိမ်က အထိန်းတော်တွေက မုန့်တွေ လုပ်နိုင်တယ်ဆိုတော့ သူတို့ကို သင်ခိုင်းလိုက်မယ်လေ။ "
ထို့နောက် ရှဲ့ချောင်သည် ရှဲ့နျိုရှန်းအား ကြည့်ရင်းပြောလိုက်သည် "အဖေ၊ အဖိုးက စောစောစီးစီး ကွယ်လွန်သွားခဲ့တယ်။ အဖိုးသာ အဖွားနဲ့ ကျန်တဲ့သူတွေက သူ့အတွက် ရည်စူးပြီး လုပ်ပေးတာကို မြင်ရင်၊ အဖေ့ရဲ့ အလုပ်ရာထူးတိုးဖို့ နဲ့ အခွင့်အလမ်းတွေမှာ ကောင်းချီးပေးမှာ ကျိန်းသေပဲ"
ရှဲ့ဖင်းကန်းနှင့် ရှဲ့ချောင်၏ ပြောစကားများကြောင့် ရှဲ့နျိုရှန်းမှာ ကြက်သေသေသွားခဲ့သည်။
ဘယ်လိုပဲဖြစ် ဖြစ်၊ သူတို့၏ ဆွေးနွေးချက်များသည် ယုတ္တိရှိလှသည်။
ပြီးတော့၊ အိမ်ရှင်မ တစ်ယောက်အနေနဲ့၊ လုသခင်မက ဘိုးဘေးတွေကို ဆုတောင်းကန်တော့ဖို့မှာ ကူညီသင့်တယ်။ ဒါက မုန့်လုပ်ရုံလောက်…..
"မင်းရဲ့ ယောင်းမတွေနဲ့ အတူသင်လိုက်။ ဝီရိယရှိရှိသင်နော်။ မိန်းကလေးဖေက မင်းအနားမှာ မရှိလို့ ပျင်းနေတာမဟုတ်လား။ မုန့်လုပ်ဖို့ သင်ရင်းနဲ့ အချိန်ဖြုန်းနိုင်တယ်။" ရှဲ့နျိုရှန်းက ခေါင်းညိတ်လိုက်သည်။
လုသခင်မနှင့် ကျန်သူများမှာ ထိတ်လန့်သွားကြသည်။
သခင်မကြီးသည်လည်း အံ့ဩလွန်း၍ စကားမပြောနိုင်တော့။
ဘာတွေ ဖြစ်သွားတာလဲ။ သူတို့က ရှဲ့ချောင်ကို အလုပ်လုပ်ဖို့ ပြောခဲ့တာလေ၊ သူတို့ အပြန်အလှန်မှတ်ချက်ပေး ပြောဆိုရုံနဲ့ ဘာလို့ ဒီလောက် မြန်မြန် ပြောင်းလဲသွားခဲ့ရတာလဲ။
သူမ၏ ဦးနှောက်မှာ ပြောသွားခဲ့သည် စကားများကို လိုက်မမီနိုင်ခဲ့ပေ။
ထိုစဉ်၊ ရှဲ့ချောင်ကတော့ နေရာတွင်သာ ပြုံးပြုံး
လေး ထိုင်နေကာ ရက်ရောပြီး ဂုဏ်သရေရှိသည့် ပုံပေါ်နေသည်။ သူမသည် နှစ်လိုဖွယ်ကောင်းသည့် ကောင်းမြတ်သော သမီးတစ်ယောက်နှင့် တူသည်။ သခင်မကြီးမှာ သူမထံတွင် မည်သည့် အရေးမပါသည့် ပြစ်ချက်တစ်ခုမှ ရှာမတွေ့ခဲ့ပေ။
••••••