ကြီးမားတဲ့ အစုအဝေး
Vol. 37 Ch. 541
အဲ့ဒါက ကြောက်စရာ ကောင်းလွန်းလှ၏။
အပျက်အစီးနယ်မြေတွင် ရွှေအမြုတေများ၏ အသက်များက မြက်ပင်တွေလိုပင်။
၁၅ မိနစ် မကြာခင်မှာပင် မဟာယွီအင်ပါယာမှ အစီအစဉ်ကျနစွာ ဖွဲ့စည်းထားသော ရွှေအမြုတေစစ်တပ်သည် ထာဘာကလန်မှ စစ်ရထားများ၏ နင်းခြေမှုအောက်၌ တစ်ဝက်ကျော်လောက်က သေသူသေ၊ ဒဏ်ရာရသူရကုန်ကြ၏။
အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေပြီး ကြောက်လန့်တကြား အော်ဟစ်ငိုယိုသံများက ဆူညံပွက်လောရိုက်နေ၏။
မဟာယွီအင်ပါယာမှ ရွှေအမြုတေပါရမီရှင် ကူလူနန်သည် တိုက်ကွက်သုံးကွက်အတွင်းမှာပင် ထာဘာဖန်ကို ရှုံးနိမ့်သွား၏။ ထာဘာဖန်က ကူလူနန်၏ ဦးခေါင်းကို သူ၏ လှံပုဆိန်ဖြင့် ဖြတ်ချလိုက်ပြီး ဦးခေါင်းကြီးကို လက်ထဲမှာ ကိုင်ထား၏။
ကြောက်ခမန်းလိလိအော်ရာနှင့်အတူ သူသည် ကူလူနန်၏ အလောင်းကို ဖနောင့်ဖြင့် ပေါက်ပြီး နှုတ်ခမ်းကိုသပ်ကာ လှောင်ရယ်လိုက်၏။
“ဘာပါရမီရှင်လဲ.. ခွေးချီးပါရမီရှင်လား.. ဒီဘက်မျိုးဆက်မှာ ပါရမီရှင်ဆိုတာတွေက ရှားပါး မနေဘူးကွ”
မူတန်ချင်းနှင့် ပိုင်ယုဟန်သည် သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ပြီး ကြောက်လန့်တကြားဖြစ်ကာ အထိန်းအကွပ်မဲ့စွာနှင့် တုန်ယင်လာကြ၏။
ကူလူနန်က သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာကို သူတို့နှစ်ယောက် မြင်တွေ့ခဲ့၏။ သို့သော်လည်း အဲ့ဒါကို ထာဘာဖန်က သူ၏ လှံပုဆိန် ခုတ်ချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ပြီး သူ့ခေါင်းကို ဖြတ်တောက်ပစ်လိုက်၏။
သူ၏ ရွှေအမြုတေနယ်မြေကို မထုတ်ဖော်ဘဲနှင့်တောင် ထာဘာဖန်သည် ကူလူနန်ကို သတ်ဖြတ်ပြီး မဟာယွီစစ်တပ်ကို ချေမှုန်းပစ်လိုက်နိုင်၏။
သူသည် ကူလူနန်၏ သွေးသံရဲရဲဦးခေါင်းကြီးကို မြေကြီးပေါ်သို့ ဖြစ်သလို ပစ်ချလိုက်ပြီး အေးစက်စက် သရော်လိုက်၏။
“မင်းခွန်အားက ငါ့စစ်ရထားကို လိုက်စီးဖို့တောင့် အဆင့်မရှိဘူး”
သူ၏ မြင်ကွင်းကို ချုံ့၍ ကြည့်လိုက်သောအခါ ထာဘာဖန်၏ စစ်ရထားပေါ်တွင် ဖြန့်ကျဲချထားသော ဦးခေါင်းပြတ်များစွာ ရှိကြောင်း မူတန်ချင်း ခပ်ရေးရေး မြင်လိုက်ရ၏။ သူတို့အများစုက ခြောက်သွေ့နေကြပြီဖြစ်ပြီး အချို့ကတော့ လတ်လတ်ဆတ်ဆတ် သွေးများဖြင့် နီစွေးနေ၏။
“ထာဘာဖန်က ပါရမီရှင်တွေကို သတ်ဖြတ်ရတာကို စွဲလန်းနေတာလို့ ငါကြားဖူးတယ်.. ပါရမီရှင်တစ်ယောက်ကို သူသတ်ပြီးတိုင်း အဲ့လူရဲ့ ဦးခေါင်းကိုဖြတ်ပြီး သူ့စစ်ရထားပေါ်မှာ တင်ထားတတ်တယ်တဲ့”
“ငါလဲ ကြားဖူးတယ်.. သူက ထျန်ဟွမ်ကမ္ဘာမှာရှိတဲ့ ပြိုင်စံရှားတွေ အကုန်လုံးကို သတ်ပြီး သူ့စစ်ရထားထဲမှာ အပြည့်ဖြည့်ပစ်မယ်လို့တောင် ရူးရူးမိုက်မိုက် ကြေညာဖူးတယ်တဲ့”
အနီးနား မြက်ပင်များကြားမှ တီးတိုးဆွေးနွေး ဝေဖန်သံများက ထွက်နေ၏။
မူတန်ချင်းနှင့် ပိုင်ယုဟန်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် တုန်လှုပ်ချောက်ချားမှုကို မြင်လိုက်ကြရ၏။
ယခု ရောက်လာသော ထာဘာဖန်တို့အဖွဲ့တွင် စစ်ရထားပေါင်း သုံးဆယ်ဝန်းကျင်လောက်သာ ရှိ၏။ အများဆုံး လူတစ်ရာထက် မပိုနိုင်ပေ။ သို့သော်လည်း သူတို့သည် ရွှေအမြုတေတစ်ထောင်ကျော်နှင့် ဖွဲ့စည်းထားသော စစ်တပ်တစ်တပ်ကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်ကြ၏။
ထာဘာကလန်၏ ခွန်အားက သိသာထင်ရှားလေသည်။
ဒုန်း.. ဒုန်း.. ဒုန်း..
မလှမ်းမကမ်းတွင် နောက်ထပ် ရှေးကျသော စစ်ရထားတစ်အုပ်စုကလည်း ပျံသန်းလာကြ၏။ သူတို့၏ လွှင့်ထူထားသော အလံများပေါ်တွင် ‘ယုဝမ်’ဟူသော စာလုံးကို ခပ်နှိပ်ထားကြ၏။
နောက်ထပ်အထက်တန်းလွှာကလန်.. ယုဝမ်ကလန်က ရောက်ချလာလေပြီ။
“ဟမ့်”
ယုဝမ်ကလန်၏ ခေါင်းဆောင်က ဝါးခြမ်းပြားကို ထောင်ထားသလို ပိန်ကပ်ကပ်နှင့် လူတစ်ယောက်နှင့်ဖြစ်ပြီး သူက လှောင်ရယ်လိုက်၏။
“ထာဘာ.. အဲ့ဒါက ဘာမဟုတ်တဲ့ခွန်အားနဲ့ ပုရွက်ဆိတ်လေးတွေပဲကို.. မင်းက ဘာတွေ ဂုဏ်ဆာနေတာတုန်း”
“ယုဝမ်ဝူကျား”
ထာဘာဖန်သည် ရောက်လာသော စစ်ရထားများဘက်သို့ လှည့်ကြည့်ပြီး သူ့မျက်လုံးများထဲရှိ စိုင်းပြင်းနေသော တိုက်ပွဲဝင်စိတ်နှင့်အတူ ဟိန်းဟောက်လိုက်၏။
“မင်းရောက်လာတာ အတော်ပဲ.. ဒီပုရွက်ဆိတ်တွေကို သတ်ရတာ ငါအာသာ မပြေသေးဘူးဖြစ်နေတာ.. ငါ့ရထားပေါ်မှာ မင်းခေါင်းကို ထားဖို့ တစ်နေရာ ရှိပါသေးတယ်”
ထာဘာဖန်သည် ဘာစကားမှ ဆက်မပြောတော့ဘဲ သူ့စစ်ရထားကို ယုဝမ်ဝူကျားတို့ဘက်သို့ ဦးလှည့်၍ ပြေးဝင်ချသွား၏။
“ငါက မင်းကို ကြောက်နေမယ်လို့ မင်းထင်နေထားလား”
ယုဝမ်ဝူကျားကလည်း ကြောက်လန့်နေခြင်း အလျှင်း မရှိဘဲ သူ့သိုလှောင်အိတ်ထဲကနေ ရွှေရောင် အသွားသုံးခါပါသည့် လှံတံကို ဆွဲထုတ်လိုက်၏။ အဲ့ဒါက အရမ်းကို သိပ်သည်းလေးလံပြီး သူ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့်တောင် မလိုက်ဖက်ပေ။
“သတ်”
သူတို့နှစ်ယောက်သည် လေထဲသို့ ခုန်တက်၍ တစ်ပြိုင်နက်တည်း အော်ဟစ်ဟိန်းဟောက်လိုက်ကြ၏။
လှံပုဆိန်နှင့် အသွားသုံးခုပါလှံတို့က ပြင်းထန်စွာ ရိုက်ခတ်သွားပြီး လေထဲမှာ ကြောက်လန့်စရာ တုန်ခါလှိုင်းများကို ထွက်ပေါ်လာစေ၏။
နေတစ်စင်းကဲ့သို့ အလင်းရောင်များက မျက်စိကျိန်းစပ်လောက်အောင် ဖွားကနဲ ဖြာထွက်လာလေသည်။
ဤနေရာဝန်းကျင်တွင် စုဝေးနေကြသော ကျင့်ကြံသူများသည် ထိတ်လန့်သွားကြပြီး အလန့်တကြား အော်ဟစ်သံများကို ကြားလိုက်ရ၏။
မူတန်ချင်းသည် သိပ်သည်းပြင်းထန်သော ခွန်အားနှင့် ခန္ဓာမီးဆေးကျင်ကြံသူတစ်ယောက် ဖြစ်လေသည်။ သူသည် ဧရာမတူတစ်လက်ကို ကိုင်ထားပြီး ရပ်တန့်လို့ မရနိုင်သောသူ ဖြစ်၏။
သို့သော်လည်း သူ့ရှေ့ရှိ ပြိုင်စံရှားနှစ်ယောက်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် မူတန်ချင်းသည် သူ့ကိုယ်သူ အရမ်းအားနည်းလွန်းသည်ဟု ခံစားလာရ၏။
“ဒါကမှ တစ်ကယ့် ပြိုင်စံရှားတွေပဲ”
မူတန်ချင်းသည် ခေါင်းခါပြီး ရေရွတ်လိုက်မိ၏။
“သူတို့ထဲက ဘယ်သူဖြစ်ဖြစ် ငါ့ကို သုံးကွက်အတွင်း သတ်ဖြတ်နိုင်တယ်”
ထာဘာဖန်နှင့် ယုဝမ်ဝူကျားတို့ နှစ်ယောက်သည် လေထဲမှာ တိုက်ခိုက်နေကြပြီး ကျယ်လောင်သော ထိတွေ့ရိုက်ခတ်သံများက ထွက်ပေါ်နေကာ နောက်ဆုံး မည်သူ အနိုင်ရရှိမည်ကို ပြောဖို့ ခက်လေသည်။
ထိတွေ့မှု တစ်ချက်စီတိုင်းမှာ လေထုက ပြင်းထန်စွာ တုန်ခါသွား၏။
တိုက်ခိုက်မှုုက ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ ထာဘာဖန်သည် ပို၍ လေးနက်တည်ကြည်လာပြီး သူ့မျက်လုံးများက ကြမ်းကြုတ်မှုဖြင့် တလက်လက်ထလာ၏။ သူ၏ ရွှေအမြုတေကို အရူးအမူး လှည့်ပတ်ရင်း ကြောက်စရာကောင်းသည့် အော်ရာတစ်ခုက သူ့ဘေးပတ်လည်မှာ ရစ်သိုင်းထွက်ပေါ်လာ၏။
အဲ့ဒါက ရွှေအမြုတေနယ်မြေတစ်ခုပင်..
ယုဝမ်ဝူကျား၏ သူငယ်အိမ်က တဆတ်ဆတ် လှုပ်သွားပြီး နောက်သို့ ချက်ချင်းခုန်ဆုတ်ကာ မာန်မဲလိုက်၏။
“ထာဘာဖန်.. မင်း ရူးသွားပြီလား.. ဘယ်လိုဖြစ်လို့ ရွှေအမြုတေနယ်မြေကိုတောင် ထုတ်သုံးရဲရတာလဲ”
ရွှေအမြုတေနယ်မြေများသည် ရွှေအမြုတေအဆင့်မှာ အသန်မာဆုံးတိုက်ခိုက်ရည်ဖြစ်ပြီး အချိန်ခဏတာအတွင်း နောက်တစ်ခေါက် ပြန်သုံးလို့ ရလိမ့်ဦးမည် မဟုတ်ပေ။
ပြောရမည်ဆိုလျှင် တစ်ယောက်ယောက်သည် တိုက်ခိုက်နေစဉ်အတွင်း ရွှေအမြုတေနယ်မြေကို ထုတ်သုံးမည်ဆိုပါက သူသည် အသေအကြေတိုက်ခိုက်ဖို့ ရည်ရွယ်ထားပြီး ဖြစ်လေသည်။
ယုဝမ်ဝူကျားသည် ဘာဘာဖန်ကို မကျေနပ်သော်လည်း သူ၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားသေး၏။
ဟင်္သပဒါးသစ်သီးက အခုထိ မမှည့်သေးပေ။ အခုချိန်မှာ သူတို့နှစ်ယောက်သည် သူတို့၏ ဝှက်ဖဲများအားလုံးကို ထုတ်ပြ၍ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်ပြီး တိုက်ခိုက်ကြမည်ဆိုလျှင် နှစ်ဖက်စလုံးအတွက် အကျိုးမရှိနိုင်ဘဲ ထိုအခြေအနေအပေါ် တခြားအပြင်လူများက အမြတ်ထုတ်သွားနိုင်လေသည်။
ထာဘာဖန်၏ ရွှေအမြုတေနယ်မြေက အခုထိ အပြည့်အဝ မထုတ်ရသေးပေ။ တစ်ကယ်တော့ သူသည်လည်း စိတ်ထဲမှာ အနည်းငယ် တွန့်ဆုတ်နေဆဲဖြစ်၏။
ဘေးပတ်ဝန်းကျင်မှ အကြည့်များကို အာရုံခံမိသောအခါ ထာထာဖန်သည် ခြေကိုဆောင့်နင်းပြီး အေးစက်စွာ အော်ပြောလိုက်၏။
“လခွမ်းပဲ.. ဒီနေ့ ငါ မင်းကို သတ်ပစ်မယ်ကွ”
“နင်တို့နှစ်ယောက်စလုံး တော်ကြတော့”
ရုတ်တရက်.. အေးစက်စက်နှင့် နှစ်လိုဖွယ်ရာ အသံတစ်သံက ထွက်ပေါ်လာ၏။
ဒုန်း.. ဒုန်း.. ဒုန်း..
အံ့မခန်းအော်ရာနှင့်အတူ ရှေးကျသော စစ်ရထားတစ်အုပ်စုက ရောက်လာပြီး ကောင်းကင်ထက်က တိမ်များကို လွင့်ပါးသွားစေ၏။
ဤကဲ့သို့သော ရှေးဟောင်းစစ်ရထားများကို အထက်တန်းလွှာတော်ဝင်မိသားစုများသာလျှင် ပိုင်ဆိုင်နိုင်လေသည်။
နောက်ထပ်ကလန်ကြီးတစ်ခုက ရောက်ချလာ၏။
စစ်ရထားများပေါ်က စစ်အလံတွင် ‘မူရုံ’ဟူသော စားလုံးက ထင်းနေ၏။
ရှေ့ဆုံးရှိ စစ်ရထားပေါ်တွင် အမျိုးသမီးတစ်ယောက်က မတ်တပ်ရပ်နေ၏။ သူမသည် အပြာရောင်တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်မြင့်မြင့်၊ သွယ်သွယ်လျလျနှင့် ရှိုက်ကြီးဖိုငယ်အသွယ်သွယ် ပြည့်စုံလှပလေသည်။
သူမသည် မျက်နှာချေများကို လိမ်းမထားသော်လည်း ပစ်မျိုးမှဲ့မထင် ဖြူဝင်းသော အသားအရေကို ပိုင်ဆိုင်ထားပြီး အထက်တန်းလွှာကလန်များ၏ တစ်မူထူးခြားသော မောက်မာဝင့်ကြွားမှု ဟန်ပန် ရှိလေသည်။
စောစောက စကားပြောလိုက်သောသူက ဤအမျိုးသမီး ဖြစ်လေသည်။
သူမကို မြင်သောအခါ ယုဝမ်ဝူကျားက အလောတကြီး အော်ပြောလိုက်၏။
“မုရုံဝူရွှမ်း နင်ရောက်လာတာ အတော်ပဲ.. ဒီအရူးကို ကူထိန်းပေးပါဦး”
“ဟမ့်.. ဒီနေ့ ငါ့လုပ်ချင်တာ ငါလုပ်မယ်.. ဘယ်သူ့မှ ငါ့ကို ထိန်းချုပ်လို့ မရဘူး”
ထာဘာဖန်သည် ထိုသို့ ပြောလိုက်သော်လည်း သူ့လေသံက လျော့ကျသွားတာ သိသာလေသည်။
“ငါတို့ အထက်တန်းလွှာ ကလန်လေးခုက သမိုင်းတစ်လျှောက် ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့ကြတာပဲ.. ငါတို့ လက်ရည်စမ်းလို့ရတယ်.. ဒါပေမယ့် သူသေကိုယ်သေ တိုက်ခိုက်လို့တော့ မရဘူး”
မုရုံဝူရွှမ်းက ထပ်ပြီး ပြောလိုက်၏။
“နောက်ပြီး ဟင်္သပဒါးသစ်သီးက အခုထိ မှည့်သေးတာ မဟုတ်ဘူး.. နင်တို့တွေ ဘာအတွက် တိုက်ခိုက်နေကြတာလဲ.. အပြင်လူတွေက ငါတို့ကို ဝိုင်းဟားရအောင်လား”
ထာဘာဖန်က ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ဝေ့ကြည့်ပြီး အေးစက်စက်သတ်ဖြတ်လိုစိတ်နှင့် ဟိန်းဟောက်လိုက်၏။
“ငါ့ကို ဘယ်သူက ဟားရဲမှာလဲ.. မင်းတို့ကောင်တွေ အကုန်လုံး ဝေးဝေး သွားကြစမ်း”
များစွာသော ကျင့်ကြံသူများသည် တုန်လှုပ်သွားကြပြီး အလောတကြီး နောက်ဆုတ်လိုက်ကြ၏။
မူတန်ချင်းနှင့် ပိုင်ယုဟန်သည်လည်း လူအုပ်ကြီးနှင့် ရော၍ အပြင်ဘက်သို့ ထွက်လိုက်ကြ၏။
အပျက်အစီးနယ်မြေက အရမ်းကို ကြောက်စရာကောင်းလေသည်။
ဤကဲ့သို့သော တိုက်ပွဲမျိုးက မဟာချွမ်အပျက်အစီးနယ်မြေ၏ အခြားနေရာများမှာလည်း ဖြစ်ပျက်နေနိုင်လေသည်။
ဟင်္သပဒါးသစ်သီးကို သူတို့ မမြင်ရသေးခင်မှာပင် လူများက တိုက်ခိုက်နေကြပြီဖြစ်ပြီး သွေးချောင်းစီးနေကြပြီဖြစ်၏။
ဟင်္သပဒါးသစ်သီးသာ ပေါ်လာပြီဆိုလျှင်.. ဘယ်လောက်တောင် သွေးမုန်တိုင်း ထန်လိုက်မလဲ..
လူအုပ်ကြီးက နောက်ဆုတ်သွားကြချိန်.. ကျန်နေခဲ့သော လူတစ်ယောက်သည် တိတ်တဆိတ် လမ်းလျှေက်နေဆဲဖြစ်ပြီး မြင်ကွင်းထဲမှာ ထင်းကနဲ ဖြစ်နေ၏။
ချက်ချင်းပင် လူတိုင်း၏ အကြည့်က ထိုသူပေါ်သို့ ကျရောက်သွားကြ၏။
ထိုလူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကလည်း အနက်ရောင်ဖြစ်၏။
အမူအယာကင်းမဲ့၍ တောင့်တောင့်ကြီး ဖြစ်နေပြီး သူ့မျက်လုံများထဲမှာ မည်သည့်စိတ်ခံစားမှုမှ မရှိပေ။ သူ၏ ဖြူဖတ်ဖြူရော် ဘယ်ဘက်လက်ထဲမှာ ဓါးရှည်တစ်လက်ကို ကိုင်ထားပြီး မဟာချွမ်အပျက်အစီး၏ အနက်ပိုင်းဆီသို့ ဦးတည်လျှောက်လှမ်းနေ၏။
“သူက ဘယ်သူလဲ.. ထာဘာဖန်ကိုတောင် အဖက်မလုပ်ဘူးလား”
“ငါထင်တာ သူက ဦးနှောက်သေနေတာ ဖြစ်ရမယ်.. သူ့ရဲ့ အကြောသေနေတဲ့ မျက်နှာကိုပဲကြည့်.. သူက အရူးတစ်ယောက်ပဲ ဖြစ်ရမယ်”
“သူက တစ်ကယ်ကို အရိပ်အကဲ နားမလည်တဲ့ကောင်ပဲ.. အထက်တန်းလွှာကလန်တွေကို သူက ဘယ်လိုတောင် မထီမဲ့မြင်ပြုရဲတာလဲဟ”
ထိုလူ၏ လှုပ်ရှားမှုက မမြန်ဆန်လှပေ။ ကျင့်ကြသူများ၏ အမြန်နှုန်းနှင့် နှိုင်းစာလျှင် သူက အရမ်းကို နှေးကွေးလွန်းလေသည်။
အနက်ရောင်ဝတ်ဓါးကျင့်ကြံသူက အထက်တန်းလွှာကလန်များ၏ စစ်ရထားများနှင့် သန်မာသော ကျင့်ကြံသူများကို လျစ်လျူရှုထားပြီး မော်တယ်တစ်ယောက်ကဲ့သို့ အပျက်အစီးနယ်မြေအနက်ပိုင်းဆီသို့ စိမ်ပြေနပြေ လျှောက်လှမ်းနေ၏။
ခြေတစ်လှမ်း ပြီးမှ နောက်တစ်လှမ်း...