← Chapters

အဆင့်မြင့်ဂိုဏ်း ဆယ်ဂိုဏ်း

Vol. 37 Ch. 542

အဆင့်မြင့်ဂိုဏ်း ဆယ်ဂိုဏ်း

Vol. 37 Ch. 542

အထက်တန်းလွှာကလန်သုံးခုမှ ကျင့်ကြံသူများသည် လေထဲမှာ တောင့်ခဲနေသည့်အလား တစ်ယောက်မှ မလှုပ်ရှားကြဘဲ လုံးဝတိတ်ဆိတ်နေကြ၏။

အနက်ရောင်ဝတ်ဓါးသမား ရောက်ရှိလာပြီးနောက် စောစောက ကြမ်းကြုတ်ခက်ထန်၍ သောင်းကျန်းနေသော ထာဘာဖန်တောင်မှ ငြိမ်ကျသွား၏။ သူ့မျက်လုံးများ၏ အနက်ပိုင်းထဲတွင် စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စကိုပင် မြင်နိုင်လေသည်။

အဲ့ဒါက လူတိုင်း မျှော်လင့်မထားသည့် မြင်ကွင်း ဖြစ်လေသည်။

တစ်ဖက်မှာတော့ အနက်ရောင်ဝတ်ဓါးသမားသည် အထက်တန်းလွှာကလန်သုံးခု၏ အောက်ကနေ စိမ်ပြေနပြေနှင့် တစ်လှမ်းချင်း ဆက်လက်လျှောက်လှမ်းနေ၏။

ထိုနေရာကို ဖြတ်ဖို့က ကျင့်ကြံသူများအတွက် ဝေးကွာလှသည့် အတိုင်းအတာ မဟုတ်ပေ။

လှုပ်ရှားမှု နည်းစနစ် တစ်ခုခုနှင့်ဖြစ်စေ၊ ဓါးပျံစီးနင်းသွားလျှင်ဖြစ်စေ.. အသက်ရှူချိန် တစ်ရာကျောက်လောက်သာ ကြာနိုင်လေသည်။

သို့သော်လည်း အနက်ရောင်ဝတ်လူက ၁၅ မိနစ်ကြာအောင် လမ်းလျှောက်သွားခဲ့၏။

ထူးခြားသည့်အချက်မှာ တစ်ချိန်လုံး မည်သူမှ သူ့ကို မတားခဲ့ကြသလို၊ စကားလည်း မပြောခဲ့ကြပေ။

လူတိုင်း၏ လည်ချောင်းဝမှာ တစ်ခုခု တစ်စို့နေကြသလိုပင်။

မုရုံဝူရွှမ်းသည် မျက်မှောင်အနည်းငယ် ကြုတ်ထားပြီး အနက်ရောင်ဝတ်ဓါးသမားကို သူမက ကြည့်ပုံက တစ်နည်းတစ်ဖုံ ထူးခြားနေ၏။ အဲ့ဒါက သနားတာ၊ ချီးကျူးတာ နှင့် စိုးရိမ်ပူပန်တာ.. ပဋိပက္ခနှင့် ရှုပ်ထွေးနေ၏။

အနက်ရောင်ဝတ်ဓါးသမားက ဤပတ်ဝန်းကျင်မှာ သူတစ်ယောက်တည်း ရှိနေသည့်အလား အေးအေးဆေးဆေး လျှောက်လှမ်း၍ ထွက်ခွာသွား၏။

သူ့အကြည့်က အနည်းငယ် သတိကင်းကွာနေ၏။ သူသည် ဘာကိုမှ သေချာအာရုံစိုက် မကြည့်နိုင်သည့်အလားပင်။ သူသည် သူ့ပုံစံအတိုင်း တစ်လှမ်းချင်းပဲ အေးအေးဆေးဆေး ဆက်လက် လျှောက်လှမ်းပြီး လူတိုင်း၏ အမြင်အာရုံကနေ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

“အဲ့လူက ဘယ်သူလဲ”

စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည် အရူးများ မဟုတ်ကြသောကြောင့် တဖြည်းဖြည်း အသိဝင်လာကြ၏။

“အဲ့ဒီမှာ နောက်ထပ် အထက်တန်းလွှာကလန်တစ်ခု ကျန်နေသေးတယ်လေမလား.. သူက တူကူကလန်ရဲ့ ပြိုင်စံရှားဖြစ်ဖို့ များလောက်တယ်”

“မင်းပြောမှပဲ ငါသတိရတော့တယ်.. တူကူကလန်မှာ တူကူကျန့်လို့ခေါ်တဲ့ ကြောက်စရာကောင်းတဲ့ ရွှေအမြုတေအဆင့် ဓါးသမားတစ်ယောက် ရှိတယ်တဲ့.. သူက ဓါးအတွက်ပဲ ရှင်သန်နေတာဆိုလား”

“ငါလဲ သူ့အကြောင်း အရင်က ကြားဖူးတယ်.. သူက သူတစ်ယောက်ထဲပဲ နေပြီးတော့ သူ့မှာ ဆွေမျိုးလဲမရှိ၊ အပေါင်းအသင်းလဲ မရှိဘူးတဲ့.. ပြီးခဲ့တဲ့ နှစ်အတော်ကြာကထဲက သူ့ဘေးနားမှာ အနက်ရောင်ဓါးတစ်လက်ပဲ ရှိပြီးတော့ သူက ဒီအဆင့်ကို ရောက်လာဖို့အတွက် သူ့ဓါးကလွဲရင် ဘာကိုမှ မလိုအပ်ခဲ့ဘူးတဲ့”

အနီးနားရှိ ဆွေးနွေးသံများကို ကြားသောအခါ ပိုင်ယုဟန်က တီးတိုး ပြောလိုက်၏။

“တန်ချင်း.. ကြည့်ရတာတော့ တူကူကလန်က ဟင်္သပဒါးသစ်သီးကို လက်လျှော့လိုက်ပြီထင်တယ်.. မဟုတ်ရင် သူတို့က ကျင့်ကြံသူတစ်ယောက်ထဲ စေလွှတ်မှာ မဟုတ်ဘူးမလား”

“အဲ့လိုတော့ ပြောလို့ မရဘူး”

မူတန်ချင်းက ခေါင်းခါလိုက်၏။

“ငါတို့လိုမျိုး ဟင်္သပဒါးသစ်သီးအတွက် တိုက်ခိုက်ဖို့ လက်လျှော့ထားပြီး ရုတ်ရုတ်သဲသဲအခြေအနေကနေ အခွင့်အရေးတချို့ ရယူဖို့အတွက်ပဲ ရောက်လာကြတဲ့လူတွေအပြင်.. တချို့က တစ်ယောက်ထဲ ဒါမဟုတ် နှစ်ယောက်လောက်ပဲ လာကြတယ်ဆိုတာ တခြားဖြစ်နိုင်ခြေ ရှိသေးတယ်”

“ဘာလဲ အဲ့ဒါ” ပိုင်ယုဟန်က မေးလိုက်၏။

“အဲ့လူက အရမ်းကြောက်စရာကောင်းလွန်းပြီး တခြားလူတွေရဲ့ အကူအညီကို မလိုအပ်တာကြောင့်ပဲ”

လေထဲတွင် ထာဘာဖန်သည် အနက်ရောင်ဝတ်ဓါးသမား ပေါ်လာကတည်းက သူ၏ ရွှေအမြုတေနယ်မြေကို ရုတ်သိမ်းထားပြီးဖြစ်၏။

အနက်ရောင်ဝတ်လူ ပျောက်ကွယ်သွားပြီးမှသာ သူသည် စိတ်သက်သာစွာ သက်ပြင်းချပြီး ရယ်မောလိုက်၏။

“ဒီမှာ တူကူကလန်က လူတွေ တစ်ယောက်မှ မတွေ့ရပါလားလို့ ငါတွေးနေတာ.. ဘယ်ဟုတ်မလဲ သူတို့က အဲ့ဒီမျက်နှာသေနဲ့လူကို လွှတ်လိုက်တာကိုး”

အနက်ရောင်ဝတ်ဓါးသမားက တစ်ချိန်တည်း မှင်သေသေမျက်နှာနှင့် ရှိနေတာကြောင့် ထာဘာဖန်က သူ့ကို မျက်နှာသေနဲ့လူဆိုပြီး သရော်လိုက်ခြင်း ဖြစ်လေသည်။

မလှမ်းမကမ်းတွင် ကျင့်ကြံသူတစ်ယောက်က ခွိကနဲ ထရယ်လိုက်၏။

“မျက်နှာသေနဲ့လူတဲ့.. ဟီးဟီး ပြောတတ်လိုက်တာ”

“ဟမ့်”

မုရုံဝူရွှမ်း၏ မျက်နှာက တင်းမာသွားပြီး လှည့်ကြည့်လိုက်၏။

ဘာစကားမှ ပြောမနေဘဲ သူမ၏ အင်္ကျီလက်စကို ဝေ့ရမ်းလိုက်သောအခါ အလင်းတန်းတစ်ခုက ပျံသန်းထွက်သွားပြီး ထိုကျင့်ကြံသူ၏ နဖူးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ဘုန်းကနဲ မြည်သံက ထွက်ပေါ်လာ၏။

ထိုလူ၏ ဦးခေါင်းက ပေါက်ကွဲသွားပြီး သွေးများနှင့် ဦးနှောက်ရည်များက ပြန့်ကျဲကာ လဲကျသေဆုံးသွားလေသည်။

လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

ထိုသူ၏ အနီးနားရှိ ကျင့်ကြံသူများသည် ကြောက်လန့်တကြား ဖြူလျော့သွားပြီး အလိုလို နောက်ဆုတ်ကာ ရင်တလျှပ်လျှပ်နှင့် ရှေးဟောင်းစစ်ရထားထဲက ပြိုက်ဘက်ကင်း အမျိုးသမီးကို မော့ကြည့်လိုက်ကြ၏။

အေးစက်စက်မျက်နှာနှင့် မုရုံဝူရွှမ်းက တစ်လုံးချင်း ပြောလိုက်၏။

“အထက်တန်းလွှာကလန်က လူတွေကို နင်တို့လိုလူမျိုးတွေက နောက်ပြောင်လို့ရမယ်လို့ ထင်နေတာလား”

မည်သူမှ ပြန်မဖြေကြပေ။

ထာဘာဖန်၊ ယုဝမ်ဝူကျားနှင့် မုရုံဝူရွှမ်းတို့သည် နတ်ဘုရားများကဲ့သို့ တောက်ပထည်ဝါသောအော်ရာနှင့် လေထဲမှာ မတ်တပ်ရပ်နေကြပြီး အောက်ကလူများကို သေးနုပ်သောမော်တယ်များလို အထင်သေးစွာ ငုံ့ကြည့်နေကြ၏။

ဤကဲ့သို့သော ဖိအားအောက်မှာ မည်သူက စကားပြန်ပြောရဲပါမည်နည်း။

မုရုံဝူရွှမ်းက ထာဘာဖန်ဘက်သို့ ပြန်လှည့်ကာ စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

“ထာဘာဖန်.. ငါ နင့်ကို သတိမပေးဘူးလို့ မပြောနဲ့နော်.. နင့်စကားပြောတာ ဆင်ခြင်ရင် ကောင်းလိမ့်မယ်.. နှုတ်ကြောင့်သေတတ်တယ်”

“ဟ”

အနက်ရောင်ဝတ်လူ ထွက်ခွာသွားပြီးနောက် ထာဘာဖန်သည် နဂိုအတိုင်း ပြန်မောက်မာသွားကာ ရယ်ချလိုက်၏။

“အဲ့ဒါ နင့်ကိစ္စ မဟုတ်ပါဘူး.. ငါ ပြောချင်တဲ့စကားရှိရင် ပြောမှာပဲ”

“ဟုတ်လား”

မုရုံဝူရွှမ်းက အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်၏။

“နင် အဲ့လောက်ထိ သတ္တိရှိနေရင်လဲ တူကူနောက်ကို ပြေးလိုက်ပြီး အဲ့စကားကို ထပ်ပြောပြလိုက်လေ”

ထာဘာဖန်၏ အမူအယာက သုန်မှုန်သွားပြီး ခွန်းတုံ့မပြန်တော့ဘဲ နှာမှုတ်လိုက်၏။

အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ မုရုံဝူရွှမ်းက သူမကိုယ်သူမ ဣန္ဒြေဆယ်ပြီးနောက် မှင်သေသေဖြင့် ပြောလိုက်၏။

“ငါ နင်တို့ကို တစ်ခါထဲ ထပ်သတိပေးထားလိုက်မယ်.. မြောက်ပိုင်းဒေသရဲ့အဆင့်မြင့်ဂိုဏ်းက အမွေခံတပည့်တွေလဲ ဒီကို လာနေကြပြီလို့ ငါသတင်းရထားတယ်”

ထိုစကားကို ကြားသောအခါ ထာဘာဖန်နှင့် ယုဝမ်ဝူကျားတို့သည် မျက်ခုံးနှစ်ဖက်ကို ထိလုမတတ် တွန့်လိုက်ကြ၏။

“ဟင်္သပဒါးသစ်သီးကို ခူးယူဖို့က လွယ်ကူမယ့်ကိစ္စ မဟုတ်တော့ဘူး.. မြောက်ပိုင်းဒေသရဲ့ တစ်ကယ့်ပြိုင်စံရှားတွေ ပါဝင်ပတ်သတ်လာပြီ.. မြောက်ပိုင်းဒေသရဲ့ ရှေးအကျဆုံး တော်ဝင်မိသားစုကြီးတွေက အရိုက်အရာဆက်ခံသူတွေတောင် ပေါ်လာနိုင်တယ်”

ထိုသို့ ပြောပြီးသည်နှင့် မုရုံဝူရွှမ်းသည် လက်ပြကာ သူမ၏ နောက်ဘက်ရှိ စစ်ရထားများကို ဦးဆောင်ပြီး မဟာချွမ်အပျက်အစီးနယ်မြေထဲသို့ ဦးတည်လိုက်လေသည်။

ထာဘာဖန်နှင့် ယုဝမ်ဝူကျားသည်လည်း အလိုလို နားလည်မှုဖြင့် ဆက်လက် မတိုက်ခိုက်ကြတော့ဘဲ အသီးသီး ထွက်ခွာလိုက်ကြ၏။

နောက်ခဏ၌ အပျက်အစီးနယ်မြေ၏ အစပ် ကောင်းကင်မှာ တည်ငြိမ်အေးချမ်းမှုက ပြန်ရလာလေသည်။

“ဟေး.. ဒီလောက်များတဲ့ ပါရမီရှင်တွေ ပါဝင်ပတ်သတ်လာမှတော့ အထက်တန်းလွှာကလန်လေးခုက ပြိုင်စံရှားတွေတောင် ဟင်္သပဒါးသစ်သီးကို ရချင်မှ ရတော့မယ်”

“ဟုတ်တာပေါ့.. အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းက အမွေခံတပည့်တွေပါ လာနေပြီလို့ ပြောတာ မကြားလိုက်ဘူးလား.. အဲ့ဒါက ပြိုင်စံရှားတွေကြားက တစ်ကယ့် မဟာတိုက်ပွဲ ဖြစ်လာတော့မှာ အသေအချာပဲ”

“ကြည့်ရတာတော့ ဟင်္သပါဒါးသစ်သီးက လောကဆိုင်ရာရတနာတစ်ခု ဖြစ်ရုံတင် မကတော့ဘူး.. အဲ့ဒီမှာ ပိုပြီးတော့ လေးနက်တဲ့ အဓိပ္ပါယ်ပါ ရှိလာပြီထင်တယ်.. ဟင်္သပဒါးသစ်သီးကို ရအောင်ယူနိုင်တဲ့ ဘယ်သူမဆို မြောက်ပိုင်းဒေသရဲ့ နံပါတ်တစ်ပကတိသက်ရှိလို့ ပြောလို့ ရတယ်”

“နောက်နှစ် ၂၀ ကျရင် ဥပစာရှေးဟောင်းတိုက်ပွဲမြေက ဖွင့်တော့မှာ.. အခုတော့ မြောက်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးတွေနဲ့ အဖွဲ့အစည်းကြီးတွေက ပြိုင်စံရှားတွေက ဒီနေရာမှာ အရင်ဗိုလ်လုကြတော့မယ်ထင်တယ်”

မူတန်ချင်းနှင့် ပိုင်ယုဟန်သည် အကြည့်ချင်းဖလှယ်၍ သူတို့ ကြားသမျှကို ပြန်ဆွေးနွေးလိုက်ကြ၏။

မဟာချွမ်အပျက်အစီးနယ်မြေ၏ အခြေအနေက သူတို့စိတ်ကူးထားသည်ထက် ပို၍ ကသောင်းကနင်းဖြစ်၍ ပို၍ ကြောက်စရာကောင်းနေလေသည်။

“အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းက ဘာတွေလဲ” ပိုင်ယုဟန်က မေးလိုက်၏။

မူတန်ချင်းက ပြန်စဉ်းစား၍ ဖြေပေးလိုက်၏။

“အရင်တုန်းက နန်းတော်ထဲက နိုးထဝိညာဉ်တွေ ပြောနေကြတာကို ငါ အမှတ်တမဲ့ ကြားခဲ့ဖူးတယ်.. သူတို့ ပြောကြတာ အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းကြီးတွေ ပြီးရင်.. သူတို့ရဲ့အောက်မှာ အဆင့်မြင့်ဂိုဏ်း ၁၀၈ ဂိုဏ်း ရှိတယ်တဲ့.. သူတို့အများစုကတော့ အလယ်ပိုင်းတိုက်မှာ ရှိကြတာပဲ.. သူတို့ထဲက တချို့ကတော့ မြောက်ပိုင်းဒေသ၊ တောင်ပိုင်းဒေသ၊ အရှေ့ပိုင်းဒေသနဲ့ အနောက်ပိုင်းဒေသတို့မှာ ပြန့်ကျဲတည်ရှိကြတယ်တဲ့.. ငါတို့မြောက်ပိုင်းဒေသမှာတော့ အဲ့စာရင်းထဲက ဂိုဏ်းဆယ်ဂိုဏ်း တည်ရှိတယ်”

“ဘယ်လိုမျိုးဂိုဏ်းတွေကို အဆင့်မြင့်ဂိုဏ်းလို့ သတ်မှတ်လို့ ရတာလဲ”

“အဲ့ဒါတော့ ငါလဲ သေချာ မသိဘူး”

မူတန်ချင်းက ခေါင်းခါလိုက်၏။

“ပြောတာ ကြားဖူးတာတော့ အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာဖို့ ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ ထောက်ပံ့ပေးမှု လိုတယ်တဲ့”

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်..

ထိုစကားလုံးက ပိုင်ယုဟန်၏ ရင်ကို ဒိန်းကနဲ ခုန်သွားစေ၏။

ပေါင်းစည်းခန္ဓာအဆင့်က ဓမ္မဝိသေသအဆင့်၏ အထက်မှာ ဖြစ်လေသည်။

မဟာကျိုးအင်ပါယာကို တည်ထောင်ပြီး နှစ်တစ်သောင်းအထိ သူတို့က ရပ်တည်နေနိုင်ခြင်းမှာ မဟာကျိုးမြို့တော်မှာ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ နောက်ခံ ရှိနေသောကြောင့် ဖြစ်လေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ နောက်ခံကိုတောင် ပိုင်ဆိုင်ထားသည်ဆိုတော့ အဆင့်မြင့်ဂိုဏ်းတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ..

သူတို့ရဲ့ လက်အောက်မှာ ဓမ္မဝိသေသအဆင့် တာအိုအရှင်တွေ ဘယ်လောက်များများ ရှိနေနိုင်မလဲ..

သူတို့ရဲ့ ပြိုင်စံရှားတွေကရော ဘယ်လောက်ထိ ကြောက်စရာကောင်းတဲ့ ခွန်အားတွေကို ပိုင်ဆိုင်နေမလဲ..

လူတစ်ယောက်သည် မဟာကျိုးအင်ပါယာကနေ ထွက်ခွာပြီး အပြင်လောကသို့ ခြေဆန့်ကြည့်မှသာလျှင် ကျင့်ကြံရေးလောကရှိ တစ်ကယ့်ကို ကြောက်စရာကောင်းသည့် တည်ရှိမှုများအကြောင်းကို ကောင်းကောင်းနားလည်လာပေလိမ့်မည်။

အလယ်ပိုင်းတိုက်သည် ကျင့်ကြံရေးယဉ်ကျေးမှုနှင့် အမွေအနှစ်များ စတင်ထွန်းကာရာ နေရာဖြစ်ပြီး ဂုဏ်ကျက်သရေအထွန်းတောက်ဆုံးနှင့် အဆင့်အမြင့်ဆုံး ဂိုဏ်းကြီးများ၊ အဖွဲ့အစည်းကြီးများ တည်ရှိလေသည်။

All Chapters