ယုံကြည်မှု
Vol. 37 Ch. 543
ရုတ်တရက်..
မိုးကုတ်စက်ဝိုင်းအစပ်မှ ချောက်ချားစရာကောင်းသည့် အော်ရာတစ်မျိုးက ရုန်းကြွထွက်ပေါ်လာ၏။
ရာသီဥတုက ပြောင်းလဲသွားလေသည်။
“အူး..”
တံပိုးခရာမှုတ်သည့် အသံရှည်က ကမ္ဘာမြေပေါ် ဖြတ်သန်းလာ၏။
များစွာသော ကျင့်ကြံသူများသည် မော့ကြည့်လိုက်ပြီးနောက် သူတို့၏ အမူအယာများက ပြောင်းလဲသွားကြ၏။
ကောင်းကင်အစပ်ကနေ ပေထောင်ချီရှည်လျားသည့် ဧရာမစိတ်ဝိညာဉ်ယာဉ်ပျံကြီးများက ပျံသန်းလာ၏။ သူတို့အပေါ်တွင် လျှို့ဝှက်ဆန်းသည့် အင်းကွက်များနှင့် အပြောက်အမွမ်းများကို ခြယ်သခပ်နှိပ်ထားပြီး ဝင်းလက်တောက်ပနေကြ၏။
လေထုကို ဖြတ်သန်းလာသော စိတ်ဝိညာဉ်ယာဉ်ပျံများတွင် လွှမ်းမိုးခြယ်လှယ်နိုင်သောအော်ရာနှင့် ထကြွသောင်းကျန်းနိုင်သော စွမ်းအားက ဖြာထွက်နေ၏။ ယာဉ်ပျံများ၏ ဦးပိုင်းတွင် စွမ်းအားကြီးမား၍ တုန်လှုပ်ချောက်ချားစရာအော်ရာများနှင့် ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်နေကြ၏။
အဆင့်မြင့်ဂိုဏ်းများ၏ အရိုက်အရာဆက်ခံသူများက အပျက်အစီးနယ်မြေသို့ ရောက်လာကြလေပြီ။
“အဲ့ဒါက အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ ကောင်းကင်ရွေ့လျားဂိုဏ်းက စိတ်ဝိညာဉ်ယာဉ်ပျံပဲ”
“သူတို့ရဲ့ခေါင်းဆောင်က ကောင်းကင်ရွေ့လျားဂိုဏ်းရဲ့ ပြိုင်စံရှား လုံဝမ်ယု ဖြစ်မယ်ထင်တယ်”
စိတ်ဝိညာဉ်ယာဉ်ပျံကြီးများက ကျင့်ကြံသူများအပေါ်ကနေ တစ်စင်းပြီးတစ်စင်း ဖြတ်သွားကာ ကောင်းကင်တစ်ခွင်ကို ဧရာမ အရိပ်ကြီးများက အုပ်မိုးနေ၏။
ကောင်းကင်ရွေ့လျားဂိုဏ်း ဖြတ်သွားပြီးလို့ မကြာမီ နောက်ထပ်များစွာသော စိတ်ဝိညာဉ်ယာဉ်ပျံများက တိမ်လွှာများကြားကနေ ဖြတ်သန်းလာကြပြန်၏။ ထိုယာဉ်များက နက်မှောင်ပြီး မကောင်းဆိုးဝါးဆန်ကာ ငရဲပင်လယ်မှာ လွင့်မျောနေသော ငရဲသင်္ဘောများနှင့် ဆင်တူလေသည်။
“အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းထဲက အမှောင်တစ္ဆေဂိုဏ်း”
“အမှောင်တစ္ဆေဂိုဏ်းက လူတွေရဲ့ ပစ်မှတ်ထားမခံရအောင် ဂရုစိုက်နော်.. မဟုတ်ရင် မင်းဘဝက သေတာထက် ဆိုးသွားလိမ့်မယ်”
“မဟာချွမ်အပျက်အစီးမှာက ဆိုးယုတ်တစ္ဆေတွေနဲ့ တမလွန်စစ်သားတွေက မရေမတွက်နိုင်အောင် ရှိနေတာဆိုတော့.. အမှောင်တစ္ဆေဂိုဏ်းအတွက် နယ်မြေအားသာချက် ရသွားတာပေါ့”
အမှောင်တစ္ဆေဂိုဏ်းမှ စိတ်ဝိညာဉ်ယာဉ်ပျံများသည် မဟာချွမ်အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်သွားကြ၏။
သိပ်မကြာမီ နောက်ထပ်တိုက်ပွဲဝင်သင်္ဘောများ ရောက်ချလာ၏။
အထက်တန်းလွှာကလန်များ၏ ပထမဘိုးဘေးများသည် နယ်မြေများကို သိမ်းပိုက်စိုးမိုးခဲ့ကြသော ကျင့်ကြံရေးစစ်သည်တော်ဟောင်းများ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့၏ ကလန်သားများက ရှေးခေတ်စစ်ရထားများဖြင့် ခရီးသွားလာကြလေသည်။
မြောက်ပိုင်းဒေသရှိ အဆင့်မြင့်ဂိုဏ်းများကတော့ အထက်တန်းလွှာကလန်များနှင့် မတူပေ။
သူတို့အများစုက စိတ်ဝိညာဉ်ယာဉ်ပျံများဖြင့် သွားလာကြလေသည်။
“အဲ့ဒါက အဆင့်မြင့်ဂိုဏ်းတွေထဲက မီးလျှံကိုလံဘတ်တောင်ကြားရဲ့ စစ်သင်္ဘောပဲ”
အသစ်ရောက်လာသော စစ်သင်္ဘောပေါ်မှာ မီးတောက်မီးလျှံများက တဖွားဖွား ထကြွနေပြီး လေထဲရှိ တိမ်လွှာများက လောင်ကျွမ်းနီရဲကာ ကြည့်ရသည်မှာ လှနေသေးတော့သည်။
“ငါကြားတာ မီးလျှံကိုလံဘတ်တောင်ကြားရဲ့ ပြိုင်စံရှားဝမ့်ယန်က ဒီနေရာကို အရင်ရောက်လာပြီးတော့ သေတောင်သေတော့မလို့ပဲတဲ့”
“ဘယ်သူက အဲ့လောက်တောင် သန်မာတာလဲ”
“ငါလဲ သေချာ မသိဘူး.. တခြားအဆင့်မြင့်ဂိုဏ်းတစ်ခုက အမွေခံတပည့်တစ်ယောက်တော့ ဖြစ်နိုင်တာပဲ.. ငါကြားတာ ကြယ်တာရာလမင်းဂိုဏ်းက ပြိုင်စံရှားကတော့ အသတ်ခံလိုက်ရတယ်တဲ့.. ကြယ်တာရာလမင်းဂိုဏ်းက အဲ့ကိစ္စကို ဒီတိုင်းထားမှာတော့ မဟုတ်လောက်ဘူး”
“အခုဆို အဆင့်မြင့်ဂိုဏ်း သုံးဂိုဏ်းက ရောက်လာပြီဆိုတော့ နောက်ထပ်ခုနှစ်ဂိုဏ်းလဲ သိပ်မကြာခင် ရောက်လာလိမ့်မယ်လို့ ငါထင်တယ်.. ကြည့်ရတာ ကောလာဟလတွေက တစ်ကယ် မှန်နေတာပဲ”
နောက် ၁၅ ရက်ကြာလို့ ဟင်္သပဒါးသစ်သီးက မှည့်သည်နှင့် မဟာချွမ်အပျက်အစီးနယ်မြေမှာ ကြီးကျယ်သည့် မဟာတိုက်ပွဲတစ်ခုက သေချာပေါက် ဖြစ်ပေါ်လာတော့မည်မှာ ပြောစရာ မလိုတော့ပေ။
ထိုအချိန်၌ ပြိုုင်စံရှားများက သွေးများဖြင့် စိုရွှဲနေကြမည်ဖြစ်ပြီး ကြီးမားသည့် မုန်တိုင်းအပြီးမှာ ဘယ်သူတွေ အသက်ရှင်ကျန်ရစ်ခဲ့နိုင်မလဲဆိုတာ မည်သူမှ မသိကြသေးပေ။
အဲ့ဒါက စမ်းသပ်ချက်တစ်ရပ်ဟု သတ်မှတ်လို့ ရလေသည်။
ထိုသွေးလွှမ်းတိုက်ပွဲမှာ ရှင်သန်ကျန်ရစ်ခဲ့မည့် ပြိုင်စံရှားများကိုသာ တစ်ကယ့် ပြိုင်ဘက်ကင်း ပြိုင်စံရှားများဟု ဆိုနိုင်ပြီး သူတို့က လာမည့်ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာ ကိုင်လှုပ်လို့ မရမည့် နာမည်တစ်ခုကို ရေးထိုးနိုင်ကြပေလိမ့်မည်။
တည်တံ့သော အမူအယာဖြင့် မူတန်ချင်းက အတန်ကြာ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မဟာချွမ်အပျက်အစီးနယ်မြေမှာ အခြေအနေတွေက တော်တော်လေး ရှုပ်ထွေးလာပြီပဲ”
“ရှင် ဘာလို့ အဲ့လိုပြောတာလဲ” သူ့စိတ်ထဲမှာ နောက်ထပ် ဝှက်ထားသည့် အချက်များ ရှိသေးသည်ကို ပိုင်ယုဟန် ပြောနိုင်လေသည်။
မူတန်ချင်းက မျက်မှောင်ကြုတ်လိုက်၏။
“မဟာချွမ်အပျက်အစီးနယ်မြေမှာ ဒီလောက်ထိ အုန်းအုန်းကျက်ကျက် ဖြစ်လာကြတာတောင် နိုးထဝိညာဉ်တစ်ယောက် ပေါ်လာတာကို နင်တွေ့မိလို့လား”
ပိုင်ယုဟန်က ခေါင်းညိတ်လိုက်၏။ သူမသည်လည်း အဲ့ဒါကို သတိထားမိသည်မှာ ကြာလေပြီ။
“ဟင်္သပဒါးသစ်သီးက နိုးထဝိညာဉ်တွေအတွက် အသုံးမှ မတည့်တာ.. သူတို့က ဘယ်စိတ်ဝင်စားပါ့မလဲ” ပိုင်ယုဟန်က ကောက်ချက်ချလိုက်၏။
“အဲ့ဒါက မှန်တော့မှန်တယ်.. ဒါပေမယ့် တစ်ယောက်မှ ပေါ်မလာတာကတော့ မဖြစ်နိုင်ဘူးလေ.. အဲ့ဒါက အဓိပ္ပါယ် မရှိဘူး”
“ရှင်က အဲ့ဒါကို ဘယ်လို ထင်လို့လဲ”
မူတန်ချင်းက အလေးအနက် စဉ်းစားလိုက်၏။
“ငါ ခန့်မှန်းကြည့်တာတော့ နိုးထဝိညာဉ်အချို့က ရောက်နေကြလောက်ပြီ”
“ရှင်ဆိုလိုချင်တာက..” ပိုင်ယုဟန်သည် မျက်လုံးပြူးသွား၏။
မူတန်ချင်းက ဖြေပေးလိုက်၏။
“ဟင်္သပဒါးသစ်သီးအတွက် တိုက်ခိုက်ကြဖို့မှာ အဖွဲ့အစည်းတွေ အများကြီး ပါဝင်ပတ်သတ်နေတယ်မလား.. နိုးထဝိညာဉ်တွေ ဝင်လာရင် မျှခြေက ပျက်စီးသွားလိမ့်မယ်.. နင်ပြောခဲ့သလိုပေါ့.. နိုးထဝိညာဉ်တွေအနေနဲ့ ဟင်္သပဒါးသစ်သီးလေးတစ်လုံးအတွက် ဝင်တိုက်ခိုက်ဖို့က မသင့်လျော်ဘူးလေ”
“အဲ့ဒါကြောင့်မို့ အဖွဲ့အစည်းကြီးတွေက နိုးထဝိညာဉ်တွေကြားမှာ တိတ်တဆိတ် သဘောတူထားတာ ရှိကြလိမ့်မယ်.. လူငယ်မျိုးဆက်တွေကြားက တိုက်ပွဲမှာ ဝင်မပါဘူးပေါ့.. အဲ့ဒါမှ ရွှေအမြုတေအဆင့်မှာ ဘယ်သူက ဆရာကြီးလဲဆိုတာ သေသေချာချာ အဆုံးဖြတ်ပေးနိုင်လိမ့်မယ်”
“အဲ့ဒါကြောင့် နိုးထဝိညာဉ်တွေက တိုက်ပွဲရလဒ်ကို ပုန်းကွယ်ပြီးတော့ စောင့်ကြည့်နေတာ ဖြစ်ဖို့ များလောက်တယ်”
. . .
မြေအောက်လိုဏ်ဂူထဲတွင်..
သွေးနီရောင်ချော်ရည်များ၏ အထက်တွင် ရောင်ခြည်ရောင်ဝါများက တောက်ပခံ့ညားနေပြီး.. အဝါဖျော့ဖျော့ ကိုယ်ကျပ်ချပ်ဝတ်တစ်ထည်က လေထဲမှာ လှပစွာ လွင့်မျောနေ၏။
အောက်မှာတော့ ဣန္ဒြေကြီးသော အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် သူ့နဖူးက ချွေးများကို သုတ်ပြီး စိတ်သက်သာစွာ သက်ပြင်းချကာ နောက်ဆုံး ခပ်ယဲ့ယဲ့ ပြုံးလိုက်နိုင်၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူကတော့ ဆူဇီမိုပင်။
မြေအောက်လိုဏ်ဂူထဲသို့ ဝင်ရောက်လာပြီးနောက် သူသည် မဟူရာရွှေမြားငါးချောင်းကို ပြန်လည်ပြင်ဆင်ဖို့ အချိန်ငါးရက်သာ ယူခဲ့ရ၏။
သို့သော်လည်း ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို ပြန်ပြင်ဖို့အတွက် သူသည် ဆယ်ရက်တာ အချိန်ယူခဲ့ရ၏။
ပြီးခဲ့သည့် ၁၅ ရက်အတွင်း ဆူဇီမိုသည် ခဏလေးတောင် မနားခဲ့ရဘဲ ထောင်းထောင်းကြေနေပြီဖြစ်၏။ စိတ်ဝိညာဉ်စုဆောင်းခြင်းကို ဆက်တိုက် ပြုလုပ်နေခဲ့ပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရောက အကန့်အသတ်ထိ ရောက်ရှိနေပြီဖြစ်၏။
သို့သော်လည်း အဲ့ဒါက ပင်ပန်းရကျိုး နပ်လေသည်။
မဟူရာရွှေမြားငါးချောင်းနှင့် ဆန်းကြယ်ရွှေပိုးချပ်ဝတ်က မူလစိတ်ဝိညာဉ်လက်နက်များ ဖြစ်ကုန်ပြီဖြစ်၏။ အခုဆို ဆူဇီမို၏ တိုက်ခိုက်ရည်က နောက်ထပ်အဆင့်တစ်ခုသို့ တက်ရောက်သွားလေပြီ။
ဆူဇီမိုသည် သူ၏ အစိမ်းရောင်အဝတ်ကို ဆွဲချွတ်ပြီး ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို ဝတ်ကြည့်ဖို့ လုပ်လိုက်၏။
သို့သော်လည်း သူ၏ အပြုအမူက သူ့ခြေထောက်ဘေးနားရှိ အမွေးပွပွနီနီရဲရဲလေးကို နိုးသွားစေ၏။
မြေခွေးလေးက သမ်းဝေလိုက်ပြီး ဆူဇီမို၏ ပေါင်ကို သူ့ခေါင်းဖြင့် တွန်းထိုးကာ ရီဝေဝေ မျက်လုံးများဖြင့် မကျေနပ်မှုကို ပြသလိုက်၏။
ဆူဇီမိုက ပြုံးလိုက်လေသည်။
၁၅ ရက် ကြာပြီးနောက် မြေခွေးလေးက သူ့ကို စိုးရိမ်ထိတ်လန့်နေခြင်း အလျှင်း မရှိတော့ပေ။
အစတုန်းကတော့ ဒီကောင်လေးက ခပ်လှမ်းလှမ်းကနေ ပုန်းပြီး စောင့်ကြည့်နေတတ်၏။
သူ ပင်ပန်းလာသည့်အခါ အိပ်မည်ဖြစ်ပြီး နိုးလာလျှင် သူ့ကို ဆက်ပြီး စောင့်ကြည့်နေမည် ဖြစ်လေသည်။
ရက်အနည်းငယ် ကြာပြီးနောက် ဆူဇီမိုက သူမကို လျစ်လျူရှုထားသောအခါ သူမက သူ့အနားသို့ တိုးကပ်လာခဲ့၏။
သူမက အန္တရာယ် မရှိသည်ကို တွေ့သောအခါ တစ်ရက်ပြီးတစ်ရက် အနားသို့ ကပ်ကပ်လာခဲ့၏။
. . .
နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက် မြေခွေးလေးသည် ဆူဇီမို၏ ခြေထောက်ဘေးမှာ တည့်တည့် လာလှဲအိပ်လေတော့သည်။
သူမသည် သူ၏ ပေါင်ကို ခေါင်းအုံးလုပ်ပြီး အိပ်ရသောအခါ အလွန်တရာ ဇိမ်ကျသည်ကို ခံစားမိလိုက်၏။ ပြီးခဲ့သည့် နှစ်များအတွင်း သူမသည် တစ်ခါမှ ကောင်းကောင်း မအိပ်ခဲ့ရပေ။
မြေခွေးလေးသည် နိုးလာပြီးနောက် သူမ၏ မျက်လုံးများကို ပွတ်သပ်ပြီး ကြည့်လိုက်သောအခါ ပထမဆုံး မြင်ရသည့်အရာမှာ ဆူဇီမိုက အဝတ်အစားလဲနေခြင်း ဖြစ်လေသည်။ ချက်ချင်းသည် သူမသည် ရှက်သွေးဖြာသွားပြီး စိတ်ထဲကနေ ညည်းညူလိုက်၏။
“ဒီလူက အကုန်ကောင်းပါတယ်.. အဝတ်အစား ခဏခဏ ချွတ်နေတာက လွဲရင်ပေါ့”
ဆူဇီမိုသည် ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက် သူ့အရေပြားက အေးမြသွားပြီး အလွန်တရာ သက်တောင့်သက်သာ ရှိသည်ကို ခံစားလိုက်ရလေသည်။
ဆန်းကြယ်ရွှေပိုးချပ်ဝတ်က ပုစဉ်းရင်ကွဲများ၏ တောင်ပံများလောက် ပါးလွှာသော်လည်း အဲ့ဒါက အရမ်းကို တင်းမာပြီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်အလိုက် ချိန်ညှိနိုင်လေသည်။ အဲ့ဒါကို တစ်ကယ့်ကို ရှားရှားပါးပါး အဖိုးတန်ရတနာတစ်ခုပင်။
မူလစိတ်ဝိညာဉ်လက်နက်ကို အောင်မြင်စွာ ပြင်ဆင်နိုင်ခဲ့ပြီးနောက် ဆူဇီမို၏ စိတ်ဝိညာဉ်က အမြင့်ဆုံးသို့ ရောက်ရှိသွားကာ သူ၏ အစိမ်းရောင်ဝတ်ရုံကို အပေါ်ကနေ ထပ်ဝတ်လိုက်၏။ သူ့ဘေးက မြေခွေးလေးကို ကြည့်ပြီး သူမ၏ ကိုယ်ကို လှမ်းပုတ်လိုက်၏။
အစကတော့ မြေခွေးလေးသည် အလိုလို ရှောင်ချင်မိ၏။ သို့သော်လည်း သူမသည် မျက်တောင်ခတ်၍ နေမြဲတိုင်းနေပြီး ဆူဇီမိုအား သူမကိုယ်ကို ညင်သာစွာ ပွတ်သပ်ခွင့် ပေးလိုက်၏။
“မြေခွေးလေး”
ဆူဇီမိုက ရွှတ်နောက်နောက်ပုံစံနှင့် ကြည့်ပြီး သွားဖြီးလိုက်၏။
“မင်းသိလား.. မင်းအိပ်တဲ့အခါလေ ဟောက်တဲ့အသံက.. အရမ်းကျယ်တာပဲဆိုတာ”
“သောက်စာပေသမား.. အဲ့လိုဟာကို အခုလို အကျယ်ကြီး ပြောရသလား”
မြေခွေးလေးသည် ရှက်ရွံ့သွားသည့် အမူအယာနှင့် ငိုင်သွားပြီးနောက် ချာကနဲလှည့်ကာ ဆူဇီမို၏ လက်ဖဝါးကို ရက်ရက်စက်စက် ကိုက်ချလိုက်၏။
မြေခွေးလေးသည် ချက်ချင်းပင် စူးကနဲ အော်လိုက်၏။
ဆူဇီမို၏ လက်ဝါးက အဆင်ပြေလေသည်။ သို့သော် သူမ၏ သွားများက ကျိုးမတတ် နာကျင်သွားပြီး ပင့်သက်ကို ရှိုက်လိုက်ရ၏။
ထိုသည်ကိုကြည့်ပြီး ဆူဇီမိုက ဝါးလုံးကွဲ ရယ်ချလိုက်လေသည်။
မြေခွေးလေးသည် ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံလိုက်ရသလို.. သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့၍ မျက်တောင်များကို ပုတ်ခတ်ကာ မျက်ဝန်းများက စိုစွတ်လာပြီး မျက်ရည်ပေါက်များက လိမ့်ဆင်းလာလေသည်။
ဆူဇီမိုက ရယ်နေတာကို ချက်ချင်းရပ်ပြီး သူမ၏ နဖူးကို ကပျာကယာ ပွတ်သပ်ပေးကာ အတည်အတံ့ပုံစံလုပ်၍ ပြောလိုက်၏။
“ဒါပေမယ့်လို့ အမှန်အတိုင်း ပြောရရင်.. မင်းဟောက်တာက သာမန်ဟောက်တာနဲ့ မတူဘူး.. သိလာ.. အရမ်းသာယာနာပျော်ဖွယ်ကောင်းတာ”
မြေခွေးလေးသည် ဗြဲကနဲ အော်ငိုလိုက်ပြီး မျက်ရည်များက ပိုမိုလိမ့်ဆင်းလာလေသည်။