← Chapters

လက်စားချေခြင်း

Vol. 37 Ch. 545

လက်စားချေခြင်း

Vol. 37 Ch. 545

“ကြည့်ရတာတော့ တူကူကလန်က ပကတိအရှင်တစ်ယောက်မှ မလွှတ်ခဲ့ဖူးထင်တယ်”

ကြယ်တာရာလမင်းဂိုဏ်း၏ ပကတိအရှင်က ဘယ်ရယ်မဟုတ် ဒီအတိုင်းပဲ ပြောလိုက်၏။

“တူကူကျန့်က တသီးတသန့် နေတတ်ပြီးတော့ နဂိုထဲက သူ့ကို အစေခံတစ်ယောက်က မွေးခဲ့တာလေ.. သူ့မှာ တူကူကလန်ရဲ့ မျိုးဆက်သွေးတောင် မပါဘူး.. သူ့နောက်ကို ပကတိအရှင် တစ်ယောက်မှ လိုက်မလာတာ သိပ်တော့ ထူးဆန်းမနေပါဘူး” မူရုံကလန်၏ ပကတိအရှင်က ပြောလိုက်၏။

“အစေ့ခံတစ်ယောက်ကနေ မွေးခဲ့တာ ဆိုပေမယ့်.. အဆင့်တူမှာရှိတဲ့ ပကတိသက်ရှိတိုင်းကို အလဲထိုးချပြီးတော့ တူကူလို အထက်တန်းလွှာကလန်တစ်ခုမှာ ပြိုင်စံရှားဆိုတဲ့ နေရာတစ်ခုကို ရအောင်ယူနိုင်ခဲ့တာဆိုတော့ တော်တော်လေး ပြောစမှတ်ပြုစရာပဲ.. မလွယ်လှဘူး” ယုဝမ်ကလန်မှ ပကတိအရှင်တစ်ယောက်က ရေရွတ်ပြောဆိုလိုက်၏။

“ဟမ့်”

ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ပကတိအရှင်တစ်ယောက်က မဖော်ရွေသော အမူအယာဖြင့် သရော်လိုက်၏။

“အဲ့ကောင်လေးက တော်တော်သွေးအေးပြီး ရက်စက်တာပဲ.. သူက ငါ့ဂိုဏ်းက လူအချို့ကိုတောင် သတ်ခဲ့သေးတယ်.. ဟင်္သပဒါးသစ်သီးတိုက်ပွဲမှာ သူသာ ကံကောင်းပြီး မသေခဲ့သေးရင်တော့... ဟီးဟီး”

ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ပကတိအရှင်က သူ့စကားများမှ သတ်ဖြတ်လိုစိတ်ကို ပြသလိုက်၏။

ဟင်္သပဒါးသစ်သီး၏ ပေါ်ပေါက်လာမှုနှင့်အတူ မြောက်ပိုင်းဒေသတစ်ခုလုံးက လှုပ်ခတ်သွား၏။

အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခုက တိတ်တဆိတ် သဘောတူညီမှု ယူခဲ့ကြပြီး ဟင်္သပဒါးသစ်သီးအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် နိုးထဝိညာဉ်များကို ပါဝင်ပတ်သတ်ခြင်း မပြုစေကြပေ။ အဲ့ဒါမှသာ လူငယ်မျိုးဆက်များက အဲ့ဒါအတွက် လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်မည်ဖြစ်ပြီး အနိုင်ရရှိမည့်သူကို သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ကြပေလိမ့််မည်။

အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခုသည် ဒီနေရာသို့ နိုးထဝိညာဉ်များ စေလွှတ်ခဲ့ကြခြင်းမှာ မတော်မဆဖြစ်ပွားမှုများကို တားဆီးရန်နှင့် မဟာချွမ်အပျက်အစီးသို့ အခြားသော နိုးထဝိညာဉ်များ ဝင်ရောက်ခြင်းကို တားဆီးဖို့ ဖြစ်လေသည်။

ဒီတစ်ခေါက် ဟင်္သပဒါးသစ်သီးအတွက် တိုက်ပွဲက တစ်မူထူးခြားသည့် အဓိပ္ပါယ်ကို ဆောင်လေသည်။

ဟင်္သပဒါးသစ်သီးကို ရအောင်ယူနိုင်သည့် မည်သူမဆို မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ပကတိသက်ရှိ ဖြစ်လာပေလိမ့်မည်။

အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခု ပူးပေါင်းထားရခြင်းမှာ မျှခြေထဲသို့ နိုးထဝိညာဉ်တစ်ယောက်ယောက် ဝင်ရောက်နှောင့်ယှက်မှာကို တားဆီးဖို့ ဖြစ်လေသည်။

ထို့ကြောင့် ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းက တူကူကျန့်ကို သတ်ချင်သည်ဆိုလျှင်တောင် ဟင်္သပဒါးသစ်သီးအတွက် တိုက်ပွဲ ပြီးဆုံးသည့်အထိ စောင့်ရပေလိမ့်မည်။

မဏ္ဍပ်အပြင်ဘက်တွင် ရပ်နေကြသော နိုးထဝိညာဉ်တစ်ရာကျော်ကို အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခုမှ နိုးထဝိညာဉ်များက တားဆီးထားကြပြီး ဆန့်ကျင်ရဲသည့် မည်သူမဆို မြေပြင်ပေါ်မှာ အလောင်းကောင် ဖြစ်သွားကြသည်ချည်းသာ။

ရုတ်တရက် ဝတ်ရုံစလေတိုးသံကို ကြားလိုက်ကြရ၏။

ရောက်လာသောသူက အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အလွန်တရာ မြန်ဆန်လှလေသည်။

နောက်ထပ်နိုးထဝိညာဉ်တစ်ယောက်က ရောက်ရှိလာလေပြီ။

ဟင်္သပဒါးသစ်သီးက နိုးထဝိညာဉ်များကို မဆွဲဆောင်နိုင်သော်လည်း မြေအောက်နန်းတော်၏ ပေါ်ပေါက်လာမှုနှင့်အတူ အခြားသော ရတနာများလည်း ပေါ်ထွက်လာနိုင်လေသည်။

အလယ်ခေါင်မှာ တည်ဆောက်ထားသော မဏ္ဍပ်နှင့်အတူ မြေပြင်ပေါ်မှာ ရပ်နေကြသော နိုးထဝိညာဉ်ရာချီက အတော်လေး ထင်းနေလေသည်။

တစ်ချက်လှမ်းကြည့်ပြီးနောက် အပြာရောင်ဝတ်ပကတိအရှင်၏ အမူအယာက ပြောင်းလဲသွားပြီး မဏ္ဍပ်ကို ရှောင်ကွင်းသွားချင်သည့် သဘောဖြင့် ထိုးကွေ့ချလိုက်၏။

ဇီ..

ဓါးလေခွင်းသံက ထွက်ပေါ်လာ၏။

လေထုကို နှစ်ပိုင်းလှီးဖြတ်လိုက်သည့်အလား အဖြူရောင်ဓါးအလင်းတန်းတစ်ခုက မဏ္ဍပ်တွင်းမှ ဖျတ်ကနဲဆို ပျံသန်းလာပြီး အပြာရောင်ဝတ်ပကတိအရှင်၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။

“တာအိုရောင်းရင်း ခင်ဗျားက ဘယ်သွားမလို့လဲ”

ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ပကတိအရှင်၏ အသံက မကောင်းဆိုးဝါးဆန်ပြီး ကြောက်စရာကောင်းနေ၏။

“ဒီကို လာပါဦး.. မဟာချွမ်အပျက်အစီးဆီ ဘယ်နိုးထဝိညာဉ်ကိုမှ သွားခွင့်ပေးမထားဘူး” ကြယ်တာရာလမင်းဂိုဏ်းမှ ပကတိအရှင်က အေးစက်စက် ပြောလိုက်၏။

အပြာရောင်ဝတ်ပကတိအရှင်က တည်ငြိမ်နေဆဲဖြစ်ပြီး လူတိုင်းဆီသို့ လက်သီးဆုပ်လေးစားဟန်ပြကာ ပြုံးပြလိုက်၏။

“အဲ့စည်းမျဉ်းကို ကျုပ်တစ်ကယ်ပဲ မသိခဲ့လို့ပါဗျာ.. အဲ့လိုဆိုမှတော့ ကျုပ် ပြန်ပါတော့မယ်.. ခင်ဗျားတို့ကို မနှောင့်ယှက်တော့ပါဘူး”

“ဒီနေရာထိ ရောက်လာပြီးမှ ပြန်လှည့်ချင်သေးတယ်ပေါ့လေ”

ရုတ်တရက် အနက်ရောင်မြူခိုးများ လွှမ်းခြုံနေသော ပုံရိပ်တစ်ခုက အပြာရောင်ဝတ်ပကတိအရှင်၏ နောက်မှာ ပေါ်လာပြီး သူ့ကို ချက်ချင်း ဝါးမျိုလိုက်၏။

“အား”

စူးစူးဝါးဝါး အော်ဟစ်သံက လေထဲမှာ ပျံ့လွင့်သွား၏။

အသက်ဆယ်ရှိုက်ခန့် ကြာပြီးနောက် လေထဲကနေ အပြာရောင်ဝတ်အရိုးစုတစ်ခုက ပြုတ်ကျလာလေသည်။

အနက်ရောင်မြူခိုးများက ရှင်းလင်းလာပြီး ပိန်ပိန်ပါးပါး အဖိုးအိုတစ်ယောက်က ကိုယ်ထင်ပြလာ၏။ တစ္ဆေတစ်ကောင်လိုအော်ရာ၊ အေးစက်စက်အကြည့်နှင့် သူသည် လမ်းလျှောက်တောင်ဝှေးတစ်ချောင်းကိုကိုင်ကာ မဏ္ဍပ်ထဲသို့ ဆင်းသက်လိုက်၏။

အမှောင်တစ္ဆေဂိုဏ်း၏ ပကတိအရှင်က ရောက်ရှိလာလေပြီ။

ယခုအခါ အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းစလုံးက ပကတိအရှင်များ စုံသွားကြပြီဖြစ်ပြီး အထက်တန်းလွှာကလန်လေးခုတွင် သုံးခုမှ ပကတိအရှင်များလည်း ရှိနေကြ၏။

အပြာရောင်ဝတ်ပကတိအရှင်၏ သေဆုံးမှုကို မည်သူမှ ဆက်လက်အံ့ဩမနေကြတော့ပေ။

မဏ္ဍပ်အပြင်ဘက်တွင် ကိစ္စများက ပုံမှန်အခြေအနေသို့ လျှင်မြန်စွာ ပြန်ရောက်သွားပြီး ဆွေးနွေးသံများက ထွက်ပေါ်လာ၏။

“မြောက်ပိုင်းဒေသမှာ အန္တိမအခြေတည်အဆင့်တစ်ယောက် ပေါ်ထွက်လာတယ်လို့ ငါကြားမိလိုက်သေးတယ်”

“ဟုတ်တယ်.. ဒါပေမယ့် အဲ့ဒီနောက်ပိုင်း သူ့သတင်းကို ဆက်မကြားရတော့ဘူး.. အသတ်ခံလိုက်ရပြီလား မသိဘူး”

“ဒီဘက်မျိုးဆက်က တစ်ကယ့်ကို ဗြောင်းဆန်နေတာပဲဟေ့.. ပေါလိုက်တဲ့ ပြိုင်စံရှားတွေ.. ပြန်ဝင်စားမွန်းစတား ဆိုတာတွေတောင် ပါသေးတယ်.. လူသားဧကရာဇ်နန်းတောင် ပေါ်လာခဲ့ပြီဆိုတော့ ရှေးဟောင်းခေတ်က ရွှေခေတ်လိုမျိုး ဧကရာဇ်တွေ အများကြီး ပေါ်ထွက်လာတော့မယ်နဲ့တူတယ်”

“မဟာခေတ်ရဲ့နောက်မှာ မဟာကပ်ဘေးတွေကလဲ ကပ်ပါလာတတ်တယ်ဆိုတာ မမေ့နဲ့.. ငါတို့အကုန်လုံးက ပကတိအရှင်တွေ ဆိုပေမယ့်လဲ.. ကျင့်ကြံရေးလမ်းကြောင်းက အရှည်ကြီးပဲ.. ကပ်ဘေးအားလုံးကို ငါတို့ ကျော်ဖြတ်နိုင်မယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ”

. . .

မဏ္ဍပ်အထက်နှင့် ကီလိုထောင်ပေါင်းများစွာ ကွာဝေးသော မိုးကောင်းကင်တွင် တန်ဖိုးကြီး ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသော တဖျပ်ဖျပ်လက်နေသည့် စိတ်ဝိညာဉ်ယာဉ်ပျံကြီးတစ်စင်းသည် အလွန်မြန်သောနှုန်းဖြင့် ပျံသန်းလာနေ၏။

ဦးပိုင်းတွင် လေလာရာကို ကျောပေး၍ အမျိုးသားတစ်ယောက် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ အနက်ရောင်ဆံပင်များက ညင်သာစွာ ယိမ်းနွဲ့၍ မနှိုင်းယှဉ်သာလောက်အောင် ချောမောလှပသော မျက်နှာကို ဖော်ပြနေ၏။ သူ့အသားအရေကမှ မီးပွားလေးများတောင် အနည်းငယ် ပွင့်နေတတ်ပြီး တုန်လှုပ်စရာ ကောင်းနေလေသည်။

ဦးပိုင်းမှာ ထိုင်နေသော သူ့ထံမှ ဖော်မပြတတ်သော ဂုဏ်ကျက်သရေက ဖြာထွက်နေ၏။ သူက ရွှေအမြုတေတစ်ယောက်သာ ဖြစ်သော်လည်း သူ့မျက်လုံးများက အရာရာတိုင်းကို ဖိနှိမ်နိုင်သည်ဟူသော ယုံကြည်မှုကို ဖော်ပြနေလေသည်။

ထိုရုပ်ချောချောလူ၏ နောက်တွင် အဖိုးအိုတစ်ယောက်က မတ်တပ်ရပ်နေ၏။

“သခင်လေး.. ဒီကိစ္စက သင့်အတွက် ဘာမှ ပြောပလောက်စရာ မဟုတ်ပါဘူး.. မြောက်ပိုင်းဒေသက ပြိုင်စံရှားတွေ အကုန်လုံး ပူးပေါင်းထားရင်တောင် တစ်ယောက်မှ သင့်ပြိုင်ဘက် မဖြစ်နိုင်ဘူး” အဖိုးအိုက နိုးထဝိညာဉ်အဆင့်တစ်ယောက် ဖြစ်သော်လည်း သူ့လက်နှစ်ဖက်ကို ဘေးမှာချထားပြီး ရိုသေလေးစားစွာနှင့် စကားကို ပြောလေသည်။

“အင်း”

ရုပ်ချောချောလူက ပြုံးပြီး ခေါင်းညိတ်လိုက်၏။

“ငါ့ပြိုင်ဘက်တွေက နောက်နှစ် ၂၀ ကြာမှ ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာ ပေါ်လာလိမ့်မယ်.. ဒါပေမယ့် အခု ဟင်္သပဒါးသစ်သီးက ပေါ်လာပြီဆိုတော့ မြောက်ပိုင်းဒေသက ပြိုင်စံရှားတွေက စုစည်းနေကြမှာပဲ.. ဒီဘက်မျိုးဆက်က ပြိုင်စံရှားတွေ ဘယ်လောက်ထိ သန်မာကြလဲ စမ်းကြည့်ရသေးတာပေါ့”

“သခင်လေး သင်က မြောက်ပိုင်းဒေသမှာ နံပါတ်တစ်ပကတိသက်ရှိ ဖြစ်နေပြီးပြီပဲကို.. အဲ့က ကောင်လေးတွေကို ဘယ်လိုလုပ်ပြီး သင့်ပြိုင်ဘက် ဖြစ်နိုင်ပါ့မလဲ” အဖိုးအိုက ဂုဏ်ယူဝင့်ကြွားစွာနှင့် ပြောလိုက်၏။

“တစ်ယောက်ချင်း တိုက်ကြမယ်ဆိုရင်တော့ ဘာမှ ပူစရာ မရှိပါဘူး”

ရုပ်ချောချောနဲ့လူက ဒီတိုင်း အရေးမကြီးဟန်ဖြင့် ပြောလိုက်၏။

“အဲ့ဒီပြိုင်စံရှားဆိုတဲ့ ကောင်လေးတွေ ဟင်္သပဒါးသစ်သီးအတွက် အတူပေါင်းတိုက်ကြမယ်ဆိုရင်တောင် ကျုပ်ကို တားနိုင်မလား ကြည့်ချင်သေးတယ်.. ဟင်းဟင်း.. ပြောရင်းနဲ့ ကျုပ်လက်တွေတောင် ယားလာပြီ”

စိတ်ဝိညာဉ်ယာဉ်ပျံ၏ သင်္ဘောခန်းထဲတွင် ထိုင်နေကြသော အခြားလူနှစ်ယောက် ရှိကြသေးလေသည်။

သူတို့ထဲမှ တစ်ယောက်က ဇိမ်ခံဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးတစ်ခုကို တပ်ထားသည့်အပြင် သူ့တစ်ကိုယ်လုံးရှိ အသားအရေကို နည်းနည်းလေးမှ မပေါ်အောင် ဖုံးအုပ်ထားပြီး အာဃာတအငြိုးများနှင့် ပြည့်နေသော မျက်လုံးတစ်စုံကိုသာ ဖော်ထား၏။

ထိုလူ၏ ရှေ့မှာ ရွှေရောင်လို ဝါဖျော့ဖျော့ အသားအရေနှင့် သက်လတ်ပိုင်းရွယ်လူတစ်ယောက် ထိုင်နေ၏။

“ချွန်ယွီ.. ငါ့နားမှာပဲ နေစမ်းပါ.. ဟင်္သပဒါးသစ်သီးအတွက် သွားဦးတိုက်ခိုက်မနေစမ်းပါနဲ့” သက်လတ်ပိုင်းရွယ်လူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မပူပါနဲ့ အဖိုးရယ်.. စီနီယာအစ်ကိုရှီက မြောက်ပိုင်းဒေသမှာ နံပါတ်တစ် ပကတိသက်ရှိပဲကို.. သူ့နောက်ကနေ လိုက်သွားလို့ ကျတော့်အတွက် အန္တရာယ် မရှိနိုင်ပါဘူး”

“အင်း”

သက်လတ်ပိုင်းရွယ်လူက ခေါင်းညိတ်လိုက်၏။

“သူနဲ့ဆိုရင်တော့ အဲ့နေရာကို ခဏတဖြုတ် စွန့်စားသွားလာကြည့်တာ မင်းအတွက်လဲ ကောင်းပါတယ်လေ.. ကိုယ့်ကိုယ်ကိုယ်တော့ ဂရုစိုက်နော်.. ရော့ ဒီကျောက်စိမ်းဆွဲသီးကို ဆောင်ထား.. အဲ့ဒါက ဘယ်ရွှေအမြုတေရဲ့ ခွန်အားအပြည့် တိုက်ခိုက်မှုကိုမဆို ခုခံပေးနိုင်တယ်”

မျက်နှာဖုံးနှင့်လူက အဲ့ဒါကို လက်ခံယူပြီး သူ့ခါးမှာ ချိတ်ဆွဲထားလိုက်၏။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် မျက်နှာဖုံးနှင့်လူက ခေါင်းမော့ပြီး ပြောလိုက်၏။

“အဖိုး.. ကျတော့်အတွက် လက်စားချေပေးရမယ်နော်.. ဆူဇီမိုကြောင့်သာ မဟုတ်ရင် ကျတော် အခုလို အရှက်တကွဲ အဖြစ်မျိုးနဲ့ နေရမှာ မဟုတ်ဘူး”

“စိတ်ချစမ်းပါ.. သူ သိပ်ပြီး ကြာကြာ ပုန်းမနေနိုင်ပါဘူး.. မြောက်ပိုင်းဒေသမှာ ဖန်သားနန်းတော်က အရှင်သခင်ပဲ.. ဆူဇီမို မြောက်ပိုင်းဒေသမှာ ရှိနေသေးသရွေ့ ငါကိုယ်တိုင် မြေလှန်ရှာမယ်ဆို သူ့ကို ရှာမတွေ့နိုင်စရာ အကြောင်းမရှိဘူး”

“မင်းကို သူလုပ်ခဲ့တာထက် အဆတစ်ရာအထက် ငါသူ့ကို ပြန်ပေးဆပ်ခိုင်းမယ်”

ထိုသို့ပြောနေရင်းနှင့် သက်လတ်ပိုင်းရွယ်လူ၏ မျက်လုံးက အေးစက်စွာ တောက်ပလာပြီး တုန်လှုပ်ချောက်ချားစရာအော်ရာက ထွက်ပေါ်လာလေသည်။

ဦးပိုင်းတွင် မတ်တပ်ရပ်နေသော နိုးထဝိညာဉ်အဖိုးအိုပင်လျှင် ဆတ်ကနဲ တုန်သွားလေသည်။

အဲ့ဒါက မူလနတ္ထိအဆင့်တစ်ယောက်၏ စွမ်းအားပင်။ သူ့ထက် အဆင့်ကြီးတစ်ဆင့်လုံးလုံး ပိုမြင့်လေသည်။

သက်လတ်ပိုင်းရွယ်လူက ဆက်ပြောလိုက်၏။

“မင်းတို့ကို မဟာချွမ်အပျက်အစီးဆီ ပို့ပေးပြီးရင် ငါပေါ်လာမှာ မဟုတ်တော့ဘူး.. ဒီနေရာက မဟာကျိုးအင်ပါယာနဲ့ နီးနေပြီ.. ငါ အဲ့ကို ခဏတဖြုတ်သွားပြီး ဟိုကောင်လေးရဲ့သတင်းကို သွားရှာလိုက်ဦးမယ်”

All Chapters