အစပြုလာသော တိုက်ပွဲ
Vol. 37 Ch. 546
ဟင်္သပဒါးသစ်သီး၏ ပေါ်ပေါက်လာမှုက မြောက်ပိုင်းဒေသတစ်ခုလုံးကို လှုပ်ခတ်သွားစေပြီး ပြိုင်စံရှားများက စုဝေးလာကြ၏။
နောက်ဆုံးပေါက်ကွဲမည့် အချိန်က နီးကပ်လာသည်နှင့်အမျှ မဟာချွမ်အပျက်အစီးသို့ အဆင့်မြင့်ဂိုဏ်း ဆယ်ဂိုဏ်းမှ အမွေခံတပည့်များလည်း ရောက်ချလာကြ၏။
အထက်တန်းလွှာကလန်လေးခုမှ သူများသည်လည်း စောင့်နေကြသည်မှာ အတော်ကြာခဲ့နေလေပြီ။
အပြင်ဘက်ပိုင်းတွင် အခြားအဖွဲ့အစည်းများနှင့် ဂိုဏ်းများမှ ပါရမီရှင်များသည် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများနှင့်အတူ စုဝေးလာကြပြီး သွားရှုပ်လို့ မရသည့် အစုအဝေး ဖြစ်လာ၏။
ဤနေ့တွင်..
ရုတ်တရက်.. နန်းတော်ထဲမှ အပူလှိုင်းတစ်ခုက ဖြာထွက်လာ၏။
တစ်ခဏအတွင်း ကောင်းကင်က နီရဲတောက်ပလာ၏။ နန်းတော်၏ အနက်ပိုင်းထဲမှ ခြစ်ခြစ်တောက်ပူသော နေတစ်စင်းက တဖြည်းဖြည်း မြင့်တက်လာပြီး ကောင်းကင်တစ်ဝက်ကို အရောင်ဆိုးလိုက်သလိုပင်။
“ဟဟ ဟားဟား”
ထာဘာဖန်၏ မျက်လုံးက ဝင်းလက်သွားပြီး တိုက်ပွဲဆာလောင်စိတ်ဖြင့် ရယ်မောလိုက်၏။
“ဟင်္သပဒါးသစ်သီးက မှည့်တော့မယ်.. အားလုံးပဲ အဲ့ဒါကို အရယူဖို့အတွက် မြေအောက်နန်းတော်မှာ ပွဲကြီးပွဲကောင်း နွှဲလိုက်ကြရအောင်ဟေ့”
“သွားမယ်”
ယုဝမ်ဝူကျားက လက်ပြလိုက်၏။
ဒုန်း.. ဒုန်း.. ဒုန်း..
“ဝူးး.. ဟူးး..ဟူး...”
အထက်တန်းလွှာကလန်လေးခုမှ ရှေးခေတ်စစ်ရထားများသည် လေထုကို ဖြိုခွင်း၍ ရှေ့သို့ ချီတက်လိုက်ကြပြီး သူတို့၏ အလံများက ကြောက်စရာကောင်းသည့် ပုံစံဖြင့် တဖျပ်ဖျပ်လွင့်လာ၏။
အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းမှ စိတ်ဝိညာဉ်ယာဉ်ပျံများသည်လည်း လေထုကို ဖြတ်သန်းလာပြီး တံပိုးခရာ မှုတ်သံများက တုန်လှုပ်ချောက်ချားဖွယ်ရာ ထွက်ပေါ်လာ၏။
ထာဘာဖန်၊ ယုဝမ်ဝူကျားနှင့် မုရုံဝူရွှမ်းတို့သည် သူတို့၏ စစ်ရထားများပေါ်မှာ မတ်တပ်ရပ်ပြီး အောက်ကို ငုံ့ကြည့်လိုက်ကြ၏။
စိတ်ဝိညာဉ်ယာဉ်ပျံများပေါ်တွင် အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းမှ အမွေခံတပည့်များသည် အကြောက်အလန့ကင်းစွာနှင့် သူတို့၏ လက်များကို နောက်ပစ်ထားပြီး စိတ်လှုပ်ရှားတက်ကြွ၊ တောက်လောပြင်းပြသော အကြည့်များကို ထုတ်ပြနေကြ၏။
အထက်တန်းလွှာကလန်သုံးခုနှင့် အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းပြီးလျှင် နေရာအနှံ့အပြားမှ ကျန်ရှိနေသော ပြိုင်စံရှားများကလည်း ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ တလိပ်လိပ် ချီတက်လာကြ၏။
မြေပြင်ပေါ်တွင် အနက်ရောင်ဝတ် ဓါးသမားက အမူအယာ ကင်းမဲ့စွာနှင့် ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းနေပြီး သူ့မျက်လုံးများက ဦးတည်ချက် ပျောက်ဆုံးနေ၏။
ထူးဆန်းသည့်အချက်မှာ သူ့ဘေးနား၌ မည်သူတစ်ဦးတစ်ယောက်မှ မရှိကြပေ။
လူအုပ်ကြီးက ကျပ်ပိတ်နေသော်လည်း အနက်ရောင်ဝတ်ဓါးသမား သွားရာတစ်လျှောက်တွင် လမ်းကြောင်းတစ်ခုက အလိုလို ပွင့်ဟလာ၏။
သူဖြတ်သန်းသွားပြီးနောက် လူအုပ်ကြီးက တစ်ဖန် ပြန်စုသွားကြ၏။
နန်းတော်တွင်းတွင်..
ဆိုးယုတ်သောလေများက တိုးဝှေ့တိုက်ခတ်လာပြီး တစ္ဆေများက ပေါ်ပေါက်လာကြ၏။
သန်းနှင့်ချီသော တမလွန်စစ်သည်များသည် ဤနန်းတော်မှာ စုဝေးလာကြပြီး ဖျက်ဆီးလို့ မရနိုင်သော တိမ်ညိုတိမ်မည်းများအဖြစ် ဖွဲ့တည်၍ နန်းတော်ထက် ကောင်းကင်ကို အုပ်မိုးသွား၏။
နန်းတော်ထဲရှိ တမလွန်စစ်သားများသည် အသက်မရှိကြသော်လည်း သူတို့၏ ယခင်ဘဝက အလေ့အကျင့်များကို ထိန်းသိမ်းထားကြဆဲဖြစ်၏။
ယခု နန်းတော်သို့ ပြင်ပရန်သူများ ဝင်ရောက်လာသည့်အခါ တမလွန်စစ်သည်များအားလုံးက ဤနေရာကို စောင့်ရှောက်ကာကွယ်ဖို့ စုဝေးလာကြ၏။
“သတ်.. သတ်.. သတ်”
သန်းနှင့်ချီသော တမလွန်စစ်သားများသည် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ ထိုအသံက အလွန်ကျယ်လောင်၍ မြောက်များလှစွာသော အော်ရာများက တလိပ်လိပ် တက်လာ၏။
ဝုန်း..
နှစ်ဖက်အဖွဲ့သည် ထိပ်တိုက်ရင်ဆိုင်လိုက်ကြပြီး ကမ္ဘာမြေပြင်က တုန်ခါ၍ နန်းတော်ထဲတွင် တစ်ဝက်တစ်ပျက်နှင့် ကျန်ရှိနေသေးသော အုတ်တံတိုင်းများက ပြိုကျကုန်၏။
တစ်ဖက်အဖွဲ့သည် တစ်ခါက မြောက်ပိုင်းဒေသ၏ နံပါတ်တစ်အင်ပါယာမှ အစောင့်စစ်သားများ ဖြစ်ကြလေသည်။
သူတို့၏ ထိပ်တိုက်ထိတွေ့မှုတွင် ရွှေအမြုတေအချို့က နေရာမှာတင် အသွေးအသားများ ကွဲပြဲထွက်၍ သေဆုံးသွားကြသလို မရေမတွက်နိုင်သော တမလွန်စစ်သားများသည်လည်း ဆိုးယုတ်ချီများအဖြစ်သို့ ပြောင်းလဲ၍ ပျက်ပြယ်သွားကြ၏။
သန်းနှင့်ချီသော တမလွန်စစ်သည်များ၏ အရေအတွက်က ကြောက်လန့်စရာ ကောင်းလေသည်။
သို့သော်လည်း မြောက်ပိုင်းဒေသရှိ ပြိုင်စံရှားများအားလုံးနီးပါးက ဒီနေရာမှာ လာပြီးစုဝေးနေကြတာကြောင့် အဲ့ဒါက အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော တုန်လှုပ်ချောက်ချားစရာ အင်အား ဖြစ်လေသည်။
အထက်တန်းလွှာကလန်လေးခုနှင့် အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းမှ ပြိုင်စံရှားများသည် ရက်စက်ပြတ်သားစွာနှင့် သူတို့၏ လမ်းတစ်လျှောက် သတ်ဖြတ်သွားကြပြီး အဆုံးမသတ်သော တမလွန်စစ်သားများကို ဖျက်ဆီးချေမှုန်းကာ မယိမ်းမယိုင်သောပုံစံနှင့် နန်းတော်အနက်ပိုင်းထဲသို့ တွန်းလှန်၍ ချီတက်လိုက်ကြ၏။
မူတန်ချင်းနှင့် ပိုင်ယုဟန်သည်လည်း လူအုပ်ကြီးထဲ ရောယောင်လိုက်ပါသွားကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်သည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် တုန်လှုပ်ချောက်ချားမှုကို မြင်ကြရလေသည်။
ပြိုင်စံရှားများက အရမ်း ကြောက်စရာကောင်းလှလေသည်။
သူတို့နှစ်ယောက်တည်းသာ ဤနန်းတော်ထဲသို့ ဝင်ရောက်မိပါက သေချာပေါက် သေရပေလိမ့်မည်။
သို့သော် ယခုအခါမှာတော့ သူတို့ရှေ့ရှိ ကြောက်စရာအကောင်းဆုံး သံမဏိချပ်ဝတ်မြင်းစစ်သည်များပင်လျှင် ရှေးခေတ်စစ်ရထားများနှင့် စိတ်ဝိညာဉ်ယာဉ်ပျံများကို တားဆီးနိုင်ခြင်း မရှိပေ။
သံမဏိချပ်ဝတ်မြင်းစစ်သည်များသည် စစ်ရထားများနှင့် စစ်သင်္ဘာများ၏ ဖိချေတိုက်ခိုက်မှုကို မခုခံနိုင်တော့ဘဲ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲကုန်ကြလေသည်။
ထာဘာဖန်သည် သူ၏ လှံပုဆိန်ကို ကိုင်စွဲထားပြီး ယုဝမ်ဝူကျားက သူ၏ ရွှေသွားသုံးခုလှံကို ကိုင်ကာ ပြင်းထန်သော ခွန်အားဖြင့် ပြေးဝင်ချသွားပြီး အနီးကပ်တိုက်ခိုက်ရည်ဖြင့် သတ်ဖြတ်သုတ်သင်နေကြ၏။ သူတို့၏ စစ်ရထားများကို မည်သို့မှ ရပ်တန့်လို့ မရနိုင်ပေ။
မီးလျှံကိုလံဘတ်တောင်ကြားမှ ဝမ့်ယန်သည် ဟိန်းဟောက်၍ သူ၏ အင်္ကျီလက်စကို တဖျပ်ဖျပ်လှုပ်ပြီး နီရဲနေသော မီးတောက်များကို ပစ်လွှတ်ကာ သူ့ရှေ့ရှိ တမလွန်စစ်သားများကို ပြာချပစ်လိုက်၏။
“သတ်.. သတ်.. သတ်..”
သတ်ဖြတ်ခြင်းခုနှစ်မျိုးဂိုဏ်းမှ ပြိုင်စံရှားသည် စကားတစ်ခွန်း အော်ဟစ်လိုက်တိုင်း သူ့အော်ရာက ဆတက်တိုးလာပြီး သူဖြတ်သန်းသွားရာ နေရာတိုင်း ပျက်စီးယိုယွင်း၍ ကျန်ရစ်ခဲ့လေသည်။
သွေးမြူဂိုဏ်းမှ ပြိုင်စံရှားကို သွေးမြူများက လွှမ်းခြုံနေပြီး မည်သူမှ သူ၏ အစစ်အမှန်ရုပ်ရည်ကို မမြင်ကြရပေ။
သို့သော်လည်း တမလွန်စစ်သားများ ချဉ်းကပ်လာသောအခါ သူတို့ကို သွေးမြူများက ဝါးမျိုသွားပြီး လုံးဝ ပျောက်ကွယ်သွားလေသည်။
အမှောင်တစ္ဆေဂိုဏ်းမှ ပြိုင်စံရှားက ပိုလို့တောင် ကြောက်စရာကောင်းသေးလေသည်။
သူသည် ရှေ့တက်ပြီး မှင်သေသေနှင့် လက်ဟန်ချိတ်စည်းများကို ထုတ်ဖော်လိုက်၏။ တမလွန်စစ်သားများ ရှေ့သို့ ချီတက်လာသောအခါ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအချို့က သူတို့အပေါ် သက်ရောက်သွားသည်ဟု ထင်ရလေသည်။
တမလွန်စစ်သားများ၏ မျက်လုံးများထဲရှိ အနီတောက်တောက်အရောင်သည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီးနောက် သူတို့သည် အမှောင်တစ္ဆေဂိုဏ်း၏ ပြိုင်စံရှားကို ဝန်းရံကာ သူ့အမိန့်ကို နားထောင်ပြီး သူ့ကို ကာကွယ်ပေးလိုက်ကြ၏။
သိပ်မကြာမီ ထိုလူအနားမှာ စုဝေးသွားသော တမလွန်စစ်သားများသည် ဆက်တိုက်တိုးတိုးလာပြီး ကြီးမားသည့် စစ်တပ်ကြီးတစ်တပ်ဖြစ်သွားလေသည်။
ပြိုင်စံရှားအားလုံး၏ နည်းလမ်းများက စွမ်းအားကြီးမားပြီး မှင်တက်ဖွယ်ရာပင်။
ထိုသို့ဖြင့် ပြိုင်စံရှားများသည် မြေအောက်နန်းတော်၏ ဝင်ပေါက်ဝသို့ ရောက်ဖို့ သိပ်မကြာလိုက်ပေ။
ထာဘာဖန်သည် လုံးဝ မရပ်နားဘဲ သူ၏ စစ်ရထားနှင့်အတူ ပြေးဝင်ချသွား၏။
ယုဝမ်ဝူကျား၊ မုရုံဝမ်ရွှမ်းနှင့် အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းမှ ပြိုင်စံရှားများသည်လည်း တစ်ယောက်မှ နောက်မှာ မကျန်ခဲ့ချင်တာကြောင့် မြေအောက်နန်းတော်ထဲသို့ အလုအယက် တိုးဝင်လိုက်ကြ၏။
ကံကောင်းထောက်မစွာနှင့် နန်းတော်က အလွန်ကြီးမားသည့်အတွက် ပြိုင်စံရှားများက စစ်ရထားများနှင့် ဝင်ချလာတာတောင် တစ်ယောက်ကိုတစ်ယောက် တွန်းထိုးနေစရာ မလိုပေ။
သက်ရှိအားလုံးကို ဝါးမျိုနိုင်သည့် မြေအောက်နန်းတော်ထဲရှိ ကြောက်စရာကောင်းသည့် အနီရောင်မြူခိုးများက တဖြည်းဖြည်း မှိန်ဖျော့သွားလေပြီ။
ဆိုလိုသည်မှာ ဟင်္သပဒါးသစ်သီးက မှည့်တော့မှာပင်။
နီရဲနေသော သစ်သီး၏ မျက်နှာပြင်ပေါ်တွင် အစိမ်းပြောက်များက ရှိမနေတော့ပေ။ အဲ့ဒါက နီညိုရောင်ဖြင့် ဝင်းလဲ့တောက်ပနေ၏။
ခပ်လှမ်းလှမ်းကနေ ကြည့်တာနှင့်ပင် သစ်သီးတွင်းရှိ မြောက်များလှစွာသော အဆီအနှစ်စွမ်းအင်များကို ခံစားမိနိုင်လေသည်။
ကျင့်ကြံသူအချို့သည် ဘေးကနေ ပတ်၍ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ဆက်တိုက်အကဲခတ် ကြည့်နေကြပြီး မတော်တဆ အသတ်ခံရမှာကို စိုးရိမ်နေကြ၏။
ဟင်္သပဒါးသစ်သီးကို အလယ်မှာထား၍ စုဝေးလာကြသော ကျင့်ကြံသူအရေအတွက်က ပိုပို များလာ၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အနည်းငယ်စီခွာရပ်၍ မလုံမလဲနှင့် တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေကြ၏။
ဟင်္သပဒါးသစ်သီးဆီသို့ ချဉ်းကပ်လာကြသော ကျင့်ကြံသူများက တစ်ရာကျော်လာပြီ ဖြစ်၏။
အထက်တန်းလွှာကလန်လေးခုနှင့် အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းမှ အမွေခံတပည့်များအပြင် အဲ့ဒါမှာ ဂိုဏ်းအသီးသီးမှ ပြိုင်စံရှားများလည်း ရှိကြလေသည်။
ဟင်္သပဒါးသစ်သီးကို တွေ့သောအခါ မည်သူကမှ အားနည်းမှုကို ပြသမနေကြပေ။
မူတန်ချင်းနှင့် ပိုင်ယုဟန်သည် အပြင်ဘက်ဆုံးအပိုင်းမှာ မတ်တပ်ရပ်နေကြ၏။ သူတို့သည် မစွန့်စားလိုကြသည်မှာ သိသာလေသည်။
ဤမျှ များပြားလှသော ပြိုင်စံရှားများထဲမှ ဟင်္သပဒါးသစ်သီးကို မည်သူက ရယူပြီး မြောက်ပိုင်းဒေသ၏ နံပါတ်တစ် ပကတိသက်ရှိ ဖြစ်လာမလဲဆိုတာ သူတို့နှစ်ယောက် သိချင်မိလေသည်။
လောလောဆယ် မြေအောက်နန်းတော်က တည်ငြိမ်နေသေးသော်လည်း အဲ့ဒါက အပြင်းအထန် ပေါက်ကွဲဖို့အတွက် အရှိန်ယူနေသလိုပင်။
သူတို့နှစ်ယောက်သည် အလယ်ဗဟိုနှင့် အတော်လေး ဝေးနေတာတောင် တုန်လှုပ်ချောက်ချားမှုကို ခံစားနေရ၏။
လူတိုင်း မတိုက်ခိုက်ကြသေးသည်မှာ ဟင်္သပဒါးသစ်သီးက အခုထိ ကောင်းကောင်း မမှည့်သေးသောကြောင့် ဖြစ်လေသည်။
ဟင်္သပဒါးသစ်သီး၏ ဘေးပတ်လည်ရှိ သွေးနီရောင်မြူခိုးများက လုံးဝ ပျောက်ကွယ်ပြီး အဲ့ဒါက အပြည့်အဝ မှည့်သွားသည်နှင့် မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများအကြား အံ့မခန်းတိုက်ပွဲတစ်ခုက ပေါက်ကွဲထွက်ပေါ်လာတော့ပေမည်။
ထိုအချိန်တွင် မရေမတွက်နိုင်သော ပြိုင်စံရှားများက သွေးဖြင့် ရေချိုးရပေတော့မည်။
အပျက်အစီးနယ်မြေထဲတွင် ပြိုင်စံရှားဘယ်လောက်များများ မြှုပ်နှံခံရမလဲဆိုတာ မည်သူမှ မသိနိုင်သေးပေ။
တစ်ချိန်တည်းမှာပင်..
နန်းတော်အောက် ပေတစ်ထောင်အနက်တွင် အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က တိတ်တဆိတ်ကျင့်ကြံနေရာကနေ နိုးထလာပြီး သူ၏ တောက်ပနေသော မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
“နောက်ဆုံးတော့ စလာပြီပေါ့လေ”
အစိမ်းရောင်ဝတ်ကျင့်ကြံသူက တည်ငြိမ်သော အမူအယာဖြင့် တီးတိုးရေရွတ်ပြီး သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုဆန္ဒက ထကြွလာလေသည်။