← Chapters

ပြန်ဝင်စားမွန်းစတား ရောက်ရှိလာခြင်း

Vol. 37 Ch. 547

ပြန်ဝင်စားမွန်းစတား ရောက်ရှိလာခြင်း

Vol. 37 Ch. 547

ဆူဇီမို ထလိုက်သောအခါ သူ့ကို မှီအိပ်နေသော မြေခွေးလေးကို အမှတ်တမဲ့ ထိတ်လန့်သွားစေမိလေသည်။

သူမသည် ကျုံးထ၍ ရီဝေနေသော မျက်လုံးများကို ပွတ်သပ်ကာ သူ့ကို အလိုလို လှမ်းကြည့်လိုက်၏။

ထိုအကြည့်တစ်ချက်က သူမကို အပြည့်အဝ နိုးကြားလာစေဖို့ လုံလောက်လေသည်။

မြေခွေးလေးသည် အီကနဲ အသံတစ်ချက်ပြုပြီး ရှက်ရွံ့သွားဟန်ဖြင့် ခေါင်းကိုငုံ့၍ မျက်လုံးနှစ်ဖက်ကို လက်ဖြင့်ကာကာ စိတ်ထဲကနေ ညည်းတွားလိုက်၏။

“ငတုံးစာပေသမား.. နင်အဲ့ဒါကို ထပ်ပြီး လုပ်ပြန်ပြီ”

ဆူဇီမိုသည် သူ၏ အစိမ်းရောင်ဝတ်ရုံကို ခွာချလိုက်၍ သူ့တစ်ကိုယ်လုံးနီးပါးက ထင်ပေါ်လာလေသည်။

ခဏမျှ အသံတိတ်နေပြီးနောက် သူ့ခန္ဓာကိုယ်မှ ဖြိုးဖြိုးဖျောက်ဖျောက် မြည်သံများက ထွက်လာကာ သူ့အရွတ်များနှင့် အရိုးများက အတူတကွ တုန်ခါလာလေသည်။ သူ့အရပ်အမြင့်က တိုးလာပြီး သူ၏ အသားများက ပြန့်ကားလာကာ သူ၏ သွင်ပြင်ကပါ ပြောင်းလဲလာ၏။

တစ်ခဏအတွင်းမှာ ဆူဇီမိုသည် ကြမ်းကြမ်းတမ်းတမ်းပုံစံနှင့် ခြောက်ပေခွဲလောက်မြင့်သော ဗလတောင့်တောင့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူက မျက်လုံးပြူးပြူး၊ မျက်ခုံးထူထူဖြင့် နူးညံ့သိမ်မွေ့သည့်ပုံစံ တစ်စက်မှ မရှိတော့ပေ။

မြေခွေးလေးသည် တစ်ချက်ခိုးကြည့်ပြီးနောက် ချက်ချင်း ကြောင်အကာ မှင်တက်သွားလေသည်။

“ဘာလို့များ သူက တစ်ခဏအတွင်း အခြားလူတစ်ယောက်လို ပြောင်းလဲသွားရတာလဲ”

“ငါ အိပ်ချင်မူးတူး ဖြစ်နေတာများလား..”

မြေခွေးလေးသည် မြင်ရသည်ကို မယုံကြည်နိုင်ဘဲ သူမ၏ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်၍ ထပ်ကြည့်လိုက်၏။

ရလဒ်က ထို့အတူပင်။

သူမသည် အစက သူစိမ်းတစ်ယောက်ကို မြင်ရသည့်အတွက် မချင့်မရဲ ဖြစ်နေ၏။ သို့သော်လည်း သူမသည် တစ်ခဏအတွင်း ပြန်လည်တည်ငြိမ်သွားပြီး ခေါင်းစောင်းကာ စူးစမ်းချင်စိတ်ဖြင့် ဆူဇီမိုကို ကြည့်လိုက်၏။

ဆူဇီမို၏ ရုပ်ရည်သွင်ပြင်က ပြောင်းလဲသွားသော်လည်း သူပိုင်ဆိုင်သော တစ်မူထူးခြားသည့်အော်ရာက ပြောင်းလဲမသွားပေ။

မြေခွေးလေးသည် အားအားရှိ သူ့ဘေးနားမှာပဲ အချိန်ဖြုန်းနေတတ်သောကြောင့် ထိုအော်ရာနှင့် အလွန်တရာ ရင်းနှီးနေပြီ ဖြစ်လေသည်။

ဆူဇီမိုသည် သိုလှောင်အိတ်ထဲကနေ ဖျင်ကြမ်းအင်္ကျီတစ်ထည်ကို ထုတ်ယူပြီး ဝတ်ဆင်လိုက်၏။

ဒီတစ်ကြိမ်မှာတော့ သူသည် ဟင်္သပဒါးသစ်သီးအတွက် တိုက်ပွဲကို နတ်ဖီးကျွန်းမှ အရိုက်အရာဆက်ခံသူဆိုသည့် သရုပ်နှင့် ဝင်နွှဲဖို့ ပြင်လိုက်လေသည်။

ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုသည် ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ကျင့်ကြံသူများစွာကို သတ်ဖြတ်ပစ်ခဲ့၏။

ထိုဂိုဏ်းနှစ်ဂိုဏ်းစလုံးက မြောက်ပိုင်းဒေသမှာ တည်ရှိလေသည်။

ထိုထိပ်သီးဂိုဏ်းနှစ်ဂိုဏ်းမှ အရိုက်အရာဆက်ခံသူများသည် ဟင်္သပဒါးသစ်သီးအတွက် ရောက်လာမည်၊ မလာမည်ကို ဆူဇီမို မသေချာပေ။

သို့သော်လည်း အဲ့ဒါကက ရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲတစ်ပွဲ ဖြစ်တော့မည်ဆိုတာကိုတော့ သူသေချာသိထားလေသည်။

သူ၏ သရုပ်မှန်ကို မဖုံးကွယ်ပါက ဟင်္သပဒါးသစ်သီးကို ရခဲ့မည်ဆိုလျှင်တောင် သူသည် ဂိုဏ်းပေါင်းများစွာ၏ အမျက်ကို ခံယူရမည်ဖြစ်ပြီး မြောက်ပိုင်းဒေသမှာ ဆက်လက်နေဖို့ ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ဟင်္သပဒါးသစ်သီးအတွက် တိုက်ခိုက်ဖို့ အလုံခြုံဆုံးနည်းလမ်းမှာ နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူအနေနှင့် ဖြစ်လေသည်။

ဟင်္သပဒါးသစ်သီးကို အရယူပြီး အဝေးသို့ ထွက်ပြေးသွားနိုင်သည်နှင့် သူ၏ ရုပ်ရည်သွင်ပြင်ကို ပြန်လည်ပြောင်းလဲလိုက်ပါက မည်သူမှ သူ့ကို ခြေရာခံနိုင်တော့မည် မဟုတ်ပေ။

ဒါ့အပြင် နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူဟူသော သရုပ်နှင့် သူသည် ထိပ်သီးအဖွဲ့အစည်းများစွာကို ဆန့်ကျင်ရန်ပြုခဲ့ပြီး ဖြစ်တာကြောင့် နောက်ထပ် ရန်စထပ်ပွားလျှင်လည်း သိပ်ပြီး ထူးမနေတော့ပေ။

တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းဖြင့် သူ၏နည်းလမ်းအတော်များများကိုလည်း ထုတ်သုံးလို့ ရတော့မည် မဟုတ်ပေ။

ရှေးဟောင်းနဂါးအသွင်ပြောင်းကျမ်း၊ လရောင်ဝှက်လေး၊ သွေးသောက်သူနှင့် ရစ်ခွေနဂါးချိတ်စည်းတို့တောင် သူထုတ်သုံးလို့ အဆင်မပြေတော့ပေ။

ဤအတောအတွင်း သူသည် ထိပ်တန်းအဆင့် ဓါးပျံ ၂၇ လက်ကို သွန်းလုပ်ခဲ့ပြီးဖြစ်၏။ သို့သော်လည်း ဖယောင်းမီးဓါးဝင်္ကပါက အလွန်သိသာထင်ရှားသောကြောင့် အဲ့ဒါကိုလည်း အလွယ်တကူ သူထုတ်မသုံးနိုင်တော့ပေ။

အပေါ်ယံအားဖြင့်တော့ ထိုနည်းလမ်းများစွာကို ထုတ်မသုံးနိုင်တော့သည့်အတွက် ဆူဇီမို၏ တိုက်ခိုက်ရည်က သိသိသာသာ လျော့ကျသွားပေလိမ့်မည်။

သို့သော်လည်း တစ်ကယ်တမ်းတော့ ဆန်းကြယ်ရွှေပိုးချပ်ဝတ်ရယ်၊ သူ၏ အင်မော်တယ်နှင့်သားရဲကျင့်စဉ် နှစ်ခုစလုံးရယ်ကို ပေါင်းစပ်လိုက်ပါက နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူတစ်ယောက် အဖြစ်နှင့် ဆူဇီမို၏ တိုက်ခိုက်ရည်က ပိုလို့တောင် ကြောက်စရာကောင်းလာဦးမည် ဖြစ်လေသည်။

သူက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုတောင် ကိုင်လှုပ်နိုင်ခဲ့သော ပြန်ဝင်စားမွန်းစတား ဖြစ်လေသည်။ သူ၏ သားရဲသွင်ပြင်နှင့် နည်းစနစ်များကို ထိုပြိုင်စံရှားများစွာသည် မေ့နိုင်ကြလိမ့်ဦးမည် မဟုတ်ပေ။

ဘေးဘက်တွင် မြေခွေးလေးသည် ဆူဇီမိုထံမှ ဖြာထွက်လာသော သတ်လိုဖြတ်လိုစိတ်ကို အာရုံခံမိလိုက်ပုံ ရလေသည်။

သူက မြေခွေးလေးဘက်သို့ လှည့်ပြီး နှမြောတမ်းတဟန်ဖြင့် ညင်သာစွာ ပြောလိုက်၏။

“ငါ သွားတော့မယ်”

ဒီတစ်ခါ ထွက်သွားပြီးလျှင် သူ့အနေနှင့် ပြန်လာဖို့ မလွယ်ကူတော့ပေ။

သူသည် ဟင်္သပဒါးသစ်သီးကို ရပြီးသည်နှင့် မဟာချွမ်အပျက်အစီးကနေ သေချာပေါက် ထွက်ပြေးရမည်ဖြစ်ပြီး တော်တန်ရုံနှင့် ပြန်လာနိုင်တော့မည် မဟုတ်ပေ။

မြေခွေးလေး၏ မဟူရာကျောက်မျက်လို တောက်ပနေသည့် မျက်လုံးများက တဖြည်းဖြည်း အရောင်မှိန်ကျသွား၏။ သူမသည် စိတ်ပျက် မလိုလားမှုကို ဖုံးကွယ် မထားနိုင်ပေ။

အစတုန်းက ဆူဇီမိုသည် သူမနှင့် ဤနေရာမှာ တစ်သက်လုံး နေသွားတော့မည်ဟု သူမ တွေးထင်ထားခဲ့၏။

ဤနေရာက အနည်းငယ် ကျဉ်းကြုတ်၍ အပြင်လောကနှင့် နှိုင်းယှဉ်လျှင် သေးငယ်လှသော်လည်း အေးချမ်းတည်ငြိမ်ပြီး လွတ်လွတ်လပ်လပ် နေထိုင်နိုင်လေသည်။

အဖော်တစ်ယောက် ရှိနေသည့်အတွက် သူမသည် အထီးကျန်မှုကို မခံစားရပေ။

သို့သော် ယခု ဆူဇီမိုက ထွက်ခွာတော့မည် ဆိုသောကြောင့် သူမတစ်ယောက်တည်း ကျန်ခဲ့ရပေတော့မည်။

ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ဆူဇီမိုက မေးလိုက်၏။

“မင်း ငါနဲ့ လိုက်ထွက်ချင်လား”

မြေခွေးလေးသည် ငူငိုင်၍ တိတ်ဆိတ်နေ၏။

သူမသည် ဤနေရာမှာ နှစ်အတန်ကြာ နေလာခဲ့ပြီးနောက် နေသားကျနေပြီဖြစ်၏။

သူမသည် ဤနေရာရှိ ကျောက်ခဲ့တစ်တုံး၊ ထောင့်တစ်ထောင်စီနှင့် ရင်းနှီးနေပြီးဖြစ်၏။

သူမ၏ အမေက ကွယ်လွန်သွားခဲ့ပြီး ဖြစ်သော်လည်း သူမသည် သူမ၏ အမေကို ကြည့်လိုက်တိုင်း စိတ်ထဲမှာ တည်ငြိမ်သွားမြဲပင်။

ဒီနေရာက သူမ၏အိမ်ပင်။

ဒီကနေ ထွက်ခွာဖို့ သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။

သို့သော် အခုအခါမှာတော့..

မြေခွေးလေးသည် ဘာလုပ်ရမည် မဆုံးဖြတ်နိုင်ဘဲ ဆူဇီမိုကိုသာ ကြည့်နေမိ၏။

ဆူဇီမိုသည် စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

မြေခွေးလေး၏ စိတ်ကို အကြမ်းဖျင်း သူဖတ်မိလေသည်။

အဲ့ဒါက ဖိအားမပေးသင့်သော အရာမျိုး ဖြစ်လေသည်။

လူတစ်ယောက်နှင့် မြေခွေးတစ်ကောင်သည် စကားမပြောဘဲ တစ်ဦးကိုတစ်ဦး ကြည့်နေကြ၏။

ခဏနေပြီးနောက် ဆူဇီမိုက ပြုံးလိုက်၏။

“ကောင်းပြီလေ.. အပြင်လောကက စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုပေမယ့်လဲ အန္တရာယ်တွေက ပြည့်နှက်နေတာပဲ.. ဒီနေရာကနေ ထွက်ခွာတာကလဲ မင်းအတွက် ကောင်းတဲ့ ရွေးချယ်မှု ဟုတ်ချင်မှ ဟုတ်မှာ”

မြေခွေးလေးသည် လိုဏ်ဂူထဲကနေ တစ်ခါမှ မထွက်ဘူးသည့်အတွက် အပြင်လောကအကြောင်းကို ဘာမှ မသိပေ။

သူမသည် ဤပုံစံဖြင့် အပြင်လောကသို့ ထွက်ခွာလျှင် တောကြီးမျက်မည်းထဲသို့ ရောက်သွားသော မသိနားမလည်သည့် မိန်းကလေးငယ်လေး တစ်ယောက်လို ဖြစ်နေမည်ဖြစ်ပြီး သူမကို ဒုက္ခပေးနိုင်သည့် လူတွေက များစွာ ရှိလေသည်။

အတိတ်ကာလတုန်းက ဆူဇီမိုသည် မျောက်ကို ကန်းလန်ရိုးမကနေ ခေါ်လာပြီး သူ့ဘေးမှာ စိတ်ဝိညာဉ်ကျားနှင့်အတူ ထားခဲ့၏။

နောက်ဆုံးမှာတော့ သူတို့ထွက်သွားပြီးကတည်းက သူတို့နှစ်ယောက်၏ သတင်းကို အစအနတောင် မရတော့ဘဲ အခုချိန်ထိ သူတို့သေပြီလား၊ အသက်ရှင်နေသေးလား မသိရပေ။

ဆူဇီမိုသည် သူမကို သူနှင့်အတူ ခေါ်သွားပြီးလျှင် ကောင်းကောင်း မစောင့်ရှောက်နိုင်မှာကို စိုးရိမ်မိလေသည်။

ထိုသို့ဆိုမှတော့ သူမဘာသာ ဤနေရာနေပြီး အပြင်လောကနှင့် အဆက်ဖြတ်ကာ တည်ငြိမ်အေးချမ်းနေတာကမှ ပိုကောင်းပေဦးမည်။

မြေခွေးလေးသည် ဘာမှ မပြောဘဲ ဆူဇီမိုကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းထဲမှာ သနားစရာပုံစံနှင့် မြူများက ရစ်သိုင်းလာ၏။

ဆူဇီမိုသည် ဆိတ်ဆိတ်နေ၏။

အတန်ကြာပြီးနောက် သူသည် စိတ်ကိုတင်း၍ သူ့ရင်ထဲမှ နှမြောတွန့်တိုမှုကို ဖိနှိမ်ပြီး ခြေလှမ်းကျဲကြီးဖြင့် လှည့်ထွက်ကာ မြေခွေးလေးကို ကျောပေးထားလျက်နှင့် လက်ပြနှုတ်ဆက်လိုက်၏။

မြေခွေးလေးသည် ထွက်ခွာသွားသော ဆူဇီမို၏ နောက်ကျောကို ငေးကြည့်နေရင်း သူမ၏ မျက်ဝန်းထဲမှ မြူများက စုဖွဲ့လာပြီး မျက်ရည်စက်များအဖြစ် ပြောင်းလဲကာ လိမ့်ဆင်းလာလေသည်။

အတန်ကြာပြီးနောက် မြေခွေးလေးသည် နှာရှုပ်၍ သူမ၏ မျက်ရည်များကို လက်ဖဝါးလေးနှစ်ဖက်ဖြင့် သုတ်လိုက်၏။ သူမသည် တစ်ခုခုကို ဆုံးဖြတ်ချက် ချလိုက်သည့်အလား သူမ၏ အကြည့်က ကြည်လင်ပြတ်သားလာ၏။

သူမသည် သူမကို မွေးဖွားခဲ့ရာ ကုန်းမြေလေးပေါ်သို့ ပြေးတက်သွားပြီး သားရဲမြေခွေး၏ အလောင်းကို ငေးကြည့်လိုက်၏။

“မေမေ.. သမီး ထွက်သွားတော့မယ်”

“အဲ့ဒီစာပေသမားက အင်္ကျီခဏခဏ ချွတ်တတ်တဲ့ အကျင့်ဆိုး ရှိပြီး သမီးကို ခဏခဏ စနောက်တတ်ပေမယ့်လို့ သူက လူကောင်းတစ်ယောက်ပါ.. သူမက သမီးကို ပုံပြင်တွေလဲ ပြောပြတယ်”

သူမ၏ အမေက ဒီနေရာကို ဘာကြောင့် ရောက်လာခဲ့လဲဆိုတာ မြေခွေးလေး မသိပေ။

သူမ၏ အမေက ဘာလို့ ဒီနေရာကနေ မထွက်ခွာဘဲ နေနေခဲ့တာလဲဆိုတာလည်း သူမ မသိပေ။

သူမက အရမ်းငယ်ရွယ်သေးသောကြောင့် ဘာကိုမှ ကောင်းကောင်း မသိတတ်သေးပေ။

သူမ၏ အမေက ဤလိုဏ်ဂူတွင်းရှိ တစ်စုံတစ်ရာကို စောင့်ကြပ်နေပုံရသည်ဆိုတာကိုတော့ သူမ ဝိုးတဝါး ခံစားမိလေသည်။

အဲ့ဒါက လိုဏ်ဂူအထက်ရှိ ဟင်္သပဒါးသစ်သီး မဟုတ်တာတော့ သေချာလေသည်။

ပြီးခဲ့သည့်လအတွင်း သူမနှင့် ထိုလူသည်သာ လိုဏ်ဂူထဲမှာ ရှိနေခဲ့ကြ၏။

သူသည် ဓါးပျံများကို သွန်းလုပ်ရင်း ခဏတဖြုုတ် အနားယူသည့် အခါ တစ်ခါတစ်ရံမှာ မော်တယ်လောကမှ ထူးဆန်းသည့် ဒဏ္ဍာရီများနှင့် ကျင့်ကြံရေးလောကရှိ ဗဟုသုတအမျိုးမျိုးကို မြေခွေးလေးအား ပြောပြလေ့ ရှိလေသည်။

သူ့ထံမှ သူမ တစ်ခါ ကြားခဲ့ဖူးသည် သူ၏ ဇာတိမြို့တွင် လူတွေ သေဆုံးသည့်အခါ မြေမြှုပ်ပေးရသည်ဟုပင်။

သူမသည် သားရဲမြေခွေးကိုလည်း မြှုပ်နှံ့ပေးချင်မိလေသည်။

သူမ၏ အမေကို နောက်ဆုံးတစ်ချက် စိုက်ကြည့်ပြီးနောက် မြေခွေးလေးက နှုတ်ခမ်းကိုကိုက်ကာ သားရဲမြေခွေး၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို တရွတ်တိုက်ဆွဲသွားပြီး ခြစ်ခြစ်တောက် ပူပြင်းသော ချော်ရည်ပြင်ထဲသို့ ပစ်ချလိုက်၏။ အဲ့ဒါက တဖြည်းဖြည်း နှစ်မြုပ်၍ ပျောက်ကွယ်သွားလေသည်။

သူမသည် ထိုသို့ ပြုလုပ်ပြီးသည်နှင့် လေများကို တစ်ဝကြီး ရှူသွင်းကာ မီးပိတ်ဆို့ခြင်းတောင်းကို မပြီး ဆူဇီမို ထွက်သွားရာနောက်သို့ ပြေးလိုက်ချသွားလေတော့သည်။

All Chapters