← Chapters

တိုက်ခိုက်မှု

Vol. 37 Ch. 548

တိုက်ခိုက်မှု

Vol. 37 Ch. 548

မြေအောက်နန်းတော်တွင် လူတိုင်း၏ အကြည့်က သွေးနီရောင်တောက်ပဝင်းလဲ့နေသာ သစ်သီးအပေါ်တွင်သာ ကျရောက်၍ တောက်လောင်ပြင်းပြနေကြ၏။

ထိုစဉ် ကြီးမားသည့် ပုံရိပ်တစ်ခုက နန်းတော်၏ အနက်ပိုင်းထဲကနေ တိတ်တဆိတ် ချဉ်းကပ်လာတာကို မည်သူမှ သတိမထားမိကြပေ။

ဟင်္သပဒါးသစ်သီး၏ ဘေးပတ်လည်ရှိ မြူခိုးများက လုံးလုံး ပျောက်ကွယ်လုနီးပါး ဖြစ်သွားလေပြီ။

ဟင်္သပဒါးသစ်သီးက လုံးလုံး မှည့်သွားလေပြီ။

ရုတ်တရက် လေထုက ငြိမ်သက်ကျသွား၏။

တင်းအားနှင့် ဖိအားကတော့ ပိုမိုသိပ်သည်းလာ၏။

များစွာသော ကျင့်ကြံသူများသည် မလှုပ်မယှက်နှင့် သူတို့၏ မျက်လုံးများကတော့ ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ရှုနေကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် ချွေးများစိုလာသည်ကိုပင် သူတို့ သတိမထားမိကြပေ။

လက်ရှိအခြေအနေအရ မည်သည့်လှုပ်ရှားမှုမဆို.. ပြိုင်စံရှားအကြား ကြီးမားသည့်တိုက်ပွဲကို ဦးတည်လာစေနိုင်လေသည်။

မြောက်ပိုင်းဒေသ၏ အဆင့်မြင့် ဂိုဏ်းဆယ်ဂိုဏ်း.. အမှောင်တစ္ဆေဂိုဏ်း၊ ကြယ်တာရာလမင်းဂိုဏ်း၊ မီးလျှံကိုလံဘတ်တောင်ကြား၊ အရိပ်မဲ့ဂိုဏ်း၊ ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၊ ကောင်းကင်ရွေ့လျားဂိုဏ်း၊ သတ်ဖြတ်ခြင်းခုနှစ်မျိုးဂိုဏ်း၊ သွေးမြူဂိုဏ်း၊ ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်း၊ ကျားနဂါးဂိုဏ်းးး။

အထက်တန်းလွှာကလန်လေးခု.. ထာဘာ၊ မူရုံ၊ ယုဝမ်နှင့် ကူတူ။

ထိုစွမ်းအားကြီးသော အဖွဲ့အစည်းကြီးများသည် မဟာချွမ်အင်ပါယာ ဖျက်ဆီးခံရသည့် ကပ်ဘေးကိုတောင် ကျော်ဖြတ်၍ နှစ်ပေါင်းများစွာ ရှည်ကြာအောင် ရပ်တည်လာခဲ့သည့် အဖွဲ့အစည်းကြီးများဖြစ်ပြီး သူတို့၏ အခြေခံအုတ်မြစ်က အံ့မခန်းပင်။

သို့သော် ယခုအခါ အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခုမှ ပြိုင်စံရှားများသည် တစ်ယောက်ကိုယ်တစ်ယောက် စိုးရိမ်ထိတ်လန့်နေကြပြီး မည်သူမှ အရင်စ မတိုက်ရဲကြသေးပေ။

ဟင်္သပဒါးသစ်သီးက မှည့်နေပြီဖြစ်သော်လည်း လူတိုင်း၏ ရှေ့မှောက်မှာ အရင်ဆုံး စလှုပ်ရှားသည့်သူက လူတိုင်း၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။

“ဟီးဟီး”

ရုတ်တရက်.. ထာဘာဖန်၏ ရယ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

“ဟင်္သပဒါးသစ်သီးက မှည့်နေပြီကို.. ဘယ်သူမှ အဲ့ဒါကို မယူချင်မှတော့ ငါလဲ အားနာမနေတော့ဘူးနော်”

ထာဘာဖန်သည် ဘေးပတ်လည်ကို တိုက်ပွဲဝင်လိုစိတ် အပြည့်ဖြင့် ထောက်လှမ်းကြည့်ရှုရင်း.. သူ၏ ညာဘက်လက်ဖြင့် ရွှေရောင်လှံပုဆိန်ကြီးကို ကိုင်ပြီး ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းလိုက်၏။ သူသည် သိပ်သည်းအားကောင်းသည့် အော်ရာနှင့်အတူ ဟင်္သပဒါးသစ်သီးဆီသို့ ဦးတည်သွားလေသည်။

လက်ရှိလူတိုင်းသည် မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများ ဖြစ်ကြ၏။ လူငယ်မျိုးဆက်မှာ အသန်မာဆုံးသူများ ဖြစ်ကြလေသည်။

သူတို့သည် အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခုမှ မဟုတ်ကြဘူးဆိုရင်တောင် သူတို့ကိုသူတို့ ထာဘာဖန်ထက် နိမ့်ကျသည်ဟု မခံစားရသလို သူ့ကို ကြောက်လန့်နေခြင်းလည်း မရှိပေ။

“ဟမ့်”

ကျားနဂါးဂိုဏ်းမှ ပြိုင်စံရှားက အေးစက်စက် နှာမှုတ်လိုက်၏။

“ထာဘာဖန်.. မင်းက ဟင်္သပဒါးသစ်သီးကို ယူပြီး မြောက်ပိုင်းဒေသရဲ့ ဆရာတစ်ဆူ လုပ်နိုင်လိမ့်မယ်လို့ ထင်နေတာလား”

ကျားနဂါးဂိုဏ်း၏ ပြိုင်စံရှားသည် တုတ်တိုနှစ်ချောင်းကို ကိုင်စွဲထားပြီး လွှမ်းမိုးခြယ်လှယ်နိုင်သော အော်ရာနှင့်အတူ ရှေ့တကလိုက်၏။

ဘုန်း..

ရွှေလှံပုဆိန်က တုတ်တိုနှစ်လက်နှင့် ထိတွေ့သွားပြီး ကျယ်လောင်သော အသံကြီးက ထွက်ပေါ်ကာ မီးပွားများက စင်ထွက်လာ၏။

အဲ့ဒါက သရေပင်။

ထိုထိပ်တိုက် ထိတွေ့မှုတွင် နှစ်ဖက်စလုံးက နောက်ပြန်လှန်ထွက်သွားကြ၏။

အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းတွင် ကျားနဂါးဂိုဏ်းကသာ ခန္ဓာမီးဆေးခြင်းမှာ အထူးပြုကြလေသည်။

တုတ်တိုအတွဲက ကျားနဂါးဂိုဏ်း၏ အမှတ်အသားလက်နက်ပင်။

သူ၏ ဘယ်ဘက်လက်ထဲရှိ တုတ်တွင် နဂါးကြေးခွံနှင့်တူသော ရှုပ်ထွေးနက်နဲသည့် အင်းကွက်များ ရှိ၏။

သူ၏ ညာဘက်လက်ထဲရှိ တုတ်တွင် ကျားသားရေနှင့်တူသော ဝါညိုရောင်ပန်းပြောက်များ ပါရှိလေသည်။

ထိုလက်နက်နှစ်ခုစလုံးက ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်များပင်။

ဇီ..

ရုတ်တရက်..

လေထုထဲသို့ ဓါးတစ်ဆင်း ပျံသန်းလာသော အသံက ပီသစွာ ထွက်ပေါ်လာ၏။

ဓါးရောင်က လက်သွားလေသည်။

အဲ့ဒါက အဖြူရောင်ဖြင့် တောက်လောင်နေပြီး လေထုကို နှစ်ခြမ်း ခွဲပစ်လိုက်၏။

ကောင်းကင်ထိုးဖောက်ဂိုဏ်း၏ ပြိုင်စံရှားက တိုက်ခိုက်လိုက်ခြင်း ဖြစ်ပြီး သူ့ခုတ်ချက်က လေထုကို ယှက်လှီးလိုက်လေသည်။

အဲ့ဒီမှာ အစက ဘာမှ မရှိပေ။

သို့သော်လည်း ဓါးအလင်းရောင်ဖြင့် လေထဲမှာ ပုံရိပ်တစ်ခုက ပေါ်လာပြီး ထိုသူက အလောတကြီးပုံစံနှင့် သတ်ဖြတ်ကွက်ကို ဆံခြည်တစ်မျှင်စာလောက်ကွာ၍ ကတိုက်ကရိုက် ရှောင်တိမ်းလိုက်ရ၏။

ထိုသူမှာ တိတ်တဆိတ် ကွယ်ဝှက်၍ ဟင်္သပဒါးသစ်သီးအနားသို့ ချဉ်းကပ်ဖို့ ကြိုးစားနေသော အရိပ်မဲ့ဂိုဏ်း ပြိုင်စံရှား ဖြစ်လေသည်။ သို့သော်လည်း ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ပြိုင်စံရှားက သူ၏ လှုပ်ရှားမှုကို မြင်တွေ့သွားပြီး ခုတ်ချက်တစ်ချက်တည်းဖြင့် သူ့ကို နောက်ပြန်ဆုတ်သွားရစေ၏။

အမှောင်တစ္ဆေဂိုဏ်း၏ ပြိုင်စံရှားသည် မြေပြင်ပေါ်မှာ ခြေဖျားထောက်၍ ဟင်္သပဒါးသစ်သီးဆီသို့ ပုံရိပ်ယောင်တစ်ခုလို ပြေးဝင်သွားသော်လည်း မီးတောက်တစ်ခုက ပျံသန်းလာပြီး သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်လေသည်။

“မင်း”

အမှောင်တစ္ဆေဂိုဏ်းမှ ပြိုင်စံရှား၏ အမူအယာက သုန်မှုန်သွား၏။

တိုက်ခိုက်လိုက်သူက မီးလျှံကိုလံဘတ်တောင်ကြားမှ ဝမ့်ယန် ဖြစ်လေသည်။

လွန်ခဲ့သည့် တစ်လက သူသည် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်သွားပြီး ဂိုဏ်းမှ စီနီယာများ၏ အကူအညီဖြင့် သူ့ဒဏ်ရာများက လုံးဝ သက်သာပျောက်ကင်းသွားသည့်အပြင် သူ့ကျင့်ကြံမှုကပါ အနည်းငယ် တိုးတက်လာခဲ့၏။

သူသည် ဟင်္သပဒါးသစ်သီးအတွက်သာ မဟုတ်ဘဲ လက်စားချေဖို့အတွက်ပါ ပြန်လာခဲ့ခြင်း ဖြစ်လေသည်။

သွေးမြူဂိုဏ်း၏ ပြိုင်စံရှားက လှုပ်ရှားလိုက်သည့်ခဏ၌ ဧရာမ ကြယ်တစ်စင်းက သူ့ရှေ့မှာ ပေါ်လာ၏။

ကြယ်တာရာလမင်းဂိုဏ်း၏ ပြိုင်စံရှားက တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။

ကောင်းကင်ရွေ့လျားဂိုဏ်းနှင့် သတ်ဖြတ်ခြင်းခုနှစ်မျိုးဂိုဏ်း၏ ပြိုင်စံရှားများ၊ ယုဝမ်ဝူကျား၊ မုရုံဝူရွှမ်းနှင့် လူတိုင်းသည် နှစ်ပွင့်ဆိုင် သို့မဟုတ် သုံးပွင့်ဆိုင်ဖြင့် အသီးသီး တိုက်ခိုက်လိုက်ကြ၏။

အခြေအနေက လုံးဝ ရှုပ်ထွေးကုန်လေပြီ။

မြောက်ပိုင်းဒေသရှိ ပြိုင်စံရှားများအားလုံးသည် အခွင့်အရေးကို ချိန်ဆ၍ တိုက်ခိုက်နေကြ၏။

မျက်နှာရှည်ရှည်နှင့် ကျင့်ကြံသူတစ်ယောက်သည် သူ၏ ရွေ့လျားမှုနည်းစနစ်အပေါ် မှီခိုကာ သေကွင်းသေကွက်များကို ဆက်တိုက်ရှောင်ရှား၍ ဟင်္သပဒါးသစ်သီးဆီသို့ ချီတက်သွား၏။

သူအဲ့ဒါကို မယူနိုင်ခင်မှာပင် သူ့ရှေ့မှာ သွေးမြူတစ်စုက ပေါ်လာပြီး သူ့ကို လုံးဝ ဝါးမျိုကာ အလောင်းတောင် မကျန်ခဲ့တော့ပေ။

ချဉ်းကပ်ဖို့ ကြိုးစားလာကြသော ပါရမီရှင်ဆိုသူ အချို့သည်လည်း ထာဘာဖန်၏ လှံပုဆိန်ခုတ်ချက်အောက်မှာ အသက်ပျောက်ကုန်ကြ၏။

အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခု၏ ပြိုင်စံရှားများအကြား မဟာတိုက်ပွဲက အရမ်းကို ကြောက်စရာကောင်းနေပြီး ချဉ်းကပ်လာသည့် မည်သူမဆို နုတ်နုတ်စင်းခံရလေသည်။

လက်ရှိ ပြိုင်စံရှားများစွာသည် အလွန်တရာ ချင့်ချိန်တွက်ဆနေကြပြီး အခုထိ သူတို့၏ ခွန်အားကုန်ကို ထုတ်မသုံးကြသေးပေ။

အခုနေ တစ်ယောက်ယောက်ကသာ ရွှေအမြုတေနယ်မြေတစ်ခုကို ထုတ်ဖော်ပြီး အခြားသူများကို ခြိမ်းခြောက်မည်ဆိုလျှင် အလားတူတုံ့ပြန်မှုများက ဆက်တိုက်ပေါ်ထွက်လာမည်ဖြစ်ပြီး ပို၍ပင် သွေးလွှမ်း၍ ရက်စက်ကြမ်းတမ်းလာပေလိမ့်မည်။

မူတန်ချင်းနှင့် ပိုင်ယုဟန်သည် အပြင်ဘက်ဆုံး အပိုင်းမှာသာ မတ်တပ်ရပ်နေကြပြီး ပြိုင်စံရှားများအကြားက ပြင်းထန်ကြမ်းတမ်းသည့် တိုက်ပွဲကို အထိတ်တလန့်ဖြင့် ကြည့်ရှုနေကြ၏။

ကျင့်ကြံရေးလောကက ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်သလဲဆိုတာ ဤမြင်ကွင်းက ပြယုဂ်တစ်ခုပင်။

မဟာရှန်အင်ပါယာမှာ နံပါတ်တစ် ရွှေအမြုတေဟူ၍ ကျော်ကြားသောသူကို ကျားနဂါးဂိုဏ်း၏ ပြိုင်စံရှားက သူ၏ တုတ်နှစ်ချောင်းဖြင့် နလန်မထူနိုင်အောင် ဖိရိုက်နေတာကို သူတို့နှစ်ယောက် တွေ့လိုက်ရ၏။

ထိုသူက သူ၏ ရွှေအမြုတေနယ်မြေကို အပြည့်အဝ ပေါ်လာအောင် မထုတ်ဖော်နိုင်သေးခင်မှာပင် ကျားနဂါးဂိုဏ်းမှ ပြိုင်စံရှား၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး တန်းသေသွားခဲ့လေသည်။

ဤအခိုက်အတန့်၌ ကျင့်ကြံရေးလောကရှိ ပါရမီရှင်ဆိုသူများသည် ဘာမှ သုံးစားမရတော့ပေ။

ထိုသွေးလွှမ်းတိုက်ပွဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သည့်သူများကို မြောက်ပိုင်းဒေသ၏ တစ်ကယ် ပြိုင်စံရှားများဟု ခေါ်ဆိုနိုင်လေသည်။

“ဒီလမ်းက တော်တော် ကြောက်ဖို့ကောင်းတာပဲ”

ပိုင်ယုဟန်က ရေရွတ်လိုက်၏။

“အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနဲ့ အထက်တန်းလွှာကလန်လေးခုက ပြိုင်စံရှားတွေက ဟင်္သပဒါးသစ်သီးကို ဝိုင်းပတ်ပြီး တိုက်ခိုက်နေကြမှတော့.. ဟင်္သပဒါးသစ်သီးကို လိုချင်တဲ့သူတွေက သူတို့ကို ဖြတ်ကျော်ပြီး ဝင်မှ ရမယ်.. သူတို့ထဲ ရောက်သွားရင်လဲ အဲ့လူက သေမှာပဲ”

မူတန်ချင်းက ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်.. သူတို့ရဲ့ တိုက်ခိုက်ရည်က တစ်ကယ့်ကို မဟားတရား ကြောက်ဖို့ကောင်းလွန်းတယ်”

ထိုစဉ်မှာပင် အရပ်ရှည်ရှည် ဗလတောင့်တောင့် လူတစ်ယောက်က လူအုပ်ကြီးထဲသို့ ပြေးဝင်ချသွား၏။

ဗလတောင့်တောင့်လူက ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ တုတ်ခိုင်တောင့်တင်းသော လက်မောင်းကြွက်သားများကို ဖော်ပြထား၏။ သူ့ပုံစံက မာကြောက်ခက်ထန်နေပြီး သူဖြတ်သန်းသွားရာတစ်လျှောက် အကုန်ကျွမ်းထိုးမှောက်ခုံ ဖြစ်ကျန်ရစ်ခဲ့၏။

“နောက်ထပ် သေချင်နေတဲ့ လူတစ်ယောက်ပဲ”

ပိုင်ယုဟန်က ခေါင်းခါ၍ ညင်သာစွာ သက်ပြင်းချလိုက်၏။

အချိန်ခဏလေးအတွင်း ရာနှင့်ချီသော ရွှေအမြုတေများက တိုက်ပွဲမြေမှာ ဆုံးပါးသွားကြလေပြီ။

ဟင်္သပဒါးသစ်သီးအနားသို့ ချဉ်းကပ်ချင်သည့် မည်သူမဆို အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခုမှ ပြိုင်စံရှားများ၏ အညှာတာမဲ့ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

တစ်ခဏအတွင်း ဗလတောင့်တောင့်လူက တိုက်ပွဲတွင်းသို့ နီးကပ်သွားပြီဖြစ်ပြီး သွေးမြူဂိုဏ်း၏ ပြိုင်စံရှားဆီသို့ ပြေးဝင်ချသွား၏။

ယခုချိန်မှာ သွေးမြူဂိုဏ်း၏ ပြိုင်စံရှားလက်တွင်း၌ သေဆုံးခဲ့ရသော ရွှေအမြုတေပေါင်း နှစ်ဆယ်ကျော်သုံးဆယ်လောက် ရှိနေလေပြီ။

ထိုပြိုင်စံရှားက သူ၏ သွေးမြူများကို ထိန်းချုပ်၍ အရာရာတိုင်းကို ဝါးမျိုပစ်နေပြီး အဲ့ဒီမှာ သူ မတိုက်စား၊ မဝါးမျိုနိုင်သောအရာ ဘာတစ်ခုမှ မရှိပေ။

တစ်ကယ်ဆို.. ရွှေအမြုတေနယ်မြေအချို့ကိုပင် သူ၏ သွေးမြူများက လုံးဝတိုက်စားသွားသည်ကို မူတန်ချင်းနှင့် ပိုင်ယုဟန်တို့ တွေ့ခဲ့ရလေသည်။

“မင်းကတော့ သေချင်နေပြီပဲ”

ဗလတောင့်တောင့်လူက အရှိန်ကို လျှော့ချခြင်း မရှိသည်ကို တွေ့လိုက်ရသောအခါ သွေးမြူဂိုဏ်း၏ ပြိုင်စံရှားက လှောင်ရယ်၍ သူ၏ သွေးမြူများကို ထိုလူအပေါ် လွှမ်းခြုံဖို့ ထိန်းချုပ်လိုက်၏။

“လစ်စမ်းပါကွာ”

ဗလတောင့်တောင့်လူ၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး တုန်လှုပ်စရာကောင်းနေ၏။

ဗလတောင့်တောင့်လူက ရှောင်ရှားခြင်း မရှိရုံသာမက.. သူ့အကြည့်က မိုးကြိုးလျှပ်စီးနှင့်တူပြီး သူ့စကားပြောလိုက်သောအခါ ဆူနာမီလှိုင်းများ တလိပ်လိပ် တက်လာသကဲ့သို့ အားကြီးသည့်အော်ရာတစ်ခုက သူ့ကိုယ်တွင်းမှ ရုန်းကန်ထွက်ပေါ်လာ၏။

ဆူနာမီသွေးအဆင့်..

သွေးမြူဂိုဏ်းမှ ပြိုင်စံရှား၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူ့အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။

မြောက်များလှစွာသော သွေးချီနှင့်အတူ ဗလတောင့်တောင့်လူက ဝင်ရောက်လာသော သွေးမြူများကို ချက်ချင်း လန်ကျသွားအောင် တွန်းထုတ်လိုက်၏။

မရပ်တန့်နိုင်သော သွေးမြူများက သူ့အနားကိုတော့ လုံးဝ မကပ်နိုင်ခဲ့ပေ။

ဗလတောင့်တောင့်လူက ရပ်တန့်မသွားဘဲ သူ၏ လက်ကြီးကို ဆန့်ထုတ်ကာ သွေးမြူထဲသို့ တည့်တည့် ရိုက်ချလိုက်၏။

ဖောင်း..

မျက်လုံးပြူးမျက်ဆံပြူးနှင့် ကြီးမားသည့် ဦးခေါင်းကြီးက လေထဲကနေ လည်ကျလာ၏။

ဗလတောင့်တောင့်လူ၏ ပြေးဝင်ချလာရုံနှင့် သွေးမြူများက ပြန့်ကျဲသွား၏။

ချက်ချင်းပင်.. သွေးမြူဂိုဏ်း၏ ပြိုင်စံရှားသည် သူ၏ ရွှေအမြုတေနယ်မြေကိုပင် ထုတ်ဖော်နိုင်ခြင်း မရှိလိုက်ဘဲ နောင်တများနှင့်အတူ သေဆုံးသွားရလေတော့သည်။

All Chapters