ပြိုင်စံရှားများကို ဆက်တိုက်သတ်ဖြတ်ခြင်း
Vol. 37 Ch. 549
“ဟမ့်”
အစက ဝရုန်းသုန်းကား ဖြစ်နေသော တိုက်ပွဲပြင်သည် သွေးမြူဂိုဏ်း၏ ပြိုင်စံရှား သေဆုံးသွားခြင်းနှင့်အတူ ခဏမျှ ရပ်တန့်သွားကြ၏။
အဲ့ဒါက မြန်လွန်းလေသည်။
သွေးမြူဂိုဏ်း၏ ပြိုင်စံရှားက ဒီလို ရုတ်တရက်ကြီး သေသွားလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
အဲ့ဒါထက် ဘယ်ကရယ်မသိ ထွက်ပေါ်လာသော ဤဗလတောင့်တောင့်လူ၏ လှုပ်ရှားမှုတစ်ကွက်တည်းဖြင့် သေသွားရသည်က လူတိုင်းလုံးဝ မျှော်လင့်မထားသည့် အရာပင်။
လက်ဝါးစောင်း တစ်ချက်တည်းဖြင့် သူ့ဦးခေါင်းက လွင့်ပျံထွက်သွား၏။
ပြောရမည်ဆို ဗလတောင့်တောင့်လူ၏ ရုပ်ရည်သွင်ပြင်ကို လက်ရှိကျင့်ကြံသူများစွာ သေချာ မဖမ်းမိကြသေးပေ။
လူအုပ်ကြီးသံမှ အသံဗလံများက ထွက်ပေါ်လာ၏။
“မင်း တော်တော် ရဲတင်းနေပါ့လား”
ဗလတောင့်တောင့်လူက ဟင်္သပဒါးသစ်သီးနားသို့ ချဉ်းကပ်သွားပြီကို တွေ့လိုက်သောအခါ ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်းမှ ပြိုင်စံရှားသည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
ဝုန်း..
ကြီးမားသည့် ဒယ်စောက်ကြီးတစ်လုံးက သက်ရှိအားလုံးကို ဖိနှိမ်နိုင်သော ကြောက်စရာကောင်းသည့် အော်ရာနှင့်အတူ ပြိုးပြိုးပြက်ပြက်လက်၍ ကောင်းကင်ထက်ကနေ ကျဆင်းလာ၏။
ဗလတောင့်တောင့်လူ၏ အမူအယာက ပြောင်းလဲသွားခြင်းမရှိသလို လုံးဝရပ်တန့်ခြင်းလည်း မရှိပေ။ သူ့မျက်လုံးမှ နတ်ဘုရားဆန်သော အလင်းနှင့်အတူ သူ့မျိုးဆက်သွေးက ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏ လက်ပေါ်ရှိ သွေးကြောများက ဖောင်းကြွလာပြီး သူ့ကြွက်သားများက သံမဏိရည်ကဲ့သို့ အတူတကွ ထုံးဖွဲ့သွားကြလေသည်။
သူသည် လေထဲသို့ ပစ်ထိုးချလိုက်၏။
ဝုန်း...
လေထဲမှာ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာ၏။
“သူ ရူးသွားတာလား.. သူက လက်ဗလာနဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်ကို တိုက်ခိုက်ချင်နေတာလားဟ”
“သူက ဖင်မှန်းခေါင်းမှန်း တစ်ကယ်ကို မသိဘူးပဲ.. ဒါက မြောက်ပိုင်းဒေသက ပြိုင်စံရှားတွေကို သက်သက် အထင်သေးလိုက်တာပဲ”
လူအုပ်ကြီးထဲမှ မှတ်ချက်များက အစီအရီ ထွက်ပေါ်လာ၏။
“မင်းလက်ကတော့ သွားပြီပဲ”
ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်းမှ ပြိုင်စံရှား၏ မျက်လုံးများက ရက်စက်မှုဖြင့် တောက်ပလာပြီး သူ၏ နတ်ဘုရားဒယ်စောက်ကို ထိန်းချုပ်ကာ ဗလတောင့်တောင့်လူပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်၏။
ဗလတောင့်တောင့်လူက ရှောင်ရှားခြင်း မရှိဘဲ သူ၏ လက်သီးပေါ်ရှိ အသားများက လျှင်မြန်စွာ ပြန့်ကားသွားကာ ဧရာမချိတ်စည်းကြီးတစ်ခုလို သွေးရနံ့က ဖြာထွက်လာ၏။
ဝုန်း..
လက်သီးနှင့် ဒယ်စောက်က ထိတွေ့ရိုက်ခတ်သွားပြီး အလွန်ကျယ်လောင်သည့် မြည်သံကြီးက ထွက်ပေါ်လာ၏။
ခဏမျှ ရပ်တန့်သွားပြီးနောက် ဒယ်စောက်ကြီးမှ အက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာ၏။ ထိုအသံက ဝမ်းနည်းစရာကောင်းပြီး ဒယ်စောက်၏ မျက်နှာပြင်ပေါ်တွင် ခပ်ပါးပါး အက်ကွဲကြောင်းလေးများ ဖြစ်ပေါ်လာနေကို မြင်လိုက်ရလေသည်။
ဟင်း..
ကျင့်ကြံသူများအားလုံးသည် တုန်လှုပ်စွာနှင့် ပင့်သက်ကို ရှိုက်လိုက်ရ၏။
နောက်ခဏ၌ ဒယ်စောက်ကြီးက ပေတစ်ရာကျော်ထိ လွင့်စင်ထွက်သွားပြီး ၎င်းထံမှ ရောင်ခြည်များကလည်း မှိန်ဖျော့သွား၏။
ကျင့်ကြံသူများသည် မြင်တွေ့ရသည်မှာ ကြက်သေသေသွားကြပြီး သူတို့၏ မျက်လုံးများထဲမှာ လွန်မင်းစွာ အံ့အားသင့်မှုများက ပြည့်နှက်လာကြ၏။
ဘယ်သူဘယ်ဝါမှန်း မသိရသော လူတစ်ယောက်က ထိပ်တန်းအဆင့် လက်နက်တစ်ခုကို လက်ဗလာဖြင့် လွင့်စင်ထွက်သွားစေလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
အဲ့ဒါက ဘယ်လို ခန္ဓာကိုယ်မျိုးလဲဟ..
အဲ့လူက ပကတိ သို့မဟုတ် မူလအဆင့် စိတ်ဝိညာဉ်လက်အိတ်တစ်ခုခုကို ဝတ်ဆင်ထားတာများလား..
အဲ့လိုမဟုတ်ဘူးဆို အခုဖြစ်ပျက်ခဲ့တာကို ဘယ်လိုများ ရှင်းပြပေးနိုင်မလဲ..
တိုက်ရိုက် တိုက်ခိုက်နေသော ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်း၏ ပြိုင်စံရှားအတွက် တုန်လှုပ်မှုက ပိုလို့တောင် ကြီးမားသေးလေသည်။ သူ့မျက်နှာမှ သွေးများက ဆုတ်သွားပြီး သူ့စိတ်ကလည်း ယာယီအားဖြင့် ဗလာကျင်းသွားလေသည်။
အဲ့ဒါက အရမ်းကို လွှမ်းမိုးခြယ်လှယ်လွန်းလေသည်။
ဗလတောင့်တောင့်လူထံမှ ထိုးနှက်ချက်တစ်ချက်က သူ၏ နတ်ဘုရားဒယ်စောက်ကိုတောင် ကြေမွသွားစေလုနီးပါးပင်။
“မင်း...”
ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်း၏ ပြိုင်စံရှားက စကားပြောမလို့ အသံထွက်ရုံ ရှိသေးသည်.. ဗလတောင့်တောင့်လူက မွန်းကျပ်ဖွယ်ရာအော်ရာနှင့်အတူ သူ့ရှေ့သို့ ရောက်ချလာလေပြီ။
သူ့အတွက် အသက်ရှူဖို့တောင် ခက်ခဲလာပြီး သူပြောချင်သည့်စကားများကို ပြန်မျိုချလိုက်ရလေသည်။
ချက်ချင်းပင် တိုက်ပွဲမြေပြင်မှ ကိစ္စများက ပြောင်းလဲကုန်၏။
ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်း၏ ပြိုင်စံရှားက ငေးငိုင်နေသော်လည်း ဗလတောင့်တောင့်လူက တုံ့ဆိုင်းခြင်းမရှိ သတ်ဖြတ်ရာမှာ ပြတ်သားပြီး သူ့လက်ထဲရှိ ဆေဘာနှင့် ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။
သွေးချီက ဖြန့်ကျက်လာလေသည်။
“မဟန်တော့ဘူး”
ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်း၏ ပြိုင်စံရှားသည် ငူငိုင်နေရာကနေ နိုးထလာပြီး သူ့အသက်က အန္တရာယ်ရှိနေပြီဆိုတာကို နားလည်လိုက်၏။
သူသည် ဘာမှ စဉ်းစားနေချိန် မရှိတော့ဘဲ သူ၏ ရွှေအမြုတေနယ်မြေကို ချက်ချင်း ထုတ်ဖော်လိုက်ရ၏။
“အူး.. ဟူးး...”
ရုတ်တရက်..
ဗလတောင့်တောင့်လူက သူ့ဆေဘာကို လွှဲရမ်းလိုက်သောအခါ ဝမ်းနည်းသွေးပျက်စရာကောင်းသည့် တစ္ဆေညည်းတွားသံများက ထွက်ပေါ်လာပြီး လူတစ်ယောက်၏ စိတ်အာရုံကို ချက်ချင်း ပျက်ယွင်းသွားစေနိုင်လေသည်။
ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်း၏ ပြိုင်စံရှားက သူ့ရွှေအမြုတေကို ကောင်းကောင်း မထောက်ပံ့နိုင်သေးခင်မှာပင် သူ့စိတ်အာရုံက ပျက်ယွင်းသွားပြီး အဲ့ဒါက ပြန်ပျက်ပြယ်သွားလေသည်။
“သွားပါပြီ.. ငါတော့ သေရတော့မယ်”
ချက်ချင်းပင် သူ့နှလုံးက နင့်ကနဲ ဖြစ်သွား၏။
ဖောက်..
ဆေဘာအလင်းက လက်သွား၏။
ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်းမှ ပြိုင်စံရှား၏ လည်ပင်းပေါ်တွင် အနီရောင်မျဉ်းလေးတစ်ကြောင်းက ပေါ်လာပြီးနောက် အဲ့ဒါက လျှင်မြန်စွာ ကျယ်ပြန့်လာကာ လေထဲသို့ သွေးမြူများက စွန်းထင်းလာလေသည်။
ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်းမှ ပြိုင်စံရှား၏ လည်ပင်းက ပြတ်ထွက်သွားပြီး နေရာမှာတင် တန်းသေသွားလေသည်။
ဗလတောင့်တောင့်လူသည် ပေါ်လာချိန်မှစ၍ သုံးကြိမ်သာ တိုက်ခိုက်ခဲ့ပြီး ပြိုင်စံရှားနှစ်ယောက်က သေသွားရလေပြီ။
“အဲ့လူရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲဟ.. သူ့ကြည့်ရတာ အစောပိုင်း-ရွှေအမြုတေအဆင့်ပဲ ရှိသေးတယ် မဟုတ်ဘူးလား”
“ဘာလဲဟ”
များစွာသော ကျင့်ကြံသူများသည် ဗလတောင့်တောင့်လူကို စိတ်ဝိညာဉ်အကဲဖြတ်ခြင်းဖြင့် စစ်ဆေးကြည့်ပြီးနောက် တုန်လှုပ်ချောက်ချားသွားကြ၏။
“တစ်ကယ်ကြီး သူက အစောပိုင်း-ရွှေအမြုတေအဆင့်ဟ”
လူအုပ်ကြီးထံမှ အသံများက ပို၍ ကျယ်လောင်လာ၏။
ဗလတောင့်တောင့်လူ ဝင်ရောက်လာခြင်းနှင့်အတူ တိုက်ပွဲကွင်းပြင်က ရယ်စရာတောင် ကောင်းလာလေသည်။
ပြိုင်စံရှားနှစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် ဗလတောင့်တောင့်လူနှင့် ဟင်္သပဒါးသစ်သီးကြားတွင် ဘာအတားအဆီးမှ မရှိတော့ပေ။
ထိုအချိန်တွင် ဗလတောင့်တောင့်လူကို တားဆီးဖို့အတွက် ထိုဘက်အခြမ်းမှာ အနီးကပ်ဆုံးနှင့် အလားအလာအရှိဆုံးက ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ပြိုင်စံရှားနှင့် အနက်ရောင်ဝတ်ဓါးသမားတစ်ယောက် ဖြစ်လေသည်။
အနက်ရောင်ဝတ်ဓါးသမား၏ ဓါးက တစ်ချိန်လုံး နက်မှောင်နေသော ဓါးအိမ်ထဲမှာသာ ရှိနေ၏။
တိုက်ပွဲစတင်ချိန်ကနေ အခုချိန်ထိ သူသည် သူ့ဓါးကို လုံးဝ မထုတ်ရသေးပေ။
အနက်ရောင်ဓါးသမားသည် လက်ဗလာနှင့်သာ ရှိနေပြီး သူ့လက်ချောင်းကို ဓါးအစားသုံး၍ ဓါးချီများကို ထုတ်ဖော်၍သာ သူ့ရန်သူများကို တိုက်ခိုက်သတ်ဖြတ်နေခဲ့၏။
ထိုအချိန်၌ အစက ငေးငိုင်၍ အသက်မဲ့နေသော အနက်ရောင်ဝတ်ဓါးသမား၏ မျက်လုံးများက တောက်ပစုစုံသွားပြီး ဗလတောင့်တောင့်လူ၏ အပေါ်သို့ ကျရောက်လာလေသည်။
သူ့သူငယ်အိမ်များထဲရှိ အလင်းက အလွန်တရာ ထက်ရှသော ဓါးနှစ်လက်အဖြစ် စုစည်းသွားပြီး သွေးပျက်စရာ ခံစားချက်ကို ထုတ်ပေးလာလေသည်။
အနက်ရောင်ဝတ်လူ၏ ညာဘက်လက်က ဓါးလက်ကိုင်ပေါ်သို့ တဖြည်းဖြည်း ဆင်သက်သွား၏။
သူသည် အချိန်မရွေး တိုက်ခိုက်နိုင်သည့် အနေအထားပင်။
ထိုသည်ကို သတိထားမိသောအခါ ထာဘာဖန်၊ ယုဝမ်ဝူကျားနှင့် အခြားသူများသည် စိတ်ထဲကနေ အေးစက်စွာ သရော်လိုက်ကြ၏။
သူတို့၏ မျက်လုံးများထဲတွင် ဗလတောင့်တောင့်လူက သေလူတစ်ယောက် ဖြစ်နေလေပြီ။
“ဟမ့်”
ဗလတောင့်တောင့်လူသည် တစ်ခုခုကို အာရုံခံမိသွားပြီး အနက်ရောင်ဝတ် ဓါးသမားကို လှမ်းကြည့်လိုက်၏။
အနက်ရောင်ဝတ်ဓါးသမားထံမှ အလွန်တရာအန္တရာယ်ရှိမှုကို သူခံစားနေရ၏။
သူက တစ်ကယ့်ကို ကြောက်စရာကောင်းသည့် လူတစ်ယောက်ပင်။
ကျင့်ကြံရေးလောကတွင် အသန်မာဆုံး သတ်ဖြတ်စွမ်းအားကို ပိုင်ဆိုင်ကြသူများမှာ ဓါးကျင့်ကြံသူများ ဖြစ်ကြသည်ဟု ဆိုကြလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် အသန်မာဆုံး ဓါးကျင့်ကြံသူများ ထွက်ပေါ်လာတတ်သည်မှာ အင်မော်တယ်ကိုးဂိုဏ်းအနက် ဓါးဂိုဏ်းမှ ဖြစ်ကြလေသည်။
ဗလတောင့်တောင့်လူသည် သည့်အရင်က ဓါးဂိုဏ်းမှ ပြိုင်စံရှားတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ဖူး၏။ သို့သော်လည်း ယခု အနက်ရောင်ဝတ်ဓါးသမားကနေ ထုတ်ပေးနေသော ခံစားချက်က ဓါးဂိုဏ်းမှ ပြိုင်စံရှားထက်ပင် ပို၍တောင် အန္တရာယ်များနေသေးလေသည်။
ထိုသို့ဆိုသော်လည်း ဗလတောင့်တောင့်လူက သူ့လမ်းကြောင်းကို ရပ်တန့်မသွားခဲ့ပေ။
သူသည် ဟင်္သပဒါးသစ်သီးကို အရယူဖို့ ဆုံးဖြတ်ထားသည်ဆိုလျှင် အားလုံးတုန်လှုပ်သွားစေလောက်မည့် အရှိန်အဟုန်ဖြင့် တွေဝေခြင်းမရှိ အရာရာတိုင်းကို ဖိနှိမ်စီးပိုးထားနိုင်ရလေမည်။
“ဒီ ဘယ်ကမှန်း မသိတဲ့ ကောင်စုတ်က နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးကို လာလုရဲတယ်ပေါ့လေ”
အနက်ရောင်ဝတ်လူက မတိုက်ခိုက်ရသေးခင်မှာပင် ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၏ ပြိုင်စံရှားက သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်၏။ သူသည် ဓါးနှင့်အတူ ရွေ့လျားလာပြီး ဖျတ်ကနဲဆို ဗလတောင့်တောင့်လူရှေ့မှာ ပေါ်လာလေသည်။
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၏ ပြိုင်စံရှားက တိုက်ခိုက်လာသည်ကို မြင်သောအခါ အနက်ရောင်ဝတ်ဓါးသမားက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ အစက ဓါးရိုးပေါ်သို့ ရောက်လာပြီဖြစ်သော သူ့ညာလက်က ဖြည်းဖြည်းချင်း ပြန်ဖယ်ခွာသွားလေသည်။
ဇီ..
တဖျတ်ဖျတ်တလက်လက် အလင်းရောင်နှင့်အတူ ဓါးသွားက တုန်ခါသွား၏။
စိတ်ဝိညာဉ်အင်းကွက်ငါးခုက တောက်ပလာပြီး ကမ္ဘာပေါ်ရှိ အရာရာတိုင်းကို ထိုးဖောက်နိုင်သည်ဟု ထင်ရသော သတ်ဖြတ်ခြင်းအော်ရာတစ်ခုက ဓါးထံမှ ထွက်ပေါ်လာ၏။
ပကတိစိတ်ဝိညာဉ်လက်နက်..
ဗလတောင့်တောင့်လူက သူ့အကြည့်ကို ကျဉ်းမြောင်း၍ ဝင်ရောက်လာသော ဓါးကို ကြည့်လိုက်၏။
သူသည် တခြားတစ်ဖက်ရှိ အနက်ရောင်ဝတ်ဓါးသမားကိုလည်း ထည့်တွက်ရလေသည်။
သို့သော်လည်း ဤအခိုက်အတန့်၌ အနက်ရောင်ဝတ်ဓါးသမားက ခြေနှစ်လှမ်းဆုတ်သွား၏။ သူက ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၏ ပြိုင်စံရှားနှင့် အတူပေါင်းပြီး မတိုက်ခိုက်ချင်သည်မှာ သိသာလေသည်။
ဗလတောင့်တောင့်လူသည် စိတ်သက်သာရာ ရသွားပြီး ဝင်ရောက်လာသောဓါးဆီသို့ သူ့ဆေဘာကို လွှဲရမ်းလိုက်လေသည်။
“အင်း.. အူး..”
ဆေဘာက လေထုကို ဖြတ်သန်းလာစဉ် ဝမ်းနည်းချောက်ချားစရာ တစ္ဆေညည်းတွားသံများက နောက်တစ်ဖန် ထွက်ပေါ်လာလေသည်။
“ကလေးကလားပါကွာ”
ကောင်းကင်ထိုးဖောက်ဂိုဏ်း၏ ပြိုင်စံရှားက လှောင်ရယ်၍ သူ့လက်ကောက်ဝတ်ကို လှုပ်ကာ သူ့ဓါးကို တဝီဝီ မြည်သွားစေ၏။
ချွင်.. ချွင်..
ဓါးက တဝီဝီမြည်လာရင်း အဆုံးမဲ့ထက်ရှမှုကို ထုတ်ပေးကာ တစ္ဆေညည်းတွားသံများကို ချက်ချင်း ဖိနှိမ်ပစ်လိုက်၏။