ဟင်္သပဒါးသစ်သီးကို ရယူသွားခြင်း
Vol. 37 Ch. 550
ဆေဘာနှင့် ဓါးက ထိတွေ့သွား၏။
ချွင်.. ချွမ်း..
သတ္တုချင်း ထိခတ်သံများက ထွက်ပေါ်လာပြီး မီးပွားများက လွင့်ပျံထွက်လာလေသည်။
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းသည် မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းထဲမှ တစ်ခုတည်းသော ဓါးကျင့်ကြံရေးဂိုဏ်း ဖြစ်လေသည်။ သူတို့၏ ကိုယ်ပိုင်ဟန်ဖြစ်သည့် ကောင်းကင်ထိုးဖောက် ဓါး ၁၃လက်က ကျင့်ကြံရေးလောကတွင် ကျော်ကြားပြီး ထိုဓါးကွက်က အနှိုင်းမဲ့ ဖြစ်လေသည်။
များသောအားဖြင့် သူတို့စတင်တိုက်ခိုက်ချင်းမှာပင် ကောင်းကင်ထိုးဖောက် ဓါး ၁၃လက်၏ နှောင့်ယှက်ဟန့်တားခြင်းကို ခံရသည့် ပြိုင်ဘက်များသည် မခံမရပ်နိုင်သော နာကျင်မှုကို ခံစားရပေလိမ့်မည်။
ကောင်းကင်ထိုးဖောက် ဓါး ၁၃လက်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ဖက်ကျင့်ကြံသူက သူတို့၏ တိုက်ကွက်များကို အပြည့်အဝ ထုတ်ဖော်နိုင်တော့မည် မဟုတ်ပေ။ ခုတ်ချက်မျာစွာ ကျဆင်းလာပြီးနောက် သူတို့က စတင်အရေးနိမ့်သွားမည်ဖြစ်ပြီး ထိုအခြေအနေကနေ ပြန်လည်ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဗလတောင့်တောင့်လူက မတုန်မလှုပ်နှင့် တည်ငြိမ်စွာသာ ရှိနေ၏။
သူ့လက်ထဲမှာ ဆေဘာက အသိစိတ်ဝင်နေသည်ဟု ထင်ရပြီး သူ့ဆေဘာနည်းစနစ်က အလွန်တရာ တိကျမှု ရှိလေသည်။ အဲ့ဒါက ကောင်းကင်ထိုးဖောက် ဓါးဆယ့်သုံးလက်ထက် အောက်မကျဘဲ သူကတော့ အနည်းငယ် အသာစီး ရနေသေး၏။
“အဲ့ဒီ ဆေဘာနည်းစနစ်က...”
ပိုင်ယုဟန်သည် မျက်မှောင်ကြုတ်လိုက်၏။
အတိအကျ ပြောရလျှင် သူမသည် ဗလတောင့်တောင့်လူ၏ ဆေဘာနည်းစနစ်ကို မကောင်းဆိုးဝါးဆန်သည်ဟု မြင်မိလေသည်။
ထိုဆေဘာခုတ်ချက် တစ်ချက်စီတိုင်းက မှန်းဆရခက်သော ရှုထောင့်ကနေ ဝင်ရောက်လာတတ်ပြီး သူ့လမ်းကြောင်းက လှည့်စားတတ်၍ ခြေရာကောက်လို့ မရနိုင်ပေ။
အဲ့ဒါထက်.. ခုတ်ချက် တစ်ချက်စီတိုင်းက သေကွင်းသေကွက်ကိုသာ ဦးတည်လေသည်။
ပိုင်ယုဟန်သည် ဗလတောင့်တောင့်လူ၏ ဆေဘာနည်းစနစ်ကို ငေးကြည့်နေရင်း ဝေဝါးလာကာ ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုက သူမ၏ မျက်စိရှေ့မှာ ပေါ်လာလေသည်။
အဲ့ဒီမှာ ပုံရိပ်ယောင်များစွာ ပါဝင်လေသည်။
သွေးမြစ်များ..
ပြန့်ကျဲနေသော အရိုးဖြူများ..
လမ်းလျှောက်နေသော အလောင်းများ..
ဗလတောင့်တောင့်လူက ငရဲသို့ ရောက်ရှိနေသော လူတစ်ယောက်နှင့်တူပြီး သူ့ဘေးပတ်လည်မှာ မရေမတွက်နိုင်သော ဆိုးယုတ်တစ္ဆေများနှင့် အရိုးစုများက ရုန်းကန်၍ ညည်းတွားနေကြ၏။
ပျက်ယွင်းနေသော မျက်နှာအမူအယာနှင့်အတူ ပိုင်ယုဟန်၏ ကိုယ်က စတင်၍ တုန်ရီလာ၏။
ဖန်း..
သူမ၏ ပုခုံးပေါ်သို့ အားတစ်စုံတစ်ရာက ကျဆင်းလာပြီး နိုးထကာ အသိစိတ် ပြန်ဝင်လာ၏။
မသိလိုက်မသိဘာသာနှင့်ပင် သူမသည် ချွေးစေးများ ထွက်နေလေပြီ။
“အဲ့ဆေဘာနည်းစနစ်က အရမ်းကို ကြောက်ဖို့ကောင်းတယ်.. အဲ့ဒါက အထက်လမ်းနည်းနဲ့ မတူဘူး.. အဲ့ဒါကို စိုက်ကြည့်မနေနဲ့.. အဲ့ဒါက နင့်စိတ်တွင်းကို သက်ရောက်နိုင်တယ်”
မူတန်ချင်း၏ အသံက ထွက်ပေါ်လာ၏။
ပိုင်ယုဟန်သည် ရင်ထဲမှာ တလျှပ်လျှပ်ဖြစ်နေပြီး ခေါင်းညိတ်ပြလိုက်၏။
သူမသည် တိုက်ပွဲထဲမှာ တိုက်ရိုက် မပါတာတောင် ထိုသို့ ခံစားလာရသည်ဆို.. ကောင်းကင်ထိုးဖောက်ဂိုဏ်း၏ ပြိုင်စံရှားသာဆိုလျှင် မည်သို့ ခံစားနေရမလဲ သူမ မစဉ်းစားတတ်တော့ပေ။
ချွမ်း..
ဆေဘာနှင့် ဓါးက နောက်တစ်ဖန် ရိုက်ခတ်လိုက်ကြ၏။
ဗလတောင့်တောင့်လူက သူ့လက်ကို လွှတ်ပေးလိုက်၍ ဆေဘာက သူ့လက်ထဲမှ ထွက်ခွာသွားပြီး တစ်ဖက်လူ၏ ဓါးပေါ်သို့ ရစ်ပတ်နွယ်တက်ကာ ကောင်းကင်ထိုးဖောက်ဂိုဏ်းမှ ပြိုင်စံရှား၏ လည်မျိုဆီသို့ ဦးတည်သွားလေသည်။
ထိုခုတ်ချက်က မဖြစ်နိုင်သည့် အနေအထားမျိုး ဖြစ်ပြီး ရုတ်တရက်ဆန်လွန်းလေသည်။
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၏ ပြိုင်စံရှားက ထိတ်လန့်သွားပြီး ကပျာကယာ နောက်ဆုတ်လိုက်၏။
ရှစ်..
သူ့ရင်ဘတ်ရှေ့ရှိ အင်္ကျီစက ပြဲထွက်သွားပြီး သွေးများက စီးကျလာ၏။
ဒဏ်ရာက မနက်သော်လည်း ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ပြိုင်စံရှားသည် ချွေးအေးများနှင့် စိုရွှဲလာ၏။ သူသာ အချိန်မီ နောက်မဆုတ်နိုင်ခဲ့လျှင် ထိုခုတ်ချက်ကို သူ့အသက်ကို နုတ်ယူသွားနိုင်လေသည်။
သူ မတုံ့ပြန်နိုင်ခင်မှာပင် သူ့အမြင်အာရုံက ဝေဝါးသွားပြီး ဗလတောင့်တောင့်လူက သူ့ဘေးကနေ ပွတ်ထွက်ကာ ဟင်္သပဒါးသစ်သီးရှေ့သို့ ရောက်ရှိသွားလေသည်။ သူ့လက်က ဆတ်ကနဲ လှုပ်ရှားသွားပြီး နီရဲနေသော သစ်သီးပေါ်သို့ ရောက်ရှိသွားလေသည်။
“သူက အဲ့ဒါကို ရသွားပြီး”
ပိုင်ယုဟန်က အံ့အားတသင့် ရေရွတ်လိုက်၏။
“အဲ့လူက ဘယ်က ရောက်လာတာလဲ.. မိုက်တယ်နော်”
မူတန်ချင်းက ခေါင်းခါလိုက်၏။
“တိုက်ပွဲစတင်ကထဲက ဟင်္သပဒါးသစ်သီးက အဲ့နေရာမှာပဲ ရှိနေပြီးတော့ ဘယ်သူမှ အဲ့ဒါကို ခူးဖို့ အခွင့်မရသေးဘူး.. ဒါပေမယ့်လို့ ဟင်္သပဒါးသစ်သီးကို ရယူနိုင်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အဲ့လူက လူတိုင်းရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်”
“ရှင် ပြောချင်တာက...”
“အဲ့လူက ဟင်္သပဒါးသစ်သီးကို ခူးလိုက်တဲ့အတွက် သူသေရဖို့က မဝေးတော့ဘူး”
. . .
တိုက်ပွဲကွင်းပြင်တွင်..
ပြိုင်စံရှားများအားလုံးသည် သူတို့၏ လုပ်လက်စများ အားလုံးကို ရပ်တန့်လိုက်ကြသည့်အတွက် လူတိုင်း၏ အကြည့်က ဗလတောင့်တောင့်လူပေါ်သို့ ကျရောက်သွားကြလေသည်။
“အဲ့ဒါ သူပဲ”
နောက်ဆုံးမှာတော့ လူအုပ်ကြီးထဲမှ ကျင့်ကြံသူတစ်ယောက်က ဗလတောင့်တောင့်လူကို မှတ်မိသွားပြီး တုန်ယင်နေသော အသံဖြင့် ကြောက်လန့်တကြား ရေရွတ်လိုက်၏။
“သူ-သူက.. နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားပဲ”
ဗလတောင့်တောင့်လူသည် လိုဏ်ဂူထဲမှ ထွက်လာခဲ့သော ဆူဇီမို ဖြစ်လေသည်။
“ဟမ့်”
ထာဘာဖန်နှင့် အခြားသူများသည် မျက်မှောင်ကြုတ်လိုက်ကြ၏။
လက်ရှိ ရွှေအမြုတေအများစုသည် နောက်ပိုင်းအဆင့် သို့မဟုတ် ပကတိအဆင့် ရွှေအမြုတေများ ဖြစ်ကြသည့်အတွက် ပြီးခဲ့သည့်အခေါက် အခြေခံရှေးဟောင်းတိုက်ပွဲမြေသို့ မဝင်ရောက်ခဲ့ရဘဲ ဆူဇီမိုကို မြင်ဖူးကြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း လူသားဧကရာဇ်နန်းတော်အောက်က မမေ့ဖျောက်နိုင်စရာ မြင်ကွင်းကို ခပ်လှမ်းလှမ်းကနေ ကြည့်ခဲ့ဖူးသူအချို့လည်း လူအုပ်ကြီးထဲမှာ ပါလာလေသည်။
ဗလတောင့်တောင့်လူ၏ ပုံစံက သူတို့၏ နက်ရှိုင်းသော မှတ်ဉာဏ်များထဲတွင် စွဲထင်နေပြီးသား ဖြစ်၏။
သူက ထိုသူများအတွက် ညအိပ်မက်ဆိုးပင်။
“နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားလား”
လက်ရှိပြိုင်စံရှားများစွာသည် စိုးရိမ်သွားကြသော်လည်း မည်သူမှ ကြောက်လန့်မနေကြပေ။ သူတို့အားလုံးသည် သတ်လိုဖြတ်လိုစိတ်များ ထကြွလာပြီး ဆူဇီမိုကို စုတ်ဖြဲပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာကြ၏။
“နတ်ဖီးကျွန်းက အရိုက်အရာဆက်ခံသူတောင်မှ ဟင်္သပဒါးသစ်သီးအတွက် ရောက်လာတယ်ဆိုတော့.. စိတ်ဝင်စားစရာပဲ” ယုဝမ်ဝူကျားက ဟန်လုပ်ပြုံးပြီး ပြောလိုက်၏။
“ဟမ့်”
ကျားနဂါးဂိုဏ်း၏ ပြိုင်စံရှားက စိမ်းသက်သောအမူအယာနှင့် ဟိန်းဟောက်လိုက်၏။
“နတ်ဖီးကျွန်းက အရိုက်အရာဆက်ခံသူက ဘယ်တုန်းက မိစ္ဆာဂိုဏ်းထဲ ဝင်ရောက်လိုက်တာလဲ.. စောစောက သူသုံးသွားတဲ့ ဆေဘာနည်းစနစ်က အဆူရာဂိုဏ်းရဲ့ အဆူရာဆေဘာပဲ”
သူတစ်ယောက်တည်းသာလျှင်မဟုတ်.. လက်ရှိလူအများစုသည် ဆူဇီမို၏ ဆေဘာနည်းစနစ်ကို မှတ်မိကြလေသည်။
ဆူဇီမို၏ အမူအယာက တည်ငြိမ်နေ၏။ သူ့ကို နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူအဖြစ်နှင့် လူများက မှတ်မိကြမည်ကို သူက မျှော်လင့်ထားပြီးသားလိုပင်။
အခုချိန်သည် ဟင်္သပဒါးသစ်သီးကို စားသုံးရမည့် အချိန်မဟုတ်သေးတာကြောင့် သူသည် အဲ့ဒါကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။
ဟင်္သပဒါးသစ်သီးမှာ မြောက်များလှစွာသော စွမ်းအင်ပမာဏများ ပါရှိပြီး သူသည် အေးအေးဆေးဆေး အခြေအနေရောက်မှသာ အဲ့ဒါကို အစာချေဖျက် စုပ်ယူနိုင်ပေလိမ့်မည်။
ယခု သူသည် ဟင်္သပဒါးသစ်သီးကို ခူးယူပြီးပြီဖြစ်တာကြောင့် ဒီနေရာရှိ လူတိုင်းကို မျက်ခြေဖြတ် ပြေးနိုင်သည်နှင့် သူက လွတ်လပ်သွားပေလိမ့်မည်။
“ငါကြားတာ မင်းက သမိုင်းတစ်လျှောက်မှာ နံပါတ်တစ် ပြန်ဝင်စားမွန်းစတားဆို.. အဲ့ဒီဂုဏ်သတင်းက ဘယ်လောက်ထိ တာသွားလဲဆိုတာ ငါစမ်းကြည့်ရသေးတာပေါ့”
ထာဘာဖန်သည် တဖွားဖွား ပေါ်ပေါက်လာသော တိုက်ပွဲဝင်စိတ်ဖြင့် သူ၏ ရွှေလှံပုဆိန်ကို မြေကြီးပေါ်သို့ ပြင်းထန်စွာ စောင့်ချလိုက်၏။
မြေကြီးက ကွဲထွက်သွားပြီး အက်ကွဲကြောင်းများ ပေါ်ပေါက်ကာ မြေခဲများသဲများက လွင့်စင်ထွက်သွား၏။ ထာဘာဖန်၏ အော်ရာက ထိုးတက်လာလေသည်။
ပြောရမည်ဆိုလျှင် လက်ရှိကျင့်ကြံသူအများစုသည် နတ်ဖီးနစ်ကျွန်း၏ ပြန်ဝင်စားမွန်းစတားအကြောင်းကို ကြားဖူးထားကြသော်လည်း သူ့ကို တစ်ကယ်တမ်း ကြောက်ရွံ့သည့်သူက အနည်းငယ်သာ ရှိလေသည်။
အဓိကအကြောင်းမှာ သူတို့အများစုသည် နောက်ပိုင်း သို့မဟုတ် ပကတိရွှေအမြုတေများ ဖြစ်ကြပြီး ဆူဇီမိုကတော့ အစောပိုင်း-ရွှေအမြုတေအဆင့်မျှသာ ရှိသေးလေသည်။
မုရုံဝူရွှမ်းသည် ထူးမခြားနားပုံစံနှင့် ပြောဆိုလိုက်၏။
“နင်က လူသားဧကရာဇ်နန်းတော်ထဲသို့ ဝင်ရောက်ခဲ့ဖူးတယ်ဆို.. နင့် အဲ့ကနေ တော်တော်လေး အကျိုးများခဲ့မယ်ဆိုတာ ငါပြောရဲတယ်”
ထိုစကားလုံးများက လူအုပ်ကြီးကို လှုပ်ခတ်သွားစေ၏။
အစက ဝင်မပါဖို့ ဆုံးဖြတ်ထားသော ကျင့်ကြံသူအချို့ပင်လျှင် ယခုအခါ လောဘတက်လာကြ၏။
လူသားဧကရာဇ်နန်းတော်၏ အမွေအနှစ်အပေါ် မည်သူက လောဘမတက်ဘဲ နေပါမည်နည်း..
“ဟင်္သပဒါးသစ်သီးနဲ့ လူသားဧကရာဇ်နန်းတော်ရဲ့ အမွေအနှစ်ကို ထုတ်ပေးလိုက်.. ငါတို့ မင်းအလောင်းကို အကောင်းပကတိ ချန်ထားပေးမယ်”
သတ်ဖြတ်ခြင်းခုနှစ်မျိုးဂိုဏ်းမှ ပြိုင်စံရှားသည် ဓါးမြှောင်နှစ်လက်ကို ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးနှစ်ဖက်က ရူးသွပ်သော သတ်ဖြတ်လိုစိတ်ဖြင့် မီးဝင်းဝင်းတောက်နေ၏။
“ဟဟ ဟားဟား”
ဆူဇီမိုသည် သူ့ခေါင်းကိုမော့၍ ရယ်မောလိုက်ပြီး သူ့လမ်းကြောင်းကို ပိတ်ဆို့နေသော ပြိုင်စံရှားများကို ဆေဘာဖြင့် ထိုးညွှန်ကာ ခေါင်းညိတ်လိုက်၏။
“ကောင်းတယ်.. အေးအေး ကောင်းတယ်.. တော်တော်လဲ စကားကြီးစကားကျယ် ပြောတဲ့ကောင်တွေ.. ငါက ဟင်္သပဒါးသစ်သီးကို ထုတ်ပေးရင်တောင် မင်းတို့က ငါ့ကို သတ်ဦးမယ် ဟုတ်လား.. ကြည့်ရသေးတာပေါ့ကွာ ပြိုင်စံရှားဆိုတဲ့ မင်းတို့ကောင်တွေ ဒီနေ့မှာ ဘယ်နှစ်ယောက်များ အသက်ရှင်ကျန်ရစ်နိုင်မလဲလို့”
“နတ်ဆိုးကောင်”
ကျားနဂါးဂိုဏ်း၏ ပြိုင်စံရှားက သူ၏ တုတ်တိုနှစ်လက်ကို ကိုင်ထားရင်း ဟိန်းဟောက်လိုက်၏။
“ဒါက ရှေးဟောင်းတိုက်ပွဲမြေ မဟုတ်ဘူးကွ.. မင်း ထင်ရာစိုင်းလို့ ရတဲ့နေရာမျိုး မဟုတ်ဘူး”
“ငါက ထင်ရာစိုင်းမယ်ဆိုရင်ရော မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ”
ဆူဇီမိုက လှောင်ရယ်၍ ကျားနဂါးဂိုဏ်း၏ ပြိုင်စံရှားဆီသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်ချသွား၏။ သူက ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် မှတ်ချက်ပြုလိုက်၏။
“ငါ့လမ်းမှာ ပိတ်လာတဲ့သူ မှန်သမျှ အညှာတာမဲ့ သတ်ခံရမယ်”
သူ၏ အနက်ရောင်ဆံပင်များက ကခုန်လာပြီး သူ့အကြည့်က လျှပ်စီးလို တလက်လက် ထလာ၏။ ခြိမ်းမောင်းဖွယ်ရာ အော်ရာနှင့်အတူ နှစ်မီတာကျော်မြင့်သောသူက အင်မော်တယ်များကို သတ်ဖြတ်ဖို့ ပြေးဝင်ချလာသော စွမ်းအားကြီး မိစ္ဆာနတ်ဆိုးကြီးတစ်ကောင်နှင့် တူနေလေသည်။
“သတ်...”
ပြိုင်စံရှားများသည် အော်ဟစ်၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
ချက်ချင်းပင် လေထုက စိတ်ဝိညာဉ်အလင်းများဖြင့် တောက်ပလာ၏။
ပြိုင်စံရှားဆယ်ယောက်သည် နေဆယ်စင်းကဲ့သို့ လေထဲကနေ ပျံသန်းလာကြ၏။
ထာဘာဖန်၊ ယုဝမ်ဝူကျားနှင့် ကျားနဂါးဂိုဏ်းပြိုင်စံရှားတို့သည် အနီးကပ်တိုက်ခိုက်ခြင်းမှာ အားသန်ကြသူများဖြစ်ပြီး အရင်ဆုံး နီးကပ်ရောက်ရှိလာကြ၏။
လှံပုဆိန်၊ ရွှေရောင်သုံးမြှောင်သွားလှံနှင့် တုတ်တိုတို့သည် လေထုကို ဖြတ်သန်း၍ ဝင်ရောက်လာကြ၏။
ဓါးပျံများ၊ ဓါးမြှောင်များ၊ လှံတံများနှင့် အခြားသော စိတ်ဝိညာဉ်လက်နက်များသည်လည်း အလင်းစက်များအဖြစ် ပြောင်းလဲကာ ကြောက်မက်ဖွယ်ရာ စိတ်ဆန္ဒများနှင့်အတူ ချက်ချင်း ရောက်ရှိလာကြ၏။
ကျင့်ကြံမှု အဆင့်တူချင်းမှာဆို.. ပြိုင်စံရှားဆယ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ဘယ်လိုလူက ခုခံနိုင်ပါလိမ့်မည်နည်း။