ရပ်တန့်လို့ မရနိုင်သော သတ်ဖြတ်စွမ်းအား
Vol. 37 Ch. 551
စိတ်ဝိညာဉ်လက်နက်များနှင့် ဓါးပျံများသည် ဘက်ပေါင်းစုံကနေ ပျံသန်းလာကြ၏။
တိုက်ခိုက်လိုက်သောသူများက မြောက်ပိုင်းဒေသ၏ အတုမရှိ ပြိုင်စံရှားများဟု ပြောလို့ ရလေသည်။ သူတို့သည် သည့်အရင်က တစ်ခါမှ အတူပူးပေါင်း မတိုက်ခိုက်ကြဖူးသော်လည်း သူတို့ တိုက်ခိုက်လိုက်သည်နှင့် ဆူဇီမို၏ ထွက်လမ်းအားလုံးက ပိတ်ဆို့သွားလေပြီ။
သူ့အတွက် ရှောင်ဖို့နေရာမရှိတော့ဘဲ အကုန်လုံးကို ထိပ်တိုက်ရင်ဆိုင်ရဖို့သာ ရှိတော့လေသည်။
လူသားဧကရာဇ်နန်းတော်အောက်မှာ ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီး၌ နတ်ဖီးနစ်ကျွန်းမှ ပြန်ဝင်စားမွန်းစတား၏ ဂုဏ်သတင်းက အတော်လေး မြင့်မားလာခဲ့လေသည်။
အချို့နေရာများက ချဲ့ကား ပြောဆိုနေခြင်း ဖြစ်ဟန်ရပြီး ပြိုင်စံရှားများက စိတ်ထဲ သိပ်ပြီး မကျေနပ်ကြသော်လည်း သူတို့သည် ပေါ့ပေါ့တန်တန် သဘောမထားရဲကြပေ။
အနီးကပ်တိုက်ခိုက်ရည်မှာ အားသန်သော ထာဘာဖန်နှင့် အခြားနှစ်ယောက်သည် ရွှေလှံပုဆိန်၊ ရွှေသွားသုံးချောင်းလှံတံနှင့် ကျားနဂါးတုတ်တိုတို့ကဲ့သို့သော လေးလံသည့် လက်နက်များကို ကိုင်စွဲထားသောကြောင့် သူတို့သည် အခြားသူများထက် ခြေတစ်လှမ်း နောက်ကျနေ၏။
မရေမတွက်နိုင်သော ဓါးပျံများနှင့် စိတ်ဝိညာဉ်လက်နက်များသည် လေထုကို ဖြိုခွင်း၍ အရင်ဆုံး ရောက်ချလာ၏။
ဆူဇီမိုသည် ဆေဘာကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သူ့မျိုးဆက်သွေးက တလိပ်လိပ်တက်၍ ဆူနာမီသွေးအသံက ထွက်ပေါ်လာ၏။ နက်ရှိုင်းပြတ်သားသော အကြည့်နှင့်အတူ သူ့ရှေ့ရှိ လေဟာနယ်ကို ရက်စက်စွာ လှီးဖြတ်ချလိုက်၏။
ထိုခုတ်ချက်က ဘာနှင့်မှ မထိတွေ့သလို မည်သည့်စိတ်ဝိညာဉ်လက်နက်နှင့်မှလည်း တိုက်ခတ်မိခြင်း မရှိပေ။ အပေါ်ယံကြည့်လျှင်တော့ အဲ့ဒါက အဓိပ္ပါယ် မရှိသည့်ပုံပင်။
သို့သော်လည်း ထိုခုတ်ချက်ပြီးနောက် ဆူဇီမို၏ ပတ်ဝန်းကျင်ရှိ လေထုက လျှို့ဝှက်ဆန်းကြယ်သော အားတစ်မျိုး၏ ဆွဲယူသွင်းခြင်းကို ခံလိုက်ရပုံ ရလေသည်။
စိတ်ဝိညာဉ်ချီများက ဝဲကတော့ ထိုးသွားပြီး အဆက်မပြတ် တွန့်လိမ်ကာ ကြီးမားသည့် စိတ်ဝိညာဉ်ပင်လယ်ဝဲကတော့ကြီးတစ်ခုအဖြစ် ပြောင်းလဲလာလေသည်။
တည်ငြိမ်ပင်လယ်ကျမ်း.. ဝဲကတော့။
စိတ်ဝိညာဉ်လက်နက်များနှင့် ဓါးပျံများသည် ဆူဇီမိုကို ရိုက်ခတ်တော့မည့်ဆဲဆဲမှာပင်.. ဝဲကတော့စွမ်းအားတွင်းမှာ နစ်မြှုပ်သွားပြီး သူတို့၏ လားရာလမ်းကြောင်းများက ပြောင်းလဲကုန်ကြလေသည်။
ဝှစ်.. ဝှစ်.. ဝှစ်..
ဓါးပျံများက သူဘေးကနေ ပွတ်ထွက်သွား၏။
အဲ့ဒါက အလွန်တရာ နီးကပ်သော်လည်း ဆူဇီမိုက လုံးဝ ဒဏ်ရာ မရရှိခဲ့ပေ။
“သေစမ်းကွာ”
ဆူဇီမို လှုပ်ရှားပြီးနောက် ထာဘာဖန်၊ ယုဝမ်ဝူကျားနှင့် ကျားနဂါးဂိုဏ်းပြိုင်စံရှားတို့က ဒေါသတကြီး ဟိန်းဟောက်၍ အတူတကွ တိုက်ခိုက်လိုက်ကြ၏။
သူတို့၏ တိုက်ခိုက်မှုများက အလွန်တရာ တိကျလေသည်။
အဲ့ဒါသည် ဆူဇီမိုက သူ့ဆေဘာနည်းစနစ်ကို ထုတ်ဖော်ပြီး သူ့အရှိန်ကို ပြန်သတ်နေစဉ်မှာပင် ရောက်ချလာခြင်း ဖြစ်လေသည်။
သေချာဂရုစိုက်၍ ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုလျှင် ဆေဘာတိုက်ကွက်တစ်ခုစီကြား ချိတ်ဆက်မှု၌ ကွာဟချက်လေးတစ်ခုတော့ ရှိနေတတ်လေသည်။
ထိုကွာဟချက်က ဆေဘာနည်းစနစ်၏ အကြီးမားဆုံး အားနည်းချက်တစ်ခုပင်။
သည့်အရင်ကသာ ဤကဲ့သို့ တိုက်ခိုက်ခံရလျှင် ဆူဇီမိုသည် သူတို့၏ တိုက်ခိုက်မှုများကို ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ဘဲ ထိတ်ထိတ်ပျာပျာ ဖြစ်ရပေလိမ့်မည်။
သိုသော်လည်း အဆူရာယန်ပေးချန်၏ လမ်းညွှန်ပြသပေးမှုအပြီး ဒီလှိုင်းကျမ်းကို ကျင့်ကြံပြီးနောက် ဆူဇီမိုသည် တည်ငြိမ်ပင်လယ်ကျမ်းမှ ဟာကွက်အတော်များများကို ပြုပြင်ဖာထေးနိုင်သွားလေပြီ။
ဝဲကတော့ကို ထုတ်ဖော်ပြီးနောက် ရပ်နားသွားခြင်းအလျှင်း မရှိဘဲ သူ့ခန္ဒာကိုယ်ထဲမှ ဒီရေလှိုင်းများက ဝုန်းကနဲ ထလာပြီး ခွန်အားအသစ်ကို နောက်တစ်ဖန် ထုတ်ဖော်လိုက်၏။
ရွှစ်..
သူ့ဓါးသွားက လည့်ပတ်သွားပြီး ဆူဇီမိုသည် ဆက်တိုက်ခုတ်ချက်သုံးချက်ကို တစ်ဆက်တည်း ထုတ်ဖော်၍ ခုခံလိုက်၏။
သူ့ဓါးသွားမှ ကြီးမားသည့် လှိုင်းလုံးကြီးများက ချက်ချင်း ထွက်ပေါ်လာသည်ဟု ထင်ရလေသည်။
ကြီးမားသည့် လှိုင်းလုံးကြီးက ကမ်းခြေကို ရိုက်ခတ်လိုက်သကဲ့သို့ ဓါးသွားအလင်းက တဖျတ်ဖျတ်လက်ကာ သူတို့သုံးယောက်အပေါ်သို့ လွှမ်းခြုံသွားလေသည်။
တည်ငြိမ်ပင်လယ်ကျမ်း.. မာန်ဟုန်ပြင်းဒီရေ။
ဝဲကတော့ပြီးနောက် မာန်ဟန်ပြင်းဒီရေက ထွက်ပေါ်လာ၏။
အရာရာတိုင်းက အရည်ကဲ့သို့ ချောမွတ်စွာ ရွေ့လျားပြီးသွားပြီး နှောင့်နှေးကြန့်ကြာမှု အလျှင်းမရှိဘဲ ကြီးမားသည့် အားလှိုင်းများက ထွက်ပေါ်လာ၏။
ချွမ်း.. ချွမ်း.. ချွမ်း..
ကျယ်လောင်သော ရိုက်ခတ်သံ သုံးသံက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် ရှေးကျသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ နည်းနည်းလေးမှ ယိမ်းယိုင်မသွားပေ။
သို့သော်လည်း အခုပဲ ရှေ့သို့ ပစ်ဝင်ချလာသော ထာဘာဖန်၊ ယုဝမ်ဝူကျားနှင့် ကျားနဂါးဂိုဏ်းပြိုင်စံရှားတို့သည် တုန်လှုပ်သွားပြီး နောက်သို့ ခြေတစ်လှမ်းစီ ပြန်ဆုတ်လိုက်ရ၏။
လူအုပ်ကြီးက အုန်းအုန်းကျက်ကျက် ဖြစ်သွားကြ၏။
“သူက သန်မာလှချေလားဟ”
“သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စားမွန်းစတားလို့ ခေါ်ကြတာ ဘာမှ မမှားဘူးပဲ.. နတ်ဖီးနစ်ကျွန်းရဲ့ အံ့မခန်းနည်းစနစ်တွေက တစ်ကယ်ကို လက်ဖျားခါချင်စရာပဲ”
“ဟဲဟဲ.. အခုနေ ကောက်ချက်ချဖို့ စောလွန်းပါသေးတယ်လေ.. သူက သန်မာတယ်ဆိုပေမယ့်လဲ မြောက်ပိုင်းဒေသရဲ့ ပြိုင်စံရှားဆယ်ယောက်ကလဲ သွားနောက်လို့ရတဲ့ သူတွေမှ မဟုတ်တာ.. သူတို့အားလုံးက အိပ်ကပ်ထဲမှာ ဝှက်ဖဲကိုယ်စီ ရှိကြပြီးသား.. သူတို့သာ တစ်ကယ်တမ်း အစွမ်းကုန် ထုတ်သုံးကြရင် သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတားလဲ သေရမှာပဲ”
ထာဘာဖန်နှင့် အခြားနှစ်ယောက်၏ အမူအယာက သုန်မှုန်သွားကြ၏။
အဲ့ဒါက ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုသာ ဖြစ်သော်လည်း သူတို့လက်နက်များမှတစ်ဆင့် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ကြောက်စရာကောင်းသည် ဒီရေစွမ်းအားများက တလိပ်လိပ် တိုးဝင်လာပြီး သူတို့ကို အတွင်းဒဏ်ရာများ ရစေလုနီးပါး ဖြစ်သွားခဲ့တာကို သူတို့သုံးယောက်စလုံး ခံစားမိလိုက်ကြ၏။
“တစ်ကယ်ကို.. သူက မခေဘူးပဲ”
ထာဘာဖန်သည် ဒေါသဖြင့် မျက်လုံးနှစ်ဖက်က ပြူးကျယ်လာ၏။ သို့သော် ကြောက်လန့်ရမည့်အစား သူ၏ တိုက်ခိုက်လိုစိတ်က ပိုမိုသိပ်သည်းလာလေသည်။
ရွှစ်..
ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်းဖြင့် သူတို့သုံးယောက်ရှေ့သို့ ချက်ချင်းနီးပါး ရောက်ချလာပြီး မြေပြင်ကို ပြင်းထန်စွာ ပေါက်ချလိုက်၏။
ဘုန်း..
မြေပြင်က လှုပ်ရမ်းသွားပြီး တောင်များက တုန်ခါလာ၏။
သူတို့သုံးယောက်စလုံး တုန်လှုပ်ချောက်ချားသွားကြ၏။
မည်သည့်ထူးခြားသည့် လှုပ်ရှားမှုမှ မပါဘဲ ဆူဇီမို၏ ခြေတစ်လှမ်းတည်းကတောင် ဤမျှ ကြောက်စရာကောင်းလွန်းနေ၏။
သူ့ခြေလှမ်းအောက်မှာ ကမ္ဘာမြေပြင်က ပြိုကျကုန်ပြီဟု ထင်ရလေသည်။
လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းအပြည့်နှင့် ဆူဇီမိုသည် သူ့နောက်ကနေ ဝင်ရောက်လာသည့် ဓါးပျံများကို ဂရုမစိုက်ဘဲ ပြိုင်စံရှားဆယ်ယောက် ဝိုင်းရံထားသည့် ကြားကနေ အရင်ဦးစွာ တိုက်ခိုက်လိုက်၏။
ရွှစ်..
သူ့ဆေဘာမှ ဆူနာမီအသံက ခမ်းနားထည်ဝါစွာ ထွက်ပေါ်လာ၏။
အံ့မခန်း ကြီးမားသည့် အော်ရာတစ်ခုက ကျဆင်းလာ၏။
ကျားနဂါးဂိုဏ်းပြိုင်စံရှား၏ သူငယ်အိမ်နှစ်ဖက်က ချက်ချင်း တင်းကျပ်သွား၏။
သူသည် နှစ်ခါ မစဉ်းစားဘဲ.. သူ့လက်ချောင်းများနှင့် လက်ဖဝါးနှစ်ဖက်ကို ကြီးမားသည့် ကတ်ကြေးတစ်ခုပုံစံ ပြုလုပ်၍ ရှေ့သို့ ပစ်သွင်းလိုက်၏။
“မင်းကတော့ အသေပဲ”
ကျားနဂါးဂိုဏ်းပြိုင်စံရှား၏ မျက်လုံးထဲမှာ ရူးသွပ်မှုက ပြည့်နှက်လာ၏။
တစ်ယောက်-တစ်ယောက်ချင်း တိုက်ခိုက်ကြခြင်းသာဆိုလျှင် အခုချိန်မှာ သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီးနေလောက်လေပြီ။
ဆူဇီမို၏ တိုက်ခိုက်မှုစွမ်းအားက ကြောက်စရာကောင်းလွန်းလှပြီး သူအဲ့ဒါကို ခုခံနိုင်လျှင်တောင် သေချာပေါက် ဒဏ်ရာ ရရှိပေတော့မည်။
သို့သော်လည်း အခုချိန်မှာ အခြေအနေက သူ့ဘက်မှာ အားသာနေသေးပြီး သူ့အနေနှင့် ရွှေအမြုတေနယ်မြေကို ထုတ်ဖော်စရာ မလိုသေးပေ။
ဆူဇီမို၏ နောက်မှာ ဝမ့်ယန်၊ မုရုံဝူရွှမ်းနှင့် အခြားသူများ ပစ်လွှတ်လိုက်သော ဓါးပျံများနှင့် စိတ်ဝိညာဉ်လက်နက်များက လိုက်ပါလာပြီဖြစ်၏။
ထာဘာဖန်နှင့် ယုဝမ်ဝူကျားကလည်း တိုက်ခိုက်လိုက်ကြ၏။
ဆူဇီမိုသာ မရပ်တန့်ဘူးဆိုလျှင် သူက သေချာပေါက် သေရပေတော့မည်။
သူတို့နှစ်ယောက်က အလွန်တရာ နီးကပ်နေကြ၏။
ကျားနဂါးဂိုဏ်းပြိုင်စံရှားသည် သူ့အတွေးနှင့်သူ ရှိနေစဉ်မှာပင် ဆူဇီမို၏ မျက်လုံးထဲမှာ လှောင်ပြောင်သရော်လိုရိပ်ကို မြင်လိုက်ရ၏။
သူ့အတွေးများက ဒီပြန်ဝင်စားမွန်းစတားဆီကနေ ဖုံးကွယ်ထားလို့ မရသည့်ပုံပင်။
ရုတ်တရက်..
အသက်ပြင်းပြင်းရှိုက်၍ ဆူဇီမိုသည် သူ့ပါးစပ်ကို ဖွင့်ဟာ ဟိန်းဟောက်အော်ဟစ်လိုက်၏။
“တိုက်..”
ဝုန်း..
ထိုဟိန်းဟောက်သံတစ်ချက်က မိုးကြိုးတစ်စင်း ပစ်ချလိုက်သလိုပင်။
မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်း..
မြောက်များလှစွာသော လေစီးကြောင်းက ရှေ့သို့ ဝုန်းကနဲ တိုးတက်သွား၏။
ဆူဇီမိုသည် အင်မော်တယ်နှင့် သားရဲလမ်းစဉ် နှစ်မျိုးစလုံးကို လေ့ကျင့် ကျင့်ကြံသူဖြစ်၏။
တာအိုနှစ်မျိုးစလုံးမှာ သူ၏ အမြုတေများကို ဖွဲ့တည်ပြီးနောက် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ စွမ်းအားက သိသိသာသာ မြင့်တက်လာပြီး အလွန်ကြောက်စရာကောာင်းသည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ခပ်လှမ်းလှမ်းမှာ ရပ်နေကြသော မုရုံဝူရွှမ်း၊ ဝမ့်ယန်နှင့် လူတိုင်းသည် တသိမ့်သိမ့် တုန်ယင်သွားပြီး လှည့်ပတ်ထားသော သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များက ခဏမျှ ရပ်တန့်သွားလေသည်။ အကျိုးဆက်အနေနှင့် သူတို့ထိန်းချုပ်ထားသော ဓါးပျံများနှင့် စိတ်ဝိညာဉ်လက်နက်များကလည်း ခဏလေးမျှ ရပ်တန့်သွားကြ၏။
ဆူဇီမို၏နောက် တစ်မီတာကျော်မှာ ပုံရိပ်တစ်ခုက ပေါ်လာ၏။ အဲ့ဒါက အရိပ်မဲ့ဂိုဏ်း၏ ပြိုင်စံရှားပင်။
အစကတော့ သူသည် သူ့ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကို သုံးပြီး ဆူဇီမိုအနားသို့ ချဉ်းကပ်ကာ ထိုသူကို သတ်ဖြတ်ဖို့ ရည်ရွယ်ထားလေသည်။
သို့သော်လည်း သူမျှော်လင့်မထားသည်မှာ သူချဉ်းကပ်လာပြီး မတိုက်ခိုက်ရသေးခင်မှာပင် အလွန်တရာ ကျယ်လောင်သည့် ဟိန်းဟောက်သံတစ်ခုက သူ့ဆီသို့ ပစ်ဆောင့်ဝင်လာလေသည်။
အရိပ်မဲ့ဂိုဏ်းပြိုင်စံရှား၏ မျက်လုံးအိမ်နှစ်ဖက်က ပြူထွက်လာပြီး သူ့နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများက စီးကျလာ၏။
အရိပ်မဲ့ဂိုဏ်းက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းမှာ အထူးပြုကြလေသည်။
ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရမည်ဆိုလျှင် သူတို့၏ ခွန်အားက အခြားဂိုဏ်းများထက် နိမ့်ကျလေသည်။
ဒါ့အပြင် သူက ဆူဇီမိုနှင့် အရမ်းနီးကပ်နေ၏။
ထိုဟိန်းဟောက်သံက သူ့ကို သေလုမျောပါး ဖြစ်သွားစေလေသည်။
ထာဘာဖန်၊ ယုဝမ်ဝူကျားနှင့် ကျားနဂါးဂိုဏ်းပြိုင်စံရှားတို့သည် ခန္ဓာမီးဆေးကျင့်ကြံသူများဖြစ်ပြီး သန်မာသော ကိုယ်ကာယနှင့် ကြွယ်ဝသော မျိုးဆက်သွေးတို့ကို ပိုင်ဆိုင်ကြလေသည်။ ထို့ကြောင့် သူတို့၏ တောင့်ခံနိုင်အားက အရိပ်မဲ့ဂိုဏ်းပြိုင်စံရှားထက် များစွာပို၍ သန်မာအားကောင်းကြ၏။
ထိုသို့ဆိုလျှင်တောင် သူတို့သုံးယောက်က ဆူဇီမိုနှင့် တိုက်ရိုက်ရင်ဆိုင်နေရပြီး အရမ်းနီးကပ်နေကြ၏။ သူတို့လက်ခံရရှိသော ထိတွေ့ရိုက်ခတ်မှုက စဉ်းစားကြည့်ဖို့တောင် ခက်ခဲလေသည်။
သူတို့သုံးယောက်က တသိမ့်သိမ့် တုန်ယင်သွားကြပြီး သူတို့၏ ခေါင်းထဲမှာ တဝီဝီမြည်၍ သူတို့၏ စိတ်က ယာယီအားဖြင့် ဗလာကျင်းသွားကြလေသည်။
သူတို့သုံးယောက်စလုံးသည် ငူငိုင်သွားကြ၏။
ဤအဆင့်တိုက်ပွဲ၌.. အထူးသဖြင့် သေရေးရှင်ရေးဆန်သော အနီးကပ်တိုက်ခိုက်ခြင်း၌.. ယခုကဲ့သို့ ခဏတာလေး အာရုံပျက်ယွင်းခြင်းက တစ်ကယ့် ခဏလေး ဆိုလျှင်တောင် ကိစ္စများစွာကို အဆုံးအဖြတ်ပေးဖို့ လုံလောက်လေသည်။
ဘုန်း..
ဆေဘာက တုတ်တိုနှစ်လက်နှင့် သည်းထန်စွာ ရိုက်ခတ်မိသွား၏။
ပုံမှန်အားဖြင့်ဆိုလျှင် ကျားနဂါးပြိုင်စံရှားက ထိုခုတ်ချက်ကို သေချာပေါက် ခုခံနိုင်ပေလိမ့်မည်။
သို့သော်လည်း ခဏမျှ ငေးကြောင်သွားချိန်၌ သူ့စွမ်းအားက အလွန်တရာ အားနည်းသွားလေသည်။
ထိုခုတ်ချက်က ပကတိ သတ်ဖြတ်ခြင်း လှုပ်ရှားကွက်ဖြစ်ပြီး ကျားနဂါးဂိုဏ်းပြိုင်စံရှားကို ရက်ရက်စက်စက် ပိုင်းဖြတ်ချလိုက်၏။
ဆေဘာသွားက သူ့ခေါင်းပေါ်သို့ ကျဆင်းပြီး တည့်တည့်ကြီး အောက်သို့ နှစ်ပိုင်း ခွဲချသွား၏။
ရွှစ်..
သူ့ကိုယ်တွင်းအင်္ဂါများက ပြန့်ကျဲကျကာ သွေးရနံ့က မွှန်ထွက်လာ၏။
နောက်ထပ်ပြိုင်စံရှားတစ်ယောက်က ကျဆုံးသွားလေပြီ။
မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်းကြောင့်.. ဆူဇီမိုကို ချိန်ရွယ်တိုက်ခိုက်လိုက်ကြသော ဓါးပျံများနှင့် စိတ်ဝိညာဉ်လက်နက်များက ခဏမျှ ရပ်တန့်သွားခဲ့သော်လည်း.. ဆူဇီမို၏ သတ်ဖြတ်ခြင်းကတော့ လုံးဝ ရပ်တန့်မသွားခဲ့ပေ။