ကံကြမ္မာအဆောင်
Vol. 37 Ch. 554
မဟာချွမ်အပျက်အစီးကနေ ငါးကီလိုမီတာအဝေးတွင် ကြီးမားသည့် မဏ္ဍပ်ကြီးတစ်လုံး ရှိနေ၏။
ဟင်္သပဒါးသစ်သီး မှည့်လာခြင်းက နိုးထဝိညာဉ်များထံမှ မဖုံးကွယ်နိုင်ပေ။
ပြိုင်စံရှားများအတွက် စမ်းသပ်ချက်ပြိုင်ပွဲက တရားဝင် စတင်လေပြီ။
မဏ္ဍပ်အပြင်ဘက်တွင် ဂိုဏ်းအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးမှ နိုးထဝိညာဉ်များ ရှိကြလေသည်။ သူတို့သည် ဣန္ဒြေရနေသေးသော်လည်း သူတို့၏ မျက်လုံး အနက်ပိုင်းထဲတွင် စိုးထိတ်မှုက ထင်ဟပ်နေ၏။
ထိုနိုးထဝိညာဉ်များသည် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်စကားပြောဆိုနေခြင်းမျိုးလည်း မရှိကြပေ။
တစ်ဖက်တွင် မဏ္ဍပ်တွင်းရှိ ပကတိအရှင်များကတော့ ပို၍ စိတ်အေးသက်သာစွာ ရှိနေကြလေသည်။
ထိုနိုးထဝိညာဉ်များသည် အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခုမှဖြစ်ပြီး သူတို့၏ ပြိုင်စံရှားများအပေါ် ယုံကြည်မှု အခိုင်အမာ ရှိကြလေသည်။
သူတို့က သူတို့၏ ရန်သူကို အနိုင်မယူနိုင်လျှင်တောင် ဘေးကင်းအောင်တော့ ထွက်ပြေးနိုင်စွမ်း ရှိကြလေသည်။
ထိုနိုးထဝိညာဉ်များက သာမန်ကာလျှံကာ ပုံစံနှင့်ပင် လက်ဘက်ရည်များကို စိမ်ပြေနပြေသောက်၍ စကားစမြည် ပြောဆိုနေကြ၏။
“အားလုံးပဲ.. ဘယ်သူက ဟင်္သပဒါးသစ်သီးကို အရယူပြီး မြောက်ပိုင်းဒေသရဲ့ နံပါတ်တစ် ပကတိသက်ရှိ ဖြစ်လာမလဲဆိုတာ ခန့်မှန်းကြည့်ကြရင် ကောင်းမလား”
မူရုံကလန်၏ ပကတိအရှင်က ယပ်တောင်ကို ဟန်ပါပါခတ်ရင်း ပေါ့ပေါ့ပါးပါးပုံစံနှင့် စကားစလိုက်၏။ သူသည် ရုပ်ရည်ရူပကာ လွန်စွာချောမောပြီး နူးညံ့သိမ်မွေ့သည့်အော်ရာကို ပိုင်ဆိုင်ထားလေသည်။
ကြယ်တာရာလမင်းဂိုဏ်း၏ ပကတိအရှင်က ထူးမခြားနား ပြန်ဖြေလိုက်၏။
“တစ်ကယ်တော့ မြောက်ပိုင်းဒေသရဲ့ နံပါတ်တစ်တာအိုသက်ရှိက ဘယ်သူလဲဆိုတာ လူတိုင်း သိကြပါတယ်.. ဟင်္သပဒါးသစ်သီးအတွက် မတိုက်ခိုက်ရင်တောင် အဲ့ဒါက ဖန်သားနန်းတော်က ရှီဝူယာပဲ”
ရှီးဝူယာဟူသော အသံကိုကြားချိန်တွင် လက်ရှိနိုးထဝိညာဉ်များအားလုံး ချက်ချင်း အသံတိတ်သွားကြ၏။
သူက ဖန်သားနန်းတော်မှ တစ်ကယ့် အနှိုင်းမဲ့ ပြိုင်စံရှားပင် ဖြစ်လေသည်။
သူက မြောက်ပိုင်းဒေသမှာ နှစ်ပေါင်းများစွာ လွှမ်းမိုးခြယ်လှယ်ထားပြီး ရှုံးနိမ့်မှုဆိုတာ ဘာလဲ မသိသည့် လူတစ်ယောက် ဖြစ်လေသည်။
ပြောကြသည်မှာ ရှီးဝူယာသည် နိုးထဝိညာဉ်သို့ တက်လှမ်းဖို့ အခွင့်အရေး ရှိနေပြီးသားဖြစ်၏။ သို့သော်လည်း သူက အဲ့ဒါကို မတက်လှမ်းသေးသည်မှာ ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ပြီး ကမ္ဘာပေါ်ရှိ ပါရမီရှင်ဆိုသူများနှင့် တွေ့ဆုံချင်သေးသောကြောင့် ဖြစ်လေသည်။
ကြောက်စရာအကောင်းဆုံး အချက်မှာ သူ့အသက်က နှစ်တစ်ရာတောင် မပြည့်သေးတာပင်။
သူက အရမ်းကို ငယ်ရွယ်သေးလေသည်။
ရှီဝူယာကသာ အလိုရှိလျှင် သူက အသက်တစ်ရာအောက် နိုးထဝိညာဉ်တစ်ယောက် ဖြစ်လာနိုင်လေသည်။
ဒါ့အပြင် လက်ရှိနိုးထဝိညာဉ်များအားလုံးသည် အချက်တစ်ချက်ကို သိထားကြ၏။
ရှီးဝူယာက နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းပြီးသည်နှင့် သူက အစောပိုင်းအဆင့်မှာသာ ရှိနေသေးလျှင်တောင် သူတို့ကို သတ်ဖြတ်နိုင်ဖို့ အခွင့်များသည်ကို သူတို့ သိထားကြ၏။
အင်မော်တယ်ကိုးဂိုဏ်းနှင့် မိစ္ဆာခုနှစ်ဂိုဏ်းမှ အမွေခံတပည့်များသည် သူတို့၏ အဆင့်ထက် ကျော်လွန်၍ သတ်ဖြတ်နိုင်ကြသည်မှာ သာမန်သာ ဖြစ်လေသည်။
ထာဘာကလန်၏ ပကတိအရှင်က တည်ငြိမ်စွာ ပြောလိုက်၏။
“အဲ့ဒါကို ပြောနေစရာ မလိုပါဘူး.. အနဲဆုံးတော့ ဖန်သားနန်းတော်မှာ ဘာလှုပ်ရှားမှုမှ မရှိတာ.. ကျုပ်
ယူဆတာကတော့ ရှီးဝူယာက ဟင်္သပဒါးသစ်သီးကို စိတ်မဝင်စားဘူး ထင်တာပဲ”
“ရှီးဝူယာ မပါဘူးဆိုရင် နောက်ဆုံး ဘယ်သူ အနိုင်ရမလဲက မှန်းရခက်တယ်”
ထာဘာကလန်၏ ပကတိအရှင်နှင့် အခြားသူများ ဆွေးနွေးနေကြစဉ် မဏ္ဍပ်အပြင်ဘက်မှာ အုန်းအုန်းကျက်ကျက် ထဖြစ်လာ၏။
သူတို့သိုလှောင်အိတ်ထဲကနေ အဆောင်များကို ဆွဲထုတ်လိုက်ကြသော နိုးထဝိညာဉ်များရှိပြီး အချို့အဆောင်များက အပိုင်းပိုင်း ကြေမွကုန်ပြီဖြစ်၏။
ထိုနိုးထဝိညာဉ်များ၏ လက်များက အနည်ငယ်တုန်ရီနေကြပြီး သူတို့သည် ခေါင်းကို ခါရမ်း၍ သုန်မှုန်စွာနှင့် သက်ပြင်းချနေကြ၏။
ထိုသည်ကိုကြည့်ပြီး မဏ္ဍပ်ထဲရှိ အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခုမှ ပကတိအရှင်များ၏ မျက်လုံးများထဲမှာ လှောင်ပြောင်သရော်လိုမှုများက ပေါ်လာ၏။
ကျင့်ကြံရေးလောကတွင် ကံကြမ္မာသင်္ကေတအဖြစ် အသုံးပြုရသော အရာတစ်ခု ရှိလေသည်။
နိုးထဝိညာဉ်အဆင့်သို့ ဝင်ရောက်ပြီး အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံနိုင်သည်နှင့် ထိုကျင့်ကြံသူက သူ၏ စိတ်ဝိညာဉ်အသိစိတ်တစ်စကို ခွဲထုတ်နိုင်ပြီး ဆန်းကြယ်သောကျောက်စိမ်းတစ်ခုထဲသို့ ထိုးသွင်းကာ ကံကြမ္မာသင်္သေတဟုခေါ်သော တစ်မူထူးခြားသည့် ကျောက်စိမ်းလိပ်တစ်ခုကို ဖန်တီးနိုင်လေသည်။
ထိုကံကြမ္မာသင်္ကေတက ကျင့်ကြံသူနှင့် အပြန်အလှန် ဆက်စပ်နေ၏။
သူတို့က မိုင်းပေါင်းသန်းချီ အကွာအဝေးမှာ ရှိနေလျှင်တောင် ထိုကျင့်ကြံသူက သေဆုံးသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးသွားသည်နှင့် ကံကြမ္မသင်္ကေတအတွင်းရှိ သူ၏ စိတ်ဝိညာဉ်အသိစိတ်တစ်စကလည်း ပျက်ပြယ်သွားမည်ဖြစ်ကာ ရလဒ်အနေနှင့် ကံကြမ္မာသင်္ကေတက ကြေမွပျက်စီးသွားပေလိမ့်မည်။
ထို့ကြောင့် အချို့သော ဂိုဏ်းကြီးများမှာဆိုလျှင် သူတို့ဂိုဏ်းရှိ ကျင့်ကြံသူများ၏ ကံကြမ္မာသင်္ကေတများကို ထိန်းသိမ်းထားသည့် အခန်းများ ထားရှိပြီး ထိုအခန်းများကို အထူးတလည် စောင့်ကြပ်ကြည့်ရှုနေကြ၏။
ကံကြမ္မာသင်္ကေတတစ်ခုက ပျက်စီးသွားသည်နှင့် ထိုကျင့်ကြံသူက အနီးနားမှာ ရှိမနေလျှင်တောင် သူက သေဆုံးသွားပြီဆိုတာကို ဂိုဏ်းက သိနိုင်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ တစ်သီးပုဂ္ဂလလေးအုပ်စုမှ တစ်ခုဖြစ်သော ကြိုးကြာတစ်ထောင်ဂိုဏ်းရှိ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ကံကြမ္မာသင်္ကေသ၏ သဘောတရားအပေါ်မှာ အခြေခံပြီး ရွှေအမြုတေများအတွက် ကံကြမ္မာအဆောင်ကို အထူးတလည် ဖန်တီးပေးခဲ့၏။ ထို့နောက် အဲ့ဒါက ကျင့်ကြံရေးလောကမှာ ပျံ့နှံ့သွားခဲ့လေသည်။
သို့သော်လည်း ကံကြမ္မာအဆောင်က အကွာအဝေး အတိုင်းအတာ ကန့်သတ်ချက် ရှိလေသည်။
သူတို့က ကျင့်ကြံသူများနှင့် နီးကပ်လေလေ.. ပို့လွှတ်လိုက်သော သတင်းအချက်အလက်ကို မြန်မြန်ဆန်ဆန် လက်ခံရရှိမည်ဖြစ်ပြီး ပိုပြီးတော့လည်း တိကျမှု ရှိမည် ဖြစ်လေသည်။
ကံကြမ္မာအဆောင်များက သူတို့ကျင့်ကြံသူများနှင့် ကီလိုမီတာ ၅၀ ထက် ပိုဝေးသွားပါက ထိုသူများက သေဆုံးသွားလျှင်တောင် ကံကြမ္မာအဆောင်က မည်သို့မှ အချက်ပြမှာ မဟုတ်တော့ပေ။
အခုအချိန်မှာတော့ မဏ္ဍပ်အပြင်ဘက်ရှိ နိုးထဝိညာဉ်များသည် သူတို့ရွှေအမြုတေများ၏ ကံကြမ္မာအဆောင်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ကိုင်လိုက်ကြ၏။
ထိုကံကြမ္မာအဆောင်များက ကြေမွပျက်စီကုန်ပြီ ဖြစ်လေသည်။
ဆိုလိုသည်မှာ သူတို့၏ တပည့်များ သို့မဟုတ် အရိုက်အရာဆက်ခံသူများက အပျက်အစီးနယ်မြေမှာ ကျဆုံးကုန်ကြလေပြီ။
ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်း၏ ပကတိအရှင်က အေးစက်မောက်မာသော အမူအယာဖြင့် သူ့ခေါင်းကို အနည်းငယ် မော့လိုက်၏။
“ဘာမဟုတ်တဲ့ကောင်တွေကပါ ဟင်္သပဒါးသစ်သီးကို လုယူချင်နေကြတာကိုး.. ဘယ်လောက် ရယ်ဖို့ကောင်းလိုက်လဲ”
“ကျွတ် ကျွတ် ကျွတ်”
အမှောင်တစ္ဆေဂိုဏ်း၏ ပကတိအရှင်က သူ၏ ဝါကျင့်ကျင့်သွားများကို ဖော်ပြီး ကျီးကန်းအော်သလို မနှစ်မြို့ဖွယ် ခပ်စူးစူးရယ်လိုက်၏။
“ငါထင်တာတော့ အဲ့ကောင်လေးတွေက တမလွန်စစ်သားတွေကိုတောင် ကျော်ဖြတ်နိုင်ပါ့မလားပဲ”
မဏ္ဍပ်တွင်းရှိ နိုးထဝိညာဉ်များက စိတ်လက်ပေါ့ပါးစွာနှင့် ရယ်မောလိုက်ကြ၏။
သွေးမြူဂိုဏ်း၏ ပကတိအရှင်က လက်ဖက်ရည်ခွက်ကို မြှောက်ပြီး သောက်ကာ ထူးမခြားနားပုံစံဖြင့် ပြောလိုက်၏။
“ဖင်မှန်းခေါင်းမှန်း နားမလည်တဲ့ သောက်သုံးမကျတဲ့ အမှိုက်တစ်အုပ်ပါကွာ”
ထိုသို့ သူပြောနေရင်း သူ့အမူအယာက ပြောင်းလဲသွားကာ သူ့သိုလှောင်အိတ်ကို အလျှင်အမြန်စမ်း၍ ကံကြမ္မာအဆောင်တစ်ခုကို ထုတ်ယူလိုက်၏။
ထိုကံကြမ္မာအဆောင်က ကြေမွသွားလေပြီ။
“ဘာ... ဘာလဲဟ”
သွေးမြူဂိုဏ်း၏ ပကတိအရှင်သည် သူ့အကြည့်ကို ကျဉ်းမြောင်း၍ အဲ့ဒါကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေ၏။
ခဏနေပြီးနောက် သူသည် စားပွဲခုံကို ဘုန်းကနဲရိုက်ကာ အကန့်အသတ်မဲ့ သတ်ဖြတ်လိုစိတ်နှင့်အတူ ဒေါသတကြီး ထရပ်လိုက်၏။
စားပွဲခုံပေါ်ရှိ လက်ဖက်ရည်ခွက်များက လေထဲသို့ မြောက်တက်၍ ပေါက်ကွဲထွက်သွား၏။
ဟင်္သပဒါးသစ်သီးအတွက် တိုက်ခိုက်မည့် သွေးမြူဂိုဏ်း၏ ပြိုင်စံရှားက သူ၏ ချစ်လှစွာသော တပည့်ဖြစ်လေသည်။
မဟုတ်ပါက သူကိုယ်တိုင် ဒီနေရာထိ ရောက်လာပြီး ထိုပြိုင်စံရှားအတွက် ကံကြမ္မာအဆောင်တစ်ခုကို ပြုလုပ်ပေးခဲ့လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဟင်္သပဒါးသစ်သီးအတွက် တိုက်ပွဲက အခုမှ စတင်ရုံ ရှိသေးချိန်မှာပင် သူ၏ အမွေခံတပည့်က ကျဆုံးသွားလိမ့်မည်ဟု သူလုံးဝ မျှော်လင့်မထားမိပေ။
စောစောကတင် သူသည် အပြင်ဘက်ရှိ နိုးထတိညာဉ်များကို လှောင်ပြောင်နေခဲ့သေး၏။ တစ်ခဏအတွင်းမှာပင် သူ၏ လက်ရင်းတပည့်ကပါ သေဆုံးသွား၏။ အဲ့ဒါက တစ်ကယ့်ကို ဟာသတစ်ခုပင်။
သွေးမြူဂိုဏ်း၏ ပကတိအရှင်သည် လွန်စွာ ဒေါသူပုန်ထနေပြီး သူ့လက်နှစ်ဖက်က တုန်ယင်လာ၏။
အခုချိန်မှာ သူသည် မဟာချွမ်အပျက်အစီးဆီသို့ ပြေးဝင်ချပြီး သူ့တပည့်ကို ဘယ်သူသတ်သွားသလဲ သွားကြည့်ချင်မိ၏။ သို့သော်လည်း အခြားသောနိုးထဝိညာဉ်များက သူ့ကို ထိုသို့ပြုလုပ်ဖို့ ခွင့်ပြုကြလိမ့်မည် မဟုတ်ပေ။
သူတို့ ဒီနေရာမှာ လာထိုင်နေကြသည့် အကြောင်းရင်းမှာလည်း အခြားသော နိုးထဝိညာဉ်များ ဝင်ရောက်နှောင့်ယှက်ခြင်းကို တာဆီးဖို့ ဖြစ်လေသည်။
သွေးမြူဂိုဏ်း၏ ပကတိအရှင်သည် အံကိုကြိတ်၍ ဂနာမငြိမ် ဖြစ်နေပြီး မဏ္ဍပ်ထဲရှိ အခြားသော ပကတိအရှင်များ၏ အမူအယာကို အကဲခတ်ကြည့်လိုက်၏။
ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်း၏ ပကတိအရှင်က သူ့လက်ချောင်းကို ဆန့်ထုတ်၍ စားပွဲခုံကို တတောက်တောက်ခေါက်ပြီး သာမန်ကာလျှံကာပုံစံနှင့် ပြောလိုက်၏။
“တာအိုရောင်းရင်း.. အေးဆေးပေါ့.. ကျင်ကြံသူတွေကြားမှာ တိုက်ကြခိုက်ကြတာက သာမန်ပါပဲ.. အရမ်းကြီးလဲ မလောပါနဲ့ အေးဆေးထိုင်ပြီး လက်ဖက်ရည်လေးဘာလေး သောက်လိုက်ပါဦး”
သွေးမြူဂိုဏ်း၏ ပကတိအရှင်သည် ရင်ထဲမှာ ပေါက်ကွဲတော့မည့်မတတ် ဖြစ်သွား၏။
သူက ဘယ်လိုလုပ်ပြီး လက်ဖက်ရည် အေးအေးသောက်ဖို့ ခံစားချက် ရှိနိုင်ပါဦးမည်နည်း။
သူက ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်း၏ ပကတိအရှင်ကို စိုက်ကြည့်ပြီး အေးစက်စွာ မာန်ဖီလိုက်၏။
“ငါ့တပည့်ကို မင်းတို့ဂိုဏ်းသားက သတ်သွားတာ ဖြစ်ရမယ်”
“ဟုတ်ချင်လဲ ဟုတ်မှာပေါ့”
ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်း၏ ပကတိအရှင်က လှောင်ရယ်လိုက်၏။
“ဒီကိစ္စပြီးသွားရင် မင်းနဲ့ငါနဲ့ စာရင်းရှင်းရမယ်”
“ငါကရော မင်းကို ကြောက်နေလိမ့်မယ် ထင်လို့လား”
ထိုစဉ် ရုတ်တရက် ဂမ္ဘီရအာကာသဂိုဏ်းမှ ပကတိအရှင်၏ အမူအယာက ပြောင်းလဲသွားပြီး သူ့လက်ထဲမှာ ကံကြမ္မာအဆောင်တစ်ခုက ပေါ်လာ၏။
ထိုကံကြမ္မာအဆောင်က ကြေမွသွားလေပြီ။
“ဟဟဟားဟား”
သွေးမြူဂိုဏ်း၏ ပကတိအရှင်က အားပါးတရ ရယ်ချ၍ လှောင်ပြောင်လိုက်၏။
“မင်းတပည့်လဲ အဲ့ဒါကို မကျော်ဖြတ်နိုင်တော့ဘူးနဲ့ တူပါတယ်”
ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်း၏ ပကတိအရှင်သည် ဒေါသ ထောင်းကနဲ ထသွားပြီး သုန်မှုန်နေသော အမူအယာဖြင့် ကံကြမ္မာအဆောင်ကို စိုက်ကြည့်နေ၏။
မဏ္ဍပ်ထဲရှိ အခြားသော နိုးထဝိညာဉ်များသည် အပေါ်ယံမှာ တည်ငြိမ်ပြနေသော်လည်း စိတ်ထဲမှာတော့ ကြိတ်ပြီး ကျေနပ်နေကြ၏။
ကျားနဂါးဂိုဏ်း၏ ပကတိအရှင်က တည်တံ့စွာနှင့် ပြောလိုက်၏။
“ခင်ဗျားတို့နှစ်ယောက် ထိုင်နေကြပါ.. ကိစ္စက ဒီအခြေအနေထိ ရောက်ပြီးမှ ပြန်ပြင်လို့လဲ မရတော့ဘူး.. ခင်ဗျားတို့နှစ်ယောက် ဘာမှ လုပ်စရာ မလိုပါဘူး”
“ဟုတ်တယ်”
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၏ ပကတိအရှင်က ပြောလိုက်၏။
“ပြိုင်စံရှားနှစ်ယောက် ဒီလောက်မြန်မြန် ပျောက်ကွယ်သွားတဲ့ အချက်ကို ကြည့်မယ်ဆိုရင် ဟင်္သပဒါးသစ်သီးက တစ်ကယ်ကို နတ်ကြီးတာပဲ.. ကျုပ်...”
သူ့စကား မဆုံးသေးခင်မှာပင် ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၏ ပတကိအရှင်သည် တစ်ခုခုကို အာရုံခံမိသွားပြီး သူ့မျက်နှာက တောင့်တင်းသွားကာ သိုလှောင်အိတ်ထဲကနေ ကံကြမ္မာအဆောင်တစ်ခုကို ဆွဲထုတ်လိုက်၏။
ကံကြမ္မာအဆောင်က အရောင်မှိန်သွားသော်လည်း အကောင်းအတိုင်းတော့ ရှိနေသေး၏။
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၏ ပကတိအရှင်သည် အနည်းငယ် စိတ်သက်သာရာ ပြန်ရကာ သက်ပြင်းချလိုက်၏။
ဆိုလိုသည်မှာ သူ၏ အရိုက်အရာဆက်ခံသူက အပြင်းအထန် ဒဏ်ရာရရှိသွားပြီဖြစ်၏။ သို့သော်လည်း အနည်းဆုံး အသက်တော့ ရှင်နေသေးလေသည်။