ရှန်ရှန့်ကျုံဂိုဏ်း တစ်ကိုယ်တော်ပြပွဲ။
Vol. 5 Ch. 58
ဝမ်ဖုန်းသည် မိမိမှာ သိက္ခာရှိရည်မွန်သူတစ်ယောက်ဟု မတွေးထားပါချေ။ မိမိမှာ လှပသည့်အမျိုးသမီးလေးများကို မြင်တွေ့ပါရက်နှင့် ဖြတ်လျှောက်သွားတတ်သူလည်း မဟုတ်ပေ။ ယဲ့မုချင်၏ဇစ်မြစ်သည် ထူးကဲသာလွန်လိမ့်မည်ကို သိသော်ငြား သူ၏စိတ်နှလုံးမှ ဖြစ်ပေါ်လာသည့်စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ဘဲ ရှိနေရသည်။
‘မည်သည့်အရပ်မှ ဤခံစားချက်များ ဝင်ရောက်လာခဲ့သည်ကို မသိသော်ငြား ချစ်ကျွမ်းဝင်နေခဲ့ပြီးဖြစ်သည်’ဟူသော အဆိုကဲ့သို့ပင်ဖြစ်၏။
ဤအန္တာရာယ်များလှသော နတ်သူငယ်ကဲ့သို့မိန်းကလေးကို ဝမ်ဖုန်း တွေးတောခန့်မှန်းခြင်းမပြုလိုပါ။ မိမိသည် ခင်ပွန်းသည်ဖြစ်ပြီး ထိုမိန်းကလေးသည် ဇနီးသည်ဖြစ်သည်နှင့်ပင် ပြီးပြည့်စုံပြီဖြစ်သည်။
“ယောက်ျား သွားရအောင်”
ဝမ်ဖုန်း အတွေးထဲနစ်မျောနေစဉ်တွင် နူးညံ့သည့်အသံလေး ထွက်ပေါ်လာ၏။ ဝမ်ဖုန်းလှည့်ကြည့်လိုက်ရာ သူ့အား ကလူ၏မြှူ၏ဖြင့်ကြည့်နေသော ယဲ့မုချင်ကို မြင်လိုက်ရသည်။ ယဲ့မုချင်၏အပြုံးသည် နွေဦးလေပြေလေးတိုက်ခတ်သွားသည့်အလား ခံစားရစေရာ ဝမ်ဖုန်းသည်လည်း စိတ်ပျော်ရွှင်စွာဖြင့် လိုက်ပါပြုံးမိပေသည်။
“ကောင်းပြီ”
ဝမ်ဖုန်း၏မျက်လုံးများတွင် အရောင်ဖျော့ဖျော့တောက်ပနေလျက် အပြုံးလေးဖြင့်ပြော၏။
နှစ်ဦးသားသည် ကြေးညိုခန်းမထဲမှ ဘေးချင်ယှဉ်ထွက်လာခဲ့ကြသည်။ အနီးမှ ရရှိနေသည့်ရနံ့ကြောင့် ဝမ်ဖုန်း တစ်ကိုယ်တည်းတွေးမိလိုက်သည်။ သူ၏နှလုံးအိမ်တွင်းရှိ သံယောဇဉ်သည် နောက်ထပ်တစ်လွှာ ထပ်မံရစ်ပတ်ခဲ့လေပြီ။
ကြေးညိုခန်းမထဲမှ ထွက်လာပြီးနောက်တွင် ကြောက်မက်ဖွယ်ဖိအားကို ခံစားရလိမ့်မည်ဟု ဝမ်ဖုန်း ထင်ထားခဲ့သည်။ သို့သော် ဖိအားစိုးစဉ်းကိုမျှ မခံစားရလေရာ ဝမ်ဖုန်းမှာ မင်သက်သွားရ၏။။
ဘာဖြစ်လို့လဲ?
ဝမ်ဖုန်း သံသယမကင်းစွာ ရှေ့သို့အနည်းငယ် ခြေလှမ်းလိုက်သည်။
ဘုန်း!
ဝမ်ဖုန်းသည် ယဲ့မုချင်နှင့် ဆယ်မီတာခန့်အကွာအဝေးသို့ရောက်သည်တွင် ကြောက်မက်ဖွယ်ဖိအားကြီး ပြန်လည်ဖြစ်တည်လာခဲ့သောကြောသ့် ဝမ်ဖုန်းမှာ တစ်ကိုယ်လုံးတုန်ရီလျက် နဖူးတွင် ချွေးစေးများထွက်လာခဲ့ရသည်။
သို့နှင့် ယဲ့မုချင်ရှိရာသို့ အမြန်ပြန်လာခဲ့ရာ တစ်ဖန် ပြန်ပေါ့ပါးသွားခဲ့သည်။ ထိုသို့မူမမှန်သည့်ဖြစ်ရပ်သည် ဝမ်ဖုန်းကို မျက်မှောင်ကြုတ်မိစေ၏။ ဝမ်ဖုန်းသည် ဘေးရှိ ချစ်မြတ်နိုးဖွယ်လူသားကို စကားမဆိုဘဲ ငေးစိုက်ကြည့်နေခဲ့သည်။ သံသယများကိုမူ စိတ်နှလုံး၏အနက်ရှိုင်းဆုံးတွင် နစ်မြှုပ်ထားခဲ့သည်။
ထို့နောက်တွင် ဝမ်ဖုန်းသည် ယဲ့မုချင်ကို ရှေးဟောင်းနတ်ဘုရားနယ်မြေအစွန်းဖျားထိ ခေါ်ဆောင်လာခဲ့သည်။ ရှေးဟောင်းနတ်ဘုရားနယ်မြေအတွင်းပိုင်းတွင် အချိန်စီးဆင်းမှုကို မခံစားရသည်ဖြစ်ရာ နတ်ဆိုးချိပ်ပိတ်ညီလာခံ ပြီးဆုံးသွားခဲ့ပြီလော ဝမ်ဖုန်း မသိပါချေ။
ဤတစ်ကြိမ်တွင် ယဲ့မုချင်နှင့်အတူ လျှောက်လှမ်းလာခဲ့၍ ဖိအားကြီးမရှိတော့သည်ဖြစ်ရာ ပို၍လျင်မြန်ခဲ့သည်။
ဝမ်ဖုန်းသည် ယဲ့မုချင်၏လက်ကိုဆုပ်ကိုင်၍ အတူတကွ ပျံသန်းလိုက်၏။ ချိုမြိန်သည့်ရယ်မောသံလေးကို ကြားလိုက်ရသည်တွင် ဝမ်ဖုန်း၏မျက်နှာထက်တွင် နူးညံ့သည့်အပြုံးတစ်ခုဖြစ်ထွန်းသွားခဲ့သည်။
‘ငါဟာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲလို့။ အခုကစပြီး သူ့ကိုထိပါးရဲတဲ့သူ ဘယ်သူပဲဖြစ်ပါစေ သေရလိမ့်မယ်!’
ဝမ်ဖုန်းသည် သူ၏ဘေးရှိ နတ်သူငယ်တစ်ပါးကဲ့သို့ ချစ်မြတ်နိုးဖွယ်သောလူသားကို ငေးစိုက်ကြည့်ရင်းဖြင့် စိတ်တွင်းမှ ခိုင်မာစွာပြောခဲ့သည်။
အချိန်ခဏမျှကြာပြီးနောက်တွင် တစ်ယောက်တည်းရပ်နေသည့်ချုံဖုန်းကို မြင်တွေ့လိုက်ရသည်။ ကြောက်မက်ဖွယ်ဖိအားဖြင့် ကျင့်ကြံနေသည့်ချုံဖုန်းသည်လည်း ဝမ်ဖုန်းတို့နှစ်ဦးကို အလိုအလျောက် မြင်တွေ့နေခဲ့ပါ၏။
သို့သော်ငြား ဝမ်ဖုန်း၏ဘေးရှိ ယဲ့မုချင်ကို မြင်တွေ့လိုက်သည်တွင် ချုံဖုန်းမှာ အံ့ဩထိတ်လန့်သွား၏။ တစ်ချက်ကြည့်ပြီးနောက်တွင် အလျင်အမြန် ခေါင်းငုံ့လိုက်ကာ နောက်တစ်ကြိမ် ထပ်မံမကြည့်ရဲတော့ပေ။
ဤလောကကြီးတွင် ထိုကဲ့သို့သောလူ ရှိပါ၏လော။ တစ်ချက်ကြည့်ရုံမျှဖြင့်ပင် ချုံဖုန်း၏ ဓားနှလုံးသားမှာ ပျက်စီးလုနီးပါးဖြစ်သွားခဲ့ရသည်။
“ချင်အာ ဒါက ချုံဖုန်း။ ကိုယ်တို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ”
ဝမ်ဖုန်းသည် ခေါင်းငုံ့နေသည့်ချုံဖုန်းကိုကြည့်၍ ပြုံးလိုက်ပြီးနောက် သူ၏ဘေးရှိ ယဲ့မုချင်ကို မိတ်ဆက်ပေးခဲ့သည်။
“ရှန်ရှန့်ကျုံဂိုဏ်း?”
“ဟုတ်တယ်။ ရှန်ရှန့်ကျုံဂိုဏ်းက ကိုယ်တည်ထောင်ထားတဲ့ဂိုဏ်းလေ”
ဝမ်ဖုန်းသည် မိန်းကလေး၏အံ့အားသင့်သွားသည့်မျက်နှာကိုကြည့်၍ ပြုံးနေခဲ့သည်။
“အဲ့တော့ ချင်အာက ဂိုဏ်းချုပ်ကတော်လား”
“ဒါပေါ့”
“ခစ်ခစ်”
ယဲ့မုချင်မှ ထပ်မံရယ်မောလာခဲ့သည်။ သူမ၏အပြုံးသည် မထင်ရှားလှသော်ငြား အလွန်တရာလှပပေသည်။
“ဂိုဏ်းချုပ်ကတော်ကို ဂါရဝပြုပါတယ်”
ဝမ်ဖုန်းတို့နှစ်ဦး အပြန်အလှန်ပြောဆိုနေကြသည့် စကားများကိုကြားသည်တွင် ချုံဖုန်း၏မျက်နှာမှာ တောင့်ခဲသွားခဲ့ပြီး အလျင်အမြန် အရိုအသေပေးခဲ့သည်။ ချုံဖုန်း၏လေးစားသမှုရှိနေပုံမှာ ဝမ်ဖုန်းထက်ပင် ပို၍လေးစားမှုရှိနေသေး၏။
“အာ!”
ချုံဖုန်း၏ထိုအပြုအမူသည် ယဲ့မုချင်ကို အံ့ဩထိတ်လန့်သွားစေခဲ့သည်။ အဘယ်ကြောင့် ထိုသို့ပြုမူရသနည်းဟူသော အကြည့်တို့ဖြင့် ဝမ်ဖုန်းနောက်တွင်ပုန်းကွယ်လျက် ချုံဖုန်းကို ကြည့်နေခဲ့သည်။
ဝမ်ဖုန်းသည် ယဲ့မုချင်၏လက်ဖမိုးလေးကို အသာအယာ ခပ်ဖွဖွပုတ်၍ ချုံဖုန်းကိုလှည့်ကြည့်ကာ ခေါင်းခါပြ၏။
မိန်းကလေးသည် စက္ကူအလွတ်တစ်ရွက်ကဲ့သို့ ရိုးရှင်းလှသည်။ ၎င်းအချက်သည်ပင် သူမအား နတ်သမီးတစ်ပါးကဲ့သို့ သဘာဝကျစွာသောအသွင်အပြင်မျိုး ပေါ်လွင်စေခြင်းဖြစ်သည်။
ချုံဖုန်း ခေါင်းညိတ်လိုက်သည်။ ယဲ့မုချင်ကို ထပ်မံ အရိုအသေမပြုတော့ဘဲ ဘေးတွင်တိတ်ဆိတ်စွာရပ်နေလိုက်၏။ သို့သော် ချုံဖုန်း၏စိတ်ထဲတွင်တော့ သံသယများစွာ ဖြစ်တည်နေခဲ့သည်။
ဥပမာဆိုရပါလျှင် ဂိုဏ်းချုပ်သည် ရှေးဟောင်းနတ်ဘုရားနယ်မြေထဲသို့ တစ်ဦးတည်း ဝင်ရောက်သွားခဲ့ခြင်းဖြစ်၏။ အဘယ်ကြောင့်များ ပြန်ထွက်လာချိန်တွင် နှစ်ယောက်ဖြစ်နေရသနည်း။
နောက်ထပ်ဥပမာဆိုရပါလျှင် အဘယ်ကြောင့် ဂိုဏ်းချုပ်ကတော်သည် သေမျိုးတစ်ဦးကဲ့သို့အသွင်အပြင် ရှိနေရသနည်း။ သေမျိုးများသည် ရှေးဟောင်းနတ်ဘုရားနယ်မြေတွင် ရပ်တည်နိုင်ပါ၏လော။
မည်သို့ပင်ဖြစ်စေ ချုံဖုန်းသည် မိမိ၏စိတ်တွင်း၌ သံသယများစွာရှိနေသော်ငြား ထုတ်ဖော်မေးမြန်းခြင်း မပြုခဲ့ပါ။ မေးမြန်းသင့်သည်၊ မမေးမြန်းသင့်သည်ကို ချုံဖုန်း ကောင်းစွာခွဲခြားသိပါ၏။
“သွားကြစို့”
ဝမ်ဖုန်းသည် ချုံဖုန်းကိုကြည့်၍ လေးနက်သည့်အသံဖြင့်ပြောခဲ့သည်။
စကားဆုံးသည်နှင့် ဝမ်ဖုန်းသည် ယဲ့မုချင်၏လက်ကိုဆုပ်ကိုင်၍ ရှေးဟောင်းနတ်ဘုရားနယ်မြေအစွန်းသို့ ပျံသန်းသွားခဲ့သည်။ ချုံဖုန်းသည်လည်း တုံ့ဆိုင်းခြင်းမရှိ နောက်မှလိုက်ပါသွားခဲ့သည်။
…..
ထိုအချိန် ရှန်လင်ချန်နယ်မြေ၌
တိတ်ဆိတ်နေပေသည်။
တိတ်ဆိတ်နေသည်မှာ အပ်ကျသံပင် ကြားရနိုင်သည်အထိဖြစ်သည်။
စွမ်းအားကြီးပုဂ္ဂိုလ်ကြီးများအားလုံးသည် နတ်ဆိုးချိပ်ပိတ်အဆင့်အမည်စာရင်းမှ ရွှေရောင်အမည်ငါးခုကို ကြောင်အစွာ စိုက်ကြည့်နေကြ၏။ စစ်သူကြီးချန်းလီသည်ပင် နှလုံးအိမ်ခုန်လှုပ်သွား့ခဲရသည်။
အိမ်ရှေ့စံမင်းသား၏ တစ်ကိုယ်တော်ပြပွဲဖြစ်သည့် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံသည် ရှန်ရှန့်ကျုံဂိုဏ်း၏ တစ်ကိုယ်တော်ပြပွဲအဖြစ် ပြောင်းလဲသွားလေသည်။
ထိုရှန်ရှန့်ကျုံဂိုဏ်းသည် အဘယ်သို့သော ဂိုဏ်းမျိုးဖြစ်သနည်း။
စစ်သူကြီးချန်းလီသည် မျက်လုံးမှိတ်လျက် အနားယူနေသည့် ချီမိန်ချွှေရွှယ်တို့ကို ကြည့်လိုက်ရာ သူ၏စိတ်နှလုံးတွင် ကြောက်ရွံ့မှုသသံသယများကို ခံစားလိုက်ရပေသည်။
ဧကရာဇ်ကြီးသည် အင်ပါယာ၏ဂိုဏ်းကြီးတစ်ဂိုဏ်းကို အပီအပြင်ရိုက်ခတ်တော့မည်တွင် ဆန်းကြယ်နက်နဲလှသည့် ရှန်ရှန့်ကျုံဂိုဏ်းဟူသည် ပေါ်ထွက်လာခဲ့ပြန်သည်။ ဧကရာဇ်ကြီးမှ ထိုသတင်းကိုကြားသိပါလျှင် မည်မျှစိတ်ဆိုးဒေါသထွက်မည်ကို မှန်းဆကြည့်၍မရနိုင်ပါချေ။
နတ်ဆိုးချိပ်ပိတ်အဆင့်အမည်စာရင်းမှာ ဤသို့ဖြစ်၏။
“အဆင့်တစ်: ရှန်ရှန့်ကျုံဂိုဏ်း လီဟေး။ အဆင့်နှစ်: ရှန်ရှန့်ကျုံဂိုဏ်း မုယွင်ဖေး။ အဆင့်သုံး: ရှန်ရှန့်ကျုံဂိုဏ်း လင်းဖေးဝူ။ အဆင့်လေး: ထျန်းရှင်းဂိုဏ်း လီထျန်းရှင်း။ အဆင့်ငါး: ဝူရှန်းဂိုဏ်း ဝူနျာန်”
“ဟေး! နတ်ဆိုးချိပ်ပိတ်အဆင့်ရဲ့ ထိပ်တန်းသုံးနေရာကို ရှန်ရှန့်ကျုံဂိုဏ်းက သိမ်းပိုက်ထားတာလား”
“ကြောက်ဖို့ကောင်းလိုက်တာ.. အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဇစ်မြစ်က တကယ်ပဲဘာလဲ”
“ဟုတ်ပ! အိမ်ရှေ့မင်းသားတောင် သူတို့ယှဉ်တာခံလိုက်ရတယ်”
“ကံကောင်းလို့ ငါတို့အင်ပါယာရဲ့ဂိုဏ်းတွေက ထိပ်တန်းငါးဆင့်ထဲရှိနေသေးတယ်။ ခြုံငုံလိုက်ရင်တော့ ငါတို့အင်ပါယာရဲ့ဂိုဏ်းတွေအတွက် အရှက်ရမှာကို ကယ်တင်ပေးလိုက်တာပဲပေါ့”
“အဲဒီ့လီထျန်းရှင်းနဲ့ ဝူရှန်းဂိုဏ်းရဲ့ဝူနျာန်တို့က အိမ်ရှေ့မင်းသားကို လွှမ်းမိုးနိုင်တဲ့အထိ စွမ်းအားကြီးလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူးပဲ”
ကျင့်ကြံသူများစွာတို့မှာ အံ့ဩထိတ်လန့်နေကြ၏။ လီထျန်းရှင်းနှင့် ဝူနျာန်တို့သည် ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ပြီးဖြစ်သည်ကို သူတို့ မသိကြသေးပေ။ သိသွားပါက ပို၍အံ့ဩထိတ်လန့်ကုန်ကြပေမည်။
တာ့အိုဝတ်ရုံဖြင့် လှပသည့်အမျိုးသမီးသည် လီထျန်းရှင်း၏အမည်ကို ထိပ်တန်းငါးဆင့်တွင် တွေ့လိုက်ရသည်ကြောင့် ဝမ်းမြောက်သွား၏။ သို့သော် ထိပ်တန်းသုံးဆင့်ကို မြင်တွေ့ပြီးသည်တွင် တစ်ဖန် မျက်နှာမကောင်းတော့ချေ။
သူမ၏ထျန်းရှင်းဂိုဏ်းသည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် ပဋိပက္ခမရှိခဲ့ဖူးသော်ငြား သူမသည် ရှန်ရှန့်ကျုံဂိုဏ်းကို အတော်လေးသဘောမကျပေ။ ရှန်ရှန့်ကျုံဂိုဏ်းတပည့်သုံးဦးမှ ထိပ်တန်းသုံးဆင့်ကိုရရှိခဲ့သော်ငြား သူမသည် ရှန်ရှန့်ကျုံဂိုဏ်းမှာ လှည့်စားမှုတချို့ရှိနေသည်ဟု တွေးတောနေဆဲဖြစ်သည်။
တစ်ဖက်တွင်လည်း ချင်းယွမ်စံအိမ်တော်၏ အကြီးအကဲချင်ရှန်းနှင့် အကြီးအကဲကျူးယွင်သည် ခုန်လှုပ်နေသော နှလုံးအစုံဖြင့် တစ်ဦးကိုတစ်ဦးကြည့်နေခဲ့ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် ကျော်ကြားမှုကိုရယူနိုင်သော်ငြား ဤမျှအင်အားကြီးသန်မာရန်မူ မမျှော်လင့်ထားခဲ့ပေ။ ဂိုဏ်းတပည့်များသည်ပင် ထိုမျှစွမ်းအားကြီးမားကြလေသည်။
အံ့ဩထိတ်လန့်ရင်းဖြင့်ပင် အကြီးအကဲချင်ရှန်းသည် တိတ်တဆိတ်သက်ပြင်းချမိ၏။ ဧကရာဇ်သည် အမှောင်ထုလှိုင်းလေထန်မည်ကို စိုးရိမ်ပူပန်နေခဲ့သည်။ သို့သော် တစ်ခါတစ်ရံတွင် အလင်းသည် စူးရှတောက်ပလွန်းတတ်လေရာ ကောင်းမွန်သည့်အရာမဟုတ်ချေ။
အကြီးအကဲချင်ရှန်းသည် မျက်လုံးမှိတ်လျက် အနားယူနေဆဲဖြစ်သည့် ချီမိန်ချွှေရွှယ်တို့ကို ကြည့်လိုက်သည်။ သူတို့၏ပုံစံမှာ မိမိတို့ဂိုဏ်းတပည့်များ၏စွမ်းအားကို သိထားပြီးဖြစ်၍ နတ်ဆိုးချိပ်ပိတ်ညီလာခံတွင် အနိုင်ရမည်ကို သေချာနေခဲ့ပုံရလေသည်။ သို့မဟုတ်ပါက အဘယ်သို့များ ဤမျှတည်ငြိမ်အေးဆေးနေနိုင်ပါမည်နည်း။
ဂိုဏ်းကြီးများသည်ပင် သူတို့၏ဂိုဏ်းတပည့်မှ ထိုဂုဏ်သရကိုဆောင်ကြဉ်းနိုင်ခဲ့ပါလျှင် သူတို့၏အင်အားကို ကြွားဝါနေကြမည်ဖြစ်သည်။ ဤကဲ့သို့ တည်ငြိမ်အေးဆေးနေရန် မဖြစ်နိုင်ပေ။
အကြီးအကဲချင်ရှန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအပေါ် ပို၍သတိတကြီးဖြစ်လာခဲ့ကာ ပို၍ကြောက်ရွံ့လာခဲ့ရသည်။
“စစ်သူကြီး ရှန်ရှန့်ကျုံဂိုဏ်းတပည့်လင်းဖေးဝူက ယောင်ဖုန်းမြို့ လင်းမိသားစုရဲ့ တစ်ဦးတည်းသောကျန်ရစ်သူပါ”
စစ်သည်တစ်ဦးမှ စစ်သူကြီးချန်းလီ၏ နားသို့ကပ်၍တီးတိုးပြော၏။
“အမ်?”
ထိုစကားကြောင့် စစ်သူကြီးချန်းလီသည် အံ့အားသင့်သွားခဲ့ပြီး မျက်ခုံးများတွန့်ချိုးသွား၏။ ထိုရှန်ရှန့်ကျုံဂိုဏ်းသည် သေခြင်းရှင်ခြင်းကိုပင် အမှုမထားသည်အထိ မောက်မာထောင်လွှားလေရော့သလား။ လင်းမိသားစု၏ကျန်ရစ်သူကိုပင် ဂိုဏ်းတပည့်အဖြစ် လက်ခံဝံ့ခဲ့သည်တဲ့။
ယောင်ရီအင်ပါယာ၏စစ်သူကြီးတစ်ဦးအနေဖြင့် ချန်းလီသည် လင်းမိသားစု၏အရေးကိစ္စကို သိထားပါ၏။ လင်းမိသားစု၏အရေးကိစ္စကို သိထားသူတိုင်းသည် ထိုမိသားစုကို မည်သူမျှမထိရဲကြချေ။ ဂိုဏ်းကြီးများသည်ပင် မြွေများ၊ ကင်းမြီးကောက်များအလား ကြောက်ရွံ့ကြပေသည်။
ဒါပေမဲ့ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုများလုပ်ရဲတာ?
ထို့ပြင် ချန်လင်မြို့စား၏သားဖြစ်သူသည် လင်းမိသားစု၏ကျန်ရစ်သူကို လိုက်လံဖမ်းဆီးရင်းမှ အသတ်ခံခဲ့ရသည်ကို စစ်သူကြီးချန်းလီ သိထား၏။ ချန်လင်မြို့စားသည် သားဖြစ်သူအတွက် လက်စားချေရန်ထွက်သွားခဲ့ပြီး ပြန်ရောက်မလာသေးပေ။ သို့သော် လင်းမိသားစု၏ကျန်ရစ်သူသည်တော့ နတ်ဆိုးချိပ်ပိတ်ညီလာခံတွင် ထွက်ပေါ်လာခဲ့၏။
ဒါတွေအားလုံး ဘယ်လိုတွေဖြစ်ကုန်ရတာလဲ?
ချန်းလီ၏စိတ်နှလုံးမှာ အလွန်တရာလေးနက်လာခဲ့ရလျက် ရှင်းပြ၍မရနိုင်သည့် သံသယများလည်း ကြီးထွားလာခဲ့သည်။ ယောင်ရီအင်ပါယာကြီးကို မြူခိုးထုတစ်လွှာ ပိတ်ဖုံးကာဆီးထားသည်ဟု ခံစားလိုက်ရပေသည်။
“ရှန်ရှန့်ကျုံဂိုဏ်းနဲ့ပတ်သက်ပြီး အချက်အလက်တွေရှိလား”
ချန်းလီ အသံနိမ်ဖြင့်မေးခဲ့သည်။
“ရှန်ရှန့်ကျုံဂိုဏ်းက မကြာသေးခင်ကမှ ရှင်းယောင်တောင်တန်းမှာ ပေါ်ထွက်လာခဲ့တာပါ။ ပထမတိုက်ပွဲမှာ ရှင်းယောင်တောင်တန်းရဲ့ ပထမဆုံးဂိုဏ်းအဖြစ် လင်းယွမ်ဂိုဏ်းကိုဖျက်ဆီးခဲ့ပါတယ်။ ပြီးတော့ နတ်ဆိုးချိပ်ပိတ်ညီလာခံကို ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ချီမိန်ချွှေရွှယ်က စစ်ဖန်းခန်းမအကြီးအကဲကွေ့ရှုံးရဲ့ လက်ကိုဖြတ်ခဲ့ပါတယ်”
ချန်းလီ၏အမေးကို စစ်သည်မှ အလျင်အမြန်ဖြေကြား၏။။
“ဒီထက်ပိုပြီး အသေးစိတ်အချက်အလက်တွေ ရှိသေးလား”
စစ်သူကြီးချန်းလီသည် စစ်သည်၏အဖြေကို စိတ်မကျေနပ်သေးပေ။ ချန်းလီသည် ပို၍တည်ကြည်လေးနက်လာ၏။ အင်ပါယာကြီးတစ်ခုလုံး၏ အင်အားကိုအသုံးပြုပြီး ရရှိလာသည်မှာ ဤမျှနည်းပါလှသောသတင်းအချက်အလက်သာဖြစ်ခဲ့သည်တဲ့?
စစ်သည်မှ ခေါင်းခါယမ်း၏။
စစ်သည်၏ထိုအမူအရာသည် စစ်သူကြီးချန်းလီအား ရှန်ရှန့်ကျုံဂိုဏ်းနှင့်ပတ်သက်၍ ပိုမိုစိုးရိမ်ကြောင့်ကြစေပေသည်။ ချန်းလီသည် အင်ပါယာ၏အင်အားကို ကောင်းစွာသိပါ၏။ ထို့ကြောင့် အသေးစိတ်အချက်အလက် အနည်းငယ်သော်မျှ မရှာဖွေနိုင်ခဲ့ခြင်းသည် ထိုရှန်ရှန့်ကျုံဂိုဏ်းမှာ မည်မျှကြောက်မက်ဖွယ်အင်အားဖြစ်လိမ့်မည်ကို မှန်းဆကြည့်ရန်လုံလောက်ပေသည်။
အရေးကြီးသည့်အချက်မှာ သူ၏စိတ်နှလုံးတွင် ပို၍ဆိုးရွားသည့်မှန်းဆချက် ရှိနခြင်းဖြစ်သည်။ ထိုလင်းဖေးဝူသည် ချန်လင်မြို့စား၏သေဆုံးမှုနှင့် ပတ်သက်ဆက်နွယ်မှုကြီးမား၏။ ချန်လင်မြို့စားသည် လင်းဖေးဝူကို ဘေးအန္တရာယ်ကင်းကင်းဖြင့် နတ်ဆိုးချိပ်ပိတ်ညီလာခံသို့ လွှတ်ပေးလိုက်မည်မဟုတ်ပေ။ သို့သော် လင်းဖေးဝူသည် အမှန်တကယ်ကို ဘေးအန္တရာယ်ကင်းကင်းဖြင့် နတ်ဆိုးချိပ်ပိတ်ညီလာခံတွင် ပါဝင်ဆင်နွှဲနေ၏။
လင်းဖေးဝူသည် ချန်လင်မြို့စား၏ စုံစမ်းစစ်ဆေးမှုမှ လွတ်မြောက်အောင် ရှောင်တိမ်းနိုင်ခဲ့သည်လော သို့မဟုတ်…
သာမန်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပါလျှင် ချန်းလီသည် ဒုက္ခများနေရမည်မဟုတ်ပေ။ သူ၏လက်တစ်ချက်အဝှေ့တွင် တော်ဝင်စစ်တပ်သည် ဂိုဏ်းကြီးတစ်ဂိုဏ်းကို ဖျက်ဆီးပစ်နိုင်၏။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်း၏ အသေးစိတ်အချက်အလက်များကို မသိရဘဲ ခန့်မှန်းကြည့်ရန်လည်း နက်နဲလှသည်ဖြစ်ရာ လုပ်ဆောင်ရန်ခက်ခဲပေသည်။
ဟက်! ဟက်!
ရှန်းလင်းချန်အထက်ကောင်းကင်တွင် လေဟာပြင်ကိုထိုးဖောက်လာသည့် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့ရာ အထပ်မြင့်ရှိကျင့်ကြံသူများစွာတို့သည် အနီးကပိသေချာကြည့်ရှုလိုက်ကြသည်။ ၎င်းမှာ ရှေးဟောင်းနတ်ဘုရားနယ်မြေမှပြန်လာကြသော ထောင်လွှားတတ်သော အိမ်ရှေ့မင်းသားဦးဆောင်သည့်အုပ်စုဖြစ်လေသည်။
လင်းဖေးဝူတို့အုပ်စုသည် နယ်မြေထဲတွင် လုပ်ဆောင်မှုကောင်းမွန်လှသော်ငြား ထိုကျင့်ကြံသူများ၏နောက်တွင်သာရပ်နေခဲ့လျက် ထိုကျင့်ကြံသူများနှ့င် အတူတကွ မရပ်တည်ကြပေ။
ထိုမျိုးဆက်သစ်ဂိုဏ်းတပည့်များ ရှန်းလင်းချန်၌ပေါ်ထွက်လာသည်နှင့် လေဟာပြင်တွင် ကြီးမားလှသည့်အမည်စာရင်းလည်း ပေါ်ထွက်လာခဲ့သည်။ ရွှေရောင်ထိပ်တန်းအဆင့်အမည်ငါးခုသည် နေရာရှိလူအပေါင်းကို အမြင်ကန်းစေလုနီးပါး တောက်ပနေ၏။
အမည်စာရင်းကိုမြင်သောအခါ အိမ်ရှေ့မင်းသားယုဖေး၏မျက်နှာမှာ မည်းမှောင်သွား၏။ သူ၏တစ်ကိုယ်လုံးတွင် ပြင်းရှသည့်အရှိန်အဝါများ ဖုံးလွှမ်းလာခဲ့လေရာ သူ၏ဘေးရှိ ဂိုဏ်းကြီးမှကျင့်ကြံသူများမှာ မထိန်းချုပ်နိုင်စွာ တုန်ရီနေကြတော့သည်။
အိမ်ရှေ့မင်းသား အဘယ်ကြောင့် ဤသို့ပြုမူရသည့်အကြောင်းရင်းကို သူတို့သိပါ၏။ ဤတစ်ကြိမ်တွင် အိမ်ရှေ့မင်းသားမှ ထိပ်တန်းအဆင့်တစ်နေရာကို ရရှိလိမ့်မည်ဟု သူတို့တွေးထင်ထားခဲ့ကြသည်။ ၎င်းမှာ သံသယဖြစ်ဖွယ်မရှိပေ။ သို့သော် နတ်ဆိုးချိပ်ပိတ်ညီလာခံ၏ ထိပ်တန်းအဆင့်သုံးနေရာကို ရှန်ရှန့်ကျုံဂိုဏ်းမှ သိမ်းပိုက်သွားခဲ့လေသည်။