ခွေးအချင်းချင်းကိုက်ခြင်း။
Vol. 5 Ch. 60
ဖေးယုဂိုဏ်းသည် ယောင်ရီအင်ပါယာ၏ ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်သည်။ ဖေးယုဂိုဏ်းသည် ယောင်ရီအင်ပါယာ၏မြောက်ပိုင်း တောက်ပနှင်းစက်မြို့တွင်တည်ရှိပြီး တောက်ပနှင်းစက်မြို့၏ တစ်ဝက်ကျော်ခန့်မျှကို နေရာယူထား၏။
ထိုအချိန်တွင် ဖေးယုဂိုဏ်း၏မျက်မှောက်ခေတ်ဂိုဏ်းချုပ် လင်ထျန်းချန်းသည် ဖေးယုဂိုဏ်းအကြီးအကဲချုပ်ဖုန့်လွမ်နှင့် တစ်စုံတစ်ရာ ဆွေးနွေးပြောဆိုနေကြသည်။ ခန်းမထဲတွင် သူတို့နှစ်ဦးတည်းသာရှိ၏။
ဒုန်း ဒုန်း!
ခန်းမအပြင်မှ အလျင်စလိုခြေနင်းသံများ ထွက်ပေါ်လာခဲ့လေရာ လင်ထျန်းချန်းနှင့် အကြီးအကဲချုပ်ဖုန့်လွမ်တို့ မျက်မှောင်ကြုတ်သွားရသည်။ သူတို့၏ဖေးယုဂိုဏ်းသားများသည် မည်သည့်အချိန်မှစ၍ ဤကဲ့သို့ရိုင်းပျသွားကြသနည်း။
နှစ်ဦးသား၏ စိတ်မကျေနပ်စွာသောမျက်နှာအမူအရာရှေ့မှောက်၌ ပုံရိပ်တစ်ခုသည် ခန်းမထဲသို့ အလျင်စလိုဝင်ရောက်လာ၏။ ဝင်ရောက်လာသူမှာ ဖေးယုဂိုဏ်းဝိဉာဉ်ကမ္ပည်းတိုင်ကျောင်းဆောင်၏တာဝန်ရှိသူ အကြီးအကဲချန်ကုန်းဖြစ်သည်။
ဝင်ရောက်လာသူမှာ အကြီးအကဲချန်ကုန်းဖြစ်သည်ကို မြင်သောအခါ လင်ထျန်းချန်းနှင့်ဖုန့်လွမ်တို့နှစ်ဦးသားမှာ ကြောင်အသွားကြ၏။ အကြီးအကဲချန်ကုန်းသည် ဝိဉာဉ်ကမ္ပည်းတိုင်ကျောင်းဆောင်၏တာဝန်ရှိသူဖြစ်သည်။ အရေးကြီးကိစ္စမရှိပါလျှင် အကြီးအကဲချန်ကုန်းသည် သူ၏တာဝန်ကျကျောင်းဆောင်မှ ထွက်လာမည့်သူမဟုတ်ပေ။
လင်ထျန်းချန်းနှင့်ဖုန့်လွမ်တို့၏ မျက်နှာအမူအရာမှာ အချိန်ခဏမျှတည်ကြည်လေးနက်သွား၏။ ဝိဉာဉ်ကမ္ပည်းတိုင်ကျောင်းဆောင် မည်သို့ဖြစ်ပေါ်လာခဲ့သည်ကို သူတို့ကောင်းစွာသိပါသည်။ ကျောင်းဆောင်၌တစ်စုံတစ်ရာဖြစ်ပေါ်လျှင် ဖေးယုဂိုဏ်းသည်လည်း တစ်စုံတစ်ရာဖြစ်ပျက်သည်ဟု သတ်မှတ်နိုင်၏။
“ဂိုဏ်းချုပ် အကြီးအကဲချုပ် ယဲ့ဖုန်းရဲ့ဝိဉာဉ်ကမ္ပည်းပြား ကျိုးသွားပါပြီ”
အကြီးအကဲချန်ကုန်းသည် ခန်းမထဲသို့ခြေချသည်နှင့်တစ်ပြိုင်နက် တိုက်ရိုက်ပင်ပြောလိုက်လေသည်။ သူ၏မျက်နှာထက်တွင် ဒေါသများထင်ဟပ်နေ၏။
“ဘာ?”
အကြီးအကဲချန်ကုန်း၏စကားအဆုံးတွင် နှစ်ဦးသားသည် ထရပ်လိုက်မိကြကာ သူတို့၏မျက်နှာအမူအရာသည်လည်း အကြီးအကျယ်ပြောင်းလဲသွားကြ၏။ ဖုန့်လွမ်မှာ အံ့အားသင့်လွန်းသောကြောင့် အာမေဍိတ်ပြုမိလေသည်။
သူတို့သည် ဖေးယုဂိုဏ်းချုပ်နှင့် အကြီးအကဲချုပ်တို့ဖြစ်ကြရာ ဝိဉာဉ်ကမ္ပည်းပြားကျိုးခြင်းသည် မည်သည့်အဓိပ္ပာယ်ဖော်ဆောင်သည်ကို သိကြပါ၏။
ဝိဉာဉ်ကမ္ပည်းပြားကျိုးခြင်းသည် သေဆုံးခြင်းကို ဆိုလိုခြင်းဖြစ်သည်။
ဝိဉာဉ်ကမ္ပည်းပြားသည် လူ၏ဝိဉာဉ်တစ်စွန်းတစ်စပါရှိသည့်အရာဖြစ်သည်။ ၎င်းကမ္ပည်းပြား၏ တစ်ခုတည်းသောလုပ်ဆောင်ချက်မှာ ထိုကမ္ပည်းပြားတွင်ရိုက်နှိပ်ထားသူ၏ သေခြင်းရှင်ခြင်းကို သိရှိနိုင်ခြင်းဖြစ်သည်။
ဝိဉာဉ်ကမ္ပည်းပြားသည် အကျိုးသက်ရောက်မှုကြီးမားလှသည်မဟုတ်သော်ငြား ရှားပါး၏။ ယောင်ရီအင်ပါယာ၏ထိပ်တန်းဂိုဏ်းဖြစ်သည့် ဖေးယုဂိုဏ်းတွင်ပင် ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့် ဂိုဏ်းချုပ်၊အကြီးအကဲများ၏ တိုက်ရိုက်လက်ခံထားေသာ အတွင်းတပည့်များသာ ဝိဉာဉ်ကမ္ပည်းပြားကိုပိုင်ဆိုင်နိုင်ပေသည်။
ယောင်ရီအင်ပါယာကြီးတွင် တော်ဝင်မိသားစုမျိုးဆက်များနှင့် ချန်းလီကဲ့သို့မျိုးရိုးအဆင့်အတန်းမြင့်သူများသာ ပိုင်ဆိုင်နိုင်၏။
“အကြီးအကဲ ကျုပ်တို့ဖေးယုဂိုဏ်းရဲ့ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူတွေကို လှုပ်ရှားခိုင်းလိုက်။ ဒီဂိုဏ်းချုပ်နဲ့အတူ ရှန်းလင်းချန်ကိုသွားမယ်”
လီထျန်းချန်းသည် မျက်လုံးများမှေးကျဉ်းလျက် တစ်ကိုယ်လုံးတွင်လည်း အေးစက်နေ၏။ ဖုန့်လွမ်ကိုကြည့်လျက် တည်ကြည်လေးနက်စွာပြောခဲ့သည်။
ဖေးယုဂိုဏ်းတွင် အတွင်းတပည့်ငါးဦးရှိသည်။ ထိုတပည့်များ တစ်ဦးစီတိုင်းမှာ ဖေးယုဂိုဏ်း၏ အနာဂတ်ထောက်တိုင်များဟု သတ်မှတ်နိုင်၏။
ယခု၌ တစ်စုံတစ်ယောက်မှ ဖေးယုဂိုဏ်း၏အတွင်းတပည့်ယဲ့ဖုန်းကို သတ်ရဲခဲ့သည်။ ဂိုဏ်းချုပ်ဖြစ်သည့်မိမိမှ လက်စားမချေပါလျှင် ဖေးယုဂိုဏ်းအနေဖြင့် မျက်နှာပြဝံ့မည်မဟုတ်ချေ။
မိမိမှာ ဖေးယုဂိုဏ်း၏ဂုဏ်သိက္ခာကို ဂရုမစိုက်လျှင်သော်မှ ဖေးယုဂိုဏ်းတပည့်များမှ စိတ်ဓာတ်ညှိုးငယ်သွားနိုင်သည်ကိုတော့ ခွင့်မပြုနိုင်ပေ။
“ဂိုဏ်းချုပ် အင်ပါယာထဲမှာ ကောလာဟလတွေထွက်နေတာရှိပါတယ်။ ကျွန်တော်တို့ဂိုဏ်းအပါအဝင် တခြားဂိုဏ်းကြီးတွေကိုပါ ဆန့်ကျင်ရန်မူချင်နေတဲ့ လူရှိနေတယ်တဲ့။ အကယ်လို့များ…”
လင်းထျန်းချန်း၏စကားအဆုံးတွင် ဖုန့်လွမ်သည် မျက်နှာအမူအရာအနည်းငယ်ပြောင်းလဲသွားလျက် စိုးရိမ်ပူပန်စွာဖြင့်ပြော၏။
“ကိစ္စမရှိဘူး။ အဲဒီ့လူလည်း အရမ်းအလျင်စလို ပြုမူရဲမှာမဟုတ်ဘူး။ သူ့ဘက်က တကယ်ကြီးအလျင်စလိုလှုပ်ရှားလာခဲ့ရင်လည်း ယဲ့ဖုန်းအတွက် လက်စားချေပြီးသားဖြစ်သွားတာပေါ့”
“အဲဒီ့လူက မိုင်ထောင်ချီမြစ်ချောင်းတောင်တန်းတွေကို ထိန်းချုပ်နိုင်တဲ့သူဖြစ်နေရင်တောင်မှ ငါဂိုဏ်းချုပ်ကတော့ ငါ့ရဲ့ဖေးယုဂိုဏ်းအတွင်းတပည့်ကို သတ်ခဲ့တာအတွက် တန်ကြေးပြန်ပေးဆပ်ရမယ်ဆိုတာကို သေချာပြပေးရမှာပဲ”
“သူ့ဘက်က အရမ်းအလျင်လိုနေတယ်ဆိုရင် ငါဂိုဏ်းချုပ်က အဲဒီ့လူကို နောင်တအကြီးအကျယ်ရသွားအောင် လုပ်ပေးလိုက်တာပေါ့။ ဒီလိုခြိမ်းခြောက်မှုမျိုးမလုပ်ရင်တောင် ဖေးယုဂိုဏ်းက ဒီတိုင်းလွှတ်ထားမယ်ဆိုတာ ဖြစ်နိုင်တာမှမဟုတ်ဘဲ”
လင်ထျန်းချန်းသည် ဖုန့်လွမ်ကိုစိုက်ကြည့်လျက် ကြိမ်းမောင်း၏။ ခေါင်းလောင်းသံကဲ့သို့အသံကြီးသည် ခန်းမတစ်ခုလုံးတွင် မြည်ဟီးသွားခဲ့ကာ စွမ်းအင်လှိုင်းကြီးဖြာထွက်လာခဲ့ရာ ခန်းမကြီးပင် အနည်းငယ်တုန်လှုပ်သွားလေသည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် ဒီလက်အောက်ငယ်သားက ဂိုဏ်းရဲ့စွမ်းအားကြီးကျင့်ကြံသူတွေကို သွားခေါ်လိုက်ပါ့မယ်”
လင်ထျန်းချန်း၏ကြိမ်းမောင်းမှုသည် ဖုန့်လွမ်ကိုတုန်ရီသွားစေလျက် အလျင်အမြန်ပြော၍ ထွက်သွားတော့သည်။
ဖုန့်လွမ်သည်လည်း ယဲ့ဖုန်း၏သေဆုံးမှုအတွက် ဂိုဏ်းချုပ်နှင့်အညီ ဒေါသထွက်ပါ၏။ ယဲ့ဖုန်းသည် ဖေးယုဂိုဏ်းအတွင်းတပည့်ငါးဦးထဲမှ တစ်ဦးဖြစ်သည်။ သို့ဖြစ်ရာ ယဲ့ဖုန်းသေဆုံးခြင်းသည် ဖေးယုဂိုဏ်း၏အခြခံအုတ်မြစ်ကို ဖျက်ဆီးခြင်းနှင့်ညီမျှ၏။ ထိုအတွက်လက်စားမချေပါလျှင် ဖေးယုဂိုဏ်းကို မည်သို့ဖြေရှင်းချက်ပြုရမည်နည်း။
ဂိုဏ်းချုပ်ပြောခဲ့သည်အတိုင်းပင် ပြစ်မှုကျူးလွန်ခဲ့သူမှာ မည်သူဖြစ်စေ ဖေးယုဂိုဏ်းသည် သွားပုပ်လေလွင့်စကားများ အပြောခံမည်မဟုတ်ချေ။
…..
ရှန်းလင်းချန်၏စင်မြင့်ထက်တွင် ရှောင်းချန်သည် သူ၏ရှေ့ရှိ ရှောင်းချန်ဖုန်းအား ကြည့်နေ၏။ သူ၏မျက်လုံးများတွင် ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်နေသည်။ ရှောင်ချန်ဖုန်း၏ခေါင်းလေးအား ပွတ်သပ်၍ပြော၏။
“မစိုးရိမ်ပါနဲ့။ အဖေက မင်းအတွက် သေချာဆုံးဖြတ်ပေးမှာပါ။ မင်းကို ဘယ်သူမှ မလှည့်ဖြားနိုင်ပါဘူး”
“ကျေးဇူးတင်ပါတယ် အဖေ”
ရှောင်းချန်ဖုန်း၏မျက်နှာမှာ လင်းလက်သွားလျက် ရှောင်းချန်ကိုကျေးဇူးတင်လိုက်ပြီး နောက်ဘက်တွင် လေးစားစွာ သွားရပ်နေခဲ့သည်။ ချီမိန်ချွှေရွှယ်တို့ကိုလည်း ရိုင်းပျဟန် တစ်ချက်ကြည့်လိုက်သေး၏။ လွန်ခဲ့သည့်ရက်အနည်းငယ်မှ စော်ကားကျူးလွန်မှုအတွက် ပြန်လည်ရယူလိုပါလျှင် ချက်ချင်းပြန်လည်ရယူရမည်ဖြစ်ပြီး အဆတစ်ရာ ပြန်ပေးဆပ်ရမည်ဖြစ်သည်။
ရှောင်းချန်ဖုန်းသည် ရက်စက်ယုတ်မာသောအပြုံးဖြင့် ဧကရီယင်၏စွဲမက်ဖွယ်ခန္ဓာကိုယ်အား ကြည့်နေခဲ့သည်။ စိတ်တွင်းမှလည်း ထိုမိန်းမလှလေးကို မည်သို့ညှဉ်းပန်းရမည်နည်းဟု တွေးတောနေခဲ့၏။
“သခင်ငယ်လေးကို ကာကွယ်ပေးတာ မင်းတို့လက်အောက်ငယ်သားတွေအတွက်လည်း မကောင်းပါဘူး”
အကြီးအကဲကွေ့ရှုန်းမှ လေးစားသမှုဖြင့်ပြော၏။ သူ၏ဗလာဖြစ်နေသည့်ဝတ်ရုံလက်သည် ရှောင်းချန်၏နောက်ရှိ စစ်ဖန်းခန်းမ၏စွမ်းအားကြီးကျင့်ကြံသူများကို ဒေါသတကြီးဖြစ်စေခဲ့သည်။
စစ်ဖန်းခန်းမ၏ အကြီးအကဲသည် လက်ဖြတ်ခံခဲ့ရသည်လော။ ၎င်းသည် အရှက်ရဖွယ်ဖြစ်၍ အဆတစ်ရာပြန်လည်ပေးဆပ်ရန်လိုအပ်သည်။
“ဒီတိုက်ပွဲက မင်းရဲ့အမှားမဟုတ်ဘူး။ ဒီတိုင်းစောင့်ကြည့်နေလိုက်ပါ။ ဒီဂိုဏ်းချုပ်က မင်းအတွက် လက်စားချေပေးမယ်”
ရှောင်းချန်သည်လည်း အကြီးအကဲကွေ့ရှုန်း၏ ဗလာဖြစ်နေသည့်ဝတ်ရုံလက်ကို မြင်တွေ့ခဲ့၍ အသံနိမ့်ဖြင့်ပြော၏။ သူ၏စကားလုံးများထဲတွင် အတိုင်းမဲ့အေးစက်မှုများ ခိုအောင်းနေပေသည်။
အကြီးအကဲကွေ့ရှုန်းသည် တစ်ဖန် အရိုအသေပြုလိုက်ပြီးနောက် စစ်ဖန်းခန်းမအုပ်စုသို့ ဝင်ရောက်ခဲ့သည်။ သူ၏မျက်နှာထက်တွင် ထူးဆန်းသည့်အပြုံးတစ်ခု ဖြစ်တည်လာခဲ့လျက် ချီမိန်ချွှေရွှယ်တို့အား အလွန်အမင်းအေးစက်စွာကြည့်လာခဲ့၏။
ဤတစ်ကြိမ်တွင်တော့ ရှန်ရှန့်ကျုံဂိုဏ်း ကျဆုံးရပေမည်။
“ဂိုဏ်းချုပ်ထျန်း ဘာပြောလိုက်တာလဲ”
ရှောင်းချန်သည် မလှမ်းမကမ်းမှ ပြုံးရယ်နေသည့် ဝဖိုင့်ဖိုင့်အမျိုးသားကိုကြည့်၍ ညင်သာစွာပြောလိုက်သည်။
ချောင်ဟိုင်ဂိုဏ်းချုပ်ထျန်းစန်းသည် ပြုံးရယ်နေသည့်ကျားတစ်ကောင်ဖြစ်ပေသည်။
“ခွဲဝေစားသောက်ကြတယ်… တကယ်ကို အရသာရှိလှပြီး အရသာစုံလင်လှတာပါပဲ”
ရှောင်းချန်၏စကားအဆုံးတွင် ထျန်းစန်းသည်လည်း ရှောင်းချန်ကိုကြည့်၍ ပြုံးပြလာခဲ့၏။
ထိူလူသည် ရှန်ရှန့်ကျုံဂိုဏ်း၏စွမ်းအားကြီးကျင့်ကြံသူများမှ သူ၏ဂိုဏ်းသားများကို သတ်ပစ်ခဲ့သော်ငြား ရယ်မောနေသေးလေသည်။ သို့သော် သူ၏ထိုပြုံးရယ်ခြင်းသည် ပုံမှန်ထက်ပို၍ တင်းမာပြင်းထန်နေခဲ့သည်။
“စစ်သူကြီးချန်း ငါ့မှာ နတ်ဆိုးချိပ်ပိတ်ညီလာခံကို နှောင့်ယှက်ဖို့ရည်ရွယ်ချက် မရှိပါဘူး။ ဂိုဏ်းအနေနဲ့ ဆုံးရှုံးမှုအတွက် လက်စားပြန်ချေပြီး မှတ်တမ်းတင်ဖို့လိုတာကြောင့်ပါပဲ။ စစ်သူကြီးချန်းအနေနဲ့ ငါတို့ကိုခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ရှောင်းချန်သည် ထျန်းစန်းကို ခေါင်းညိတ်ပြပြီးနောက် စစ်သူကြီးချန်းလီဘက်သို့လှည့်၍ အရိုအသေပြုပြောဆိုခဲ့သည်။
ထိုအချိန်တွင် ထျန်းစန်းသည်လည်း စစ်သူကြီးချန်းကို ကြည့်နေခဲ့ပါ၏။ တော်ဝင်စစ်သူကြီးဟူသည် အဆင့်အတန်းမြင့်မားသည်ဖြစ်ရာ စစ်သူကြီးချန်းလီမှ သူတို့အား ဟန့်တားလိုပါလျှင် ကြီးမားလှစွာသော အနှောင့်အယှက်ကြီးဖြစ်ပေရော့မည်။
ကောလာဟလများမှာ အမှန်ဖြစ်ပါလျှင် သူတို့အနေဖြင့် အလွန်အမင်း ဝံ့ကြွားမနေသင့်ပေ။ သို့သော် ယခုတွင် ရှန်ရှန့်ကျုံဂိုဏ်း သေချာပေါက်ကျဆုံးရပေမည်။ သို့မဟုတ်ပါက စိတ်မအေးနိုင်ဘဲ နာကျည်းမုန်းတီးနေရမည်ဖြစ်သည်။
ချန်းလီသည် စကားမဆိုဘဲ ရှောင်းချန်ကို စူးစိုက်ကြည့်နေ၏။ ထို့နောက် မျက်လုံးများကို ဖိမှိတ်၍ အနားယူနေတော့သည်။
ဧကရာဇ်သည် ခွေးအချင်းချင်း ကိုက်ဖြတ်နေကြသည်ကို ကြည့်ရှုရခြင်းအား နှစ်ခြိုက်သည်ဖြစ်ရာ ထိုသို့ပွဲမျိုးကို သေချာပေါက် ကြည့်ရှုရန် နှစ်ခြိုက်မည်ဖြစ်၏။
ရှောင်းချန်နှ့င် ထျန်းစန်းတို့သည် ချန်းလီသဘောထားကို မြင်တွေ့ခဲ့ကြလေရာ ချက်ချင်းပြုံးရယ်ကြလေသည်။ ချန်းလီတွင် ဟန့်တားရန်အတွေးမရှိချေ။ သို့ဖြစ်ရာ သူတို့အတွက် ပြဿနာအတော်လေး လျော့နည်းသွားပေသည်။ ယခုတွင် ရှန်ရှန့်ကျုံဂိုဏ်းကို မည်သို့လုပ်ကြံမည်ကို စဉ်းစားရန်သာ လိုအပ်တော့သည်။
အလျင်စလို ရောက်လာခဲ့ရ၍ ကြိုတင်မစဉ်းစားခဲ့မိပေ။ ရုပ်အလောင်းကို တစ်စစီဖြတ်တောက်ပစ်မည်လော။ သို့မဟုတ် ခွေးကျွေးပစ်ရမည်လာ။
အိုး ခက်လိုက်တာ! နှစ်ခုလုံးလုပ်လိုက်တာပေါ့!
ရှောင်းချန်နှင့်ထျန်းစန်းတို့နှစ်ဦးသည် ချီမိန်ချွှေရွှယ်တို့အား တစ်ပြိုင်နက်ကြည့်လိုက်ကြ၏။ ဤသည်မှာ သူတို့အားလုံး ရှန်းလင်းချန်သို့ ရောက်လာခဲ့ချိန်မှစ၍ ရှန်ရှန့်ကျုံဂိုဏ်းကို တည့်တည့်မတ်မတ်ကြည့်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။
စူးစိုက်ကြည့်ရုံဖြင့်ပင် ရှောင်းချန်နှင့်ထျန်းစန်းတို့မှာ အချိန်ခဏမျှမင်သက်သွားရလေသည်။
အဲ့လောက်တောင် စိတ်နှလုံးကျယ်ပြောတယ်ပေါ့လေ? ဒီအချိန်ထိ မျက်လုံးမှိတ်ထားနိုင်သေးတယ်လား? အလှလေးကလည်း ရယ်မောနေနိုင်သေးတယ်?
ရှောင်းချန်နှင့်ထျန်းစန်းတို့နှစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အလောင်းတစ်လောင်းကို ခွေးစာကျွေးခြင်းသည် အနည်းငယ်ပေါ့တန်သည်ဟု သူတို့တွေးမိ၏။
သူတို့သည် အခြားသော သာမန်လူများကဲ့သို့ ပထမဦးစွာ ဒေါသတကြီးဟိန်းဟောက်ပြီးနောက် တိုက်ခိုက်ခြင်းဖြင့် လက်စားမချေလိုပါ။ သူတို့သည် အသီးသီး၏စွမ်းအားကြီးဂိုဏ်းသားများကို ခေါ်ဆောင်၍ ချီမိန်ချွှေရွှယ်တို့ထံသို့ ဦးတည်လျှောက်သွား၏။ လျှောက်လှမ်းနေသည့်ဖြစ်စဉ်တွင် စွမ်းအားကြီးဂိုဏ်းသားနှစ်ဦးစီမှ ဖြေးဖြေးချင်းဖြန့်ကျက်သွားလျက် ရှန်ရှန့်ကျုံဂိုဏ်းသားများ၏ပတ်ပတ်လည်တွင် မသိမသာ ဝန်းရံခဲ့သည်။
မြင်ကွင်းကိုကြည့်ရင်းဖြင့် စင်မြင့်ထက်ရှိအခြားသော ဂိုဏ်းချုပ်များ၏မျက်နှာအမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့ကာ သူတို့၏ဂိုဏ်းတပည့်အသီးသီးကို အလျင်အမြန်ခေါ်ဆောင်၍ စင်မြင့်အစွန်းဖျားသို့ ဆုတ်ခွာသွားကြသည်။ သို့သော် ထွက်ခွာခြင်း မပြုကြချေ။ ဤကဲ့သို့သော ပွဲကြီးပွဲကောင်းကို မကြည့်ရှုဘဲလက်လွှတ်လိုက်ရပါလျှင် နောင်တကြီးစွာ ရချေရော့မည်။
သူတို့သည် စစ်ဖန်းခန်းမနှင့် ချောင်ဟိုင်ဂိုဏ်းမှ စွမ်းအားကြီးကျင့်ကြံသူများကိုတစ်လှည့် ချီမိန်ချွှေရွှယ်တို့ကိုတစ်ဖန် အပြန်ပြန်အလှန်လှန် စူးစိုက်ကြည့်နေကြ၏။ သူတို့သည် ချီမိန်ချွှေရွှယ်၏ဓားချက်ကို ယခုတိုင် မမေ့လျော့နိုင်ကြသေးပေ။ ၎င်းသည် အလွန်ထူးကဲပြောင်မြောက်လှစွာသော ဓားရေးဖြစ်သည်။ ထိုဓားရေးဖြင့် အကြိမ်ရေမည်မျှ ခုတ်လွှဲပိုင်းဖြတ်နိုင်လိမ့်မည်နည်း။
“ရှန်ရှန့်ကျုံဂိုဏ်းဆိုတာ အိုးထဲမှာခဏတာ ထတောက်တဲ့ မီးတောက်လေးတစ်ခုပါပဲ”
“အရမ်းစူးရှတယ်။ တခြားသူတွေကို ထိခိုက်စေဖို့လွယ်ကူပြီး ကိုယ့်ကိုယ်ကိုထိခိုက်ဖို့က ပိုလို့တောင်လွယ်ကူတယ်”
“အင်ပါယာမှာ ဒီလိုပွဲကြီးပွဲကောင်းမျိုးမရှိတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ ဒီနေ့ကတော့ ကောင်းချီးပေးတာပဲဟေ့”
စင်မြင့်အစွန်းသို့ဆုတ်ခွာသွားကြသည့် စွမ်းအားကြီးကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး တီးတိုးပြောဆိုနေကြ၏။ ရှန်ရှန့်ကျုံဂိုဏ်းကို မည်သူမျှ အကောင်းမမြင်ကြချေ။ ဂိုဏ်းကြီးများ၏တပည့်များသည်ပင် လင်းဖေးဝူနှင့်အခြားသူများအားကြည့်၍ လှောင်ပြောင်ကြလေသည်။
မင်းတို့တွေ နတ်ဆိုးချိပ်ပိတ်ညီလာခံမှာ ထိပ်တန်းအဆင့်ရတော့ရော ဘာဖြစ်သလဲ? အခုထိ သွားမသေသေးဘူးလား?!
“ရက်စက်ကြမ်းကြုတ်တဲ့မာန်ဟုန်အပြည့်နဲ့ကျားလို့ ထင်ထားတာ။ လက်စသတ်တော့ အင်အားချည့်နဲ့နေတဲ့ သေခါနီးကျားဖြစ်နေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်အတွက် ပြဿနာနည်းသွားတာပေါ့လေ”
ရှေ့ဆုံးတွင်ထိုင်နေသည့်ချန်းလီမှ စိတ်ထဲတွင်တွေးလိုက်သည်။
အိမ်ရှေ့စံယုဖေးသည်လည်း နှမြောတသသည့်အကြည့်တို့ဖြင့် လီထျန်းရှင်းအား ကြည့်နေခဲ့၏။ ကြည့်ရသည်မှာ ကောင်းမွန်လှသည့်မီးပြင်းဖို သုံးစွဲပျော်မွေ့ခွင့် မရလောက်တော့ပေ။
အိမ်ရှေ့မင်းသားယုဖေး၏မျက်နှာထက်တွင် ယခင်ကဲ့သို့ စိတ်မချမ်းမြေ့သည့်အရိပ်အယောင်များ မရှိတော့ချေ။ လက်ရှိပြင်းထန်တင်းမာနေသည့်အခြေအနေနှင့်နှိုင်းစာလျှင် အနည်းငယ်ထူးဆန်းနေသည့် နွေးဦးလေပြေကဲ့သို့ အပြုံးတစ်ခုသာ ဖြစ်တည်နေခဲ့သည်။
“အကြီးအကဲ…?”
စင်မြင့်အစွန်တွင်ရပ်နေသည့် အကြီးအကဲကျူးချင်မှ အသံနိမ့်ဖြင့်မေးမြန်း၏။ ကနဦးတွင် ရှန်ရှန့်ကျုံဂိုဏ်းနှင့်ပတ်သက်၍ မကျေမချမ်းဖြစ်ခဲ့သော်ငြား နောက်ပိုင်းတွင် အကြီးအကဲကျူးချင်သည် ဝမ်ဖုန်းနှင့် ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းကို ပို၍ပို၍ သိလိုစိတ်ပြင်းပြလာခဲ့ပေသည်။
ယခုတွင် ဂိုဏ်းကြီးနှစ်ခု၏ဝန်းရံခြင်းကို ခံထားရသည်ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းသည် အဘယ်သို့များ စွမ်းအားကြီးမားသည့်အဖျက်ဗုံး ဖြစ်နိုင်ဦးမည်နည်း။ ဓားတစ်ချောင်းဖြင့် ကမ္ဘာလောကတစ်ခွင်ကို လှုပ်ခါနိုင်ပါမည်လော။
“ဒီကပ်ဘေးကို သူတို့ဘာသာပဲ ကိုင်တွယ်ရလိမ့်မယ်။ သူတို့ ကိုင်တွယ်ဖို့ မတတ်နိုင်ဘူးဆိုရင် မတတ်နိုင်တာပဲပေါ့”
အကြီးအကဲချင်ရှန်းမှ အခြေအနေတင်းမာေနသည့်ကွင်းပြင်ကိုကြည့်၍ တီးတိုးရေရွတ်၏။
ဘုန်း!
ထိုအခိုက်တွင် အထက်ကောင်းကင်မှ ကြောက်ခမန်းလိလိစွမ်းအားကြီး တစ်ဖန် ဆင်းသက်လာခဲ့ပြန်ရာ ချန်းလီအပါအဝင် ချီမိန်ချွှေရွှယ်တို့ထံသို့ ဦးတည်လျှောက်လှမ်းနေသည့် ရှောင်းချန်နှင့်ထျန်းစန်းတို့ကို့ပါ လန့်ဖျပ်သွားစေခဲ့သည်။
သူတို့သည် ရပ်တန့်သွားကာ လှည့်ကြည့်လိုက်၏။
ပုံရိပ်ပေါင်းဒါဇင်ခန့်သည် လေဟာပြင်မှတစ်ဆင့် စင်မြင့်ထက်သို့ ဆင်းသက်လာခဲ့ကြသည်။
ထိုပုံရိပ်များဆင်းသက်လာသောအခါ စင်မြင့်အစွန်းတွင်ပွဲကြည့်ေနသည့် ဖေးယုဂိုဏ်းအကြီးအကဲလင်နှင့် ဖေးယုဂိုဏ်း၏သခင်လေးယုထိုက်တို့သည် ရုတ်ချည်းထိတ်လန့်သွားကြလေသည်။ ထိုေ့နာက် ခန္ဓာကိုယ်ကိုတစ်ချက်လှုပ်ရှားလျက် ထိုဆင်းသက်လာသည့်ပုံရိပ်များရှေ့မှောက်သို့ ရုတ်ချည်းရောက်သွားစေခဲ့သည်။
“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
ဖေးယုဂိုဏ်းအကြီးအကဲလင်သည် လက်နှစ်ဖက်ကိုယှက်၍ သူ၏ရှေ့ရှိပုဂ္ဂိုလ်အား အံ့အားသင့်စွာဖြင့် နှုတ်ဆက်အရိုအသေပြုလေသည်။
“ဆရာ”
ဖေးယုဂိုဏ်းသခင်လေးယုထိုက်သည်လည်း ဝေခွဲမရဖြစ်နေသောမျက်လုံးတို့ဖြင့် သူ၏ရှေ့ရှိပုဂ္ဂိုလ်အား အရိုအသေပြုခဲ့သည်။
ဆင်းသက်လာသည့်သူများမှာ ဖေးယုဂိုဏ်းချုပ်လင်ထျန်းချန်းနှင့် ဖေးယုဂိုဏ်း၏စွမ်းအားကြီးကျင့်ကြံသူများဖြစ်သည်။
ယောင်ရွှယ်ချန်သည် ရှန်းလင်းချန်နှင့် မဝေးကွာလှပေ။ လင်ထျန်းချန်းနှင့်အခြားကျင့်ကြံသူများ၏ ကျင့်ကြံဆင့်ဖြင့် စွမ်းအားကုန်သုံးလာရောက်ခဲ့ပါလျှင် အချိန်များစွာ မကြာမြင့်ပေ။
“ယဲ့ဖုန်း ဆုံးသွားပြီ။ ဘယ်သူသတ်တာလဲ”