← Chapters

ဒီမိန်းကလေးကို ငါမင်းသားလိုချင်တယ်။

Vol. 5 Ch. 62

ဒီမိန်းကလေးကို ငါမင်းသားလိုချင်တယ်။

Vol. 5 Ch. 62

လင်ထျန်းချန်း၏စကားကို နားထောင်ပြီးနောက်တွင် ရှောင်းချန်နှင့်ထျန်းစန်းတို့ ခေါင်းဆောင်နှစ်ဦးသည်လည်း သဘောတူညီကြ၏။ ရှန်ရှန့်ကျုံဂိုဏ်းသည် တစ်ကိုယ်တည်းရပ်တည်နေခြင်းဖြစ်ပြီး သူတို့မှာ ဂိုဏ်းကြီးသုံးဂိုဏ်းပေါင်းစည်းကြသည်ဖြစ်ရာ အမှန်တကယ် အရှက်ရဖွယ်ဖြစ်ပါ၏။

နေရာတွင်ရှိနေသည့် အခြားသောဂိုဏ်းများနှင့် စွမ်းအားကြီးကျင့်ကြံသူများသည်လည်း ထိုစကားကိုကြားသည်တွင် အံ့ဩထိတ်လန့်သွားခဲ့ကြသည်။ အင်ပါယာကြီးသုံးခုတွင် ဤကဲ့သို့ ပွဲကြီးပွဲကောင်းမျိုး မရှိခဲ့သည်မှာ နှစ်ပေါင်းရာချီခဲ့ပြီဖြစ်သည်။ ဂိုဏ်းကြီးသုံးဂိုဏ်း အတူတကွပေါင်းစည်းရန် ထိုက်တန်ပါ၏။

“ဘယ်လိုပဲဖြစ်ဖြစ် အားလုံးဒီထိရောက်နေကြပြီဆို‌မှတော့ လက်တွေခြေတွေလှုပ်ရှားလိုက်ကြတော့ပေါ့”

လင်ထျန်းချန်းသည် စကားပြန်ပြောင်းသွား၏။

ယခုတွင် သူအ့အနေဖြင့် တိုက်ခိုက်မှုကြီးပြုလုပ်ခဲ့ပြီးဖြစ်ပြီး အရှက်ရခဲ့ရ၏။ သူ့ဘက်မှ လှုပ်ရှားမှုမပြုပါလျှင် ‌လှောင်ပြောင်သရော်ဖွယ် ဖြစ်သွားလိမ့်မည်မဟုတ်ပါလော။

ထို့နောက်တွင် လင်ထျန်းချန်းသည် ဖေးယုဂိုဏ်း၏စွမ်းအားမြင့်ကျင့်ကြံသူများကိုခေါ်ဆောင်၍ ချီမိန်ချွှေရွှယ်တို့ထံသို့ ဦးတည်လျှောက်သွား၏။ အချိန်ခဏကြာပြီးနောက်တွင် လင်ထျန်းချန်းသည် ချောင်ဟိုင်ဂိုဏ်းနှင့် စစ်ဖန်းခန်းမတို့၏ စွမ်းအားမြင့်ကျင့်ကြံသူများနှင့် အတူရပ်တည်လိုက်၏။

ယောင်ရီအင်ပါယာ၏ ၎င်းဂိုဏ်းကြီးသုံးဂိုဏ်းတွင် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ အယောက်နှစ်ဆယ်နီးပါးနှင့် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူ သုံးယောက်အပါအဝင် စွမ်းအားမြင့်ကျင့်ကြံသူပေါင်း အယောက်ရာချီရှိသည်။ ထိုမျှသောအင်အားသည် ရှန်းလင်းချန်၏ကောင်းကင်ကို ရုတ်ချည်းဗြောင်းဆန်သွားစေနိုင်၏။ အခြေအနေပြောင်းလဲနေခဲ့လေပြီ။

ကွင်းပြင်ကြီး၏စင်မြင့်ထက်တွင် စိတ်ဓာတ်ပျက်ပြားစေနိုင်သော လေထုအခြေအနေ ကြီးစိုးနေ၏။ နေရာရှိ များစွာသောဂိုဏ်းတပည့်များမှာ အသက်မရှူဝံ့လုနီးပါးဖြစ်နေခဲ့ကာ ကြောက်ရွံ့ထိတ်လန့်နေကြလေသည်။

စွမ်းအားမြင့်ကျင့်ကြံသူကြီးများသည် ထိတ်လန့်နေကြလေသည်။ သူတို့မှာ ဤသို့သော ပြိုင်ဘက်ကင်းတင်းမာမှုမျိုးကို မကြုံတွေ့ရသည်မှာ အချိန်မည်မျှကြာမြင့်ခဲ့ပြီမသိချေ။

တချို့ကျင့်ကြံသူများသည် သူတို့၏ဘဝတစ်လျှောက်လုံး၌ ဤမျှများပြားသော ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများ စုဝေးကြသည်ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးကြပေ။

ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူများစွာလည်း ရှိနေ၏။ ဤမျှအင်အားကြီးများ စုဝေးနေသည်ဖြစ်ရာ ရှေ့ဆုံးတွင်ထိုင်နေသည့် စစ်သူကြီးချန်းလီသည်ပင် မျက်နှာအမူအရာမှာ လေးနက်နေတော့သည်။ အင်ပါယာအတွင်းရှိဂိုဏ်းကြီးများသည် အင်ပါယာ၏ကပ်ပါးကောင်ကဲ့သို့ ပိုးကောင်များဖြစ်ကြသော်ငြား သူတို့၏အင်အားသည် အမှန်စင်စစ်ဖြစ်လေရာ လျစ်လျူရှု၍ရသည်မဟုတ်ချေ။

“ရှန်ရှန့်ကျုံဂိုဏ်းက ပွဲကြီးပွဲကောင်းယူလာပေးတာပဲ”

“ပွဲကြီးပွဲကောင်းဆိုတာထက်တောင် ပိုသေးတယ်။ ဒီနေ့ပြီးတာနဲ့ ရှန်ရှန့်ကျုံဂိုဏ်း‌ဆိုတာ ရှိတော့မှာမဟုတ်ဘူး”

“ဒီ‌ေလာက်များတဲ့ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူတွေကို ငါပထမဆုံး တွေ့ဖူးတာပဲ။ ငါက တကယ် သုံးဘဝစာကံကောင်းမှုတွေစုဆောင်းထားတဲ့သူဖြစ်ရမယ်”

“ဒါ‌ေပမဲ့ အဲဒါအမှန်ပဲမဟုတ်လား? ရှန်ရှန့်ကျုံဂိုဏ်းက ဒီလောက်များတဲ့ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ‌တွေအများကြီးကို စုဝေးစေနိုင်ခဲ့တယ်ဆိုတာလေ။ ရှန်ရှန့်ကျုံဂိုဏ်းဖျက်ဆီးခံလိုက်ရရင်တောင်မှ ဂုဏ်သရေကြီးမြတ်တာပါပဲ”

“သူတို့က ဒီတိုင်းမောက်မာထောင်လွှားတဲ့ ဂိုဏ်းတစ်ဂိုဏ်းပါပဲ။ သူတို့နဲ့ထိုက်တန်တယ်”

ကျင့်ကြံသူများစွာတို့သည် စင်မြင့်ထက်မှနေ၍ လင်ထျန်းခန်းတို့အားကြည့်လျက် စိတ်နှလုံးခုန်လှုပ်နေကြလေရာ စကားများစွာပြောဆိုနေကြလေသည်။

ကြောက်မက်ဖွယ်ဖိအားသည် သူတို့၏စိတ်နှလုံးကိုတုန်လှုပ်စေ၏။ ဤသည်မှာ စွမ်းအားမြင့်ကျင့်ကြံသူများစွာတို့စုဝေးမှု၏ ဖိအားဖြစ်သည်။ လက်ရှိအခြေအနေ၏ဖိအားသည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်ကျင့်ကြံသူများအတွက်ပင် ရပ်တည်ရန်ခက်ခဲလောက်အောင် လွှမ်းမိုးနိုင်သည်ဟုဆိုလျှင်သော်မှ ချဲ့ကားပြောဆိုခြင်းမဖြစ်နိုင်ပါချေ။

လင်ထျန်းချန်း၊ ထျန်းစန်းနှင့် ရှောင်းချန်တို့ဂိုဏ်းချုပ်သုံးဦးသည် ဘေးချင်းယှဉ်လျက် ရပ်နေကြသည်။ သူတို့၏နောက်တွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများ ရပ်နေကြသည်။ သူတို့သည် အလျင်လိုခြင်းမရှိဘဲ ချီမိန်ချွှေရွှယ်တို့ထံသို့ ဖြေးညင်းစွာလျှောက်လှမ်းနေခဲ့ကြ၏။

သူတို့၏နှေးကွေးသည့်အရှိန်နှုန်းနှင့်အတူ သူတို့ထံမှ ကြောက်မက်ဖွယ်စွမ်းအင်အရှိန်အဝါသည်လည်း တဖြေးဖြေးမြင့်တက်လာခဲ့သည်။ စွမ်းအားမြင့်ကျင့်ကြံသူရာချီမှ ထုတ်လွှတ်သည့် ကြောက်မက်ဖွယ်စွမ်းအင်များသည် ‌မာန်ပြင်းစွာသောလှိုင်းလုံးကြီးဖြစ်တည်စေခဲ့ပြီး ချီမိန်ချွှေရွှယ်တို့ထံသို့ ဦးတည်သွားခဲ့သည်။

၎င်းသည် ချီစွမ်းအင်စီးကြောင်းကြီးဖြစ်၏။ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူသုံးဦး၊ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ နှစ်ဆယ်နီးပါးနှင့် အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်ကျင့်ကြံသူ ရှစ်ဆယ်နီးပါးမှ ထုတ်လွှတ်ဖြစ်တည်စေခဲ့သည့် ချီစွမ်းအင်စီးကြောင်းကြီးဖြစ်သည်။

မမြင်တွေ့နိုင်၊ လက်ဆုပ်လက်ကိုင်မပြနိုင်သော်ငြား စိတ်ဝိဉာဉ်ကိုညှို့ယူဖမ်းစားပြီး

လူတို့၏အလိုဆန္ဒများကိုဖျက်ဆီးရန် လုံလောက်သည်။

စင်မြင့်အစွန်းဖျားရှိ တာ့အိုဝတ်ရုံဖြင့်လှပသည့်အမျိုးသမီးသည် ထိုမြင်ကွင်းကိုမြင်တွေ့ရသည်တွင် သူမ၏လှပသည့်မျက်နှာထက်၌ လှောင်ပြုံးရိပ်အချို့ ထင်ဟပ်လာခဲ့၏။ သူမ မုန်းတီးရသည့်ရှန်ရှန့်ကျုံဂိုဏ်းသည် နောက်ဆုံးတွင်တော့ ပျက်စီးရပေတော့မည်။

ဂိုဏ်းချုပ်၏အစီအစဉ်ကို အကောင်အထည်မဖော်လိုက်ရသည်မှာ နှမြောဖွယ်ဖြစ်ပါ၏။

ထိုအချိန်တွင် လင်ထျန်းချန်းတို့သုံးဦးသည် မျက်မှောင်ကြုတ်လိုက်၏။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ကြောက်မက်ဖွယ်စွမ်းအား၏ရှေ့မှောက်တွင် ချီမိန်ချွေရွှယ်တို့သည် ကြောက်ရွံ့သွားကြ၍ ဒူးထောက်ခစားကာ ချမ်းသာပေးပါရန် ခယတောင်းဆိုလာကြလိမ့်မည်ဟု သူတို့တွေးထင်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်ငြား ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ၏ ဖြူဖျော့‌သွားသောမျက်နှာထားများမှလွဲ၍ ချီမိန်ချွှေရွှယ်တို့သည်တော့ အေးဆေးတည်ငြိမ်နေဆဲဖြစ်ကာ အနည်းငယ်မျှသော ထိတ်ပျာမှုလေးပင်မရှိပါပဲ ထိုင်ခုံထက်တွင် တည်မြဲစွာ‌ထိုင်နေကြလေသည်။

အလွန်အမင်း အေးဆေးတည်ငြိမ်ဟန်ဆောင်ခြင်းဖြင့် မည်သို့သောအောင်မြင်မှုမျိုး ရရှိနိုင်ပါအံ့နည်း။

ဟုတ်ပါသည်။ လင်ထျန်းချန်းဖြစ်စေ၊ ထျန်းစန်းဖြစ်စေ၊ ရှောင်းချန်ဖြစ်စေ သူတို့အားလုံးသည် ချီမိန်ချွှေရွှယ်တို့မှာ ဟန်ဆောင်နေခြင်းဟုသာ ထင်ပါ၏။

သူတို့၏စွမ်းအားအဆင့်ကို ရှန်ရှန့်ကျုံဂိုဏ်းမျှကိုထားပါဦးတော့… စစ်သူကြီးချန်းလီမှ ရင်ဆိုင်မည်ဆိုလျှင်ပင် လွယ်ကူနိုင်မည်မဟုတ်ပေ။ ဧကရာဇ်သည်ပင် သတိတကြီးထားရသည်ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းသည် အလွန်ပေါ့ပါးနေလွန်း၏။ ၎င်းကို ဟန်ဆောင်နေခြင်းမဟုတ်ဟုဆိုပါလျှင် သူတို့သေချာပေါက် ယုံကြည်လိမ့်မည်မဟုတ်ပါ။

သူတို့၏ဤမျှသောစွမ်းအား၏ရှေ့မှောက်တွင် ထိုသို့ဟန်ဆောင်နေနိုင်ခြင်းသည်သာ အနည်းငယ်ထူးဆန်းခြင်းဖြစ်ပါ၏။

လင်ထျန်းချန်းတို့သုံးဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သူတို့၏မျက်လုံးထဲတွင် အဓိပ္ပာယ်အချို့ဖြတ်ပြေးသွား၏။ သူတို့သည် အေးဆေးတည်ငြိမ်ခြင်းဖြင့် အရမ်းတော်တတ်ဟန်ဆောင်နေကြလေသည်။

မည်သို့ပင်ဖြစ်စေ အဆုံးသတ်၌ အံ့ဩဖွယ်သံစဉ်ကဲ့သို့ စူးဝါးကျယ်လောင်လှစွာသော အော်ဟစ်သံထွက်ပေါ်လာခြင်းကိုဖြင့် သူတို့၏အောင်မြင်မှုအဖြစ် သတ်မှတ်ပေးနိုင်ပါ၏။

ထိုအခိုက်တွင် ချီမိန်ချွှေရွှယ်သည် တည်ငြိမ်နေဆဲမျက်နှာအမူအရာဖြင့် မတ်တပ်ရပ်လာခဲ့သည်။ ထို့နောက်တွင် လင်ထျန်းချန်းတို့ကို တစ်ချက်မျှကြည့်၍ လက်ကိုဆန့်ထုတ်လိုက်ပြီးနောက် အရေးမစိုက်ဟန်ဖြင့်ပြော၏။

“ဒီစည်းကိုကျော်လာတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် သေရမယ်”

ချီမိန်ချွှေရွှယ် ရေးဆွဲလိုက်သည့်စည်းသည် လင်ထျန်းချန်းတို့နှင့် တစ်မီတာကွာဝေးပြီး ချီမိန်ချွှေရွှယ်တို့နှင့် ငါးမီတာကွာဝေးသည်။

“သူဘာပြောလိုက်တာလဲ”

“စည်းကျော်တဲ့လူ သေမယ်တဲ့လား”

“ဟား ဟား ဟား ဟား!”

ချီမိန်ချွှေရွှယ်၏စကားကို ကြားလိုက်ရသည်တွင် လင်ထျန်းချန်းတို့သည် ခဏမျှကြောင်အ,သွားခဲ့ပြီးနောက် အထက်ကောင်းကင်သို့ဦးမော့လျက် မျက်ရည်ထွက်လုနီးပါး ‌လှိိုက်လှိုက်လှဲလှဲရယ်မောကြကုန်သည်။ သူတို့၏ရယ်မောသံများသည် ကွင်းပြင်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့ရာ နေရာရှိလူအားလုံးမှာ ထိုရယ်သံများ၏ ထေ့ငေါ့ခြင်း‌‌ေသာအဓိပ္ပာယ်ကို နားလည်လိုက်ကြပါ၏။

လင်ထျန်းချန်းတို့သုံးဦးသာမက အခြားသူများသည်လည်း လှောင်ရယ်ကြပါသေး၏။ သူတို့အားလုံးသည် ချီမိန်ချွှေရွှယ်အား လှောင်ပြောင်သရော်သောအကြည့်တို့ဖြင့်ကြည့်လျက် ခေါင်းတရမ်းရမ်းပြုမူကြလေသည်။

ရေတွင်းအောက်ခြေရှိဖားသည် ရယ်ရလွန်းလှသည်။

စင်မြင့်ထက်ရှိဂိုဏ်းတပည့်များနှင့် စွမ်းအားမြင့်ကျင့်ကြံသူများသည်လည်း ပြုံးလျက်ခေါင်းခါရမ်းကြလေသည်။ ဤရှန်ရှန့်ကျုံဂိုဏ်းသည် အနည်းငယ်သနားဖွယ်ကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရပေသည်။ ထိုရှန်ရှန့်ကျုံဂိုဏ်းသည် မိမိဂိုဏ်း၏ထည်ဝါမှုတစ်ခုတည်းတွင် နစ်မြုပ်နေခဲ့ပြီး လက်တွေ့ကို အသိအမှတ်မပြုနိုင် ဖြစ်နေရှာလေသည်။

“ဒီဂိုဏ်းကတော့ တကယ်ကြီး အိပ်မက်ကမ္ဘာထဲမှာ နေထိုင်နေတာပဲ”

“ဟုတ်ပဗျာ။ ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာကို သေရေးရှင်ရေးဆိုတာလည်း မသေချာတဲ့အခြေအနေကြီးကို မောက်မာနေနိုင်သေးတယ်”

“သူတို့ဟာက တကယ်ရယ်ရတဲ့မာနကြီးပဲ။ အင်အားမှမရှိတာကို ဘာတွေများ ဂုဏ်ယူထောင်လွှားနိုင်တဲ့အရည်အချင်းမျိုး ရှိနေသေးလို့လဲ”

“အဲဒီ့ဂိုဏ်းက ဘယ်ကနေ ရောက်လာတယ်တော့မသိဘူး။ နတ်ဆိုးချိပ်ပိတ်ညီလာခံမှာ ဒီလိုရိုက်ခတ်မှုအကြီးစားကြီး ဖြစ်စေနိုင်ခဲ့တယ်။ ငါတို့ရဲ့ယောင်ရီအင်ပါယာက ဘယ်တုန်းက ဒီလိုအဆင့်အတန်းနိမ့်ကျသွားခဲ့တာလဲပဲ”

နေရာရှိလူအားလုံးသည် တစ်ခစ်ခစ်ရယ်မောကြလျက် ချီမိန်ချွှေရွှယ်၏စကားကို ဟာသအဖြစ်သာ သဘောထားကြပေသည်။

“ဂိုဏ်းချုပ်ပြန်လာတာနဲ့ ဒီလူတွေအကုန်‌ သေရလိမ့်မယ်!”

“ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို စော်ကားရဲတယ်ပေါ့လေ။ သေဖို့တောင်းဆိုနေတာပဲ!”

ပတ်ပတ်လည်ရှိ လှောင်ရယ်သံများကြောင့် လင်းဖေးဝူနှင့် မုယွင်ဖေးတို့မှ ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်။

သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းကို ဂုဏ်သရေကြီးမြတ်လှသောဂိုဏ်းဟု သတ်မှတ်ထားခြင်းဖြစ်ပြီး ဤဘဝ၏တစ်ခုတည်းသောဂိုဏ်းအဖြစ် သတ်မှတ်ထားခဲ့သည်ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းအား စော်ကားနေသည်ကို အဘယ်သို့များ တည်ငြိမ်စွာကြည့်နေနိုင်ပါမည်နည်း။ သူတို့မှာ စွမ်းအားအရာ၌ လိုအပ်နေသေးသည်ကြောင့်သာမဟုတ်ပါလျှင် ထိုလူများအားလုံးကို ဓားတစ်လက်ဖြင့် အကုန်သတ်ပစ်ချင်မိပါ၏။

လီထျန်းရှင်းနှင့် ဝူနျာန်တို့သည် စကားမဆိုကြသော်ငြား သူတို့၏မျက်လုံးထဲတွင်တော့ ဒေါသရိပ်များထင်ဟပ်နေပါ၏။ သူတို့နှစ်ဦးသည် ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာ မကြာမြင့်သေးသော်ငြား ရှန်ရှန့်ကျုံဂိုဏ်းအား ကြောက်ရွံ့ရိုသေလေးစား၏။

သူတို့ပူပန်သောကရောက်နေချိန်တွင် ဂိုဏ်းချုပ်သည် နတ်ဘုရားတစ်ပါးကဲ့သို့ ဆင်းသက်လာခဲ့ပြီး သူတို့ကိုကယ်တင်ပေးခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းကို အလွန်ကျေးဇူးတင်ရှိပြီး ရှန်ရှန့်ကျုံဂိုဏ်းအား စော်ကားပြုမူခြင်းကို လက်မခံနိုင်ပါချေ။

လင်းဖေးဝူတို့၏ဒေါသနှင့်နှိုင်းစာပါလျှင် လီဟေးသည် စကားမဆိုခဲ့ချေ။ ‌လီဟေးသည် ဒေါသပင် မထွက်ခဲ့ပါ။ လှောင်ရယ်နေသည့်ထိုလူများအား တစ်ချက်ကြည့်လျက် စိတ်ထဲတွင်သာ မှတ်သားထားလိုက်ပေသည်။

သူ၏နှလုံးအိမ်တွင်းရှိ စာအုပ်ငယ်လေးထဲတွင် ထိုလူအားလုံး၏မျက်နှာများကို ကျိန်းသေပေါက်သတ်ပစ်ရမည့်လူများအဖြစ် ထွင်းထုမှတ်သားထားပြီးဖြစ်လေသည်။

“နှစ်တွေအများကြီးကြာမှ ပထမဆုံးအကြိမ်အဖြစ် ငါဂိုဏ်းချုပ်လည်း ဒီလောက်ရယ်ရတဲ့ဟာသကို ကြားဖူးတော့တယ်။ ငါဂိုဏ်းချုပ်ကို စိတ်ပျော်စေခဲ့တာကိုထောက်ထားပြီး မင်းရဲ့အလောင်းကို ကိုယ်အင်္ဂါအပြည့်အစုံ ချန်ထားပေးပါ့မယ်”

လင်ထျန်းချန်းသည် ချီမိန်ချွှေရွှယ်ကိုကြည့်၍ လှောင်ရယ်လျက်ပြော၏။ သူ့တွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ လွှမ်းခြုံမနေပါသော်ငြား ထိုစကားလုံးများသည် ကြားရသူတိုင်းကို အေးစိမ့်သွားစေခဲ့သည်။

ထျန်းစန်းနှင့်ရှောင်းချန်သည် စကားမဆိုခဲ့သော်ငြား စိတ်သဘောထားညီညွတ်စွာဖြင့် ခေါင်းညိတ်ကြလေသည်။ ၎င်းသည် အမှန်တကယ် ရယ်ရပါ၏။ သူတို့ကို လှိုက်လှိုက်လှဲလှဲရယ်မောစေခဲ့သည်ဖြစ်ရာ ရုပ်အလောင်းကို ကိုယ်အင်္ဂါအပြည့်အစုံထားရှိပေးရန် သဘောတူပေးနိုင်ပါသည်။

“ငါဂိုဏ်းချုပ်လည်းမင်းရဲ့အလောင်းကို ကိုယ်အင်္ဂါအပြည့်အစုံချန်ထားပေးမယ် အဆင်ပြေတယ်မလား”

ထိုအခိုက်တွင် ခေါင်းလောင်းသံကဲ့သို့အသံသည် ရှန်းလင်းချန်တစ်ခွင်၌ မြည်ဟီးသွားခဲ့သည်။ လူအားလုံးမှာ အချိန်ခဏမျှ မင်သက်သွားကြပြီးနောက် အသံလာရာ လေဟာပြင်သို့ကြည့်လိုက်ကြလေသည်။

လင်ထျန်းချန်းတို့သုံးဦးသည်လည်း မျက်မှောင်ကြုတ်သွားကြကာ အသံလာရာ လေဟာပြင်သို့ကြည့်လိုက်ကြသည်။

ရှေ့ဆုံးတွင်ထိုင်နေသည့်ချန်းလီသည် ထိုလူအားကြည့်၍ မျက်နှာထက်တွင် အပြုံးမမည်သောအပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်း၏ဂိုဏ်းချုပ် ရောက်လာခဲ့ခြင်းပေလော။ ဤပြဇာတ်သည် ပို၍ပို၍ကောင်းမွန်လာလေပြီ။ ဧကရာဇ်ကြီး ဤနေရာ၌ရှိမနေသည်မှာ နှမြောဖွယ်ကောင်းလှသည်။ သို့မဟုတ်ပါက ကွာစေ့တစ်ပန်းကန်ဖြင့် စိတ်ဝင်စားဖွယ်ပွဲကြီးပွဲကောင်းကိုကြည့်၍ ပျော်ရွှင်နေပေတော့မည်။

“ဂိုဏ်းချုပ်ရောက်လာပြီ။ ဒီလူတွေအကုန်သေပြီပဲ!”

ထို‌ေလဟာပြင်မှအသံသည် လင်းဖေးဝူအား ‌ဝမ်းမြောက်ပျော်ရွှင်သွားစေခဲ့လေရာ လက်သီးဆုပ်၍ကြွေးကြော်လာခဲ့သည်။ သူမ၏အသံတွင် သေချာမှုများပါဝင်နေ၏။

ထိုဂိုဏ်းကြီးသုံးဂိုဏ်းသည် လင်းဖေးဝူ၏ဘဝတစ်လျှောက်လုံးတွင် မြင်တွေ့ခဲ့ဖူးသည်များထဲ၌ အင်အားအကြီးမားဆုံးဖြစ်သော်ငြား ဝမ်ဖုန်းရောက်လာသည်နှင့် ထိုလူများအားလုံးသေရမည်ဟု လင်းဖေးဝူသည် အခိုင်အမာယုံကြည်ဆဲဖြစ်ပါ၏။

မုယွင်ဖေးနှင့်အခြားသူများ၏ မျက်နှာအမူအရာသည်လည်း ပျော်ရွှင်မှုများထင်ဟပ်သွားခဲ့သည်။ သူတို့သည် လင်းဖေးဝူ ကဲ့သို့ အခိုင်အမာယုံကြည်ထားကြသည် မဟုတ်သော်ငြား ဝမ်ဖုန်းရှိနေသ၍ အရာအားလုံးမှာ ပြဿနာမဟုတ်နိုင်တော့ဟု တွေးထင်ကြပေသည်။ သူတို့အတွက်တော့ ဝမ်ဖုန်းသည် နတ်ဘုရားကဲ့သို့ အားကိုးအားထားရသည့်ဖြစ်တည်မှုကြီး ဖြစ်သည်။

လူအားလုံး၏အကြည့်အောက်၌ ဝမ်ဖုန်းနှင့် အခြားသူများ၏ပုံရိပ်တို့ ‌ကွင်းပြင်၏ကောင်းကင်ထက်တွင် ပေါ်ထွက်လာခဲ့သည်။ ဝမ်ဖုန်း၏ဘေးဘက်တွင် ယဲ့မုချင်ရှိနေပြီး နောက်ဘက်တွင် ချုံဖုန်းနှင့်ဘုန်း‌ေတာ်ကြီး၊ ရှောင်းရှီရိလင်တို့ရှိနေ၏။ ဝမ်ဖုန်းသည် လင်ထျန်းချန်းတို့ကို အရေးမထားဟန်ကြည့်လိုက်သည်။

“ရှန်ရှန့်ကျုံဂိုဏ်းနဲ့အတူ မြှုပ်နှံခံဖို့ အဲ့ဒီ့လူလည်းရောက်လာပြီပဲ”

တာ့အိုဝတ်ရုံဖြင့်အမျိုးသမီးသည် ဝမ်ဖုန်းတို့အားကြည့်၍ ပြက်ရယ်ပြုဟန်ဖြင့် စိတ်ထဲမှတွေးလိုက်သည်။

ယဲ့မုချင်၏မျက်နှာကို နေရာရှိလူအားလုံး ‌ရှင်းလင်းစွာမြင်လိုက်ရချိန်တွင် ကွင်းပြင်ကြီးတစ်ခုလုံးမှာ တိတ်ဆိတ်သွား၏။ သုသာန်တစပြင်အလား တိတ်ဆိတ်သွားခြင်းဖြစ်သည်။

နေရာရှိလူအားလုံးတွင် အတွေးတစ်ခုတည်းသာရှိ၏။ ‘ဒီလောကမှာ အဲ့လောက်လှတဲ့နတ်သမီးမျိုး ရှိသေးတာလား'ဟူ၍ဖြစ်သည်။

စစ်သူကြီးချန်းလီသည်ပင် ယဲ့မုချင်ကိုမြင်လိုက်သည့်အချိန်၌ မျက်လုံးအိမ်တို့မှေးကျဉ်းသွားရကာ နှလုံးအိမ်မှ စည်းချက်မညီနိုင်ဘဲ လှုပ်ခတ်သွားခဲ့ရလေသည်။

ထို့ပြင် လင်ထျန်းချန်းနှင့်အခြား‌ဂိုဏ်းချုပ်များမှာလည်း မျက်နှာအမူအရာမှာ ထုံထိုင်းသွားရလေသည်။ ထိုမိန်းကလေးမှာ သူတို့၏ဘဝသက်တမ်းတစ်လျှောက်လုံး၌ညတွေ့မြင်ခဲ့ဖူးသမျှထဲတွင် အလှပဆုံးသောမိန်းကလေးဖြစ်ပါလိမ့်မည်။

အလှလေးများဟုသမုတ်ခံရသည့် ယင်ဧကရီ၊ ယောယွဲ့ ကဲ့သို့‌သော မိန်းကလေးများသည်ပင် စိုးစဉ်းသော်မျှ မယှဉ်နိုင်ပါချေ။

စစ်သူကြီးချန်းလီ၏ဘေးတွင်ထိုင်နေသည့် ‌အိမ်ရှ့စံမင်းသားယုဖေးသည်‌ေတာ့ သူ၏မျက်လုံးများတွင် ပြင်းထန်လှစွာသော အလင်းတန်းများတောက်လောင်နေတော့သည်။ ထိုမျက်လုံးများသည် ယဲ့မုချင်အား မြဲမြံစွာစိုက်ကြည့်နေလျက် ပြော၏။

“အဲဒီ့မိန်းကလေးကို ငါမင်းသားလိုချင်တယ်”

သူ၏စကားလုံးများတွင် သေချာလှစွာသော အလိုဆန္ဒများပါဝင်နေခဲ့သည်။

All Chapters