ဓားများနှင့် လူများသည်လည်း ပျံသန်းနေသည့် အမတများနှင့်တူပေသည်။
Vol. 5 Ch. 65
လင်ထျန်းချန်းသည် သွေးရောင်နီရဲနေခဲ့သည့် ဓားရိုးအား စိုက်ကြည့်နေခဲ့ကာ သူ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်ဖြစ်သွားခဲ့ရသည်။
သူက ဘယ်သူလဲ?
သူသည် ဂုဏ်သရေရှိ ဖေးယုဂိုဏ်းရဲ့ ဂိုဏ်းချုပ်နှင့် ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးလေ!
ဓားတစ်ချောင်းဆီကနေ ပြန်ပြီးအရိုက်ခံရတယ်တဲ့လား?
ဓားသိုင်းကျွမ်းကျင်မှု၌ လင်ထျန်းချန်းသည် အမြဲတစေ အတော်လေး ဂုဏ်ယူနေခဲ့သည်။ ယောင်ရီအင်ပါယာကြီးတစ်ခုလုံးထဲတွင် ဓားသိုင်းကွမ်းကျင်မှု၌ သူနှင့် ယှဉ်နိုင်သူ အနည်းငယ်သာ ရှိလေသည်။
ယခုအချိန်တွင်တော့ သူ၏ ဂုဏ်ယူဖွယ်ကောင်းသည့် ဓားသိုင်းကျွမ်းကျင်မှုတွင် ဓားတစ်ကွက်နှင့် တွန်းလှန်နိုင်ခဲ့သည်တဲ့လား?
နေရာ၌ ရှိနေကြသည့် ဂိုဏ်းကြီး အင်အားကြီးပုဂ္ဂိုလ်များစွာသည် အံ့အားသင့်သွားခဲ့ကြသည်။ သို့သော်လည်း ဓားကွက်တစ်ကွက်တည်းဖြင့်သာ တွန်းလှန်ခံခဲ့ရသည့်သူက ဖေးယုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ လင်ထျန်းချန်းတဲ့လား?
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ?
ဤမြင်ကွင်းအား အချိန်ကြာကြာ စောင့်ကြည့်နေခဲ့သည့် ချန်းလီသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။
ချန်းလီသည်လည်း ဓားကိုင်ဆောင်သူတစ်ဦးဖြစ်သောကြောင့် ခုနမှ ရှောင်းရှီရိလင်၏ ဓားသည် မည်မျှပင် ကြောက်စရာကောင်းသည်ကို ပို၍ သေသေချာချာ သိရှိနေခဲ့သည်။ ထိုဓားသည် ရိုးရှင်းစွာ ခုတ်ပိုင်းလိုက်သည်ဟုထင်ရသော်လည်း အလွန်အံ့အားသင့်ဖွယ်ကောင်းသည့် ဓားရောင်ခြည်တို့နှင့် တောက်ပသွားခဲ့သည်။
ဤသူသည် ဓားအား အလွန်ထူးကဲစွာ ပြင်ဆင်နိုင်သည့် ဆရာသခင်တစ်ယောက်ပင် !
ချန်းလီသည်ပင် သူ့ကိုယ်သူမေးကြည့်လိုက်ပါက ရှောင်းရှီရိလင်၏ ဓားချက်အောက်တွင် လင်ထျန်းချန်းထက် သာအောင်လုပ်ဆောင်နိုင်မည်မဟုတ်ပေ!
ဒီရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲက ဒီလောက်တောင် အားကြီးတာလား?
ဝမ်ဖုန်းနောက်မှ လင်းဖေးဝူနှင့် အခြားသူတို့သည် စိတ်လှုပ်ရှားစွာကြည့်နေခဲ့သည်။ ထိုသူသည် သူတို့၏ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲပင်ဖြစ်ပြီး အလွန် အင်အားကြီးပေသည်!
ဝူနျန် ဘုန်းကြီးသည်ပင် အံ့အားသင့်နေခဲ့သော်လည်း သူသည် ဝူရှန်း ဘုန်းကြီးနှင့် စစ်ဖန်း စံအိမ်၏ သခင် ရှောင်ချန်းတို့နှစ်ဦးကြားမှ တိုက်ပွဲအား ပို၍အာရုံစိုက်နေမိခဲ့သည်။
ဝူရှန်း ဘုန်းကြီးသည် လက်သီးဆုပ်လိုက်ကာ စစ်ဖန့် ခန်းမ၏ သခင် ရှောင်ချန်းအား အနည်းငယ် ပြုံးကာ ကြည့်လိုက်ခဲ့သည်။
“လူလေးဦး လက်သီး!”
သူ၏ ဘေး၌ရှိသည့် လင်ထျန်းချန်းသည် ဓားဖြင့် တွန်းလှန်ခံလိုက်ရသောကြောင့် ရှောင်ချန်း၏ စိတ်ထဲတွင် ပို၍ လေးနက်လာခဲ့သည်။ ဝူရှန်း ဘုန်းကြီးသည်တော့ အနည်းငယ်မျှပင် စိတ်မပေါ့သွားနိုင်ခဲ့ပေ။ ပထမဆုံး ပေါက်ကွဲမှုသည် အင်အားအပြင်းဆုံး တိုက်ကွက်ပင်ဖြစ်သည်!
ဝူရှန်း ဘုန်းကြီးသည် သူ၏လက်သီးအား ဆန့်ထုတ်လိုက်ကာ သူ၏ခန္ဓာကိုယ်မှ ချီစွမ်းအင်တို့သည် လက်သီးထဲသို့ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ပြီး ထိုလက်သီးအား လင်းလက်စွာ တောက်ပသွားစေခဲ့သည်။
ဤအချိန်တွင် သူ၏လက်သီးဝန်းကျင်မှ ဟင်းလင်းပြင်သည် အနည်းငယ် တွန့်ခေါက်သွားခဲ့သည်။
ရှောင်ချန်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် လက်သီးထိုးလိုက်ခဲ့ရာ ချက်ချင်းဆိုသလိုပင် လက်သီးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုလက်သီးသည် လင်းလက်သည့် နေလုံးကြီးကဲ့သို့ပင် ဝင်းလက်တောက်ပြောင်နေခဲ့သည်။ ပထမဆုံးအကြည့်တစ်ချက်၌ပင် ၎င်းသည် စိတ်ဝိဉာဉ်အား နိုးကြားစေ၍ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှသည်။
ဤလက်သီးသည် လင်ထျန်းချန်း တွန်းလှန်ခံလိုက်ရသောကြောင့် အံ့အားသင့်နေခဲ့သည့် လူများအား ပြန်လည် သတိလည်လာစေခဲ့ကာ သူတို့အားလုံးသည် ရှောင်ချန်းနှင့် နှစ်ဦးကြားမှ တိုက်ပွဲဘက်သို့ အာရုံစိုက်လာခဲ့ကြလေသည်။
ရှောင်ချန်း၏ ကြောက်စဖွယ် လက်သီးအား ရင်ဆိုင်ရသည့်အခါ ဝူရှန်း ဘုန်းကြီးသည် အနည်းငယ် ပြုံးနေဆဲပင်ဖြစ်သည်။ သူ၏ဦးခေါင်းပေါ်ရှိ အလင်းရောင်သည် နေရောင်ကြောင့် ထွန်းလင်းနေခဲ့ပြီး ဝူရှန်း ဘုန်းကြီးအား သူ၏ခန္ဓာကိုယ်ပေါ်၌ ဗုဒ္ဓရောင်ခြည် အလွှာတစ်ခုရှိနေပုံပင် ပေါ်နေခဲ့သည်။ သူသည် တည်ငြိမ်အေးချမ်း၍ ရိုသေလေးမြတ်ဖွယ်ရာ ကောင်းနေပေသည်။
ထို့နောက်တွင် သူသည် လူတိုင်း၏ တွေဝေနေသည့် အကြည့်များအောက်တွင် သူ၏လက်ထဲမှ ပုတီးအား မည်သည့်လှုပ်ရှားမှုမှမရှိဘဲ ပစ်ချခဲ့လေသည်။ သူသည် ထိုပုတီးအား ပစ်လိုက်သည်နှင့်တစ်ပြိုင်နက် ပုတီးသည် မြန်မြန်ဆန်ဆန် လည်ပတ်နေခဲ့ပြီး ပုတီးတစ်ခုလုံးသည် တောက်ပ လင်းလက်နေခဲ့သည်။
ဗုဒ္ဓပုတီးသည် လည်ပတ်နေခဲ့သောအခါတွင် အလွန်အမင်း မြန်ဆန်နေခဲ့ပြီး အလင်းတန်းတစ်ခုကဲ့သို့ပင် လက်သီးအား ချက်ချင်း ရိုက်ခတ်သွားခဲ့သည်။
ဗုံး!
ပြင်းထန်လှသည့် အင်အားသည် အရပ်ရပ်သို့ ရိုက်ခက်ပျံ့နှံ့သွားခဲ့ရာ မြင့်မားသော စင်မြင့်ကြီးတစ်ခုလုံးသည် အံ့အားသင့်သွားခဲ့လေသည်။ မြင့်မားသော စင်မြင့်ကြီးအား ထူးခြားသည့် အရာများနှင့်သာ ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ တော်ဝင် စစ်သည်တော်များ စောင့်ကြပ်နေခြင်းမရှိပါက စင်မြင့်ကြီး ပေါက်ကွဲသွားလောက်နိုင်ပေသည်။
အခြား နေရာတွင်သာ ဖြစ်ပေါ်ခဲ့ပါက ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ် နှစ်ဦးကြားမှ တိုက်ခိုက်မှုသည် တောင်ငယ်လေးတစ်ခုအား ဖျက်ဆီးရန်ပင် လုံလောက်မည်ဖြစ်နေသည်။
ထို့နောက်တွင် ကွင်းပြင်ထဲမှ လူတို့၏ ကြောက်ရွံ့နေသည့် အကြည့်အောက်၌ပင် ဗုဒ္ဓပုတီးသည် ပထမ အလင်းတန်းအား ခဏတာ ထိမိသွားခဲ့ပြီးနောက် လက်သီးရောင်ခြည်အား အပိုင်းအစများစွာ ကွဲကြေသွားစေခဲ့၍ ကြယ်ရောင်ခြည်ငယ်လေးများ ဖြစ်ပေါ်သွားစေခဲ့ကာ ထိုကြယ်ရောင်ချည်လေးတို့သည် စင်မြင့်ထက်တွင် လွင့်စင်ပျောက်ကွယ်သွားခဲ့ကြသည်။
လက်သီးအား ကြေကွဲစေပြီးနောက်တွင် ဗုဒ္ဓပုတီးသည် ကြန့်ကြာနေခြင်းလုံးဝမရှိခဲ့ဘဲရှောင်ချန်းဘက်သို့ ချက်ချင်း ထွက်သွားခဲ့သည်။ အလွန်လျင်မြန်စွာ လည်ပတ်နေခဲ့သည့် ဗုဒ္ဓပုတီးစေ့တို့သည် ဟင်းလင်းပြင်အား အပ်ကွဲရန် လုပ်နေကြပုံပင်ပေါ်ကာ အလွန် ကြောက်စဖွယ်ကောင်းသော အားနှင့် ထွက်ပေါ်လာခဲ့ပြီး အလွန်အမင်း တုန်လှုပ်ဖွယ်ကောင်းလှပေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
ဤမြင်ကွင်းအား မြင်လိုက်ခဲ့ရသည့်အခါတွင် ရှောင်ချန်းသည် မျက်လုံးများပြူးသွား၍ အော်ပြောလိုက်ကာ ကမန်းကတန်း ခုခံခဲ့သည်။ ရှောင်ချန်းသည် သူက သတိထားနေခဲ့သည်ဟု ထင်နေခဲ့ကာ သူ၏ အင်အားနှင့်ဆိုလျှင် ဝူရှန်း ဘုန်းကြီးအား ခုခံနိုင်မည်ဟု တွေးနေမိခဲ့သည်။
သို့သော် ဝူရှန်း ဘုန်းကြီးသည် ဗုဒ္ဓပုတီးကို ပစ်ပေါက်လိုက်ရုံဖြင့်ပင် ဤကဲ့သို့သော ကြောက်စဖွယ် အင်အားအားကို စိတ်တိုင်းကျ ထုတ်ေဖာ်နိုင်မည်ဟု မထင်ထားခဲ့ပေ။
ဗုံး!
ဗုဒ္ဓပုတီးသည် ရှောင်ချန်း၏ ခန္ဓာကိုယ်အား အလွဲအမှားမရှိ ထိမှန်သွားခဲ့သည်။
ရှောင်ချန်းသည် ခန္ဓာကိုယ်အား ချီစွမ်းအင်အလွှာများနှင့် ဖုံးကွယ်ထားပြီးဖြစ်သော်လည်း သူ၏ အသားအရေသည် ဖြူဖက်ဖြူရော်ဖြစ်နေဆဲဖြစ်ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အနောက်ဘက်သို့ လွင့်ထွက်သွားခဲ့လေသည်။ လေထဲ၌ အနည်းငယ် လိမ့်ပြီးသည့်အခါတွင် ရှောင်ချန်းသည် သူ၏ခန္ဓာကိုယ်အား တည်ငြိမ်ရန် မနဲလုပ်ယူခဲ့ရသည်။ မြေပြင်ပေါ်သို့ ရပ်ပြီးခဲ့နောက်တွင် ခြေလှမ်းအနည်းငယ် ဆုတ်၍ မြင့်မားသော စင်မြင့်ပေါ်၌ ပေါက်ကွဲသွားခဲ့သည်။
“ဖူး!”
ရှောင်ချန်း ပါးစပ်မှ သွေးများအန်ထွက်လာခဲ့ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အနည်းငယ် တုန်လှုပ်နေခဲ့၍ သူ၏မျက်လုံးသည်လည်း ဝူရှန်း ဘုန်းကြီးအား ကြောက်ရွံ့စွာကြည့်နေခဲ့သည်။
“ဟင်း!”
ဤမြင်ကွင်းအား မြင်ကြရသည့်အခါတွင် ကွင်းပြင်ထဲမှ သူများအားလုံးသည် အသက်ပြင်းပြင်းရှူလိုက်ကာ မျက်လုံးပြူးလာကြပြီး သူတို့သည် နှိုင်းယှဥ်၍မရနိုင်အောင် ကြောက်ရွံ့နေခဲ့ကြသည်။
ရှောင်ချန်းသည် စစ်ဖန်းခန်းမ၏ ခန်းမသခင်ဖြစ်သည်။ သူ၏ အင်အားသည် လင်ထျန်းချန်းနှင့် နှိုင်းယှဉ်၍မရနိုင်သော်လည်း ရှောင်ချန်းသည်လည်း ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။ သို့သော်လည်း ယခုအချိန်တွင် သူ့အား ဝူရှန်း ဘုန်းကြီးမှ ချက်ချင်းဒဏ်ရာရသွားစေခဲ့သည်။
အမယ်လေး, ဒီ ရှန်ရှန့်ကျုံဂိုဏ်းဆိုတာက ဘယ်လိုမျိုး ကြောက်စရာဂိုဏ်းပါလိမ့်?
အကြီးအကဲတွေအကုန်လုံးက အရမ်း အင်အားကြီးကြတာလားဟ?
ထိုအင်အားကြီးပုဂ္ဂိုလ်များကြားတွင် ယခင်က ဝူနျာန် ဘုန်းကြီးနှင့် အသံ ပို့ဆောင်ခြင်း ပြုလုပ်ခဲ့သည့် ဝူရှန်းဂိုဏ်း၏ အကြီးအကဲဖြစ်သူ ဘုန်းကြီးတစ်ဦး ရှိနေခဲ့သည်။ ထိုဘုန်းကြီးသည် ဦးညွတ်ခဲ့ပေသည်။
ဗုဒ္ဓလမ်းစဉ်အရ သူသည် ထိုကဲ့သို့သောအဆင့် မျိုး ရှိမနေခဲ့ပေ။ သူသည် ထိုအဆင့်အတန်းမြင့်သည့်ဘုန်းကြီးအား ဝူရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်ပင် နှိုင်းယှဉ်၍မရနိုင်ဟု တွေးနေမိခဲ့ပေသည်။
ဝမ်ဖုန်းနောက်တွင် မတ်တပ်ရပ်နေခဲ့သည့် ဝူနျာန် ဘုန်းကြီး၏ မျက်လုံးများသည်လည်း တောက်ပနေခဲ့သည်။ သူသည် ရွေးချယ်မှု မမှားသွားခဲ့ပေ။ ရှန်ရှန့်ကျုံဂိုဏ်းသည် သူနှင့် သင့်တော်လှပေသည်!
ချန်းလီသည် ပို၍ မျက်မှောင်ကြုတ်လာခဲ့သည်။ ဤ ရှန်ရှန့်ကျုံဂိုဏ်းသည် ဧကရာဇ်မင်း၏အမြင်တွင် ဆူးေညာင့်တစ်ခုကဲ့သို့ပင် ဖြစ်နေမည်ဖြစ်သည်။
“မဖြစ်နိုင်ဘူး။ ငါ့ဂိုဏ်းချုပ် မင်းတို့ ဒီလောက် အင်အားကြီးတာကို မယုံဘူးကွ!”
ရှောင်ချန်းသည် ကြိမ်းဝါးလိုက်ခဲ့ပြီး သူ၏ခန္ဓာကိုယ်မှ ရှိန်လှသည့် အင်အား ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ သူသည် ဒဏ်ရာရထားခဲ့သော်လည်း ပြင်းပြင်းထန်ထန် မဟုတ်ဘဲဆက်လက် တိုက်ခိုက်နေနိုင်ဆဲပင်။
ချီစွမ်းအင်အား သူ၏လက်သီးများထဲသို့ ထည့်သွင်းစုစည်းလိုက်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဒေါသထွက်နေသည့် ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်နေခဲ့၍ ဝူရှန်း ဘုန်းကြီးအား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့သည်။
ဤသို့မြင်လိုက်ရသည့်အခါတွင် ဝူရှန်းဘုန်းကြီးသည် ဗုဒ္ဓပုတီးစေ့တို့အား သိမ်းလိုက်၍ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပျံဝဲ ထွက်သွားခဲ့သည်။ ရှောင်ချန်း၏ ဒေါသထွက်ကာ ရူးသွပ်နေမှုနှင့် ယှဉ်လျှင် ဝူရှန်း ဘုန်းကြီးသည် စိတ်မဝင်စားပုံပေါ်ပေသည်။
အခြားတစ်ဖက်တွင် လင်ထျန်းချန်းသည် ဒေါသထွက်လာခဲ့ပြီး သူ၏ ဓားသည် လုံးဝ ရှုံးနိမ့်သွားမည်မဟုတ်ကြောင်း အော်ပြောလာခဲ့သည်!
ဓားအား လက်နှစ်ဘက်လုံးနှင့် ကိုင်ထားကာ သူ၏ခန္ဓာကိုယ်အတွင်းမှ အင်အားတို့သည် လက်များမှတစ်ဆင့် ဓားထဲသို့ စီးဆင်းသွားကြ၍ လင်ထျန်းချန်း၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုကဲ့သို့ လှုပ်ရှားလာခဲ့ကာ ရှောင်းရှီရိလင်သို့ ချက်ချင်း တွန်းတိုက်သွားခဲ့ပေသည်။
ဤတိုက်ပွဲနှစ်ခုသည် နေရာ၌ရှိနေကြသူတိုင်း၏ စိတ်ထဲတွင် တုန်လှုပ်သွားစေခဲ့သော်လည်း ယဲ့ကူချန်နှင့် ချောင်ဟိုင်ဂိုဏ်း၏ ဂိုဏ်းချုပ်တို့ကြားမှ တိုက်ပွဲသည်လည်း နေရာ၌ရှိနေသူတိုင်းအား အံ့အားသင့်သွားစေခဲ့ကြသည်။
ဤအချိန်တွင် နေရာ၌ရှိနေခဲ့သူတိုင်းသည် အလွန်စိတ်ဝင်စားနေကြ၍ သူတို့မျက်လုံးနှင့် ကိုယ်တိုင်မြင်ရသည်ကပင် မလုံလောက်နိုင်ဖြစ်နေခဲ့သည်!
ဤတိုက်ပွဲတို့သည် ဆန်းကြယ်အင်ပါယာအဆင့်၏ အထွတ်အထိပ်ရှိ အင်အားကြီးပုဂ္ဂိုလ်တို့၏ တိုက်ပွဲများပင်ဖြစ်ကြသည်။ ဤကဲ့သို့သောတိုက်ပွဲတို့အား ဆယ်စုနှစ်များစွာကြာလျှင်ပင် တွေ့မြင်ရရန် ခက်ခဲလှသော်လည်း ယခု တွေ့မြင်နေရချိန်တွင် ကြည့်နေရသူတို့သည် အံ့အားသင့်နေကြ၍ ကြောက်လန့်နေခဲ့ကြသည်။
ဤအချိန်တွင် ယဲ့ကူချန်သည် လက်ထဲတွင် သူ၏ဓားအား ကိုင်ဆောင်၍ ချောင်ဟိုင်ဂိုဏ်း၏ ဂိုဏ်းချုပ်အား စိတ်မဝင်စားပုံနှင့် ကြည့်နေခဲ့စဉ် ချောင်ဟိုင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည်လည်း ယဲ့ကူချန်အား တည်ငြိမ်စွာပင် ကြည့်နေခဲ့ပေသည်။
လင်ထျန်းချန်းနှင့် ရှောင်ချန်းတို့ ကျဆုံးခြင်းသည် ထျန်းစန်းကို အလွန်ထိန့်လန့်လိုဖြစ်စေခဲ့သည်။ အမြဲလိုလိုပင် ပြုံးရယ်နေခဲ့သည့် ဤလူဝကြီးသည် ပြုံးမနေနိုင်ခဲ့တော့ပေ။
သူသည် လင်ထျန်းချန်းနှင့် အဆင့်တူသည့် အင်အားကြီးပုဂ္ဂိုလ်ဖြစ်သော်လည်း သူသည် ရှောင်ချန်းထက် တစ်လှမ်းသာနေခဲ့သည်။ ဤရှန်ရှန့်ကျုံဂိုဏ်းသည် အလွန် ထူးဆန်းလှပေကာ သူသည် အနည်းငယ်မျှပင် မပေါ့ဆနိုင်ခဲ့ပေ။
“တိုက်!”
ထျန်းစန်းသည် ယဲ့ကူချန်အား စိုက်ကြည့်၍ အော်ပြောလိုက်ခဲ့ရာ သူ၏အသံသည် စင်မြင့်ကြီးတစ်ခုလုံးထံသို့ ပျံ့နှံ့သွားခဲ့သောကြောင့် လူအတော်အများသည် သူ့အပေါ် အာရုံစိုက်သွားခဲ့ကြသည်!
ဤသို့ အော်လိုက်ခြင်းဖြင့် ထျန်းစန်းသည် သူ့ကိုယ်သူ အားပေးနေသည်ဟုထင်ရကာ ယဲ့ကူချန်အား ဟန့်တားချင်နေသည်ဟု ထင်ရပေသည်။
သူ၏အော်သံ တိတ်သွားသည့်အခါတွင် ထျန်းစန်း၏ ခန္ဓာကိုယ်ကြီးမှ စွမ်းအားတစ်ခုထွက်ပေါ်လာခဲ့ကာ သူ၏ခန္ဓာကိုယ်သည် လေထိုးထည့်ထားသည်ဟုထင်ရပြီး အနည်းငယ် ပိုဝလာသည်ဟု ထင်ခဲ့ရသည်။
သူသည် လက်များအား ဆန့်ထုတ်လိုက်၍ ထို ဝဝတုတ်တုတ်လက်သည် ချီစွမ်းအင်နှင့် ချက်ချင်း လွှမ်းခြုံသွားခဲ့ကာ တောက်ပလှသည့် ရောင်ခြည် ထွက်ပေါ်လာ၍ ထိုရောင်ခြည်သည် အပြာရောင် ကဲ့သို့သော အလင်းရောင်ဖြစ်နေသည်။
“လှိုင်းလုံး ကိုးလုံး!”
ထျန်းစန်းသည် အနည်းငယ်ဟိန်းဟောက်ခဲ့ကာ သူ၏လက်အား အဆက်မပြတ် ရိုက်ခတ်နေခဲ့၍ လက်ဖဝါး ရှစ်ချက်ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ထပ်ထားသည့် လက်ဖဝါးပေါ်၌ နဝမမြောက် လက်ဖဝါးကို ချရိုက်လိုက်ခဲ့သည်!
လက်ဖဝါး ကိုးချက် ပေါ်လာခဲ့ကာ တစ်ခုပေါ်တစ်ခု ထပ်နေ၍ လှိုင်းလုံးများကဲ့သို့ အတူတူပူးတွဲနေကြရာ ချက်ချင်း ကြီးမားလှသည့် လက်ဖဝါးပုံဖြစ်ပေါ်သွားခဲ့၍ ယဲ့ကူချန် ဘက်သို့ တည့်တည့် ပစ်ဝင်သွားခဲ့သည်။
လက်ဆန့်ထုတ်လိုက်သည့်အချိန်မှစ၍ ထုတ်လွှတ်လိုက်သည့်အချိန်အထိ အဖြစ်အပျက်တို့သည် အလွန်မြန်ဆန်ပေသည်!
ထျန်းစန်း၏ ဟိန်းဟောက်လိုက်မှုကြောင့် အားလုံးက ကြောက်လန့်နေကြသည့်အချိန်တွင် ထျန်းစန်းသည် ထိုလက်ဖဝါးအား ပစ်လွှတ််ခဲ့ပြီးဖြစ်ပေသည်။ လှိုင်းလုံးများနှင့် တူသည့် လက်ဖဝါးပုံဖြစ်၍ အလွန် ထူးကဲလှပေသည်။
“ဟာ, ဂိုဏ်းချုပ် ထျန်းက ချောင်ဟိုင်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း စွမ်းရည်ဖြစ်တဲ့ ပုံစံကိုးခုကို ဒီလိုကြီးချပြလိမ့်မယ်မထင်ထားဘူး!”
“ဂိုဏ်းချုပ် လင်နဲ့ ဂိုဏ်းချုပ် ရှောင်တို့ ရှုံးသွားတာက ဂိုဏ်းချုပ်ထျန်းကို စိတ်မပေါ့ထားရဲတော့ဘဲ ဒီလို အင်အားအကြီးဆုံး တိုက်ကွက်ကို သုံးလိုက်စေတာထင်တယ်!”
“ဒီတစ်ခါတော့ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲက ဂိုဏ်းချုပ် ထျန်းရဲ့ တိုက်ကွက်ကို တားလိုက်နိုင်ပါ့မလားမသိဘူး?”
“မဖြစ်နိုင်လောက်ဘူးထင်တယ်? ဂိုဏ်းချုပ်လင် နဲ့ ဂိုဏ်းချုပ် ရှောင်တို့ကို တိုက်လိုက်တဲ့ နှစ်ယောက်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့အကြီးအကဲတွေထဲက အင်အားအကြီးဆုံးသူတွေပဲထင်တယ်။ ဒီတစ်ယောက်ကတော့ ဂိုဏ်းချုပ် ထျန်းကို တားလိုက်နိုင်မှာမဟုတ်ဘူး!”
“ပြောလို့မရဘူးကွ၊ ဒီရှန်ရှန့်ကျုံဂိုဏ်းက အရမ်းထူးဆန်းလွန်းတယ်! ဒီလို ရှန်ရှန့်ကျုံဂိုဏ်းမှာ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ် ငါးယောက်တောင်ရှိနေမယ်လို့ ဘယ်သူထင်ထားခဲ့လို့လဲ?”
ထျန်းစန်းသည် ထိုလက်ဖဝါးများ လွှတ်ထုတ်လိုက်သည့်အခါတွင် နေရာ၌ရှိနေခဲ့ကြသူတိုင်းသည် သူ့အား စိုက်ကြည့်နေကြကာ တီးတိုးပြောနေခဲ့ကြသည်။
လူတိုင်း ဆွေးနွေးနေသည့်အချိန်တွင်ပင် ထျန်းစန်း၏ လက်ဖဝါးပုံသည် ယဲ့ကူချန်၏အရှေ့ရှိ မီတာငါးမီတာအဝေးတွင် ရိုက်ချလိုက်ခဲ့ပြီးပြီဖြစ်ပေသည်။ ထိုလက်ဖဝါးပုံ ရိုက်ချလိုက်ပြီးနောက်တွင် ကြီးမားသည့် လေဟာနယ် အက်ကွဲရာကြီးတစ်ုခုပေါ်လာခဲ့လေသည်။
ဤအချိန်တွင် ယဲ့ကူချန် လှုပ်ရှားခဲ့သည်။!
သူသည် သူ၏ ပိန်သွယ်သွယ် လက်များအား ဆန့်ထုတ်လိုက်၍ ဓား၏ ဓားရိုးအား ကိုင်ထားခဲ့သည်။ ဓားရောင်ခြည်တစ်ခု ပေါ်ပေါက်လာခဲ့ပြီး လူတိုင်းအား ခဏတာ ကြောင်သွားခဲ့စေသည်။ သူတို့ နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ချိန်တွင် ယဲ့ကူချန်၏ လက်သည် ဓားရိုးပေါ်တွင်သာ ရှိနေခဲ့သေးကာ ဓားမထုတ်ရသေးသကဲ့သို့ပင်။
သို့သော် နေရာ၌ရှိနေကြသူတိုင်းသည် ယဲ့ကူချန် ဓားထုတ်လိုက်ပြီကို သိရှိထားခဲ့ကြသော်လည်း ဓားထုတ်လိုက်သည်မှာ အလွန်မြန်ဆန်လွန်းလှ၍ သူတို့ မြင်ပင်မမြင်ရခဲ့ကြပေ။
ဤအချိန်တွင် လူတိုင်း လုံးဝ သေချာစွာပြောနေနိုင်သည့် အကြောင်းအရင်းမှာ တောက်ပ၍ လျင်မြန်ကာ ရိုးတွင်းခြင်ဆီကိုပင် အေးစက်သွားစေသည့် ဓားစွမ်းအင်ပါဝင်နေသည့် ဓားရောင်ခြည်သည် ရှည်လျားသည့်သက်တန့်ကဲ့သို့ ကောင်းကင်ပေါ်တွင် ဖြတ်သွားခဲ့သောကြောင့်ပင်ဖြစ်နေသည်။
ထို ဓားရောင်ခြည်သည် မြင့်မားလှသော နေရာမှ ကျဆင်းလာခဲ့၍ ဓား၏ ဓားသွားသည် အလွန် ကြောက်စဖွယ်ရှိ၍ မထိန်းချုပ်နိုင်ပုံပေါက်နေခဲ့သည်!
အံ့မခန်းဖွယ်ရာ ဓားတစ်ချောင်းပင်!
ထျန်းစန်းအား အံ့အားသင့်သွားစေခဲ့သည်!
ချန်းလီအား အံ့အားသင့်သွားစေခဲ့သည်!
နေရာ၌ ရှိနေသူတိုင်းအား အံ့အားသင့်သွားစေခဲ့သည်!
ဝမ်ဖုန်း၏ အနောက်တွင်ရှိနေခဲ့သည့် ချုံဖုန်းသည် ဤဓားအား မြင်လိုက်ရသည့်အခါတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်လှုပ်သွားခဲ့သည်။ သူ၏မျက်လုံးများသည် နတ်ဘုရားတစ်ပါးအား ကြည့်နေသကဲ့သို့ပင် ထိုဓားအား စိုက်ကြည့်နေခဲ့ပေသည်။
ဤဓားသည် ထူးကဲသည့် ဓားသိုင်းကျွမ်းကျင်မှုပင်ဖြစ်သည်။ ဆန္ဒအရပြောင်းလဲနိုင်ကာ သာမာန်လူတို့ထက်သာလွန်ေနသည့် အတွေးအခေါ်ဖြစ်ပေသည်!
အချိန်ခဏတာအတွင်း၌ပင် ဤဓားသည် ထျန်းစန်း၏ လက်ဖဝါးအား တိုက်ခိုက်ခဲ့ကာ လူအများ၏ အကြည့်အောက်၌ပင် ထိုလက်ဖဝါးသည် ရုတ်တရက် ပြိုကွဲသွားခဲ့တော့သည်!