အရိပ်ပမာ ဤဘဝသက်တမ်းတွင် မေ့ဖျောက်နိုင်မည်မဟုတ်တော့။
Vol. 5 Ch. 66
ထိုဓားချက်သည် ထျန်းစန်း၏လက်ကို ခုတ်ပိုင်းလိုက်ချိန်တွင် ထျန်းစန်၏လူများမှာ မှင်တက်၍ကြောင်အ,ကုန်ကြလေသည်။
ထျန်းစန်းသည်လည်း သူ၏အင်အားအကြီးမားဆုံးသော လက်ဖဝါးတိုက်ကွက်သည် ဤကဲ့သို့ အလွယ်တကူဖြင့် အစိတ်စိတ်အပိုင်းပိုင်း ဖြိုဖျက်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။ သူသည် ချောင်ဟိုင်ဂိုဏ်း၏ဂိုဏ်းချုပ်တစ်ဦးဖြစ်ပြီး ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျောက် သာမန်ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူ မဟုတ်ပါချေ။
ထျန်းစန်း ကြောင်အနေချိန်တွင် မလျှော့သောအင်အားဖြင့်ဓားချက်သည် ပြင်းထန်စွာဦးတည်လာခဲ့လျက် ပခုံးသို့ဦးတည်ခုတ်ပိုင်းလိုက်သည်။ ညာလက်မောင်းအပါအဝင် ထျန်းစန်း၏ခန္ဓာကိုယ် သုံးပုံတစ်ပုံသည် လွင့်ပျံထွက်သွားလျက် သုံးမီတာအကွာအဝေးခန့်တွင် ပြုတ်ကျသွားခဲ့လေသည်။ မြေပြင်တစ်ခုလုံးတွင် သွေးများလွင့်စင်ပေကျံနေလျက် စင်မြင့်ထောင့်နေရာကို အနီရောင်ပြောင်းသွားစေခဲ့သည်။
“ဘယ်လို?!”
စင်မြင့်ထက်တွင် နာကျင်မြည်တမ်းသည့်အသံကြီး ရုတ်ချည်းပါ်ထွက်လာခဲ့သည်….
ထိုအော်ဟစ်မြည်တမ်းသံကြောင့် နေရာရှိလူအားလုံးမှာ တုန်လှုပ်သွားရကာ သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့ထိတ်လန့်မှုအချို့ ဖြတ်ပြေးသွားလျက် ခန္ဓာကိုယ်မှာ တောင့်ခဲသွားရလေသည်။
သူတို့သည် အထက်ကောင်းကင်လေဟာပြင်တွင် ရပ်နေသည့် အဖြူရောင်ဝတ်ရုံဖြင့်ပုံရိပ်ကို ငေးကြောင်ကြည့်နေခဲ့ကြသည်။ ထိုအခိုက်အတန့်တွင် ထိုအဖြူရောင်ဝတ်ရုံဖြင့်လူ၏ပုံရိပ်မှာ လူပုဂ္ဂိုလ်အားလုံးကို ခြိမ်းခြောက်မှုဖြစ်စေခဲ့သည့် အမတအရှင်သခင်လင်းချန်ကဲ့သို့ ခံစားရပေသည်။
အဆင့်အတန်းမြင့်မားသည့် အင်ပါယာ၏စစ်သူကြီးချန်းလီသည်ပင် နှလုံးအိမ်တုန်လှုပ်သွားခဲ့ရကာ ကြောက်ရွံ့ထိတ်လန့်သည့်အရိပ်အယောင်အချို့ ဖြစ်တည်သွားခဲ့ရသည်။
သူတို့သည် ထိုဓားကို စကားလုံးများဖြင့် ဖော်ပြနိုင်စွမ်းမရှိပါချေ။ ကျွမ်းကျင်ဓားသိုင်းသမားများသည်ပင် ထိုဓား၏ဆန်းကြယ်မှုကို ထွင်းဖောက်မြင်နိုင်စွမ်းမရှိပါ။ နတ်ဘုရားဓားတစ်လက်ကဲ့သို့ ဆန်းကြယ်နက်နဲလွန်းလှပေသည်။
အင်အားကြီးမားသည့်ဓားသိုင်းသမားဟူသည့် အသုံးအနှုန်းအစား စိတ်နှလုံးတွင် ဤသို့ခံစားချက်တစ်မျိုးသာ ရှိ၏။ ‘ဓားသည် အလွန်ကြည့်ကောင်းလွန်းလှသည်၊ အင်အားကြီးမားလွန်းလှသည်’ဟူ၍။
ထျန်းစန်း၏အော်ဟစ်မြည်တမ်းသံသည် ဘုန်းတော်ကြီးဝူရှန်းနှင့် ရှောင်းရှီရိလင်တို့ကို ဒေါသတကြီးထက်သန်ပြင်းပြစွာတိုက်ခိုက်နေသည့် လင်ထျန်းချန်းနှင့် ရှောင်းချန်တို့ကိုပါ တောင့်ခဲသွားစေခဲ့သည်။
အထူးသဖြင့် အားအနည်းဆုံးဖြစ်သောရှောင်းချန်မှာ ပို၍ကြောက်ရွံ့ထိတ်လန့်သွားရလေသည်။ ထျန်းစန်းသည်ပင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲ၏ဓားချက်ကို ခုခံနိုင်စွမ်းမရှိလေရာ မိမိမှာ အဘယ်သို့များ ခုခံနိုင်ပါမည်နည်း။
ကနဦးတွင် သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းကို ပုရွက်ဆိတ်တစ်အုပ်မျှသာဟု သဘောထားခဲ့သည်။ သို့သော် ယခု၌ ရှန်ရှန့်ကျုံဂိုဏ်းသည် မြေပြင်ထိပြားပြားဝပ်ဖိနှိပ်ခံရမည့်အစား မြေပြင်မှအထက်ကောင်းကင်အထိ ဆန်တက်လာခဲ့ရာ သူတို့မှာ အနည်းငယ်မျှသော ခုခံဟန့်တားနိုင်စွမ်းပင် မရှိနေတော့ချေ။
ယောင်ရီအင်ပါယာ၏ ထိပ်တန်းဂိုဏ်းကြီးသုံးဂိုဏ်းသည် ဂိုဏ်းတစ်ဂိုဏ်းကို ဝန်းရံတိုက်ခိုက်ခဲ့ပြီး ထိုဂိုဏ်းကို အနိုင်မယူနိုင်ရုံမျှမက ခွက်ခွက်လန်အောင်ရှုံးနိမ့်ရမည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။
“ဘယ်လိုဖြစ်နိုင်မှာလဲ…”
“ရှန်ရှန့်ကျုံဂိုဏ်းရဲ့အကြီးအကဲတိုင်းက အဲ့လောက်ထိစွမ်းအားကြီးကြတာလား”
“ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ! ဒီနေ့ပြီးရင်တော့ ရှန်ရှန့်ကျုံဂိုဏ်းက လောကတစ်ခွင်မှာ သေချာပေါက်ကျော်ကြားနေတော့မှာပဲ”
စင်မြင့်ထက်ရှိကျင့်ကြံသူများသည် ထိတ်လန့်နေရာမှ အသိပြန်ဝင်လာကြပြီး တစ်ဖန်ပြောဆိုဆွေးနွေးကြလေသည်။ သူတို့၏အသံများထဲတွင် ရှန်ရှန့်ကျုံဂိုဏ်းကို ကြောက်ရွံ့ရိုသေမှုများပါဝင်နေခဲ့သည်။
ဂိုဏ်းကြီးတစ်ဂိုဏ်း၏ စွမ်းအားမြင့်ကျင့်ကြံသူတစ်ဦးမှ တည်ကြည်လေးနက်စွာဖြင့်ပြော၏။
“အဲဒီ့ဓားက ဆန်းကြယ်အင်ပါယာအဆင့်တောင်မှ မကျော်လွှားနိုင်တဲ့ဓားတစ်လက်ဖြစ်နေမှာကို စိုးရွံ့မိတယ်”
ထိုစကားတစ်ခွန်းကို အားလုံးမှ အသိအမှတ်ပြုခဲ့ကြသည်။
ထိုဓားတစ်လက်ဖြင့် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူ၏ညာလက်မောင်းကိုခုတ်ပိုင်း၍ အပြင်းအထန်ဒဏ်ရာရစေခဲ့သည်။ ထိုမျှအင်အားကြီးမားလှသည်ဖြစ်ရာ ထိုပုဂ္ဂိုလ်သည် အင်ပါယာကြီးသုံးခုတွင် အင်အားအကြီးဆုံးသူဖြစ်နေမည်ကို စိုးရွံ့မိရပါ၏။
“ဘယ်လိုတောင်?!”
အားလုံးတုန်လှုပ်နေကြချိန်တွင် အသံအတက်အကျထက်သန်လှသည့်အော်သံများ အဆက်မပြတ်ထွက်ပေါ်လာခဲ့ပြန်ရာ နေရာရှိလူအားလုံးမှာ ထပ်မံ တုန်လှုပ်သွားရပြန်သည်။ သူတို့သည် အသံလာရာအရပ်ကို အလျင်စလိုရှာဖွေကြည့်ရာ သူတို့၏မျက်လုံးအောက်ခြေတွင် သွေးနီရောင်များ ရုတ်ချည်းရောင်ပြန်ဟပ်သွားခဲ့သည်။
ချီမိန်ချွှေရွှယ်၏ဓားသည် ဓားအိမ်ထဲတွင် ရှိနေဆဲဖြစ်သည်ကို မြင်တွေ့နေရသော်ငြား ချောင်ဟိုင်အကြီးအကဲချုပ်ဦးဆောင်သည့်အဖွဲ့သည် အဆက်မပြတ် တဆတ်ဆတ်လှုပ်ယိမ်းနေခဲ့လျက် သူတို့တစ်ကြိမ်လှုပ်လိုက်တိုင်းတွင် ဂိုဏ်းကြီးသုံးဂိုဏ်း၏အလယ်မှစွမ်းအားမြင့်ကျင့်ကြံသူတစ်ဦး ဖြတ်တောက်ခံရလေသည်။
အချိန်ခဏလေးအတွင်းတွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူဒါဇင်ခန့်မှာ လဲကျနေကြပြီဖြစ်သည်။ စင်မြင့်ထက်တွင် စမ်းချောင်းငယ်ကဲ့သို့ သွေးများစီးဆင်းနေ၏။ ပြင်းထန်သည့်သွေးညှီနံ့သည် လေထဲတွင်ပျံ့နှံ့သွားခဲ့လေရာ အချို့သောအဆင့်နိမ့်ဂိုဏ်းတပည့်များမှာ မထိန်းချုပ်နိုင်စွာ အော့အန်ကုန်ကြလေသည်။
စွမ်းအားမြင့်ကျင့်ကြံသူများကို ပို၍အံ့ဩထိတ်လန့်စေသည်မှာ နေရာတစ်ဖက်ရှိ လှပသောရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲ၏ တိုက်ပွဲဖြစ်သည်။
ချီမိန်ချွှေရွှယ်၏တိုက်ပွဲမြင်ကွင်းနှင့် နှိုင်းစာပါလျှင် လှပသောအကြီးအကဲ၏တိုက်ပွဲသည် ပို၍ယုတ္တိမတန်သေး၏။ ကျောက်စိမ်းဖြူကဲ့သို့ကြည်စင်သောလက်အစုံဖြင့် လှပသည့်အကြီးအကဲသည် အဆက်မပြတ် ကခုန်,နေလျက်ဖြင့် ယုဖေးဂိုဏ်းအကြီးအကဲချုပ်ဦးဆောင်သည့်အဖွဲ့သို့ ဖြေးညင်းစွာလျှောက်လှမ်းသွားခဲ့သည်။
ထိုလှပသည့်အကြီးအကဲဖြတ်လျှောက်သွားပြီးသည်နှင့် ကျင့်ကြံသူသုံးဦးသည် စိတ်ကျေနပ်နေသောအပြုံးတို့ဖြင့် လဲကျသွားခဲ့ကြပြီး သူတို့၏အသိစိတ်သည်တော့ ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။
ထိုကဲ့သို့ ထူးခြားဆန်းပြားလှသည့် ကြောက်မက်ဖွယ်မြင်ကွင်းသည် စင်မြင့်ထက်ရှိ ဂိုဏ်းကြီးများ၏ကျင့်ကြံသူများကို တုန်လှုပ်သွားစေခဲ့ကာ ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်း၏ ထိုအကြီးအကဲသည် ကြောက်မက်ဖွယ်ကောင်းလှသည်!
သူတို့တစ်ဦးချင်းစီမှာ မကောင်းဆိုးဝါးများဖြစ်ကြ၏။ သာမန်လူများ မဟုတ်ချေ။
တိုက်ပွဲမပြီးဆုံးသေးသော်ငြား ကြည့်ရှုနေကြသည့်ကျင့်ကြံသူများမှာ တိုက်ပွဲ၏အဆုံးသတ်ကို သိထားခဲ့ပြီဖြစ်သည်။ ဂိုဏ်းကြီးသုံးဂိုဏ်းသည် ရှန်ရှန့်ကျုံဂိုဏ်း၏ပြိုင်ဘက် မဟုတ်ချေ။ ဂိုဏ်းကြီးသုံးဂိုဏ်းမှာ အပြည့်အဝဖျက်ဆီးခြင်း မခံရလျှင်သော်မှ တစ်ဝက်သေဆုံးသွားရမည်ဖြစ်၏။
ဒီနေ့ပြီးဆုံးသည်နှင့် ဂိုဏ်းကြီးသုံးဂိုဏ်းသည် မလွဲဧကန် အဆုံးသတ်သွားရပေတော့မည်!
ရှန်ရှန့်ကျုံဂိုဏ်းမှ မလုပ်ဆောင်ခဲ့လျှင်သော်မှ အခြားသောဂိုဏ်းကြီးများနှင့် ဧကရာဇ်သည် ထိုဂိုဏ်းများကို အောက်ခြေသို့ဆွဲချနိုင်မည့်အခွင့်အရေးကို လက်လွတ်ခံလိမ့်မည်မဟုတ်ပေ။
သူတို့၏စွမ်းအားမြင့်ဂိုဏ်းသားများကို ချီမိန်ချွှေရွှယ်နှင့် ဧကရီယင်တို့မှ ရက်ရက်စက်စက်သတ်ဖြတ်ပစ်နေသည်ကို မြင်ရသည်တွင် လင်ထျန်းချန်းနှင့် ရှောင်းချန်တို့မှာ မျက်လုံးများနီရဲလာခဲ့၏။
“သေချင်နေတာပဲ!”
လင်ထျန်းချန်းသည် ဒေါသတကြီးဟိန်းဟောက်လိုက်ပြီးနောက် ပို၍ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါများ ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့သည်။ မီတာတစ်ဆယ်ခန့်ရှည်လျားသည့် ဓားရောင်ခြည်သည် သူ၏ကြီးမားကျယ်ပြန့်သည့်ဓားမှ ထွက်ပေါ်လာခဲ့လျက် ရှောင်းရှီရိလင်သို့ ဦးတည်ခုတ်ပိုင်းခဲ့သည်။
ထိုဓားချက်ဖြင့်ခုတ်ပိုင်းလိုက်ပြီးနောက် လင်ထျန်းချန်းသည် တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ တစ်ဖက်သို့လှည့်၍ ဝမ်ဖုန်းသို့ အပြင်းထန်ဆုံးနီးပါးသောအားဖြင့် ဦးတည်ခုတ်ပိုင်းခဲ့သည်။
ဤနှုန်းအတိုင်းဆက်သွားလျှင် သူ၏ဖေးယုဂိုဏ်းသည် ဖျက်ဆီးမခံရလျှင်သော်မှ ပျက်စီးသွားသည်နှင့် မခြားတော့မည်ကို လင်ထျန်းချန်းသိပါ၏။ ထို့ကြောင့် လင်ထျန်းချန်းသည် မိမိသေဆုံးရမည်ဆိုလျှင်သော်မှ ဝမ်ဖုန်းကိုပါ ရေထဲသို့ ဆွဲချသွားလိုခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားကြသော်ငြား ဝမ်ဖုန်းသည်တော့ ငယ်ရွယ်ပြီး သူ၏ကျင့်ကြံမှုစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့ဖူးခြင်း မရှိပေ။ ထို့ကြောင့် လင်ထျန်းချန်းသည် ဝမ်ဖုန်းအား သတ်နိုင်မည်ဟု တွေးခဲ့လေသည်။
ဝမ်ဖုန်းကို သတ်ပစ်နိုင်သည်ဖြစ်စေ၊ ဖမ်းဆီးနိုင်သည်ဖြစ်စေ သူ၏ဖေးယုဂိုဏ်းသည် ဤရုတ်တရက်ကျရောက်လာခဲ့သည့်ကပ်ဘေးမှ လွတ်မြောက်ကောင်းလွတ်မြောက်နိုင်ပေလိမ့်မည်။
ထိုအတွေးဖြင့် လင်ထျန်းချန်း၏အရှိန်နှုန်းသည် ပိုမိုလျင်မြန်သွားလျက် မျက်တောင်တစ်ခတ်မျှသောအချိန်အတွင်းတွင် ဝမ်ဖုန်း၏အနီးသို့ရောက်သွားခဲ့သည်။ သူ၏လက်နှစ်ဖက်လုံး၌ ကြီးမားသည့်ဓားတို့ကိုကိုင်ဆောင်၍ ဦးခေါင်းထက်သို့ပင့်မြှောက်ကာ ဝမ်ဖုန်းကိုခုတ်ပိုင်းလိုက်လေသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသော်ငြား ရှောင်းရှီရိလင်သည် အံ့ဩမင်သက်သွားခြင်းမရှိပေ။ ရှောင်းရှီရိလင်သည် လင်ထျန်းချန်း၏ဓားတစ်လက်ကို ခုတ်ပိုင်းဖျက်ဆီးပြီးနောက် ဝမ်ဖုန်းကိုကူညီရန် သွားရောက်ခြင်းလည်း မပြုခဲ့ပါ။
ရှောင်းရှီရိလင်၏စိတ်ထဲတွင် ဤသို့တွေးတောနေခဲ့၏။ ‘ဒီလူက သူသေရတာ အရမ်းနှေးနေသေးတယ်ထင်လို့များ ဂိုဏ်းချုပ်ကိုသွားပြီး တိုက်ခိုက်ရဲတာလား'
စင်မြင့်ထက်တွင် ဝမ်ဖုန်း၏ကျင့်ကြံမှုကို ဝိုးတဝါးသိထားသည့် ချင်းယွမ်စံအိမ်အကြီးအကဲများမှလွဲ၍ အခြားသောကျင့်ကြံသူအားလုံးမှာ အံ့ဩထိတ်လန့်ကုန်ကြပေသည်။ သူတို့၏အမြင်တွင် ဝမ်ဖုန်းသည် သေရမည်ကိုကြောက်ရွံ့သူဖြစ်၏။
ခြံငုံကြည့်ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းဖြစ်တည်လာခဲ့ချိန်မှစ၍ ဝမ်ဖုန်းသည် တစ်ကြိမ်သာ တိုက်ခိုက်လှုပ်ရှားခဲ့ဖူးပြီး သူ၏ကျင့်ကြံမှုစွမ်းအားအခြေအနေကို မည်သူမျှ မသိထားပေ။ သို့သော် ဝမ်ဖုန်း၏ငယ်ရွယ်သော အသက်အရွယ်ကြောင့် သူ၏စွမ်းအားမှာ များစွာကြီးမားပြင်းထန်နေလိမ့်မည်မဟုတ်ဟု သိသာနေခဲ့သည်။
“ဟုတ်တယ် ဟုတ်တယ်! ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဂိုဏ်းချုပ်ကို သတ်လိုက်ရင် ရှန်ရှန့်ကျုံဂိုဏ်း အခြေအနေအထွတ်အထိပ်ကို ရောက်သွားမှာပဲ။ လင်ထျန်းချန်း လုပ်တာကောင်းတယ်! ဖြစ်နိုင်ရင် ငါကိုယ်တိုင် ဧကရာဇ်ကြီးကို အသိုက်အမြုံကိုဖွင့်ေပးဖို့တောင်းဆိုပြီး အဲဒီ့လင်ထျန်းချန်းကို လက်ပါးစေအဖြစ် ခန့်ပစ်တယ်!”
ထိုမြင်ကွင်းကိုကြည့်ရင်းဖြင့် ချန်းလီသည် စိတ်ထဲမှတွေးတောရယ်မောလိုက်သည်။
သေ သေစမ်း!
တာ့အိုဝတ်ရုံဖြင့်အမျိုးသမီးသည်လည်း ဝမ်ဖုန်း၏ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားသည်ကို မြင်တွေ့လိုက်ရပြီးသည့်အလား ဝမ်ဖုန်းအား လှောင်ရယ်သည့်အပြုံးဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားသည် တာ့အိုဝတ်ရုံဖြင့်အမျိုးသမီးကို ကြောက်ရွံ့စေခဲ့ပြီး သူမ၏စိတ်နှလုံးမှာ ဗြောင်းဆန်နေခဲ့ရသည်။
“မင်းရဲ့ရှန်ရှန့်ကျုံဂိုဏ်းက တကယ်ပဲ အင်အားကြီးမားပါတယ်။ ဒါပေမဲ့ ငါဂိုဏ်းချုပ်က မင်းကိုသတ်လိုက်ရင် မင်းရဲ့ရှန်ရှန့်ကျုံဂိုဏ်းလည်း ပျက်သုဉ်းသွားရမှာပဲ!”
လင်ထျန်းချန်းသည် တင်းမာသောမျက်နှာထားဖြင့် ဟစ်ကြွေးလျက် သူ၏လက်ထဲရှိဓားရှည်မှ တောက်ပသည့်အလင်းတစ်ခုပေါ်ထွက်ဖြတ်ပြေးသွားခဲ့ပြီး အရှိန်နှုန်းမှာ မြန်ဆန်လွန်းပေသည်။ ထိုကြောက်မက်ဖွယ်ဓားချက်သည် လေဟာပြင်ကို ဆုတ်ဖြဲထိုးဖောက်သွားခဲ့၏။
ကြောက်မက်ဖွယ်ဓားချက်နှင့်ရင်ဆိုင်ရသော်ငြား ဝမ်ဖုန်းသည် တည်ငြိမ်အေးဆေးစွာဖြင့် နေရာ၌တိတ်ဆိတ်စွာရပ်နေဆဲဖြစ်သည်။
ထိုမြင်ကွင်းသည် ဝမ်ဖုန်းမှာ ကြောက်ရွံ့တုန်လှုပ်လွန်း၍ ကြောင်အနေခဲ့သည်ဟု အားလုံးကို အထင်ရောက်စေခဲ့သည်။ သို့သော် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူနှင့် ရင်ဆိုင်တိုက်ခိုက်ရလေရာ ကြောက်ရွံ့တုန်လှုပ်ခြင်း မခံစားရသူဟူ၍ ရှိနိုင်ပါလိမ့်မည်လော။
လူများစွာ၏စောင့်ကြည့်နေသည့်အကြည့်များအောက်တွင် ဝမ်ဖုန်းသည် လက်နှစ်ချောင်းကို အရေးမထားဟန် ပျင်းရိပျင်းတွဲဖြင့် ဆန့်ထုတ်လာခဲ့သည်။ ထို့နောက် ပြင်းထန်လှသည့်အဟုန်ဖြင့် ဦးတည်လာနေသည့်ဓားကို ထိုလက်နှစ်ချောင်းဖြင့် အသာအယာဖျစ်ညှစ်ဖမ်းကိုင်လိုက်သည်။
“ဘယ်လို… ဘယ်လိုတောင်…”
လင်ထျန်းချန်းမှာ ကြောင်အ,သွားရကာ သူ၏လှောင်ပြောင်သရော်ဟန်မျက်နှာမှာ ရုတ်ချည်း တောင့်ခဲသွားခဲ့လေသည်။ အရိုးထိစိမ့်အောင်သောအေးစက်မှုကြီးသည် လင်ထျန်းချန်း၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလျက် ခန္ဓာကိုယ်သည်လည်း အနည်းငယ်တောင့်ခဲသွားရလေသည်။
“ဘုန်း!”
ထို့နောက်တွင် လင်ထျန်းချန်းသည် မိမိ၏ဓားကိုညှပ်ထားသည့် ဝမ်ဖုန်း၏လက်ကိုကြည့်၍ ဓားကို အသာအယာလှည့်လိုက်ခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်တွင်းမှ ချီစွမ်းအင်များကိုလည်း ဓားတစ်လျှောက် ဆန်တက်စီးဆင်းစေခဲ့သည်။
လင်ထျန်းချန်းသည် ရုတ်တရက်ဆန်လှစွာ မီတာတစ်ဆယ်ခန့် အထက်သို့ပျံတက်သွားခဲ့ပြီး စင်မြင့်ပေါ်သို့ကျသွားခဲ့သည်။ စင်မြင့်ကြီးတစ်ခုလုံးမှာ လှုပ်ယိမ်းတုန်ခါသွားလျက် ထိုနေရာတွင် လူပုံသဏ္ဍာန်တွင်းနက်ကြီး ကျန်ရစ်ခဲ့လေသည်။
“ငါအိပ်မက်မက်နေတာပဲဖြစ်မယ်”
“တကယ်ကြီးဟ!”
“ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူရဲ့ ဒေါသအဟုန်ပြည့်နေတဲ့ဓားကို လက်နှစ်ချောင်းတည်းနဲ့ ဖမ်းကိုင်လိုက်တယ်!”
“လောကကြီးမှာ ဘာတွေများဖြစ်ကုန်တာလဲ?!”
အားလုံးသည် ကြောင်အ,ကုန်ကြလျက် သူတို့အားလုံးမှာ အိပ်မက်ကမ္ဘာထဲသို့ ရောက်နေသည်ဟုခံစားနေရပေသည်။ သို့မဟုတ်ပါက ထိုသို့အမှန်တကယ်ဖြစ်နိုင်ဖွယ်မရှိသော အဖြစ်အပျက်သည် အဘယ်သို့များ ဖြစ်ပျက်နိုင်ပါမည်နည်း။
ရှေ့ဆုံးတွင်ကြည့်နေသည့်ချန်းလီနှင့် အိမ်ရှေ့မင်းသားယုဖေးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန်ကြည့်လိုက်မိကာ တစ်ကိုယ်လုံးမှာလည်း အေးစိမ့်မှုကြီးကိုခံစားလိုက်ရသည်။
ထိုအခိုက်တွင် ထျန်းရှင်းဂိုဏ်း၏တာ့အိုဝတ်ရုံဖြင့်အမျိုးသမီးသည်လည်း တုန်လှုပ်သွားကာ လူအုပ်ထဲတွင် ပုန်းကွယ်နေလိုက်ပေသည်။ သူမသည် အမှန်တကယ်ကို ကြောက်ရွံ့သွားခဲ့ပြီဖြစ်ပါ၏။
ဘုန်းတော်ကြီးဝူရှန်းနှင့် ရင်ဆိုင်တိုက်ခိုက်နေသည့်ရှောင်းချန်သည် ထိုမြင်ကွင်းကိုမြင်လိုက်ရသည်တွင် တုံ့ဆိုင်းမှုမရှိ ချက်ချင်းထွက်ပြေးချင်ခဲ့သည်။ ဂိုဏ်းကြီးဟူသည်ကိုလည်း လျစ်လျူရှု၍ ဂုဏ်သိက္ခာကိုလည်း မလိုအပ်တော့ပေ။ ရှောင်းချန်မှာ ဤအိပ်မက်ဆိုးကဲ့သို့သောနေရာမှ လွတ်မြောက်လိုသည်ကိုသာ သိပါတော့၏။
“ဒကာကြီး! ဒီချို့တဲ့,တဲ့ဘုန်းတော်ကြီးက ဗုဒ္ဓကိုအလုပ်ကျွေးပြုဖို့ ဒကာကြီးကို အတိသုခဘုံဆီ ပို့ဆောင်ပေးပါ့မယ်”
သို့သော်ငြား ရှောင်းချန် ထွက်ပြေးခဲ့သည်မှာ တစ်မိုင်ခန့်မျှသောအကွာအဝေးသို့ မရောက်ရှိမီ၌ပင် ဝိဉာဉ်လွင့်ထွက်သွားစေနိုင်လောက်သည့်စကားလုံးများ သူ၏နားထဲတွင် မြည်ဟီးလာခဲ့သည်။
ရှောင်းချန်လှည့်ကြည့်လိုက်သည်တွင် သူ၏မျက်လုံးအိမ်ထဲ၌ ကြီးမားလှစွာသော အလင်းဝန်းကြီးထင်ဟပ်သွားခဲ့ပြီးနောက် မည်သည့်အရာကိုမျှ ထပ်မမြင်ရတော့ပေ။ ရှောင်းချန်၏ခန္ဓာကိုယ်ကြီးသည် မတ်တပ်အနေအထားဖြင့် ကောင်းကင်ထက်မှ ပြုတ်ကျလာခဲ့၏။ ကျယ်လောင်လှသောအသံကျယ်ကြီးနှင့်အတူ စင်မြင့်တွင် တွင်းပေါက်နက်ကြီးတစ်ခု ဖြစ်သွားခဲ့ပြန်သည်။
တစ်ပြိုင်နက်တည်းပင် ချီမိန်ချွှေရွှယ်နှင့် ဧကရီယင်တို့သည်လည်း တိုက်ပွဲကိုအဆုံးသတ်ခဲ့ကြပြီဖြစ်သည်။ ဧကရီယင်သည် သူမ၏နှစ်လိုစွဲမက်ဖွယ်သောခန္ဓာကိုယ်ကို အသာအယာယိမ်းနွဲ့လျက် ဝမ်ဖုန်းသို့ ဖြေးညင်းစွာ ဦးတည်လျှောက်လှမ်းလာနေ၏။ အားလုံး၏မျက်နှာထက်တွင် စိတ်ကျေနပ်မှု၏အပြုံးများ ဖြစ်တည်နေခဲ့သည်။
ချီမိန်ချွှေရွှယ်သည်တော့ ငရဲပြည်မှပြန်လာသည့် သေမင်းတမန်နှင့် တူနေခဲ့ပါ၏။ ချီမိန်ချွှေရွှယ်၏နောက်တွင် နီစွေးနေသော သွေးစီးကြောင်းကြီး ဖြစ်တည်စီးဆင်းနေခဲ့သည်။ သူ၏တစ်ကိုယ်လုံးမှာ အဖြူရောင်ကိုဆင်မြန်းထားသော်ငြား သွေးတစ်စသော်မျှ ပေကျံညစ်စွန်းခြင်း မရှိခဲ့ချေ။
ထိုအခိုက်အတန့်တွင် ရှန်းလင်းချန်ကွင်းပြင်ကြီးတစ်ခုလုံးမှာ အပ်ကျသံပင်ကြားရနိုင်သည်အထိ တိတ်ဆိတ်နေတော့သည်။
ချောင်ဟိုင်ဂိုဏ်းချုပ်ထျန်းစန်း၏ အော်ဟစ်မြည်တမ်းသံမှလွဲ၍ မည်သည့်အသံမျှ မကြားရချေ။
စင်မြင့်ထက်ရှိ ဂိုဏ်းကြီးများ၏စွမ်းအားမြင့်ကျင့်ကြံသူများ၊ ဂိုဏ်းတပည့်များမှာ အသက်ပင်ရဲရဲမရှူဝံ့တော့ဘဲ အသက်အောင့်ထားမိကြကုန်၏။ သူတို့မှာ သတ်ဖြတ်ခြင်းနတ်ဘုရားများစုဝေးနေသည့် ရှန်ရှန့်ကျုံဂိုဏ်းကို တစ်စုံတစ်ရာပြစ်မှားစော်ကားမိမည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
အတိတ်ကာလများတွင် သူတို့ကဲ့သို့ ဂိုဏ်းကြီးများ၏စွမ်းအားမြင့်ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ကောင်းခဲ့၏။ သို့သော် လက်ရှိကာလတွင် သူတို့ကိုယ်တိုင် ကြောက်ရွံ့နေကြရသည်။ ထိုလူပုဂ္ဂိုလ်ငါးဦး၏ပုံရိပ်များသည် သူတို့၏စိတ်နှလုံးတွင် နက်ရှိုင်းစွာ စွဲထင်သွားခဲ့ပြီဖြစ်သည်။
အရိပ်ပမာ ဤဘဝသက်တမ်းတွင် မေ့ဖျောက်နိုင်မည်မဟုတ်တော့။
ချန်းလီကဲ့သို့ အင်အားကြီးမားသူနှင့် အိမ်ရှေ့မင်းသားကဲ့သို့ ဂုဏ်သိက္ခာအဆင့်အတန်းမြင့်မားသူများပင် ထိုအချိန်တွင် အလိုအလျောက် အသက်ရှူအောင့်ထားမိကြ၏။ မိမိတို့မှာ အသက်ရှူနှုန်းအား ထိန်းချုပ်ထားမိသည်ကို သူတို့ကိုယ်တိုင်ပင် မသိပါချေ။ ၎င်းအပြုအမူသည် ပြင်းထန်လှစွာသော စိတ်နှလုံးအထိတ်တလန့်ဖြစ်ချိန်၌ သဘာဝအလျောက် တုံ့ပြန်မိခြင်းဖြစ်ပါ၏။