(part A)။ ။သိုင်းဝိဇ္ဇာ ကျန်းစန်ဖုန်း။
Vol. 5 Ch. 68
ဟင်းလင်းပြင် အတွင်းတွင် ဝမ်ဖုန်းသည် အခြားလူများနှင့်အတူ ပျံသန်းနေခဲ့သည်။ ဝမ်ဖုန်းသည် အပြန်ခရီးတွင် လှေပျံကြီးကို အသုံးမပြုခဲ့။ လှေပျံကြီးသည် အရမ်းကို ထည်ဝါလွန်ပြီး၊ဝမ်ဖုန်း၏ နှိမ့်နှိမ့်ချချနေတတ်သော စရိုက်နှင့် ကိုက်ညီမှုမရှိပေ။
ခွန်အားကသာ အရာရာဖြစ်သည်။ကျန်ပကာသနများဟာ အချည်းနှီးသာ!
‘’စနစ်ရေ၊ ကျပန်းဆင့်ခေါ်ခွင့် ငါးကြိမ်ကို အသုံးပြုမယ်ကွ!’’ ဝမ်ဖုန်းသည် ပျံသန်းနေရင်းမှ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ကျပန်းဆင့်ခေါ်ခွင့်ငါးကြိမ်တောင်။ အနည်းဆုံးတော့ ဆန်းကြယ်အဓိပတိအဆင့်က စွမ်းအားရှင်တစ်ယောက်ကို ဆင့်ခေါ်နိုင်ကောင်းပါရဲ့။ဒီလိုစွမ်းအားကြီး လူတစ်ယောက်နောက်ခံနဲ့ဆို ယောင်ရီအင်ပါယာကို ဘောက်မဲ့ကြောင့် အရေးပြုရဦးမည်နည်း?
‘’ဒင်၊ ပိုင်ရှင်ဟာ အထူးဆင့်ခေါ်ခွင့်တစ်ကြိမ် ရရှိထားကြောင်း အစီရင်ခံပါတယ်။ ကျပန်းဆင့်ခေါ်ခွင့်ငါးကြိမ်နဲ့ အဲ့ဒါကို စုပေါင်းပြီး အဆင့်မြင့်ဆင့်ခေါ်ခွင့်တစ်ကြိမ်အဖြစ် ပြုလုပ်ပါမည်လား?’’
အေးစက်စက် လေသံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် ကြောင်အသွားကာ မေးလိုက်သည်။
‘’အဆင့်မြင့်ဆင့်ခေါ်ခွင့်နဲ့ ကျပန်းဆင့်ခေါ်ခွင့်က ဘာကွာလဲ?’’
‘’ အထူးဆင့်ခေါ်ခွင့်ဟာ အထူးစွမ်းအားရှင်များကို ဆင့်ခေါ်မှာဖြစ်ပါတယ်။အဆင့်မြင့် ဆင့်ခေါ်ခွင့်ကတော့ အနိမ့်ဆုံးသတ်မှတ်ချက်အနေနဲ့ ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်များကိုသာ ဆင့်ခေါ်မိစေမှာပါ!’’
‘’ကောင်းပြီ။ အထူးဆင့်ခေါ်ခွင့်တစ်ခုနဲ့ကျပန်းဆင့်ခေါ်ခွင့် ငါးကြိမ်ကို အတူပေါင်းလိုက်ပြီး အဆင်မြင့် ဆင့်ခေါ်ခွင့်အဖြစ် အဆင့်မြှင့်လိုက်တော့!’’ စနစ်၏စကားကိုကြားသည်နှင့် ဝမ်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိ ပြန်ပြောလိုက်သည်။
အဆင့်မြင့်အထူး ဆင့်ခေါ်ခွင့်မှတစ်ဆင့် မည်သို့သော စွမ်းအားရှင်များ ဆင့်ခေါ်မိမည်ကို သူသိချင်မိသည်။
လက်ရှိတွင် ရှန်ရှန်ကျုံ့ဂိုဏ်းသည် သေရေးရှင်ရေး အခြေအနေတွင်ရှိနေသည်။ ဝမ်ဖုန်း၏နှလုံးသားဟာလည်း ပူပန်မှုများနှင့်ပြည့်နေပြီး သာမန်စွမ်းအားရှင်များကို မလိုချင်နေပါ။
‘’အဆင့်မြှင့်ထားသော အဆင်မြင့်ဆင့်ခေါ်ခွင့်ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်!’’
‘’ဆင့်ခေါ်ခွင့်ကို ချက်ချင်းသုံးမယ်!’’
‘’ဒင်၊ ကျန်းစန်ဖုန်းကို ဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါသည်!သူ့ စွမ်းရည်ဇယားကို စစ်ဆေးပါမည်လား?’’
အေးစက်သောအသံက ဝမ်ဖုန်း၏မျက်ဝန်းများကို တောက်ပလာစေသည်။ ကျန်းစန်ဖုန်း၊ ဝမ်ဖုန်းသည် ထိုလူ့ကို လေးစားနေတာကြာလှနေပြီ။
တစ်လောကလုံးရဲ့ ပြိုင်ဘက်ကင်း သိုင်းပါရမီရှင်!
ဤဝါကျသည်ကား ကျန်းစန်ဖုန်းကို ရည်ညွှန်းခြင်းပင်။
ကျန်းစန်ဖုန်း ဘယ်လောက်အစွမ်းထက်သလဲဆိုတာကို အနှီချီးမွမ်းဝါကျမှတစ်ဆင့် သိနိုင်ပေသည်။အဆင်မြင့်ဆင့်ခေါ်ခွင့်ဟာ သုံးရတာ တန်လှပေသည်!
ဝမ်ဖုန်းသည် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်ပြီး၊ အစောတလျင် ပြောလိုက်သည်။
‘’ကျန်းစန်ဖုန်းရဲ့ စွမ်းရည်ဇယားကို စစ်ဆေးမယ်!’’
‘’ဒင်၊ကျန်းစန်ဖုန်း၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်!
အမည်: ကျန်းစန်ဖုန်း။
ကျင့်ကြံမှု: ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့်။
ထူးခြားသိုင်းကွက်များ: ဝူတန် ကျုံယန် သိုင်းကွက် ချွေးယန်ဝူကျိ သိုင်းကွက်၊ထျီယွမ်ကျုံ ၊မြန်ကျန့်၊ ကျန်းထျန်း သံမဏိလက်ဝါး၊ ယျီထျန်းနဂါးသတ်သိုင်းကွက်၊ ၇၂သွယ်သော စက်ဝိုင်းလှည့် ဓါးပျော့သိုင်း၊ ရှန်းမန် ဓားကွက်သုံးဆယ်၊ အမွှာဓါးသိုင်းနည်းစနစ်၊ ရွှမ်ရွှီ ဓားပညာ၊ ကျန်းဝူ ခုနှစ်ထောင့် အစီအရင်။
အထူးစွမ်းအား: ထိုက်ကျိဓားသိုင်းကျမ်း ၊ထိုက်ကျိကွမ်။
လက်နက်: ဧကသိုင်း ဓါး။
အထူးကျွမ်းကျင်မှု: အဂ္ဂိရိတ်ပညာ။( အဆင့်ကိုး အဂ္ဂိရိတ်ပညာရှင်!)
ဘုရားရေ! တန်လိုက်တာ!
ဝမ်ဖုန်းသည် သူ့ရှေ့က အတုအယောင် ဖန်သားဇယားကွက်ကို ကြောင်တောင်တောင် ငေးကြည့်လိုက်မိသည်!
ဒီလောက်မိမိုက်တဲ့ စွမ်းရည်ဇယားကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်! သူသည် စွမ်းအားရှင် ခုနှစ်ယောက်၊ရှစ်ယောက်လောက်ကို ဆင့်ခေါ်ခဲ့ဖူးသည်။ သို့သော် ဤမျှလောက် ထူးခြားသော စွမ်းရည်ဇယားကိုတော့ သူမမြင်ဖူးခဲ့။
ကျန်းစန်ဖုန်းသည် တစ်လောကလုံးရဲ့ ပြိုင်ဘက်ကင်း သိုင်းပါရမီရှင်ဆိုသည့် ဘွဲ့နာမနှင့် ဧကန်ထိုက်တန်ပါပေသည်။ ဒါကလည်း ကျန်းစန်ဖုန်းနေထိုင်ခဲ့သည့် ကမ္ဘာရဲ့ အကန့်အသတ်ကြောင့် ဖြစ်နိုင်ပါပေသည်။ ဒီကမ္ဘာကြီးမှာတော့ ကျန်းစန်ဖုန်း၏ အလားအလာက ယခင်ကမ္ဘာကထက် ပိုမိုမြင့်မားမည်ဖြစ်ကြောင်း ဝမ်ဖုန်း လုံးဝ ယုံကြည်ထားပါသည်။
အထူးသဖြင့် အဆင့်ကိုး အဂ္ဂိရိတ်ပညာရှင်!
ဒီအဆင့်အတန်းနဲ့ဆို အင်ပါယာကြီးသုံးခုက ဆရာသခင်တွေတောင် လေးစားရမှာ ဖြစ်သည်!
‘’စနစ်ရေ အထူးစွမ်းအားနဲ့ ထူးခြားသိုင်းကွက်တွေက ဘာကွာတာလဲကွ?’’
အကြာကြီးနေမှ ဝမ်ဖုန်းသည် သတိပြန်လည်လာကာ မေးလိုက်သည်။
‘’အထူးစွမ်းအားဆိုတာက အဆုံးစွန်ထိ တတ်မြောက်ပြီးထားတဲ့ ထူးခြားသိုင်းကွက်တွေကို ပြောတာပါ။ အဆင့်အနိမ့်ဆုံး အထူးစွမ်းအားကိုတောင် ဘယ်ထူးခြားသိုင်းကွက်တွေကမှ မယှဥ်နိုင်ပါဘူး။’’
‘’မှတ်ချက်: ထိုက်ကျိကွမ်နဲ့ ထိုက်ကျိဓားသိုင်းကျမ်းက ကျန်းစန်ဖုန်း ကိုယ်တိုင်တီထွင်ထားတဲ့ အထူးစွမ်းအားတွေဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီအထူးသိုင်းပညာနှစ်ရပ်က ကျန်းစန်ဖုန်းရဲ့လက်ထဲမှာဆိုရင် အရမ်းကို အစွမ်းထက်ပြီး၊ကျန်းစန်ဖုန်းရဲ့ တိုက်ပွဲဝင်စွမ်းအားကိုလည်း အရှိန်အဟုန်မြင့်လာစေတယ်။ ဆန်းကြယ်အဓိပတိအဆင့်ကိုတောင် ကျော်လွန်နိုင်ပြီးတော့ပေါ့!’’
‘’ကျန်းစန်ဖုန်းသာ ဒီအထူးသိုင်းပညာနှစ်ရပ်ကို အသုံးချမယ်ဆိုရင် ဆန်းကြယ်သူတော်စင် အစောပိုင်းအဆင့်တွေနဲ့တောင် လက်ရည်တူ ချနိုင်ပါတယ်!’’
ဝမ်ဖုန်း လုံးဝ တုန်လှုပ်သွားသည်!
သူ့ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါသွားသည်။ ဤမျှလောက်သော စိတ်လှုပ်ရှားမှုမျိုးကို သူ မခံစားဖူးခဲ့။
မိုက်လိုက်တာ!
အကြာကြီးနေမှ ဝမ်ဖုန်းသည် ထိုစကားများကို ထုတ်ပြောလိုက်သည်။
ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းကို မျှော်လင့်မိနေပေပြီ။ ဘာယောင်ရီအင်ပါယာလဲ? ကျန်းစန်ဖုန်းရဲ့ရှေ့မှာဆိုရင် ပိုးမွှားတစ်ကောင်ထက် မပိုဘူးကွ!
‘’ဂိုဏ်းချုပ်၊ ကျုပ်တို့ ရှန်ရှန်ကျုံဂိုဏ်းမှာ ဂိုဏ်းဝတ်စုံ ရှိလား?
ဝမ်ဖုန်းတစ်ယောက် ကြောင်အနေဆဲမှာပဲ အသံတစ်သံကိုကြားလိုက်ရသည်။ပြောလိုက်သူမှာ မုယွင်ဖေးဖြစ်သည်။
‘’ဂိုဏ်းဝတ်စုံလား?’’
‘’ဟုတ်ပါတယ် ဂိုဏ်းချုပ်၊ နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံမှာ လာရောက်ကြတဲ့ ဂိုဏ်းကြီးတွေအားလုံးမှာ တူညီဂိုဏ်းဝတ်စုံ ကိုယ်စီရှိကြတယ်ဆိုတာ ဂိုဏ်းချုပ် သတိမထားမိဘူးလား? ဒါမှပဲ ဂိုဏ်းသားတွေ အပြင်ထွက်ရင် ဘယ်ဂိုဏ်းကလဲဆိုတာ မြင်တာနဲ့ တန်းသိမှာလေ။’’
‘’ဂိုဏ်းရဲ့ အမှတ်သညာဆိုတာက ခွန်အားတစ်ခုတည်းမဟုတ်ဘူး။ ဂိုဏ်းဝတ်စုံနဲ့ ဂိုဏ်းဌာနတွေကလည်း အရေးပါသေးတယ်။’’
မုယွင်ဖေးက ရှင်းပြလိုက်သည်။ဒါက အခြေခံအသိတွေပဲကို။ ဂိုဏ်းချုပ်က မသိဘူးလား?
‘’မင်း အရမ်းတော်တယ်!’’
ဝမ်ဖုန်းက မုယွင်ဖေးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
သူအရင်က ဤသည်ကို မတွေးမိခဲ့။မုယွင်ဖေး၏စကားများက မှန်ပေသည်။သူ ဂိုဏ်းဝတ်စုံ ပြုလုပ်ရမည်။ကိုယ်ပိုင် စတိုင်နဲ့ ဂိုဏ်းဝတ်စုံ။
‘’စနစ်ရေ၊ ဂိုဏ်းဝတ်စုံတွေရော ရောင်းဖို့ မရှိဘူးလားကွာ?’’ တစ်ခဏကြာတွေးလိုက်ပြီးနောက် ဝမ်ဖုန်းက မေးလိုက်သည်။
သူ့အမြင်တွင် စနစ်သည် ဂိုဏ်းထောက်ပံ့ရေး စနစ်ဖြစ်တာကြောင့် ဂိုဏ်းဝတ်စုံများလည်း ရှိနေနိုင်လောက်သည်။
‘’ဒင်၊ဒါတွေက ဂိုဏ်းဝတ်စုံတွေပါ။ပိုင်ရှင် ရွေးကြည့်ပါဦး။’’
‘’ယွင်လုံ တာအိုဝတ်ရုံ: တစ်စုံကို အဆင့်နိမ့်ဝိညာဥ်ကျောက်တုံး တစ်သောင်း။ (ဝတ်ရုံကို ဝတ်ဆင်လိုက်တာနဲ့ ဂိုဏ်းသားရဲ့ကျင့်ကြံဆင့်အလိုက် ဝတ်ရုံရဲ့စွမ်းရည်ပြောင်းလဲသွားမှာပါ။ ဂိုဏ်းသားထက် တစ်ဆင့်မြင့်သော ကျင့်ကြံရေးစွမ်းအင် သိုမှီးထားပါတယ်။’’
ရွှယ်ယွီထျင်းယီ: တစ်စုံကို အဆင့်နိမ့်ဝိညာဥ်ကျောက် တစ်သောင်း။ (ဝတ်ရုံကို ဝတ်ဆင်လိုက်တာနဲ့ ဂိုဏ်းသားရဲ့ကျင့်ကြံဆင့်အလိုက် ဝတ်ရုံရဲ့စွမ်းရည်ပြောင်းလဲသွားမှာပါ။ ဂိုဏ်းသားထက် တစ်ဆင့်မြင့်သော ကျင့်ကြံရေးစွမ်းအင် သိုမှီးထားပါတယ်)’’
‘’……’’
ဝမ်ဖုန်း၏စကားဆုံးသည်နှင့် အတုအယောင် ဖန်သားပြင်တစ်ခုသည် သူ့ရှေ့၌ပေါ်လာသည်။ ဖန်သားပြင်ပေါ်တွင် များစွာသော အဝတ်အစားဒီဇိုင်းများကို ဖော်ပြထားသည်။
ဖန်သားပြင်ကို ကြည့်ရင်း ဝမ်ဖုန်းသည် ကျေနပ်အားရစွာ ခေါင်းညိမ့်လိုက်သည်။ သူသည် သူ့ယခင်ဘဝက online gameများ ကစားခဲ့ဖူးသည်ကိုပင် ပြန်အမှတ်ရလိုက်မိသည်။
အရာအားလုံးပြောင်းလဲသွားပေပြီ။ ထိုနေ့ရက်ဟောင်းများကိုတော့ သူ ပြန်မရနိုင်တော့။
‘’စနစ်၊ ယွင်လုံတာအိုဝတ်စုံကို ရွေးမယ်။ အရင်ဆုံး ၁၈စုံ ယူမယ်ကွာ!’’ ဝမ်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
‘’ဝတ်စုံ ၁၈ စုံဝယ်ဖို့ အဆင့်နိမ့်ဝိညာဥ်ကျောက်တုံး တစ်သိန်းရှစ်သောင်း သုံးလိုက်ပါပြီ။ ဝိညာဥ်ကျောက်တုံးများကို အလိုအလျောက်နှုတ်ယူပြီး စနစ်၏နေရာလွတ်ဆီ ပို့ဆောင်လိုက်ပါပြီ!’’
စနစ်၏စကားဆုံးသွားပြီး၊ဝမ်ဖုန်းသည် တာအိုဝတ်စုံ၁၈စုံကို စနစ်နေရာလွတ်ထဲတွင် တွေ့လိုက်ရသည်။
‘’ဂိုဏ်းကိုပြန်ရောက်ရင် ငါ ဂိုဏ်းသားတွေကို ဂိုဏ်းဝတ်စုံဝေပေးမယ်။ တစ်ယောက်ကိုနှစ်စုံစီ!’’ ဝမ်ဖုန်းက မုယွင်ဖေးနှင့် တခြားလူများကို ကြည့်ကာ ပြောလိုက်သည်။
ဤသည်ကိုကြားတော့ မုယွင်ဖေးနှင့် တခြားသောလူများသည် ရွှင်မြူးသွားကြသည်။ ရှေးဟောင်း မဟာဂိုဏ်းကြီးရဲ့ ဂိုဏ်းဝတ်စုံက ဘယ်လိုပုံရှိမလဲ?
‘’ရှီမိန်၊ ကူချန်၊ဧကရီယင် မင်းတို့သုံးယောက်က စစ်ဖန့်ခန်းမ၊ ချောင်ဟိုင်ဂိုဏ်း၊ဖေးယုဂိုဏ်းဆိုတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ဆန်းကြယ်အကြီးအကဲအဆင့်အထက်က လူတွေကို သတ်ရမယ်။ အဲ့ဒီဂိုဏ်းတွေရဲ့ ကြွယ်ဝမှုတွေကို လုယူပစ်ရမယ်!’’
ယင်းနောက် ဝမ်ဖုန်းသည် တစ်ခုခုကို တွေးမိသွားပုံရသည်။သူ့မျက်ဝန်းများက အေးစက်လာပြီး အမူအရာမဲ့စွာ ပြောလိုက်သည်။
‘’ကျူပင်ခုတ် ကျူမြစ်ပါမကျန်။’’ အနှီဂိုဏ်းကြီးသုံးဂိုဏ်းသည် သူ့ကို ရန်လာစဝံ့သည်။ သူရက်စက်တာကို အပြစ်မတင်နဲ့တော့!
လက်ရှိအချိန်တွင် ဂိုဏ်းကြီးသုံးဂိုဏ်းသည် စွမ်းအားရှင်အများစုကို စေလွှတ်ထားပြီးဖြစ်သော်လည်း၊ တချို့သော စွမ်းအားရှင်များကတော့ နောက်ကွယ်တွင် ကျန့ရစ်နေသေးဆဲဖြစ်သည်။ ဝမ်ဖုန်းသည် သူတို့က ရှန်ရှန့်ကျုံဂိုဏ်းကို လက်စားချေလာမှာကို ကြောက်မိသည်။
သူကတော့ မကြောက်ပေမယ့် ဂိုဏ်းတပည့်တွေအတွက်တော့ စိုးရိမ်မိသည်။ လက်ရှိအချိန်မှာ ရှန်ရှန့်ကျုံဂိုဏ်း၏တည်ရှိမှုကို ဖော်ထုတ်ပြသပြီးဖြစ်တာကြောင့် သူ့ဂိုဏ်းကို လူတွေရောက်လာပြီး ဂိုဏ်းသားသစ်တွေ လက်ခံရရှိနိုင်သည်။
ဒီလိုတွေဖြစ်နေမှတော့ အနာဂတ်ပြဿနာတွေကို အပြီးတိုင် ချေမှုန်းပြီးပါမှ ဂိုဏ်းအတွက် အန္တရာယ်ကင်းစေမည်ဖြစ်သည်။
‘’ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်! ‘’
ဝမ်ဖုန်း၏စကားကိုကြားတော့ ချီမိန်ချွေရွှယ်နှင့် အခြားသူများက ခေါင်းညိမ့်လိုက်ကြပြီး အလင်းတန်းများအဖြစ် ပျောက်ကွယ်သွားကြတော့သည်။
လင်းဖေးဝူအပါအဝင် ဂိုဏ်းတပည့်များကတော့ ချီမိန်ချွေရွှယ်တို့ ထွက်ခွာသွားတာကိုကြည့်ရင်း ထိတ်လန့်နေကြသည်။ သူတို့ ဂိုဏ်းချုပ်က ရက်စက်တယ်လို့တော့ သူတို့ မထင်ပါဘူး။ဒါပေမယ့် ဒီတစ်ကြိမ်လည်း ဂိုဏ်းချုပ်ရဲ့လုပ်ရပ်က ယောင်ရီအင်ပါယာကို တုန်လှုပ်စေလိမ့်ဦးမည်။
‘’ချင်းအာ၊ယောက်ျားက အရမ်းရက်စက်တယ်လို့ ထင်နေပြီလား?’’ ဝမ်ဖုန်းသည် သူ့ဘေးက ချင်းယင်ကိုကြည့်ကာ မေးလိုက်သည်။
‘’ဟင့်အင်း! ကျွန်မယောက်ျားကို ထိခိုက်အောင် လုပ်တဲ့သူတွေ သေသင့်တယ်!’’ ယဲ့မူချင်းသည် သူမ၏ ပန်းနုရောင် လက်သီးလေးများကို ဝှေ့ကာရမ်းကာ ပြောဆိုလိုက်သည်။
ယဲ့မုချင်သည် ဘယ်လိုနေနေ ချစ်စရာကောင်းလှသည်။
ဝမ်ဖုန်းသည် ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။
ဝမ်ဖုန်းသည် သူ ဒီလောက်အထိ အချစ်ရေးကံကောင်းလာတာဟာ ယခင်ဘဝက အနှစ်သုံးဆယ်လောက် FAကြီးဖြစ်ခဲ့ရတာရဲ့ ကုသိုလ်တွေကြောင့်လို့တောင် ထင်လာမိ၏။
ဝမ်ဖုန်းတို့နှစ်ယောက်၏ စကားများကို ကြားတော့ လင်းဖေးဝူတို့တစ်သိုက်သည် ခေါင်းလေးများ ငုံ့လိုက်ကြသည်။
သာမန်သေမျိုးတွေနဲ့မတူ အလွန်လှတဲ့ ဂိုဏ်းချုပ်ကတော်ကပဲ ဂိုဏ်းချုပ်နဲ့ ထိုက်တန်တာ!
လင်းဖေးဝူတို့သည် နှလုံးသားထဲမှ တွေးမိလိုက်ကြသည်။
ဟမျ့!
ဒီအချိန်မှာပဲ တိုးဖွဖွ လေသံတစ်ခုကို လူတိုင်းကြားလိုက်ရသည်။ ဘုန်းတော်ကြီးဝူရှန်းနှင့် ရှောင်းရှီရိလင်တို့ ထိတ်လန့်သွားကြသည်။သူတို့၏ ခန္ဓာကိုယ်များသည် တုန်ခါသွားပြီး၊သူတို့သည် တွန့်ခေါက်လာသော လေဟာနယ်နေရာကို လှမ်းကြည့်မိလိုက်ကြသည်။ သူတို့သည် ရန်သူကြီးတစ်ယောက်နှင့် တွေ့လာရတော့မလို ပြုမူနေကြ၏။
ဤရုတ်တရက် ပြောင်းလဲမှုက လင်းဖေးဝူနှင့် ကျန်လူများကိုလည်း ထိတ်လန့်လာမိစေသည်။ သူတို့ကို တစ်ယောက်ယောက် လာတိုက်ခိုက်တာများလား?
ဝမ်ဖုန်းတစ်ဦးတည်းကသာ လေဟာနယ်တွန့်ခေါက်လာသော နေရာကို ပြုံးကြည့်နေမိသည်။ နောက်ဆုံးတော့ သူတို့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ကောင်းကင်ထောက်တိုင်ကြီး ရောက်လာပေပြီ!
လူတိုင်း၏အကြည့်များအောက်တွင် မှုန်ဝါးဝါး ပုံရိပ်တစ်ခု ဖြစ်ပေါ်လာ၏။
ယင်းသည် ယင်နှင့်ယန် ထိုက်ကျိတံဆိပ်ပါ တ်ရုံရှည်ကို ဝတ်ဆင်ထားသော အဖိုးကြီးတစ်ယောက်ဖြစ်လေသည်။ သူသည် အိုမင်းပုံပေါ်သော်လည်း သူ့ မျက်နှာအသားအရေက နီမြန်းနေပြီး အရေးအကြောင်း ကင်းစင်လှသည်။
ပထမဆုံးအကြည့်မှာပဲ လင်းဖေးဝူတို့တစ်သိုက် သက်ပြင်းချမိလိုက်ကြသည်။ ဘယ်လိုတောင် ကြော့ရှင်းနေသည့် အမတအရှင် ပုံရိပ်ပါလိမ့်?
မုယွင်ဖေးဘေးနားက လီဟေး၏ မျက်စိသူငယ်အိမ်များကတော့ တုန်ခါသွားချေ၏။ သူ၏နှလုံးသားကလည်း အပြင်းအထန်ကို တုန်လှုပ်သွားသည်။ ဒီလူ့ရဲ့ကျင့်ကြံရေးကို သူ ထွင်းဖောက် မမြင်နိုင်ဘူး!
သူသည် လက်ရှိမှာ ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်သော်လည်း သူ့ဝိညာဥ်ကတော့ ဆန်းကြယ်အင်ပါယာအဆင့်၏ အထွတ်အထိပ်မှာဖြစ်သည်။ သို့သော် သူ့ခန္ဓာကိုယ်က တောင့်မခံနိုင်မှာ စိုးတာကြောင့် သူသည် ဝိညာဥ်အာရုံကို အသုံးပြုခဲသည်။ သူသာ အလိုရှိပါက ချီမိန်ချွေရွှယ်တို့၏ ကျင့်ကြံဆင့်ကိုတောင် သူ ထွင်းဖောက်မြင်နိုင်သည်။သို့ရာတွင် ဒီလူ့ကိုတော့......
(ဘာသာပြန်သူ၏ အဆို: ဒါနဲ့လေဗျာ။ကျန်းစန်ဖုန်းက ကြားဖူးတယ်နော်? နဂါးနိုင်ဓါးဇာတ်လမ်းတွဲထဲက ဝူတန်ဖိုးဖိုးကြီးက ကျန်းစန်ဖုန်းလေ။မှတ်မိကြရဲ့လား? နောက်တစ်ခါ ကျန်းစန်ဖုန်းရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ထားတဲ့ဇာတ်ကားရှိသေးတယ်။နာမည်တော့ မေ့နေပြီ။အဲ့ကားထဲမှာလည်း ထိုက်ကျိသိုင်းကို သူဖန်တီးခဲ့တာ။)