။ကောင်းကင်ဝိညာဥ်ဆေးလုံး။
Vol. 5 Ch. 70
ယန်တောက်၏သားက လက်ရှိမှာရူးနေသော်လည်း ၊သူ့မှာ မိုးကောင်းကင်ကို ဆန့်ကျင်သည့် မကောင်းဆိုးဝါးပါရမီ ရှိလာနိုင်ချေ အနည်းအကျဥ်းရှိနေမည်ဆိုလျှင်တောင် ဝမ်ဖုန်းကတော့ လက်လွှတ်မခံနိုင်ပါ!
သူ့ရဲ့ ကြီးမြတ်တဲ့ ရှန်ရှန့်ကျုံက အရူးတစ်ယောက်ကို မထောက်ပံနိုင်ဘဲ နေမလား!?
ဒါ့အပြင် ဤသည်က ဆန်းကြယ်သော ကမ္ဘာလောကကြီးတစ်ခုဖြစ်သည်။ ဤစိတ်ကူးယဥ်ကမ္ဘာကြီး၏ စိတ်ကူးယဥ်ဆန်ဆန် ဥပဒေသများအရဆိုလျှင် ယန်တောက်၏ ရူးနေသော သားက အဓိကဇာတ်လိုက်တစ်ယောက် ဖြစ်လောက်သည်။
ပြောရလျှင် ယန်တောက်၏ ထိုသားတွင် ကောင်းကင်သို့ခြေတစ်လှမ်းဖြင့် တက်လှမ်းနိုင်သွားမည့် ဖြစ်နိုင်ချေရှိနေသည်!
သို့ဖြစ်ရာ ဝမ်ဖုန်းမှာ အနှီရတနာတုံးကြီးကို အဘယ်မှာ လက်လွှတ်ခံနိုင်မည်နည်း?
ထို အရူးသား မပါလျှင်တောင် ယန်တောက် တစ်ယောက်တည်းကပင် ဝမ်ဖုန်းအတွက် တန်ကြေးရှိနေပြီဖြစ်သည်။ ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် လူတစ်ယောက်ကို ရရှိဖို့ အရူးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးခြင်း။ ဒီအလဲအထပ်က တကယ့်ကို ထိုက်တန်ပါပေသည်။
ဒါ့အပြင် လီထျန်းရှင်းထံမှတစ်ဆင့် ဝမ်ဖုန်းသည် ယန်တောက်မှာ စိတ်ထားအကောင်းကြီး မဟုတ်သော်လည်း အမှန်တရားကို မြတ်နိုးသူဖြစ်ကြောင်း ကြားသိထားသည်။ထို့ကြောင့်ပဲ ယန်တောက်မှာ ယောင်ရီအင်ပါယာ၏မနှစ်မြို့ခြင်းကို ခံခဲ့ရပြီး ယောင်ရွှေမြို့သို့ အပို့ခံလိုက်ရသည်။
ဒီလိုမှမဟုတ်ရင် ယန်တောက်၏ ကြောက်လန့်ဖွယ်ခွန်အားဖြင့်ဆိုပါက ယောင်ရီအင်ပါယာ၏ညာလက်ရုံး အဘယ်ကြောင့် မဖြစ်လာနိုင်ရမည်နည်း? ထို့အပြင် သူ၏ရာထူးကလည်း စစ်သူကြီးချန်လီထက်တောင် နိမ့်ကျစရာ အကြောင်းရှိမှာ မဟုတ်ပေ။
ယန်တောက်သည် ဝမ်ဖုန်း၏စကားများကို ကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ထိုစကားများမှတစ်ဆင့် ဝမ်ဖုန်း၏ ယုံကြည်ချက်ရှိမှုများကို ခံစားနေရသည်။ ဝမ်ဖုန်းပြောခဲ့သော စကားများက လိမ်ညာနေခြင်း ဖြစ်ပုံမရ။
ဒါက ယန်တောက်ကို ပဟေဠိဖြစ်သွားစေသည်။ သူသည် သူ့သား၏အခြေအနေကို မည်သူ့ကိုမှ မပြောပြခဲ့ဖူးပါ။ ယောင်ရီအင်ပါယာတောင်မှ သူ့သား ရူးနေသည်ဆိုတာလောက်သာ သိထားပြီး၊ရူးရသည့်အကြောင်းအရင်းမှာ ကောင်းကင်စိတ်ဝိညာဥ်ချို့ယွင်းနေတာကြောင့် ဆိုတာကို သိမထားပါ။
လူသားတို့တွင် ဝိညာဥ်သုံးခုရှိကြသည်။ ကောင်းကင်ဝိညာဥ်၊ ပထဝီ( မြေ) ဝိညာဥ်နှင့် ဇီဝ(အသက်) ဝိညာဥ်ဟူ၍။
ကောင်းကင် ဝိညာဥ် ချို့ယွင်းခြင်းက လူတစ်ယောက်ကို စိတ်မနှံ့သလို၊အရူးတစ်ယောက်လို ဖြစ်လာစေသည်။
အခုတော့ ဝမ်ဖုန်းက အကြည့်တစ်ချက်နဲ့တင် သူ့သား၏အခြေအနေကို သိနိုင်သည်လား? ဤသည်က ယန်တောက်ကို ထိတ်လန့်သွားစေသည်။
''မင်း ငါ့သားရဲ့ အခြေအနေကို မြင်နိုင်တယ်ဆိုတော့ ဘယ်လိုကုသရမလဲ ဆိုတာကိုရော သိလား?'' ယန်တောက်က ဝမ်ဖုန်းကို စူးရှသော မျက်ဝန်းတစ်စုံဖြင့် စေ့စေ့ကြည့်ကာ မေးလိုက်သည်။
သူ့သားကို ကုသနိုင်ရန်အတွက် ယန်တောက်သည် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ဖူးသည်။သူသည် ဆန်းကြယ်အင်ပါယာအဆင့် အလွန်သန်မာသူ တစ်ယောက် ဖြစ်သော်လည်း၊ သူ့သား၏ရောဂါနှင့် ပတ်သက်လျှင်တော့ အကူအညီမဲ့ခဲ့ရသည်။ဒါကလည်း သူ့သားကို သူ ကုမပေးချင်လို့ မဟုတ်ပါဘူး။
ကောင်းကင်ဝိညာဥ်ချို့ယွင်းခြင်းက တကယ့်ကို ခက်ခဲသော ပြဿနာကြီးတစ်ရပ်ဖြစ်သည်။ သူ့လို ဆန်းကြယ်အင်ပါယာအဆင့် ပုဂ္ဂိုလ်တစ်ယောက်တောင် ဘာဆိုဘာမှ မလုပ်နိုင်ခဲ့။ ဒီလိုဆိုမှတော့ အင်ပါယာကြီးသုံးခုထဲက ဘယ်ပုဂ္ဂိုလ်ကများ သူ့သားကို ကုပေးနိုင်ဦးမှာလဲ?
သို့သော် ဝမ်ဖုန်းကတော့ သူ့သား၏ရောဂါကို အကြည့်တစ်ချက်ဖြင့် အဖြေရှာနိုင်ခဲ့ပြီး၊ သူက ရွှေယွမ်ဝိညာဥ်ပန်းကို ရှာနေခြင်းဖြစ်ကြောင်းကိုလည်း ခန့်မှန်းနိုင်ခဲ့သည်။ဒါက ယန်တောက်ကို ကူကယ်ရာမဲ့ ခံစားရစေသည်။
ရွှေယွမ်ဝိညာဥ်ပန်းသည် ဆန်းကြယ်အင်ပါယာအဆင့်ရှိ ဝိညာဥ်ရတနာတစ်မျိုးဖြစ်သည်။၎င်းမှာ အလွန်အမင်းရှားပါးပြီး ဝိညာဥ်ချို့ယွင်းမှုများ၊ပျောက်ဆုံးမှုများကို ကုသနိုင်သည်။အင်ပါယာသုံးခုတွင် ရွှေယွမ်တောအုပ်တွင်သာ ရွှေယွမ်ဝိညာဥ်ပန်းကို ရှာတွေ့နိုင်ချေ အများဆုံးဖြစ်သည်။
''စနစ်ရေ၊ ကောင်းကင်ဝိညာဥ်ချို့ယွင်းမှုကို ကုသနိုင်မယ့် နည်းလမ်းရှိလား? ''
ယန်တောက်၏အမေးစကားကိုကြားတော့ ဝမ်ဖုန်း၏မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ တိတ်တဆိတ်မေးလိုက်သည်။ ယန်တောက်ကို စည်းရုံးဖို့ဆိုလျှင် သူ့သားကို အသုံးချရမည်ဖြစ်ကြောင်း ဝမ်ဖုန်းသိထားသည်။
''ဒင်၊ကောင်းကင်ဝိညာဥ်ကို ပြုပြင်ဖို့ ကောင်းကင်ဝိညာဥ်ဆေးလုံးကို အသုံးပြုနိုင်ပါတယ်!''
အေးစက်သော လေသံကိုကြားတော့ ဝမ်ဖုန်း၏အမူအရာများ ရုတ်ချည်းပြောင်းလဲသွားသည်။ ကံကောင်းလိုက်တာ! သူ အခုလေးတင် ကောင်းကင်ဝိညာဥ်ဆေးလုံး ရထားတာမဟုတ်လား!?
ဒါက မြတ်စွာဘုရားရဲ့ ကောင်းချီးအလိုတော်များလားကွာ!
''စနစ်၊ကောင်းကင် ဝိညာဥ်ဆေးလုံးကို ဘယ်လိုသုံးရမလဲကွ?''
''ဒင်၊ ကောင်းကင်ဝိညာဥ်ဆေးလုံးက ဆေးဧကရာဇ် အဆင့်( ဆန်းကြယ်အင်ပါယာအဆင့်နှင့်တူ) ရှိဆေးလုံးဖြစ်ပါတယ်! ဒါက အရမ်းကိုရှားပါးတဲ့ဆေးလုံးဖြစ်ပြီး၊ ကောင်းကင်နဲ့မြေပြင်အတွင်းက လေလွင့်ဝိညာဥ်တွေကိုသုံးပြီး ဆေးဧကရာဇ် အဆင့်ထိရောက်အောင် တစ်ဆင့်ချင်း သန့်စင်ဖော်စပ်ရတာပါ!''
စနစ်၏အသံကြောင့် ဝမ်ဖုန်းသည် နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်သည်။ သူရရှိဖူးသော အကောင်းဆုံး ဆုလာဒ်မှာ အထူးဆင့်ခေါ်ခွင့်ဖြစ်တယ်လို့ သူထင်ခဲ့တာ။ တကယ်တော့ ကောင်းကင်ဝိညာဥ်ဆေးလုံးကမှ တကယ့်ရတနာပဲဟ!
ဧကရာဇ်အဆင့်ဆေးလုံး။ ထိုသို့သောဆေးလုံးမျိုးသာ ရှန်းလန်တိုက်မကြီးတွင် ထွက်ပေါ်လာပါက တိုက်ကြီးတစ်ခုလုံး ယောက်ယက်ခတ်သွားပေမည်။
ဧကရာဇ်အဆင့်ဆေးလုံးကို မည်သူက မတပ်မက်ပဲနေအံ့နည်း?
''ဒင် ၊ ကောင်းကင်ဝိညာဥ်က သာမန်ချို့ယွင်းတာ မဟုတ်ဘဲ ပျောက်ဆုံးနေတာပါ။ ဝိညာဥ်ကို ပြန်ခေါ်ဖို့ အနည်းဆုံး ကောင်းကင်ဝိညာဥ် ဆေးလုံး ငါးလုံးလိုပါတယ်!ဆေးတစ်လုံးက ဝိညာဥ်ရဲ့ဆယ်ပုံနှစ်ပုံကို ပြန်စုစည်းပေးပြီး၊ ၆နှစ်သားအရွယ် အသိဥာဏ်ရစေမှာပါ။''
စနစ်၏အသံကြောင့် ဝမ်ဖုန်း၏မျက်လုံးများ လှုပ်ရှားသွားသည်။ဒါ ကောင်းတယ်!
ဆေးတစ်လုံးက ဆယ်ပုံနှစ်ပုံ၊ခြောက်နှစ်သား ဝိညာဥ်၊ မဆိုးဘူးပဲ။
သူသည် ယန်တောက်၏စိတ်နေသဘောထားကို လီထျန်းရှင်းဆီမှ အတော်အသင့်ကြားဖူထားသည်။
သူသာ ယန်တောက်၏သားကို အပြည့်အဝကုပေးလိုက်လို့၊ သူတို့ထွက်ပြေးသွားရင် သူ မဆုံးရှုံးသွားဘူးလား?
သူ ယန်တောက်နဲ့သူ့သားကို ပြန်ဖမ်းပြီး သတ်ပစ်နိုင်ပေမယ့် ကောင်းကင်ဝိညာဥ်ဆေးလုံးကတော့ အချည်းနှီးဖြစ်သွားမှာ။
အခုတော့ ယန်တောက်သားရဲ့ ဝိညာဥ်ကို ကုသဖို့ ကောင်းကင်ဝိညာဥ်ဆေးလုံး ငါးလုံးလိုအပ်တယ်ဆိုတော့....ကောင်းတယ်!
ဝမ်ဖုန်းယုံကြည်ထားသည်။ ဒီတစ်လောကလုံးမှာ သူကလွဲလို့ ဘယ်သူကမှ ဧကရာဇ်အဆင့်ဆေးလုံးကို အရူးတစ်ယောက်ကို ပေးပစ်မှာ မဟုတ်ပါ!
ဤသည်ကို တွေးမိသွားတော့ ဝမ်ဖုန်းသည် မဲ့ပြုံးပြုံးမိသွားကာ ယန်တောက်ကို လှမ်းကြည့်၍ ပြောလိုက်သည်။
'' ဒီဂိုဏ်းချုပ်က မင်းသားရဲ့ ကောင်းကင်ဝိညာဥ်ကို အပြည့်အဝ ကုသပေးနိုင်တယ်။ဒါပေမယ့် မင်းက ဘာပြန်ပေးမှာလဲ?''
ဝမ်ဖုန်း၏အသံက တိုးညှင်းသော်လည်း ယန်တောက်၏နားစည်အတွင်းသို့ မိုးခြိမ်းသံအလား ထိခတ်သွားသည်။ဘဝမှာ ပထမဆုံးအနေဖြင့် ယန်တောက်သည် မျှော်လင့်ချက်အလင်းကို တွေ့မြင်လိုက်ရလေသည်။
ဝမ်ဖုန်း၏အသံက သူ့နှလုံးသား၏အမှောင်ထုကို ချက်ချင်း လင်းထင်းသွားစေ၏။
''မင်းတကယ်ပဲ ငါ့သားကို ကုပေးနိုင်တာလား!?''
ယန်တောက်သည် ဝမ်ဖုန်းကို စူးရှစွာကြည့်ကာ မေးလိုက်သည်။သူ၏လေသံက နက်ရှိုင်းကာ အေးစက်နေသည်။
ဝမ်ဖုန်းသာ သူ့သား၏ရောဂါကို အကြည့်တစ်ချက်ဖြင့် မပြောပြနိုင်ခဲ့လျှင် သူ ယုံကြည်မှာ မဟုတ်ပါဘူး။ သူ့လို ဆန်းကြယ်အင်ပါယာအဆင့် ပုဂ္ဂိုလ်တစ်ယောက်ကတောင် အဖြေမရှာနိုင်တဲ့ကိစ္စ ဝမ်ဖုန်းလို လူစိမ်းတစ်ယောက်က အဘယ်မှာ အဖြေရှာနိုင်မည်နည်း?
''ဒီဂိုဏ်းချုပ်က မင်းကို လိမ်ရင် ဘာရမှာ မလို့လဲ? မင်းက ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားရှင်တစ်ယောက်ပဲလေ။ ဒီဂိုဏ်းချုပ်က မင်းကို ဟာသလုပ်ပြောစရာလား?'' ဝမ်ဖုန်းသည် ယန်တောက်ကို စိုက်ကြည့်ကာ တီးတိုးပြောဆိုလိုက်သည်။
ဤသည်ကိုကြားတော့ ယန်တောက်သည် တိတ်ဆိတ်သွားသည်။
တဒင်္ဂအကြာမှာ သူသည် ဝမ်ဖုန်းကို မော့ကြည့်ကာ အလေးအနက် ပြောဆိုလိုက်သည်။
'' မင်းသာ ငါ့သားကို ကုပေးမယ်ဆိုရင် ငါ ဘာမဆို လုပ်ပေးမယ်!''
သားအတွက် ဖခင်တစ်ယောက်၏ ပေးဆပ်နိုင်ခြင်း အတိုင်းအဆကို အဘယ်သူတစ်ဦးတစ်ယောက်ကမှ ခန့်မှန်းနိုင်မည် မဟုတ်ပါချေ။
''ယောင်ရီအင်ပါယာကို သစ္စာဖောက်ရရင်တောင်မှလား?'' ဝမ်ဖုန်းက ပြုံးလျက် ပြန်မေးလိုက်သည်။
''မင်းငါ့သားကို ကုပေးနိုင်ရင် ငါ ဘာမဆိုလုပ်မှာကွ!''
ဝမ်ဖုန်း၏အမေးကို ယန်တောက်က တစ်ခဏသာ တုန့်ဆိုင်းသွားပြီး၊ပြတ်ပြတ်သားသား ပြန်ဖြေလာသည်။
ဤအဖြေက ဝမ်ဖုန်းကို ပြုံးယောင်သန်းသွားစေသည်။ ယန်တောက်က မေးခွန်းကို တိုက်ရိုက်မဖြေသော်လည်း ဝမ်ဖုန်းကတော့ အဖြေကို သိလိုက်ရချေပြီ။
''မင်းသားရဲ့ ရောဂါကို ကုဖို့ဆို ရွှေယွမ်ဝိညာဥ်ပန်းက မလုံလောက်သေးဘူး။ ကောင်းကင်ဝိညာဥ်ဆေးလုံးကသာ မင်းသားရဲ့ကောင်းကင်ဝိညာဥ်ကို ပြုပြင်ပေးနိုင်မှာ!'' ဝမ်ဖုန်းသည် တိုက်ရိုက်ပဲ ပြောပြလိုက်သည်။
''ကောင်းကင်ဝိညာဥ်ဆေးလုံး?''
ဝမ်ဖုန်း၏စကားက ယန်တောက်ကို ဆွံအသွားစေ၏။
ဝမ်ဖုန်း၏နောက်က လင်ဖေးဝူနှင့်အခြားလူများကလည်း ဝမ်ဖုန်းကို ပဟေဠိဆန်ဆန် စိုက်ကြည့်မိလိုက်ကြသည်။ အထူးသဖြင့် လီထျန်းရှင်း၊ သူမလို အဆင့်၈ အဂ္ဂိရိတ်ပညာရှင်တစ်ယောက်ကတောင် ထိုသို့သော ဆေးမျိုးကို မကြားဖူးပါ။
''ကောင်းကင်ဝိညာဥ်ဆေးလုံးဆိုတာ ဧကရာဇ်အဆင့် ဆေးလုံးပဲ!''
လူတိုင်း၏သံသယဝင်နေသော အကြည့်များအောက်မှာ ဝမ်ဖုန်းသည် ညင်သာသောလေသံဖြင့် ပြောလိုက်သည်။
ဤစကားဆုံးသည်နှင့် လူတိုင်းသည် ထိတ်လန့်သွားကြကာ ဝမ်ဖုန်းကို ကြောင်တောင်တောင် မျက်လုံးများဖြင့် စိုက်ကြည့်မိလိုက်ကြသည်။ အဲ့ဒါက ဧကရာဇ်အဆင့်ဆေးလုံးပဲ! ဘယ်သူက ဧကရာဇ်အဆင့်ဆေးလုံးကို အရူးတစ်ယောက်ကို ပေးမှာလဲ?
ဒါ့အပြင် အင်ပါယာကြီးသုံးခုမှာတောင် ဧကရာဇ်အဆင့်ဆေးလုံးလို ရတနာမျိုး မရှိ။
''မင်းသေချင်နေတာလား!?''
ဝမ်ဖုန်း၏စကားကိုကြားတော့ ယန်တောက်၏ မျက်လုံးများ နီရဲလာသည်။သူသည် အတားအဆီးများကို ချိုးဖျက်ပြေးထွက်လာပြီး၊ ခမ်းနားသော ဓါးအရှိန်အဝါတစ်ခုသည် သူ့ခန္ဓာမှပေါ်ထွက်လာ၏။
ယင်းဓါးချီသည် အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်း၏။ ဓါးချီထွက်ပေါ်လာသည်နှင့်တပြိုင်နက် လူတိုင်းသည် ဓါးတစ်ချောင်းက သူတို့၏လည်ပင်းပေါ် ရောက်ရှိနေသလိုခံစားလာရကာ တုန်လှုပ်ခြောက်ခြားကုန်၏။
ယန်တောက်၏ဓါးချီထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်း၏နံဘေးမှ ရှောင်းရှီရိလင်၏ မျက်ဝန်းများသည်လည်း ကျဥ်းမြောင်းသွားသည်။ သူ့နောက်ကျောက ဧရာမဓါးကြီးသည်လည်း ပြိုင်ဘက်တစ်ယောက်ကို တွေ့လိုက်ရသည့်အလား စတင်တုန်ခါလာသည်။
ရှောင်းရှီရိလင်၏ခန္ဓာကိုယ်မှ ဧရာမဓါးချီတစ်ခု ထွက်ပေါ်လာကာ ယင်းဓါးချီက ယန်တောက်၏ဓါးချီကို တန်ပြန်နေသည်။ဓါးချီနှစ်ခု၏ပွတ်တိုက်မှုကြောင့် လေဟာနယ်သည်လည်း ပကတိမျက်စိဖြင့် မြင်နိုင်သည်အထိ တွန့်လိမ်လာလေသည်။
ရှောင်းရှီရိလင်၏ထွက်ပေါ်လာမှုက ယန်တောက်ကို မျက်မှောင်ကြုတ်သွားစေသည်။ သူသည် ဝမ်ဖုန်းကိုကျော်လျက် ရှောင်းရှီရိလင်ကို စေ့စေ့ကြည့်လိုက်မိသည်။ထိုလူသည်ကား ထိပ်တန်း ဓါးသမားတစ်ယောက် ဖြစ်ချေသည်။
ရှောင်းရှီရိလင်၏ဓါးချီမှတစ်ဆင့် ယန်တောက်သိလိုက်ရသည်။ထိုလူမှာ သူ့ထက် နည်းနည်းလေးမှ အားမနည်းသည့်အပြင် သူ့ထက်ပင် သန်မာနေနိုင်သည်။
''ဒီဧကရာဇ်ကို ဆန့်ကျင်ချင်နေတာလား! မင်းမှာ စွမ်းအားကြီးတဲ့ သက်တော်စောင့်တစ်ယောက်ရှိပေမယ့် ဒီဧကရာဇ်က မင်းကို သေချာပေါက်ပြန်ပေးဆပ်ရအောင် လုပ်နိုင်တယ်ကွ!'' ယန်တောက်က ဝမ်ဖုန်းကို စူးစိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။သူ့ထံမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်။
ငါ ယန်တောက်သာ ဧကရာဇ်အဆင့်ဆေးလုံးကို ရယူနိုင်စွမ်းရှိရင် ငါ့သား ဒီလိုမျိုး ဘယ်လိုလုပ်ဖြစ်နေဦးမှာလဲ!?
''ဒီဂိုဏ်းချုပ်က မင်းကို နောက်ပြောင်နေတာမဟုတ်ဘူး။ဒီဂိုဏ်းမှာ တကယ်ပဲ ကောင်းကင်ဝိညာဥ်ဆေးလုံးရှိတယ်!''
ဝမ်ဖုန်းက အမူအရာမဲ့စွာပြောလိုက်သည်။သူ့ညာလက်ကို ဖြန့်လိုက်သည့်အခါ မဟူရာရောင် ဆေးလုံးတစ်လုံးက သူ့လက်ဖဝါးပေါ်တွင်ရှိနေ၏။ ယင်းသည် ရှုပ်ထွေးသောမျဥ်းကြောင်းများဖြင့် ပြည့်နေသော ဆေးလုံးတစ်လုံးဖြစ်သည်။ ရနံများက လေထုအတွင်း သင်းပျံ့လာသည်။
ဤဆေးရနံ့ကြောင့် ထင်၏။ပတ်ဝန်းကျင်ရှိ သစ်ပင်များကတောင် ပိုမိုစိမ်းစိုလာသည်။
ဝမ်ဖုန်းဘေးနားက လင်းဖေးဝူနှင့်တခြားသူများကတော့ ပိုလို့တောင် ဆန်းဆန်းပြားပြားခံစားနေရသည်။ သူတို့သည် ဆေးရနံ့ကိုရှုရှိုက်မိရုံဖြင့် သူတို့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ တိုးပွားလာသလို ခံစားနေရသည်။
လင်းဖေးဝူတို့တစ်သိုက် တုန်လှုပ်သွားကြသည်။သူတို့သည် ဝမ်ဖုန်းလက်ဖဝါးပေါ်က သာမန်ဆန်သော အနှီဆေးလုံးလေးကို စူးစိုက်ကြည့်ရင်း ဆေးရနံများကို အစောတလျင် လောဘတကြီးရှုရှိုက်လိုက်ကြသည်။
သို့ပေသိ ဆေးလုံးထွက်ပေါ်လာသည်နှင့်တပြိုင်နက် အစောက ဒေါသထွက်နေသော ယန်တောက်သည် ငြိမ်ကျသွားသည်။သူသည် ဝမ်ဖုန်း၏လက်ဖဝါးပြင်ထက်၌ မျောလွင့်နေသော ဆေးလုံးကို စိုက်ကြည့်နေမိသည်။ သူသည် တစ်ချက်ကြည့်မိရုံဖြင့် ထိုဆေး၏သာမန်ထက် ထူးကဲမှုများကို တွေ့မြင်လိုက်ရသည်။
ဆန်းကြယ်အင်ပါယာအဆင့်၏ အထွတ်အထိပ်ရှိ စွမ်းအားရှင်ပင် ဖြစ်လင့်ကစား ၊လေထဲ ဝဲပျံ့နေသော ထိုဆေးလုံး၏မွှေးရနံ့ကို ရှူရှိုက်မိသည့် တစ်ခဏ၌ သူ၏ခွန်အားများသည် အနည်းငယ်တိုးပွားလာခဲ့သည်။ သူသာ ဒီဆေးလုံးကို ချေဖျက်စုပ်ယူလိုက်ပါလျှင် အဘယ်သို့သော ကြောက်လန့်ဖွယ်ခွန်အားများကို သူရရှိလိမ့်မည်နည်း? ယန်တောက် ဆက်မတွေးရဲတော့။
ဆန်းကြယ် အဓိပတိအဆင့်ကို ချက်ချင်း ရောက်သွားမည်လား?
''မင်း...ဒီဆေးလုံးကို ငါ့သားကို တကယ်ပဲပေးဖို့ ဆန္ဒရှိလား?'' ယန်တောက်သည် ဝမ်ဖုန်းကိုကြည့်လျက် တုန်ယင်နေသော လေသံဖြင့်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ဟာလည်း ဆတ်ဆတ်တုန်ခါနေပေ၏။