ရှီးဝူယာ
Vol. 38 Ch. 559
မဟာချွမ်အပျက်အစီးကနေ ငါးကီလိုမီတာ ကွာဝေးသော မဏ္ဍပ်ထဲတွင်..
သွမ့်မူနှင့် အိုးယန်မိသားစုမှ ပကတိအရှင်နှစ်ယောက်သည် အထဲမှာ အေးအေးထိုင်၍ လက်ဖက်ရည်ကို ဇိမ်ခံသောက်နေကြ၏။
မဏ္ဍပ်အပြင်ဘက်ရှိ နိုးထဝိညာဉ်များသည် မကျေနပ်ကြသော်လည်း ခွင့်ပြုချက်မရှိဘဲနှင့် မည်သူမှ ထွက်မသွားရဲကြပေ။
စောစောက သွမ့်မူနှင့် အိုးယန်မိသားစုကို စိန်ခေါ်ခဲ့သော နိုးထဝိညာဉ်ဆယ်ယောက်ကျော် ပေါ်ထွက်လာခဲ့သော်လည်း သူတို့အကုန်လုံးက ကြက်ကလေးငှက်ကလေး အလွယ်တကူ သတ်ဖြတ်ခံခဲ့ရ၏။
ကြေမွပျက်စီးသွားသော ကံကြမ္မာအဆောင်အရေအတွက်က လျှင်မြန်စွာ တိုးလာနေဆဲဖြစ်၏။
တဖြည်းဖြည်းနှင့် လူအုပ်ကြီးထဲတွင် ကြောက်ရွံ့မှု၊ သံသယ၊ တုန်လှုပ်မှုနှင့် မကျေမချမ်းမှုတို့က စိမ့်ဝင်ပျံ့နှံ့လာ၏။
သူတို့သာလျှင်မဟုတ်.. ကောင်းကင်ရွေ့လျားဂိုဏ်း၊ ကြယ်တာရာလမင်းဂိုဏ်းနှင့် အမှောင်တစ္ဆေဂိုဏ်းမှ နိုးထဝိညာဉ်များပင်လျှင် သူတို့လက်ထဲရှိ ကံကြမ္မာအဆောင်များ ကြေမွသွားတာကို ကူကယ်ရာမဲ့စွာ ကြည့်နေရ၏။
သူတို့သုံးယောက်သည် လွန်မင်းစွာ ဒေါသူပုန်ထလာကြ၏။
ဟင်္သပဒါးသစ်သီးတိုက်ပွဲ၏ ဤအခြေအနေအရောက်၌ ကျဆုံးလာသော ပြိုင်စံရှားအရေအတွက်က အရမ်းကို များပြားလာလေပြီ။
အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်းလေးခုမှာတောင် ပြိုင်စံရှားအရေအတွက် အနည်းအကျဉ်းသာ ကျန်ရှိလေတော့သည်။
ကျန်ရှိနေသော ကံကြမ္မာအဆောင်အချို့ကလည်း ညိုမည်းနေပြီဖြစ်၏။ ထိုပြိုင်စံရှားများက မသေအောင် ထိန်းထားနိုင်သော်လည်း အခြေအနေ မကောင်းလှသည်မှာ သိသာလေသည်။
နောက်ဆုံးမှာတော့ ယုဝမ်ကလန်၏ ပကတိအရှင်က မအောင့်အည်းနိုင်တော့ဘဲ ထေ့ငေါ့လိုက်၏။
“သွမ့်မူကလန်က တစ်ကယ့်ကို အံ့ဩဖို့ကောင်းတဲ့ အရိုက်အရာဆက်ခံသူတစ်ယောက်ကို မွေးထုတ်ပေးလိုက်တာပဲ”
“ဟင်္သပဒါးသစ်သီးတစ်လုံးအတွက်နဲ့ အဲ့လောက်ထိ သတ်ဖြတ်နေတာ သွမ့်မူကလန်အရိုက်အရာဆက်ခံသူက အရမ်းကို ရက်စက်လွန်းရာကျ မနေဘူးလား” သွေးမြူဂိုဏ်းမှ ပကတိအရှင်၏ အမူအယာက ပျက်စီးနေ၏။
“ဟဟ”
သွမ့်မူကလန်၏ ပကတိအရှင်က ရယ်မော၍ ခေါင်းခါလိုက်၏။
“ဒါက အစကထဲက ပြိုင်စံရှားတွေကြားက တိုက်ပွဲပဲလေ.. အဆင့်တူချင်း တိုက်ကြတာဆိုတော့ အဲ့ဒါက လူတိုင်းအတွက် မျှတမှု ရှိပါတယ်.. မင်းတို့တပည့်တွေ အသုံးမကျလို့ သေရတာကို သွမ့်မူကလန်က တာဝန်ယူပေးနေရဦးမှာလား”
များစွာသော နိုးထဝိညာဉ်များသည် အသံတိတ်သွားကြ၏။
မည်သို့ပင်ဖြစ်စေ.. အဲ့ဒါက တစ်ကယ်လည်း ပြိုင်စံရှားတွေကြားက မျှတသည့် တိုက်ပွဲတစ်ခုသာ..
သူတို့၏ တပည့်များက သွမ့်မူကလန်ပြိုင်စံရှားကို သတ်ဖြတ်ဖို့ အခွင့်ရခဲ့လျှင်လည်း မည်သူမှ သနားညှာတာနေကြလိမ့်မည် မဟုတ်ပေ။
သွမ့်မူကလန်၏ ပကတိအရှင်က အေးစက်စွာဖြင့် ပြောလိုက်၏။
“မင်းတို့မှာ အစွမ်းအစ မရှိဘူးဆိုလဲ ဟင်္သပဒါးသစ်သီးအတွက် လာမတိုက်ကြနဲ့ပေါ့.. မင်းတို့ အဲ့ဒါကို စိန်ခေါ်ရဲရင် သေရဲတဲ့သတ္တိလဲ ရှိရမှာပေါ့.. ဘယ်သူ့ကိုမှ အပြစ်တင်မနေကြနဲ့”
“ခင်ဗျား...”
သွမ့်မူကလန်ပကတိအရှင်၏ စကားလုံးများက သေသပ်လှပသည့်အတွက် လူတိုင်း ပြောစရာစကားမဲ့သွားရ၏။
ရုတ်တရက်..
သွမ့်မူကလန်၏ ပကတိအရှင်သည် တစ်ခုခုကို အာရုံခံမိလိုက်သည့်အလား မျက်မှောင်ကြုတ်၍ သိုလှောင်အိတ်ထဲကနေ ကံကြမ္မာအဆောင်တစ်ခုကို ဆွဲထုတ်လိုက်၏။
အစက လင်းလက်နေသော ကံကြမ္မာအဆောင်သည် လျှင်မြန်စွာ မှိန်ကျလာ၏။
“ဟမ့်”
သွမ့်မူကလန်၏ ပကတိအရှင်သည် ကြောင်အသွား၏။
တစ်ချိန်တည်းမှာပင် အိုးယန်ကလန်၏ ပကတိအရှင်ကလည်း ကံကြမ္မာအဆောင်တစ်ခုကို ဆွဲထုတ်လိုက်၏။
ထိုအဆောင်မှ ရောင်ဝါကလည်း လျှင်မြန်စွာ လျော့ကျလာ၏။
အခြေအနေက တစ်ခုခုတော့ လွဲမှားနေလေပြီ။
သွမ့်မူနှင့် အိုးယန် ရှေးတော်ဝင်မိသားနှစ်စုသည် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေး ရှိကြ၏။
သွမ့်မူခန်းနှင့် အိုးယန်ရှာယုက ငယ်ကျွမ်းဆွေများဟု ပြောလို့ရသည့်အတွက် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ကြမည် မဟုတ်ပေ။
ပြောရမည်ဆိုလျှင် သူတို့နှစ်ယောက်စလုံးကို ခြိမ်းခြောက်နိုင်သည့် သန်မာသည့်ရန်သူတစ်ယောက်က ပေါ်လာလေပြီ။
မဏ္ဍပ်အပြင်ဘက်ရှိ နိုးထဝိညာဉ်များသည် အသံတိတ်နေကြသော်လည်း စိတ်ထဲမှာတော့ အားရဝမ်းသာကျေနပ်နေကြ၏။
“သူတို့ ဒုက္ခရောက်နေကြပြီထင်တယ်” အိုးယန်ကလန်၏ ပကတိအရှင်က သုန်မှုန်စွာနှင့် ပြောလိုက်၏။
သွမ့်မူကလန်၏ ပကတိအရှင်သည်လည်း လေးနက်စွာ မျက်မှောင်ကြုတ်လိုက်၏။
ကံကြမ္မာအဆောင်၏ တုံ့ပြန်မှုမှတစ်ဆင့် ပြဿနာတစ်ခုခုတော့ ပေါ်လာပြီဆိုတာ သူပြောနိုင်လေသည်။
သို့သော် သူနားမလည်နိုင်ရသည်မှာ မဟာချွမ်းအပျက်အစီးမှာ သွမ့်မူခန်းကို ဘယ်သူကများ ခြိမ်းခြောက်နိုင်ရတာလဲ။
နောက်ပြီး သွမ့်မူခန်းသည် အိုးယန်ရှာယုနှင့် အတူသွားကြခြင်း ဖြစ်ပြီး သူတို့မှာ စွမ်းအားကြီးမားသည့် သားရဲတောကောင်များလည်း ပါသွားကြ၏။
ရှဲ..
ထိုစဉ်မှာပင် သွမ့်မူကလန်ပကတိအရှင်၏ လက်ထဲရှိ ကံကြမ္မာအဆောင်ထံမှ ဆူညံသည့်အသံတစ်သံက ထွက်လာ၏။
ထိုအသံက မကျယ်သော်လည်း သူ့နားထဲမှာတော့ မိုးကြိုးပစ်ချလိုက်သလိုပင်။
အလိုလို သူငုံ့ကြည့်လိုက်၏။
သွမ့်မူခန်း၏ အသက်ကို ကိုယ်စားပြုသော ကံကြမ္မာအဆောင်ပေါ်တွင် အက်ကွဲကြောင်းများက ဆက်တိုက်ပေါ်လာ၏။
သွမ့်မူခန်းက သေလေပြီ။
သွမ့်မူကလန်၏ ပကတိအရှင်သည် တောင့်တင်းသွား၏။
ကံကြမ္မာအဆောင်က ကျိုးကြေသွားပြီး သူ့လက်ကြားထဲကနေ လျှောကျသွားတာကိုပင် သူ မသိတော့ပေ။
မဏ္ဍပ်အပြင်ဘက်ရှိ နိုးထဝိညာဉ်အများစုသည် ကြိတ်ပြီး ဝမ်းသာနေကြသော်လည်း သူတို့သည်လည်း ဇဝေဇဝါ ဖြစ်နေကြ၏။
အပျက်အစီးနယ်မြေ အနက်ပိုင်းထဲမှာ ဘာတွေများ ဖြစ်နေလဲ သူတို့လည်း သိချင်မိလေသည်။
ရှေးတော်ဝင်မိသားစုမှ ပြိုင်စံရှားကိုပင် သတ်ဖြတ်နိုင်သည့် အစွမ်းအစနှင့် သတ္တိရှိသူက မည်သူပါလိမ့်..
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သွမ့်မူကလန်၏ ပကတိအရှင်က ဝုန်းကနဲ ထရပ်၍ စားပွဲခုံကို ဘုန်းကနဲ ရိုက်ချလိုက်၏။
“အပျက်အစီးနယ်မြေမှာ ထူးဆန်းတာ တစ်ခုခုတော့ ဖြစ်နေပြီ.. ဘာလဲဆိုတာ သိရအောင် ငါသွားစစ်ဆေးကြည့်မှ ရတော့မယ်.. မြောက်ပိုင်းဒေသမှာ ငါ့ရဲ့ခန်းအာကို ဘယ်သူက နိုင်လို့လဲ.. သူတို့က သူ့ကို သတ်နိုင်တယ်ဆိုတာ ပိုလို့တောင် မယုံချင်စရာကောင်းသေးတယ်”
“ဟီးဟီး”
လူအုပ်ထဲမှ နိုးထဝိညာဉ်တစ်ယောက်က မအောင့်အည်းနိုင်တော့ဘဲ လှောင်ရယ်လိုက်၏။
“အဲ့ဒီမှာ တရားမျှတတဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်စေဖို့အတွက် မဟာချွမ်အပျက်အစီးကို ဘယ်နိုးထဝိညာဉ်မှ မဝင်ရဘူးလို့ စောစောကတင် ပြောခဲ့တာက ဘယ်သူပါလိမ့်”
“ဟုတ်တယ်ဟေ့.. ကိုယ်ပြောပြီးသားစကားကိုတောင် ကိုယ်မတည်နိုင်ဘူးလား.. ဘယ်လိုတောင် အရှက်မဲ့ရတာလဲ”
“မင်းတို့ကောင်တွေကတော့ သေချင်နေပြီပဲ”
သွမ့်မူကလန်၏ ပကတိအရှင်သည် ဒေါသထောင်းကနဲ ထသွားပြီး သူ့နဖူးက တောက်ပလာကာ စိတ်ဝိညာဉ်အသိစိတ်တစ်ခုကို ပစ်လွှတ်လိုက်၏။
စောစောက စကားပြောလိုက်သော နိုးထဝိညာဉ်နှစ်ယောက်၏ ခြေထောက်အောက်မှ နွယ်ပင်များက ထိုးတက်လာပြီး သူတို့ကို ရစ်ပတ်လိုက်၏။
ချက်ချင်းဆိုသလိုပင် နွယ်ပင်များက သူတို့၏ အသားများကို အညှာတာမဲ့စွာ လှီးဖြတ်လိုက်၍ သွေးများက တစ်စက်စက် စီးကျလာ၏။
“အ.. အ” “အား.. အား”
သူတို့နှစ်ယောက်စလုံးသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။
သူတို့ဘယ်လိုပင် ရုန်းကန်ပါစေ.. နွယ်ပင်များကို ဖောက်မထွက်နိုင်ပေ။ ထို့အစား နွယ်ပင်များက သူတို့ကို ပိုမိုရစ်ပတ်၍ တင်းကျပ်လာ၏။
နွယ်ပင်များက သူတို့၏ အသားထဲသို့ နစ်ဝင်လာလေပြီ။
ဖောင်း..
သူတို့၏ ခန္ဓာကိုယ်များက အဲ့ဒါကို တောင့်မခံနိုင်တော့ဘဲ နွယ်ပင်များက ရစ်ပတ်မှုကြောင့် အသားများက အတုံးလိုက်အတစ်လိုက် ပြုတ်ကျလာပြီး ညှီစို့စို့အနံ့များက ထွက်ပေါ်လာလေသည်။
“ကန့်ကွက်ချင်တဲ့သူ ဘယ်သူ ရှိသေးလဲ”
သွမ့်မူကလန်၏ ပကတိအရှင်က ဘေးပတ်လည်ကို လှည့်ကြည့်ပြီး အေးစက်ခက်ထန်စွာ မေးလိုက်၏။
“ခွိခွိ..”
ရုတ်တရက် လေထဲမှ လှောင်ပြောင်ရယ်မောသံက ထွက်ပေါ်လာ၏။
မသိလိုက်မသိဘာသာနှင့်ပင် ရွတ်တွနေသောမျက်နှာ၊ ပိန်လှီနေသော ခန္ဓာကိုယ်နှင့် အဖိုးအိုတစ်ယောက်က ပေါ်လာ၏။ သူ့အကြည့်က ရှေးဆန်၍ အရာအားလုံးကို ဖောက်ထွင်းမြင်နေရပုံပင်။ ထိုသူက ပမာမခန့်နှင့် ပြောလိုက်၏။
“ဘယ်လောက်တောင် တင်စီးလိုက်သလဲဟေ့”
“ခင်ဗျား...”
သွမ့်မူကလန်၏ ပကတိအရှင်သည် ခဏမျှ ငူငိုင်သွား၏။
ထို့နောက် ချက်ချင်းပင် သူ့အကြည့်က အဖိုးအို၏ ခါးပေါ်သို့ ရွေ့လျားသွား၏။
သူ့ခါးပေါ်ရှိ ဂိုဏ်းတံဆိပ်ပြားကို မြင်သောအခါ သွမ့်မူကလန်၏ ပကတိအရှင်သည် မယုံကြည်နိုင်ဟန်ဖြင့် တုန်လှုပ်ချောက်ချားသွား၏။
“ဖန်သား..နန်းတော်”
ထိုစကားနှစ်လုံးက မှော်ဆန်သည်ဟု ထင်ရလေသည်။
မဏ္ဍပ်အပြင်ဘက်တွင် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
နိုးထဝိညာဉ်အဆင့်သို့ ကျင့်ကြံလာနိုင်သော ကျင့်ကြံသူအားလုံးနီးပါးသည် အင်မော်တယ်ဂိုဏ်း ကိုးဂိုဏ်းကိုတော့ ကြားဖူးကြလေသည်။
အင်မော်တယ်ဂိုဏ်း ကိုးဂိုဏ်းကို ကြားဖူးသော မြောက်ပိုင်းဒေသရှိ မည်သည့်နိုးထဝိညာဉ်မဆို ဖန်သားနန်းတော်ကိုလည်း သေချာပေါက် ကြားဖူးရပေမည်။
အဲ့ဒါက မြောက်ပိုင်းဒေသ၏ တစ်ကယ့်အစစ်အမှန် ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သလို မြောက်ပိုင်းဒေသ၏ အထင်ကရလည်း ဖြစ်လေသည်။
“တာအိုရောင်းရင်း.. အစ်ကိုက ဖန်သားနန်းတော်က ဘယ်သူဆိုတာ ကျုပ်သိပါရစေလားဗျာ”
သွမ့်မူကလန်၏ ပကတိအရှင်သည် တစ်ခုခုကို ဝိုးတဝါး ခန့်မှန်းမိလိုက်ပြီး ခက်ခက်ခဲခဲနှင့် မေးလိုက်၏။
“ငါက ဘာဘွဲ့ထူးမှ မရှိပါဘူး.. သခင်လေးရဲ့ အစေခံအိုကြီးတစ်ယောက်သာသာပါပဲ”
ဖန်သားနန်းတော်မှ အဖိုးအို၏ လေသံက တည်ငြိမ်နေဆဲဖြစ်၏။
“သ-သခင်လေး... သူ-သူရောက်လာတာလား”
သွမ့်မူကလန်၏ ပကတိအရှင်သည် ခါးသက်သက်လေသံနှင့် တီးတိုးရေရွတ်လိုက်၏။
သွမ့်မူခန်း ဘာကြောင့် သေဆုံးခဲ့ရသလဲဆိုတာ နောက်ဆုံး သူနားလည်သွားလေပြီ။
ဖန်သားနန်းတော်မှ ထိုလူသာ မဟာချွမ်အပျက်အစီးသို့ ရောက်လာခဲ့လျှင် သွမ့်မူခန်း ဆယ်ယောက်ပေါင်းလည်း သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။
ထိုလူက လွန်ခဲ့သည့် နှစ်သုံးဆယ်ကတည်းက မြောက်ပိုင်းဒေသ၏ နံပါတ်တစ် ပကတိသက်ရှိ ဖြစ်နေခဲ့ပြီးသားဖြစ်၏။
ထိုလူသည် အစောပိုင်း ဆယ်နှစ်လောက်ကတည်းက နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းလို့ရ၏။ သို့သော်လည်း သူသည် နောက်နှစ် ၂၀ ကြာသည့်အခါ ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ချင်သောကြောင့် ထိုခြေတစ်လှမ်းစာကို မလှမ်းသေးခြင်း ဖြစ်လေသည်။
ဖန်သားနန်းတော်၏ ရှီးဝူယာ..
လွန်ခဲ့သည့် နှစ်သုံးဆယ်ကတည်းက ထိုသူသည် မြောက်ပိုင်းဒေသရှိ ရွှေအမြုတေအားလုံး၏ အထက်မှာ ရပ်တည်နေခဲ့သူဖြစ်၏။
အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခုမှ ပကတိအရှင်များသည် ရှီးဝူယာဟူသော နာမည်ကို ကြားရချိန်တွင် အားလုံးက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
အိုးယန်ကလန်၏ ပကတိအရှင်က တီးတိုးရေရွတ်လိုက်၏။
“ရှီးဝူယာလာမယ်ဆိုတာ ငါတို့ သိခဲ့ရင်.. ငါတို့ရဲ့ တပည့်တွေကို ဟင်္သပဒါးသစ်သီးအတွက် ဘာလို့တိုက်ခိုက်ခိုင်းနေဦးမှာလဲ.. အဲ့ဒါက သက်သက်သွားပြီး သေကြောင်းကြံခိုင်းသလို ဖြစ်နေမှာပေါ့”