လက်ရည်စမ်းခြင်း
Vol. 38 Ch. 560
ရွှေရောင်ဖျော့ဖျော့ဝတ်ရုံကို ဝတ်ဆင်ထားသည့် ရုပ်ချောချောနှင့်လူက အေးအေးဆေးဆေး လျှောက်လှမ်းလာ၏။ သူ့မျက်လုံးများက ကြယ်များနှင့်တူပြီး ဖော်မပြနိုင်သော ယုံကြည်မှုကို ပိုင်ဆိုင်ထားလေသည်။
အိုးယန်ရှာယုသည် သူမ၏ အစိမ်းရောင်လွမ်ပေါ်မှာ စီးနင်း၍ မဟာချွမ်အပျက်အစီးကနေ လွတ်ရာသို့ ထွက်ပြေးနေဆဲဖြစ်၏။ ထိုလူကို မြင်သောအခါ သူမသည် ခဏမျှ မှင်တက်သွား၏။
ချက်ချင်းပင် သူမသည် တသိမ့်သိမ့် တုန်ယင်သွားပြီး သူမ၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်လာ၏။
“တာအိုရောင်းရင်း အိုးယန်.. ခင်ဗျား အဆင်ပြေရဲ့လား”
ရုပ်ချောချောနှင့်လူက နောက်လည်းမဆုတ် ရှောင်လည်းမရှောင်ဘဲ နူးညံ့စွာ ပြုံးပြလိုက်၏။ အစိမ်းရောင်လွမ်က ပြေးချလာသည်ကို မြင်သောအခါ သူက ထိုသတ္တဝါကို ကြိုဆိုလိုက်၏။
စောင့်ကြည့်နေသော အကြည့်များအောက်မှာပင် ရုပ်ချောချောနှင့်လူက သူ၏ကျောက်စိမ်းဖြူလို ဝင်းလက်နေသော လက်ကို မြှောက်ပြီး သူ့ရှေ့ လေထုကို ညင်သာစွာ ဖိချလိုက်၏။
အစိမ်းရောင်လွမ်က အလင်းတန်းတစ်ခုလို လျှင်မြန်စွာ ပြေးချလာ၏။ သို့သော် ၎င်းက ချက်ချင်းဆိုသလို အရှိန်သတ်၍ ရပ်တန့်လိုက်၏။
အစိမ်းရောင်လွမ်က အနည်းငယ် တုန်ယင်နေသည်ကို ဆူဇီမို သတိထားမိလိုက်၏။
မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်ပင်လျှင် ကြောက်ရွံ့ရလေသည်။
သားရဲတောကောင်များက အန္တရာယ်အပေါ် အာရုံခံရာမှာ အလွန်တရာ ထက်ရှလေသည်။
အစိမ်းရောင်လွမ်က ဤကဲ့သို့ တုံ့ပြန်ရသည့် အကြောင်းရင်းမှာ ၎င်းသည် ရုပ်ချောချောနှင့်လူထံမှ ပြင်းထန်အားကောင်းသည့် ခြိမ်းခြောက်မှုကို အာရုံခံမိသောကြောင့် ဖြစ်လေသည်။
ရုပ်ချောချောနှင့်လူရှေ့တွင် အစိမ်းရောင်လွမ်က မလှုပ်မယှက်နှင့် သူ့ခေါင်းကို ငုံ့ထား၏။ သူက ရုပ်ချောချောလူကို မကြည့်ရဲသည့် သဘောပင်။
ထိုသည်ကို မြင်သောအခါ ကျင့်ကြံသူများအားလုံးသည် တုန်လှုပ်သွားကြ၏။
မည်သည့်လက်နက်ကိုမှ မသုံးဘဲ လက်တစ်ဖက် မြှောက်ရုံနှင့် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင် တစ်ကောင်ကို နှိမ်နင်းနိုင်သည့်သူက မည်သူပါလိမ့်..
အချို့ကျင့်ကြံသူများသည် အာရုံစိုက်ကြည့်လိုက်သောအခါ ရုပ်ချောချောလူ၏ ခါးပေါ်ရှိ ဂိုဏ်းတံဆိပ်ပြားကို မြင်တွေ့သွား၏။
ထိုလူ၏ နောက်ခံကို မှတ်မိသိရှိသွားကြပြီးနောက် သူတို့သည် ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားကြ၏။
ထာဘာဖန်က စဉ်းစားတွေးတောနေပုံရ၏။
သူ၏ မောက်မာဝင့်ကြွား၍ ဇောင်းကြွသော အမူအကျင့်နှင့်ပင်.. ခေါင်းခါပြီး သက်ပြင်းချလိုက်၏။
“ဟင်္သပဒါးသစ်သီးအတွက် သူတောင် လှုပ်ရှားလာပြီဆိုတော့လဲ...”
“လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကထဲက မြောက်ပိုင်းဒေသရဲ့ နံပါတ်တစ် ပကတိသက်ရှိ” မုရုံဝူရွှမ်းသည် သူမ၏ အကြည့်ကို မှေးကျဉ်း၍ တစ်လုံးချင်း ရေရွတ်လိုက်၏။
အိုးယန်ရှာယုသည် သူမ၏ အတွင်းဒဏ်ရာများကို တောင့်ခံ၍ မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်၏။
“မင်္ဂလာပါ.. တာအိုရောင်းရင်းရှီး”
“မြောက်ပိုင်းဒေသမှာ တာအိုရောင်းရင်းအိုးယန်ကို သတ်ဖို့ ကြိုးစားရဲတဲ့သူက အမျိုးသမီးတွေအပေါ်မှာ ညှာတာရကောင်းမှန်း နားမလည်တဲ့သူပဲ” ရှီးဝူယာက ပြုံး၍ ပြောလိုက်၏။
အိုးယန်ရှာယုသည် တစ်ဖက်သို့ လှည့်ပြီး ဆူဇီမိုကို ရွံ့မုန်းစွာ ကြည့်လိုက်၏။
ထိုအခါမှသာ ရှီးဝူယာ၏ အကြည့်က ဆူဇီမိုဆီသို့ ရွေ့လျားသွား၏။
ဆူဇီမိုက အမူအယာ ကင်းမဲ့နေပြီး သူ့မျက်လုံးများထဲမှာ ကြောက်လန့်မှု အနည်းငယ်မျှတောင် မရှိဘဲ မလှမ်းမကမ်းမှနေ၍ ရှီးဝူယာကို တည်ငြိမ်စွာ စိုက်ကြည့်နေ၏။
ရှီးဝူယာက ပြုံးရင်း ဖြည်းဖြည်း လမ်းလျှောက်လာ၏။
ထိုစဉ်.. ရှီးဝူယာ၏နောက်မှာ လူစိမ်းကျင့်ကြံသူတစ်ယောက်က ထူးမခြားနားပုံစံနှင့် လိုက်ပါလာသည်ကို လူတိုင်း သတိထားမိလိုက်ကြ၏။
ထိုလူက အစောပိုင်း-ရွှေအမြုတေအဆင့်တစ်ယောက်ဖြစ်ပြီး မျက်နှာဖုံးတစ်ခုနှင့်အတူ အထက်တန်းကျသော ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏ မျက်လုံးမှလွဲ၍ ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမဆို ဖုံးကွယ်ထားလေသည်။
ဘာကြောင့်ရယ်မသိ.. ဆူဇီမိုသည် မျက်နှာဖုံးနှင့်လူကို ကြည့်မိစဉ်.. သူ့စိတ်ထဲမှာ ထူးဆန်းသော ဖောက်မပြတတ်သည့် ခံစားချက်တစ်ခုက ရောက်ရှိလာ၏။
တစ်ခဏအတွင်းမှာပင် ရှီးဝူယာသည် နီးကပ်လာ၏။
ဆူဇီမိုသည် ခေါင်းမွေးများ ထောင်ထလာ၏။
အစိမ်းရောင်လွမ်က မည်သို့ခံစားခဲ့ရကြောင်း နောက်ဆုံး သူနားလည်သွား၏။
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ရှီးဝူယာက ပမာမခန့်ပုံစံနှင့် မေးလိုက်၏။
“ဟင်္သပဒါးသစ်သီးကို ခူးယူထားတာ ဘယ်သူလဲကွ”
မည်သူမှ သူ့ကို ပြန်မဖြေကြပေ။
သို့သော်လည်း လူတိုင်း၏ အကြည့်များက ဆူဇီမိုပေါ်သို့ ကျရောက်လာကြ၏။
“ငါပဲ”
ဆူဇီမိုက ပြောလိုက်၏။
“ဟုတ်ပြီလေ”
ရှီးဝူယာက ခေါင်းညိတ်လိုက်၏။
“ဟင်္သပဒါးသစ်သီးကို ထုတ်ပေးပြီး အခုပဲ မင်းကိုယ်မင်း သတ်သေလိုက်.. အနည်းဆုံးတော့ မင်းအလောင်းက အကောင်းပကတိ ကျန်ခဲ့သေးတာပေါ့”
“ဟီးဟီး.. ဟဟ.. ဟားဟား”
ဆူဇီမိုက ဝါးလုံးကွဲ ထိုးရယ်ချလိုက်၏။
ထာဘာဖန်က ရုတ်တရက် ဝင်ပြောလိုက်၏။
“နဲနဲတော့ ဂရုစိုက်ပါ တာအိုရောင်းရင်းရှီ.. အဲ့လူက အခုနောက်ပိုင်းမှာ အရမ်းကို နာမည်ကြီးလာတဲ့ နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားဆိုတဲ့သူပဲ.. လူသားဧကရာဇ်နန်းတော်အောက်မှာတုန်းက သူက ပြိုင်စံရှားတွေ အကုန်လုံးကို ဖိနှိမ်ခဲ့သေးတယ်.. အခု ဒီနေ့ သေရတဲ့ ပြိုင်စံရှားအများစုကလဲ သူ့လက်ချက်နဲ့ သေရတာချည်းပဲ”
နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတား...
ထိုဘွဲ့ထူးဂုဏ်ကို ဖော်ပြချိန်တွင် ရှီးဝူယာက ရယ်မောလိုက်၏။
သူ့မျက်လုံးထဲမှာ သနားခြင်းနှင့် လှောင်ပြောင်လိုခြင်းက ပေါ်လာ၏။
“ဘယ်လောက် သနားဖို့ ကောင်းလိုက်လဲ”
ရှီးဝူယာက ဆူဇီမိုကိုကြည့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။
“ဒီနေ့ မင်းကတော့ သေရတော့မယ်”
“မင်းလိုကောင်နဲ့လား”
“ငါ့လိုကောင်နဲ့ပေါ့”
သူတို့နှစ်ယောက်က အကြည့်ချင်း ဖလှယ်ရင်း တိုက်ခိုက်လိုစိတ်က တဖွားဖွား ပေါ်လာကြ၏။ မည်သူကမှ အားနည်းမှုကို မပြကြပေ။
လူအုပ်ကြီးထဲတွင် တီးတိုးဆွေးနွေးသံများက ထွက်ပေါ်လာ၏။
“တစ်ကယ်တော့ နတ်ဖီးကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက ကံဆိုးတာပဲ.. သူ့စိတ်ဝိညာဉ်ချီက ကုန်ခမ်းနေမှတော့ ရှီးဝူယာကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်တော့မှာလဲ”
“ဟုတ်တယ်.. သူသာ သူ့ရဲ့ အကောင်းဆုံး အနေအထားမှာ ရှိနေရင် တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်ဦးမယ်.. အခုတော့လဲ...”
“ပေါက်ကရတွေကွာ.. သူရဲ့ အကောင်းဆုံး အခြေအနေမှာ ရှိနေလဲ သူက ရှီးဝူယာကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ”
ဆွေးနွေးသံများ မစဲသေးခင်မှာပင် တိုက်ပွဲက စတင်လာလေပြီ။
ရှီးဝူယာက လုံးဝ မလှုပ်ပေ။ သို့သော် သူ၏ တောက်ပနေသော မျက်လုံးနှစ်ဖက်မှ နတ်ဘုရားဆန်သော အလင်းတန်းနှစ်ခုက ပစ်လွင့်ထွက်လာ၏။ ဖြတ်သန်းလာရာ လမ်းတစ်လျှောက် လေထုက တုန်ခါသွားလေသည်။
အချို့ ကျင့်ကြံသူများသည် ခပ်လှမ်းလှမ်းသို့ ပြေးကွယ်၍ သူတို့၏ မျက်လုံးများကို အုပ်ကာ အော်လိုက်ကြ၏။
တိုက်ပွဲကို ကြည့်ရုံမျှနှင့် သူတို့၏ မျက်လုံးများက ကန်းလုမတတ် ဖြစ်သွားလေသည်။
ရှီးဝူယာနှင့် မျက်နှာချင်းဆိုင် ရပ်နေရင်း ဆူဇီမိုသည် လုံးဝ မလှုပ်ဘဲ သူ့မျက်လုံးနှစ်ဖက်မှ သားရဲဆန်သော အလင်းက တောက်လာ၏။
အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံပြီးနောက် ဆူဇီမို၏ မျက်လုံးစွမ်းအားက ကြောက်စရာကောင်းနေပြီဖြစ်၏။
ရှီးဝူယာ၏ စက္ခုလျှို့ဝှက်အတတ်က ဆူဇီမို၏ ဒဏ်ရာမရစေနိုင်သလို သူ့စိတ်အာရုံအပေါ်မှာလည်း အကျိုးသက်ရောက်မှု မရှိပေ။
“စိတ်ဝင်စားစရာပဲ”
ရှီးဝူယာသည် မြေပြင်ပေါ် ခြေတစ်ဖက်လှမ်း၍ လေထဲသို့ ခုန်တက်လိုက်ပြီး ဆူဇီမိုဆီသို့ လေထဲကနေ ပစ်ထိုးချလိုက်၏။
သူ၏ လက်သီးက သက်တံရောင်ဖန်သားတစ်ခုနှင့်တူပြီး တဖျတ်ဖျတ်တလက်လက် တောက်ပနေ၏။
အဲ့ဒါက ထိုးနှက်ချက်တစ်ခု ဆိုတာထက်.. အလျှံညီးညီး နေတစ်စင်းနှင့် တူလေသည်။
ဆူဇီမိုသည် အကြောက်အလန့်ကင်းမဲ့စွာ ရှေ့တက်ပြီး သွေးကြောစိမ်းများ ကြွတက်နေသော သူ့လက်ကို ဆန့်ထုတ်လိုက်၏။ ချိတ်စည်းတစ်ခုကဲ့သို့ သူ့လက်သီးကိုဆုပ်ပြီး ဝင်ရောက်လာသော ထိုးချက်ကို တန်ပြန်ထိုးနှက်လိုက်၏။
ဘုန်း..
ကျယ်လောင်သော အသံကြီးက ထွက်ပေါ်လာကာ မြေပြင်က တုန်ခါသွား၏။
လေထဲမှာ မီးရှူးမီးပန်းများ ဖောက်နေသလို မီးပွားများက တဖျပ်ဖျပ်လက်၍ ပေါက်ကွဲ တောက်ပနေ၏။
မီးရှူးမီးပန်းများကြားထဲမှာ လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြပြီး လူတိုင်း၏ အကြည့်ကို ဆွဲဆောင်လိုက်၏။
သူတို့နှစ်ယောက်စလုံးသည် ခန္ဓာမီးဆေးကျင့်ကြံသူများ ဖြစ်ကြပြီး မနှိုင်းယှဉ်သာအောင် မာကြောသော ခန္ဓာကိုယ်များဖြင့် အနီးကပ်တိုက်ခိုက်ရည်မှာ သဲကြီးမဲကြီး တိုက်ခိုက်နေကြ၏။
သူတို့နှစ်ယောက် တစ်ကြိမ် ထိတွေ့တိုင်း မြေအောက်နန်းတော်က သိမ့်ကနဲ တစ်ကြိမ် လှုပ်ခါသွား၏။
သူတို့နှစ်ယောက်မှ ထုတ်လွှတ်သော စွမ်းအားက အရမ်းကို ကြီးမားလေသည်။
သူတို့၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးများကို ရိုက်ခတ်ခြင်းဖြင့်ပင် စောင့်ကြည့်နေကြသော များစွာသော ကျင့်ကြံသူများကို တုန်လှုပ်ချောက်ချားသွားစေဖို့ လုံလောက်လေသည်။
“နတ်ဖီးနစ်ကျွန်းရဲ့ပြန်ဝင်စားမွန်းစတားက တစ်ကယ်ကို ကြောက်ဖို့ ကောင်းတာပဲဟ”
“ဟုတ်ပါ့ကွာ.. မြောက်ပိုင်းဒေသရဲ့ ပြိုင်စံရှားအားလုံးနီးပါးနဲ့ တိုက်ခိုက်သတ်ဖြတ်ပြီးတာတောင် သူက ရှီးဝူယာနဲ့ တိုက်ခိုက်ဖို့ ခွန်အား ရှိနေတုန်းပဲ”
“ရှီးဝူယာကလဲ သူ့ရဲ့ ဝှက်ဖဲတွေကို ထုတ်မသုံးသေးသလို.. သူ့ခွန်အားပြည့်ကိုလဲ မထုတ်ဖော်သေးလို့ပါ.. သူသာ တစ်ကယ်တိုက်ခိုက်ရင် နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက သေမှာ အသေအချာပဲ”
တစ်ကယ်တော့ ဆူဇီမိုသည် တစ်ကယ့်ကို စွမ်းအင်ကုန်ခမ်းနေလေပြီ။
သူ့ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်က ကုန်ခမ်းနေခဲ့ပြီးလေပြီ။
သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်မသုံးနိုင်လျှင်တောင် ဆူဇီမိုက ကြောက်စရာကောင်းနေတုန်း ဖြစ်၏။
သူ့ခန္ဓာကိုယ်ခွန်အားသက်သက်ကတောင် ရွှေအမြုတေအများစု ခံနိုင်ရည်ရှိသော တစ်စုံတစ်ရာ မဟုတ်ပေ။
ထိုအချိန်၌ ဆူဇီမိုသည် တိုက်ခိုက်နေရင်း ကြမ်းကြုတ်သည်ထက် ကြမ်းကြုတ်လာ၏။
သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်ကို ရောက်သည့်အထိ ခန္ဓာမီးဆေးခြင်းမှာ သူနှင့် ယှဉ်နိုင်လောက်သော ကျင့်ကြံသူတစ်ယောက်နှင့် ကြုံတွေ့ရခဲလေသည်။
သို့သော်လည်း ထိုအခိုက်အတန့်၌ ရှီးဝူယာသည် သူ့ရင်ထဲမှာ ဇဝေဇဝါ ဖြစ်လာ၏။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးနှင့် ယှဉ်လျှင်တောင် ဖန်သားနန်းတော်သည် ခန္ဓာမီးဆေးခြင်း နည်းစနစ်မှာ အကောင်းဆုံးပြယုဂ် ဖြစ်လေသည်။
ဖန်သားနန်းတော်၏ လျှို့ဝှက်အတတ်နှင့် ပေါင်းစပ်ပါက အဆင့်တူချင်း၌ ရှေးဦးအဆက်နွယ်သားရဲများကို သတ်ဖြတ်နိုင်ပြီး မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များကိုတောင် နှိမ်နင်းနိုင်လေသည်။
သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အထိ ရှီးဝူယာသည် သူနှင့် အနီးကပ်တိုက်ခိုက်ရည်မှာ ယှဉ်နိုင်သောသူတစ်ယောက်နှင့်မှ မကြုံတွေ့ခဲ့ရဖူးပေ။ သို့သော် အခုအခါမှာတော့ သူသည် ဆူဇီမိုနှင့် ရင်ဆိုင်ရာမှာ လွန်စွာ အခက်တွေ့နေရ၏။
ဆူနာမီသွေးအဆင့်..
နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူက သူ၏ မျိုးဆက်သွေးကို အမှန်တစ်ကယ်ပင် ဆူနာမီသွေးအဆင့်သို့ ရောက်အောင် ကျင့်ကြံထားနိုင်လေသည်။
ပို၍ ကြောက်စရာကောင်းသည့် အချက်မှာ နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူ အသုံးပြုနေသော အနီးကပ်တိုက်ခိုက်ခြင်းနည်းစနစ်သည် အလွန်တရာမှကို လှည့်စားတတ်လေသည်။ တစ်ချိန်တည်းမှာပင် အဲ့ဒါက မာကြောလိုက်၊ နူးညံ့လိုက်နှင့် အနာကွန်ဒါက တောင်တစ်လုံးကို ရစ်ပတ်နေသလိုလို၊ စိတ်ဝိညာဉ်မျောက်က ချောက်ကမ်းပါးကို တွယ်တက်နေသလိုလို ခံစားလာရ၏။
ပြောရမည်ဆို.. သူ့အသက်အန္တရယ်က ခြိမ်းခြောက်ခံရသည်ဟု ခံစားမိသော အကြိမ်ပင် သုံးလေးကြိမ် ရှိလာ၏။