သားရဲသွင်ပြင်နှင့် အမြုတေနယ်မြေ အားပြိုင်မှု
Vol. 38 Ch. 562
ဆူဇီမိုသည် ကျောက်စိမ်းပေတံနှင့် တိုက်ခိုက်မှုကို ထိပ်တိုက်ရင်မဆိုင်ရဲဘဲ နောက်သို့သာ ဆုတ်ပြီး ရှောင်နေရ၏။
ကျောက်စိမ်းပေတံက မူလစိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်၏။
ရှီးဝူယာ၏ ခွန်အားအရ.. သူ့ကျောက်စိမ်းပေတံနှင့် တွေ့လျှင် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တောင်မှ အပိုင်းပိုင်း ကျိုးပဲ့သွားပေလိမ့်မည်။
ဆူဇီမိုသည် သူ၏ သွေးသောက်သူ သို့မဟုတ် ရစ်ခွေနဂါးချိတ်စည်းကို သုံးမှသာလျှင် အဲ့ဒါကို တန်ပြန်ရင်ဆိုင်နိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုလက်နက်နှစ်ခုကို ထုတ်သုံးလိုက်လျှင် သူ၏ သရုပ်သကန်က ပေါ်ပေါက်သွားပေလိမ့်မည်။
ရှီးဝူယာ၏ လက်ထဲမှာ ကျောက်စိမ်းပေတံက သက်တံရောင်ဖြင့် တလက်လက် တောက်ပနေ၏။
ဆူဇီမို၏ သန်မာအားကောင်းလှသည့် ခန္ဓာကိုယ်နှင့်ပင်လျှင် ကျောက်စိမ်းပေတံဖြင့် ရိုက်နှက်ခံရပါက အပြင်းအထန် ဒဏ်ရာ ရသွားပေလိမ့်မည်။
သူသည် သူ့လှုပ်ရှားမှုနည်းစနစ်၏ ပေါ့ပါးဖျတ်လတ်မှုနှင့် သူ့ကိုယ်ကာယ၏ မာကြောမှု၊ ပျော့ပျောင်းမှုတို့ကို အသုံးချကာ ထပ်ကာထပ်ကာ ရှောင်တိမ်းနေရ၏။
သူတို့နှစ်ယောက်၏ လှုပ်ရှားမှုအမြန်နှုန်းက အထွတ်အထိပ်သို့ ရောက်ရှိလာ၏။
အခုအချိန်ထိတော့ ဆူဇီမိုသည် ဒဏ်ရာ မရှိရှိသေးပေ။
သို့သော်လည်း သည်အတိုင်းသာ ဆက်သွားနေလျှင် သူ၏ ရှောင်ရှားစရာ လမ်းကြောင်းက ကျဉ်းမြောင်းလာပြီး သေချာပေါက် ရှုံးနိမ့်ရပေတော့မည်။
သူသည် ဆုံးဖြတ်ျချက်တစ်ခုကို ချမှ ရပေတော့မည်။
ထိုသို့အတွေးနှင့် ဆူဇီမို၏ မျက်လုံးများက သားရဲဆန်ဆန်အလင်းဖြင့် ရက်စက်ကြမ်းကြုတ်စွာ တောက်ပလာ၏။ သူသည် ဝင်ရောက်လာသော ကျောက်စိမ်းပေတံကို စူးစိုက်ကြည့်ပြီး လက်ကိုဆန့်ထုတ်ကာ ဖမ်းဆွဲဖို့ လုပ်လိုက်၏။
“မင်းကတော့ သေချင်နေတာပဲ”
ရှီးဝူယာက အေးစက်စွာ ငေါက်ငမ်းလိုက်၏။
ဆူဇီမိုသည် သူ့ပါးစပ်ကို ဟ၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
“တိုက်”
သူ့အသံက မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရှီးဝူယာနားထဲမှာ ဝုန်းကနဲ မြည်လာ၏။
ဤအကွာအဝေး၌ အခြားသူများသာ ထိုကဲ့သို့ ဆူဇီမို၏ ဟိန်းဟောက်ခြင်း ခံရလျှင် ဒွာရပေါင်းစုံမှ သွေးများစီးထွက်၍ သေရပေလိမ့်မည်။
အသန်မာဆုံး ပြိုင်စံရှားပင်လျှင် ခဏမျှတော့ မှင်တက်သွားပေလိမ့်မည်။
သို့သော်လည်း ရှီးဝူယာကတော့ မျက်မှောင်သာကြုတ်၍ သူ့သွေးချီကို နှိုးဆွကာ မသက်မသာဖြစ်မှုကို ဖိနှိမ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမို၏ လက်ဖဝါးက ကျောက်စိမ်းပေတံနှင့် ထိတွေ့သွား၏။
ရစ်ပတ်.. ဆွဲခါ..
ကျောက်စိမ်းပေတံပေါ်မှာ ထူးဆန်းသည့် တွန့်လိမ်တုန်ခါစွမ်းအားက သက်ရောက်လာ၏။
ရှီးဝူယာ၏ အမူအယာက ရုတ်ချည်း ပြောင်းလဲသွား၏။
သူ့လက်ဖဝါးမှတစ်ဆင့် တလိပ်လိပ်တက်လာသော ဆုတ်ဖြဲစွမ်းအားများကို ခံစားမိလိုက်ပြီး ကျောက်စိမ်းပေတံကို သူ၏ ဆုပ်ကိုင်ထားမှုက ပြေလျော့သွား၏။ သူ့လက်တံတစ်ခုလုံးက မခံမရပ်နိုင်သော နာကျင်မှုဖြင့် တဆတ်ဆတ် တုန်ယင်သွား၏။
ထိုစွမ်းအားကို တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ သူ၏ အင်္ကျီလက်စက အပိုင်းပိုင်း ပေါက်ကွဲစုတ်ပြဲထွက်သွား၏။
ဘန်း..
ကျောက်စိမ်းပေတံက သူ့လက်ထဲမှ စင်ထွက်သွားပြီး အနီးနားရှိ နံရံတစ်ခုကို သွားဝင်စိုက်လေသည်။
ဆူဇီမိုသည် သူ့လမ်းကြောင်းကို ရပ်တန့်လိုက်ခြင်းမရှိဘဲ လွှမ်းခြယ်ခြယ်လှယ်နိုင်စွမ်းအပြည့်ဖြင့် ရှေ့သို့ဆက်တက်လာ၏။ သူ့ညာလက်ကို လွှဲရမ်းရင်း လက်သီးပေါ်ရှိ သွေးကြောများက ဖောင်းကြွလာကာ အသားများက ပြန့်ကားသွားပြီး သွေးရနံ့နှင့် ဧရာမချိတ်စည်းကြီးတစ်ခုအသွင် အပေါ်ကနေ ကျဆင်းလာ၏။
ဖန်သားလိုခန္ဓာ.. အတွင်းအပြင်ကြည်လင်.. အညစ်အကြေးများကိုဖယ်ခွာ.. မဖျက်ဆီးနိုင်သောအသွင်..”
ဖန်သားနန်းတော်၏ မနောသုတ္တန်ကို ရှီးဝူယာ၏ စိတ်ထဲမှာ လျှင်မြန်စွာ ရွတ်ဖတ်လိုက်၏။
မြောက်များလှစွာသော စွမ်းအားများက ရုန်းကန်ထွက်ပေါ်လာ၏။
ရှီးဝူယာ၏ ခန္ဓာကိုယ်က လျှို့ဝှက်ဆန်းကြယ်စွာဖြင့် တလက်လက်ထ၍ ဖန်သားကဲ့သို့ ကြည်လင်တောက်ပလာ၏။
“တန်တစ်ထောင်လက်ညိုး”
ရှီးဝူယာက သူ့လက်ညိုးကို ဆန့်ထုတ်လိုက်၏။
သူ့လက်ချောင်းထိပ်မှ စိတ်ဝိညာဉ်စွမ်းအင်များက ပန်းထွက်လာပြီး ကြောက်စရာကောင်းသည့် စွမ်းအားများကို ပိုင်ဆိုင်သည့် ကျောက်စိမ်းတစ်ခုအဖြစ် စုဖွဲ့သွားပြီးနောက် ဝင်ရောက်လာသော ချိတ်စည်းကြီးကို ဆီးကြိုခံလိုက်၏။
ဝုန်း..
လက်ညိုးနှင့် ချိတ်စည်းကြီးက ထိတွေ့သွားပြီး ကျယ်လောင်သည့်အသံကြီးက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် ခပ်သဲ့သဲ့ ညည်းလိုက်၏။
အလွန်တရာ ထက်ရှသော စွမ်းအားက တလိပ်လိပ်စီးဝင်လာပြီး သူ့လက်ဖဝါးက ပေါက်ထွက်တော့မည့်မတတ်ပင်။
ရှီးဝူယာသည်လည်း အခြေအနေ မကောင်းလှပေ။
ဆူဇီမို၏ လက်သီးကနေ ဖန်တီးလိုက်သော ဧရာမချိတ်စည်းကြီးက သူ့လက်ညိုးကို ကျိုးထွက်လုနီးပါး ဖြစ်သွားစေ၏။
သူတို့နှစ်ယောက်စလုံးသည် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသော်လည်း တစ်ယောက်ကမှ နောက်ဆုတ်မသွားကြပေ။
ဘုန်း.. ဘုန်း..
ထိုးချက်နှစ်ချက်က တစ်ယောက်ရင်အုပ်ပေါ်တစ်ယောက် တစ်ပြိုင်နက်တည်း အပြန်အလှန် ကျဆင်းသွားကြ၏။
ဆူဇီမို၏ ဘေးပတ်လည်မှ စိတ်ဝိညာဉ်အင်းကွက်ခြောက်ခုက တောက်ပလာ၏။
ဆန်းကြယ်ရွှေပိုးချပ်ဝတ်၏ စွမ်းအားက လုံးလုံးလျားလျား ထွက်ပေါ်လာလေပြီ။
ထိုသို့ဆိုလျှင်တောင် ကြောက်စရာကောင်းသည့် စွမ်းအားများက သူ့ကိုယ်တွင်းသို့ ဆန်းကြယ်ရွှေပိုးချပ်ဝတ်မှတစ်ဆင့် အရူးအမူး စီးဝင်လာပြီး သူ၏ အင်္ဂါများကို လှုပ်ခါသွားစေ၏။
ဆန်းကြယ်ရွှေပိုးချပ်ဝတ်က မူလစိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်သော်လည်း ပြိုင်ဘက်ကင်းနေတာတော့ မဟုတ်ပေ။
“ဖွီး”
ဆူဇီမိုသည် သွေးများကို ထွေးထုတ်ပြီး နောက်သို့ ဒယီးဒယိုင် ဆုတ်လိုက်ရ၏။
တစ်ဖက်မှာတော့ ရှီးဝူယာသည် မလှုပ်မယှက် ရှိနေပြီး သူ့အမူအယာက အလွန်တရာ ပျက်ယွင်းနေ၏။
သူသည် ထိပ်တန်းအဆင့်ကိုယ်ကျပ်ချပ်ဝတ်ကို ဝတ်ဆင်ပြီး ဖန်သားသုတ္တန်ကို ထုတ်ဖော်ထားတာတောင် ဆူဇီမို၏ ထိုးချက်ကို လုံးဝတော့ မခုခံနိုင်ခဲ့ပေ။
ရှီးဝူယာ၏ နှုတ်ခမ်းထောင့်မှ သွေးစအနည်းငယ်က စီးကျလာ၏။
သူတို့နှစ်ယောက်စလုံးက ဒဏ်ရာရရှိသွားလေပြီ။
လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
ဆူဇီမို ဒဏ်ရာ ရနိုင်တာကို လူတိုင်း မျှော်လင့်ထားပြီးဖြစ်၏။
သို့သော်လည်း ရှီးဝူယာပါ ဒဏ်ရာ ရသွားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
“တစ်ကယ်တော့ နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက တစ်ကယ့်သနားစရာ.. သူက ကံဆိုးတာပဲ”
ခပ်လှမ်းလှမ်းမှနေ၍ မူတန်ချင်းက မှတ်ချက်ပြုလိုက်၏။
“ဘာလို့လဲ” ပိုင်ယုဟန်က နားမလည်ပေ။
မူတန်ချင်းက ပြန်ဖြေပေးလိုက်၏။
“သူ့ရဲ့ အလားအလာနဲ့ဆို.. သူသာ နောက်ပိုင်းရွှေအမြုတေအဆင့်လောက်ထိ ကျင့်ကြံထားပြီး သူ့ရဲ့ အထွတ်အထိပ်အခြေအနေနဲ့ ရှီးဝူယာကို တိုက်ခိုက်ရမယ်ဆိုရင် တိုက်ပွဲရလဒ်က မှန်းရခက်သွားလိမ့်မယ်”
“အခုတော့ နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက သူ့ရဲ့ ဝှက်ဖဲတွေကိုလဲ ထုတ်သုံးပြီးသွားပြီ.. သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ သက်လုံကလဲ မရှိတော့ဘူး.. ရှီးဝူယာက သူ့ရဲ့ ရွှေအမြုတေနယ်မြေကို ထုတ်သုံးတာနဲ့ သူကတော့ သွားရှာပြီပဲ”
တိုက်ပွဲကွင်းပြင်တွင်..
ရှီးဝူယာ၏ အမူအယာက သုန်မှုန်နေပြီး သူ့မျက်လုံးများက အေးစက်စက် သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာ၏။
“ငါ့ကို ဘယ်သူ့မှ ဒဏ်ရာ ရအောင် မတိုက်ခိုက်နိုင်ခဲ့တာ အတော်ကြာခဲ့ပြီပဲ.. ကောင်းတယ်ကွာ.. သိပ်ကောင်းတယ်”
သူသည် ဆူဇီမိုဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာရင်း သူ့အော်ရာက ကြောက်စရာကောင်းစွာနှင့် ထိုးတက်လာ၏။
“ငါ့ရဲ့ ရွှေအမြုတေနယ်မြေကို မင်းကို မြည်းစမ်းကြည့်စေရတာပေါ့.. ဖန်သားနတ်ဘုရားအလင်း”
ရှီးဝူယာက ထိုသို့ပြောလိုက်ချိန်တွင် ဝင်းဝင်းလက်လက်နှင့် အရောင်အသွေး စုံလင်လှသော ရောင်ခြည်ရောင်ဝါများက တဖျတ်ဖျတ်တလက်လက်နှင့် သူ့ကို လွှမ်းခြုံတောက်ပလာ၏။
ဖန်သားနတ်ဘုရားအလင်း.. ပြီးခဲ့သည့် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၃..
“ဖန်သားနတ်ဘုရားအလင်းရဲ့အောက်မှာ သေရမှာဆိုတော့ မင်းကိုမင်း ဂုဏ်ယူသင့်တယ်”
“ဟီးဟီး”
ဆူဇီမိုက ရယ်လိုက်၏။
ဆူဇီမိုတစ်ယောက် ရူးသွားပြီလား အထင်နှင့် လူတိုင်း မှင်တက်သွားကြ၏။
သူ့နေရာမှာ သူတို့သာဆိုလျှင် မည်သူမှ ဤကဲ့သို့ ရယ်နိုင်လိမ့်မည် မထင်ပေ။
“လူသားဧကရာဇ်နန်းတော်အောက်မှာတုန်းက အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းက ပြိုင်စံရှားတွေကို ငါဘယ်လိုပုံစံနဲ့ ဖိနှိမ်နိုင်ခဲ့တယ်လို့ မင်းထင်လို့လဲ”
ဆူဇီမိုက အေးအေးဆေးဆေး စကားပြောရင်း.. ရဲရဲနီနေသော သူ၏ အတွင်းအမြုတေကို ဖြည်းဖြည်းချင်း လှည့်ပတ်လိုက်၏။ သူ့မျက်လုံးများက ဝင်းလက်တောက်ပ၍ သူ့ဆံပင်များက လေမတိုက်ဘဲ ယိမ်းထိုးလာပြီး ကြောက်စရာကောင်းသည့် အော်ရာတစ်ခုက သူ့ကို လွှမ်းခြုံလာ၏။
“အမ်”
များစွာသော ကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။
“သားရဲချီ”
“မကောင်းတော့ဘူး.. သူက သားရဲဟ”
“ကောလာဟလတွေက တစ်ကယ် မှန်နေတာပဲ”
နတ်ဖီးနစ်ကျွန်း၏ ပြန်ဝင်စားမွန်းစတားနှင့် ပတ်သတ်၍ ကောလာဟလများစွာ ပေါ်ထွက်လာခဲ့၏။ ထိုအချက်အလက်များက အလွန်ရယ်စရာကောင်းသည့်အတွက် များစွာသော ကျင့်ကြံသူများသည် ကိုယ်တိုင်မကြုံတွေ့ရလျှင် အဲ့ဒါကို ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ပေ။
သူ့ကို ဘာကြောင့် ပြန်ဝင်စွားမွန်းစတားဟု ခေါ်သလဲဆိုတာ အခုမှပဲ လူတိုင်း နားလည်သဘောပေါက်လာကြ၏။
ဖျောက်..
ဖန်း.. ဖန်း.. ဖန်း..
ဆူဇီမို၏ အရွတ်များနှင့် အရိုးများမှ အသံဗလံများက ထွက်ပေါ်လာပြီး သူ့အသားများက ပြန့်ကားလာ၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် သူသည် သားရဲချီများကို ထုတ်လွှတ်၍ သူ့ခန္ဓာကိုယ်ကို ပြန့်ကားလာစေလိုက်၏။
နောက်တစ်ခဏ၌ သူသည် ပေတစ်ရာအမြင့်ထိ ကြီးထွားလာပြီး လွန်စွာ ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာနတ်ဆိုးကြီးတစ်ကောင်လို ဖြစ်လာလေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်သွေးကြောများက ဖောင်းကြွလာပြီး မြွေများကဲ့သို့ ပြန့်ကားလာ၏။ သူ၏ ကြွက်သားတစ်ခုချင်းစီက ထုံးဖွဲ့သွားပြီး သံမဏိကို ဆီသုတ်ထားသကဲ့သို့ တလက်လက် တောက်နေ၏။
ရှေးကျ၍ ကြောက်စရာကောင်းသည့် သားရဲများက တစ်ကောင်ပြီးတစ်ကောင် ပေါ်လာပြီး သူ့ကို ဝိုင်းပတ်လိုက်ကြ၏။
ဒေါသူပုန်ထနေသောကျွဲရိုင်း၊ ကျောက်တုံးဝက်ဝံ၊ အနာကွန်ဒါ၊ မျှော်လင့်ချက်မျောက်ဝံ့...
ထိုသားရဲများအားလုံးက သွေးနီရောင်မျက်လုံးများနှင့် သတ်လိုဖြတ်လိုအော်ရာများကို ပိုင်ဆိုင်ထားကြ၏။
“ဂါး”
ထိုသားရဲများအားလုံးသည် အတူတကွ ဟိန်းဟောက်၍ ပတ်ဝန်းကျင်တစ်ခွင်ကို တုန်ခါသွားစေ၏။
ကျင့်ကြံသူများအားလုံးသည် တုန်လှုပ်ချောက်ချား၍ ငြိမ်သက်ကုန်ကြ၏။
ရှေးကျသော သားရဲဘုရင် ခုနှစ်ပါး၏ အလယ်မှာ ဆူဇီမိုက တောက်ပသော အကြည့်နှင့်အတူ နတ်ဘုရားတစ်ပါးလို ရပ်နေ၏။ သူ့အော်ရာက လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းအပြည့်ရှိပြီး ရှီးဝူယာ၏ အမြုတေနယ်မြေကို ရင်ဆိုင်ရာမှာ နိမ့်ကျခြင်း အလျှင်း မရှိပေ။