ရုန်းကန်ပေါက်ကွဲအား
Vol. 38 Ch. 564
လွန်ခဲ့သည့်ရှစ်နှစ်က တျဲယွဲ့သည် လိပ်ပြာတစ်ကောင်အဖြစ် ပျံသန်း၍ ထွက်ခွာသွားခဲ့၏။
သို့သော်လည်း ဆူဇီမိုသည် ဤနှစ်များအတွင်း အထီးကျန်သည်ဟု မခံစားခဲ့ရပေ။
တျဲယွဲ့က အခြားကမ္ဘာတစ်ခုခုကနေ စောင့်ကြည့်ကောင်း စောင့်ကြည့်နေနိုင်လေသည်။
ဒါ့အပြင် သူ့အနာဂတ်က ထျန်ဟွမ်ကုန်းမြေတိုက်မှာပဲ အဆုံးမသတ်ဘူးဆိုတာ ဆူဇီမို လက်ခံယုံကြည်ထား၏။
နောက်ဆုံးတစ်နေ့မှာ သူသည် ဤကမ္ဘာမြေ၏ လေထုကို ဖောက်ထွက်၍ ပြင်ပကမ္ဘာတစ်ခုသို့ တက်လှမ်းကာ တျဲယွဲ့နောက်သို့ လိုက်နိုင်လိမ့်မည် သူယုံကြည်ထား၏။
သူသည် သူမနောက်သို့လိုက်ပြီး သူမနှင့် ပြန်တွေ့ချင်လေသည်။
သူသည် သူမရှေ့သို့ အရောက်သွားပြီး ‘ကျုပ်ရောက်လာပြီ’ဟူသော စကားကို ဂုဏ်ယူစွာနှင့် ပြောချင်လေသည်။
သူ့ရှေ့က လမ်းသည် ဘယ်လိုအခက်အခဲတွေနဲ့ ပြည့်နှက်နေပါစေ ကိစ္စမရှိပေ။ သူ့ရှေ့မှာ အဆုံးမဲ့ငရဲတစ်ခု ရှိနေလည်း ကိစ္စမရှိပေ။ သူ့ရှေ့မှာ အင်အားကြီးမားသည့် ရန်သူများ မရေမတွက်နိုင်အောင် ရှိနေပါစေ ကိစ္စမရှိပေ။ ဘယ်အရာကမှ ဆူဇီမို၏ ပြတ်သားမှုကို မယိမ်းယိုင်စေနိုင်ပေ။
တျယွဲ့၏ အတွေး၌.. ဆူဇီမိုက သတ္တိဗျတ္တိနှင့် ပြည့်စုံလေသည်။
သူသည် သူမ၏ အကြောင်း တွေးမိသောအခါ သူမ၏ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းအပြည့်နှင့် စီးပိုးဝင့်ကြွားသော ပုံစံကို ပြန်လည် အမှတ်ရလာ၏။
မဟာအရိုင်းကမ္ဘာက သားရဲဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်က ဘယ်လိုလုပ် ရှုံးရမှာလဲ..
တျဲယွဲ့က ဘယ်လိုလုပ်ပြီး ရှုံးနိုင်ရမှာလဲ..
ငါကရော ဘာလို့ ရှုံးရမှာလဲ..
ငါ.. လက်မခံ.. နိုင်ဘူးကွ..
“အား...”
ဆူဇီမိုသည် ခေါင်းကိုမော့၍ အော်ဟစ်လိုက်၏။ သူ၏ အတွင်းအမြုတေကို လှည့်ပတ်လိုက်သောအခါ သူ့သွေးချီက မြင့်တက်လာပြီး သူ့အရွတ်များနှင့် အရိုးများမှ အသံများ ထွက်လာ၏။ သူ့သွေးခြင်ဆီက တွန်းထွက်လာပြီး သူ့အင်္ဂါများက တုန်ခါလာ၏။
ခန္ဓာမီးဆေး၊ အရွတ်အသွင်ပြောင်း၊ အရိုးကြံ့ခိုင်၊ ခြင်ဆီသန့်စင်၊ အင်္ဂါသန့်စင်၊ ဒွာရရှင်းလင်း၊ အမြုတေဖွဲ့တည်....
သုတ္တန်ခုနှစ်ခုက သူ့စိတ်အာရုံထဲမှာ အစီအရီ ပေါ်လာ၏။
ပေတစ်ရာကျော်မြင့်သော သူ့ခန္ဓာကိုယ်မ ထူးဆန်းသည့် အသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
တစ်ယောက်ယောက်က သုတ္တန်များကို အဆက်မပြတ် ရွတ်ဖတ်နေသည့်အလားပင်။
ထိုအသံများက ထောက်ပံ့မှုဖြင့် ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲကြောင်းများသည် မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ပြန်လည်ကောင်းမွန်လာ၏။
အသံစွမ်းအင်များ၏ တဖြည်းဖြည်း စုစည်းလာခြင်းက တစ်စုံတစ်ရာကို နှိုးဆွပေးလိုက်သလို တုန်လှုပ်ချောက်ချားစရာစွမ်းအင်တစ်မျိုးက ထွက်ပေါ်လာ၏။
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး ဝင်ရောက်လာသော ဆေဘာကို ဆီးကြိုလိုက်၏။ သူ့ခန္ဓာကိုယ်ထဲရှိ သားရဲချီများက တလိပ်လိပ် တက်လာပြီးနောက် ရှောင်လည်းမရှောင်း နောက်လည်း မဆုတ်တော့ဘဲ ရှေ့သို့ ခုန်တက်လိုက်၏။
“မင်းကတော့ သေချင်နေတာပဲ”
ရှီးဝူယာ၏ အကြည့်က ရက်စက်မှုဖြင့် ပြည့်လာပြီး ဖန်သားဆေဘာကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရှေသို့ ခုတ်ပိုင်းချလိုက်၏။
ဘုန်း..
ဆူဇီမိုက တန်ပြန်ထိုးနှက်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ့နောက်ရှိ တဝုန်းဝုန်း ထကြွလာသော သားရဲချီများကြားမှ ကြီးမားသည့် သားရဲတောကောင်တစ်ကောင်ကို ခပ်ရေးရေး မြင်လာရ၏။
အဲ့ဒါက ဝေဝေဝါးဝါးသာ ဖြစ်ပြီး သွေးနီရောင်လိပ်ပြာတစ်ကောင်နှင့် တူလေသည်။
လိပ်ပြာတောင်ပံပေါ်တွင် ကွဲပြားခြားနားသည့် မျက်လုံးတစ်စုံနှင့် ခပ်ဆင်ဆင်တူသော လပြည့်ဝန်းနှစ်ခုက တောက်ပစွာ တည်ရှိနေ၏။
ဆူဇီမိုသည် ရှေသို့ ပစ်ထိုးချလိုက်၏။
သွေးနီရောင်လိပ်ပြာက လုံးဝ မလှုပ်ရှားသော်လည်း သူ့တောင်ပံပေါ်ရှိ လပြည့်ဝန်းမျက်လုံးများမှ ပြိုးပြိုးပြက်ပြက် အလင်းရောင်က ဖြာထွက်လာ၏။
မနှိုင်းယှဉ်သာအောင် သန်မာသော စွမ်းအားများက ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီးနောက် ချက်ချင်းပင် သူ့လက်သီးဆီသို့ တွန်းကန်ပို့လွှတ်လိုက်၏။
ဝုန်း..
ဆေဘာနှင့် ဆူဇီမို၏ လက်သီးက ထိတွေ့သွားပြီး ကျယ်လောင်သည့်မြည်သံကြီးက ထွက်ပေါ်လာ၏။
ရှီးဝူယာ၏ အမူအယာက ပြောင်းလဲသွားပြီးနောက်.. သူ့မျက်လုံး အနက်ပိုင်းထဲမှာ စိုးထိတ်ကြောက်လန့်မှုကို မြင်လာရလေသည်။
လူတိုင်း၏ ရှေ့မှောက်မှာပင် ဖန်သားဆေဘာက ရုတ်တရက် ပေါက်ကွဲထွက်သွား၏။
သက်တံအလင်းကလည်း ကျဲပါးသွားလေသည်။
ရှီးဝူယာ၏ ရွှေအမြုတေနယ်မြေကလည်း လုံးဝ ကြေမွသွား၏။
“ဖွီး”
ရှီးဝူယာသည် မိုးကြိုးပစ်ချခံလိုက်ရသလို တသိမ့်သိမ့် တုန်ယင်လာပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။
မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများလုံး အံ့ဩထိတ်လန့်သွားကြ၏။
နတ်ဖီးနစ်ကျွန်း၏ ပြန်ဝင်စားမွန်းစတားသည် ဆိုးဆိုးရွားရွား အခြေအနေသို့ ကျရောက်ပြီး အချိန်မရွေး သေသွားနိုင်တာကို လူတိုင်း မြင်တွေ့ခဲ့ရ၏။ အခုတော့ ဘာကြောင့်ရယ်မသိ.. သူသည် ရုတ်တရက် မှုန်ယို၍ ပေါက်ကွဲစွမ်းအားများကို ထုတ်လာပြီး ရှီးဝူယာ၏ ရွှေအမြုတေနယ်မြေကို ချက်ချင်း ဖျက်ဆီးပစ်လိုက်၏။
မျက်တစ်မှိတ်မှာပင် တိုက်ပွဲအခြေအနေက ပြောင်းပြန်လှန်သွား၏။
ဆူဇီမို၏ နောက်ရှိ ခပ်ဖျော့ဖျော့ သွေးနီရောင်လိပ်ပြာက အခုဆို ပျောက်ကွယ်သွားလေပြီ။
သို့သော်လည်း ရွှေအမြုတေနယ်မြေ၏ ကာကွယ်မှု မရှိဘဲနှင့် ရှီးဝူယာသည် သားရဲသွင်ပြင်ပြောင်းထားသော ဆူဇီမိုကို သေချာပေါက် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ဝုန်း..
ဆူဇီမိုသည် ရှေ့သို့တက်လာပြီး သူ၏ ကြီးမားသည့် လက်ဖဝါးကြီးကို ဆန့်ထုတ်ကာ အပေါ်ကနေ စီးမိုး၍ ရိုက်ချလိုက်၏။
ရှီးဝူယာသည် ရှောင်ဖို့ အချိန်မရတော့ဘဲ သူ၏ လက်ကို မြှောက်၍သာ ခုခံလိုက်ရ၏။
ဘုန်း..
သူတို့နှစ်ယောက် ထိတွေ့ခြင်းမှ ခပ်ထိုင်းထိုင်း မြည်သံက ထွက်ပေါ်လာ၏။
ရှီးဝူယာသည် သူ၏ လက်တံတစ်လျှောက် ဖြတ်သန်းလာသော စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရပြီး သွေးအေးများနှင့် စိုရွှဲသွား၏။
ဆူဇီမိုသည် သူ့ကို အသက်ရှူခွင့်တောင် လုံးဝ မပေးပေ။
သူတို့နှစ်ယောက်စလုံးသည် ရှားရှားပါးပါး အနီးကပ်တိုက်ခိုက်ခြင်းမှာ တစ်ဖက်ကမ်းခတ်နိုင်ကြသူများဖြစ်ပြီး အခွင့်သာသည်နှင့် တစ်ဖက်လူကို အခွင့်အရေး လုံးဝပေးမည် မဟုတ်ပေ။
သူသည် နောက်ထပ် ထိုးနှက်ချက်တစ်ချက်ကို ပစ်သွင်းလိုက်၏။
ဧရာမချိတ်စည်းကြီးက ကောင်းကင်ထက်ကနေ ပြိုကျလာသလိုပင်။
ဘုန်း..
ရှီးဝူယာသည် မည်သို့မှ မတတ်နိုင်ဘဲ သူ့လက်နှစ်ကိုသာ မြှောက်၍ ခုခံရပြန်၏။
သူသည် တသိမ့်သိမ့်တုန်ယင်သွားပြီး နောက်သို့ ထပ်ဆုတ်လိုက်ရ၏။
“ဖူး”
သူသည် အညိုရောင်သန်းလာပြီဖြစ်သော သွေးများကို ထပ်မံထွေးထုတ်လိုက်ရ၏။
သူ၏ အင်္ဂါများက တုန်ခါသွား၏။
ယခုအခါ ရှီးဝူယာသည် သူ့လက်နှစ်ဖက်မှ နာကျင်မှုကို မခံစားရတော့ဘဲ ထုံကျင်နေပြီ ဖြစ်လေသည်။
ဆူဇီမို၏ အချိန်ကိုက် လှုပ်ရှားမှုက လွန်စွာ တိကျသည့်အတွက် ရှီးဝူယာသည် လက်နက် သို့မဟုတ် အဆောင် သို့မဟုတ် ဆေးလုံးများကိုပင် ထုတ်ယူဖို့အချိန် လုံးဝ မရှိပေ။
သည်အတိုင်းသာ ဆက်သွားလျှင် နောက်ထပ်အချီ အနည်းငယ်အတွင်း ရှီးဝူယာ၏ လက်နှစ်ဖက်က သွင်သွင် ကျိုးရပေတော့မည်။
သူတို့နှစ်ယောက်စလုံးက အလွန်တရာ နီးကပ်နေကြ၏။
ဆူဇီမို၏ အသက်ရှူခြင်းမှ သွေးရနံ့ ပါနေသည်ကို ရှီးဝူယာ ကောင်းကောင်း ခံစားမိနေ၏။
ဆိုလိုသည်မှာ ဆူဇီမိုသည်လည်း ဤတိုက်ပွဲကြောင့် အတွင်းဒဏ်ရာ ကောင်းကောင်း ရထားလေသည်။
အခုဆို သူတို့နှစ်ယောက်စလုံး၏ သူတို့၏ အကန့်အသတ်သို့ ရောက်ရှိနေကြပြီဖြစ်၏။
သူသာ ဆက်လက်တောင့်ခံထားနိုင်လျှင် အဆုံးသတ်မှာ နိုင်နိုင်ခြေ ရှိသေး၏။
သို့သော်လည်း ဆူဇီမို၏ အော်ရာက အလွန်ကို စီးပိုးခြယ်လှယ်လွန်းပြီး ထက်ရှနေ၏။
ထိချက်အချို့ကို အံကြိတ်၍ တောင့်ခံပြီးနောက် ရှီးဝူယာသည် ဆူဇီမိုနှင့် ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ပေ။
သူသည် မသေချင်သေးပေ။
သူ့အသက်က အခုမှ နှစ် ၁၀၀ တောင် မပြည့်သေးပေ။
သူသည် မြောက်ပိုင်းဒေသ၏ နံပါတ်တစ် တာအိုသက်ရှိဖြစ်၏။ လူငယ်လူရွယ်တစ်ယောက်အနေနှင့် သူ့မှာ အကန့်အသတ်မရှိသော အလားအလာနှင့် အနာဂတ် ရှိလေသည်။
ရှီးဝူယာသည် အလိုရှိလျှင် နိုးထဝိညာဉ်သို့ အချိန်မရွေး တက်လှမ်းနိုင်၏။
သို့သော်လည်း ယခုကဲ့သို့ အပြင်းအထန် တိုက်ခိုက်နေရသော တိုက်ပွဲအတွင်းမှာတော့ အဆင့်တက်ဖို့ မဖြစ်နိုင်ပေ။
တိုက်ပွဲထဲမှာ အဆင့်တက်ခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနှင့် ဘာမှ မခြားပေ။
ရုတ်တရက် ရှီးဝူယာက ဟိန်းဟောက်လိုက်၏။
“မင်းတို့ကောင်တွေ ဘာကို စောင့်နေကြတာလဲ.. သူ့ရဲ့ သားရဲချီက ကုန်ခမ်းတော့မှာ သူက သူ့ခွန်အားကို နောက်ဆုံးအကန့်အသတ်ထိ ညှစ်ထုတ်နေရတာ.. လူတိုင်း တစ်ယောက်တစ်ချက် ဝင်တိုက်ခိုက်ရင်တောင် သူ့ကို သတ်ပစ်လို့ ရတယ်”
ထိုစကားတစ်ခွန်းနှင့် ရှီးဝူယာက သူ့ကိုယ်သူ ရှုံးပါပြီဟု ဝန်ခံပြီးသား ဖြစ်သွား၏။
နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သော သူ၏ ဂုဏ်သိက္ခာ မာန်မာနတို့က ချက်ချင်း ပျက်စီးသွားလေပြီ။
သို့သော်လည်း သူ့အသက်နှင့် ယှဉ်ပါက ရှီးဝူယာသည် ဘာကိုမှ ဂရုစိုက်မနေနိုင်တော့ပေ။
သူအသက်ရှင်နေသမျှ ဟင်္သပဒါးသစ်သီးနှင့် ဆူဇီမို ပိုင်ဆိုင်သမျှ အရာအားလုံးကို သူ ရရှိနိုင်သေး၏။
ထိုအခါ သူ့ခွန်အားက နောက်ထပ် အဆင့်တစ်ခုသို့ သေချာပေါက် မြင့်တက်လာပေလိမ့်မည်။
မည်သူကမှ မလှုပ်ရှားကြပေ။
ရှီးဝူယာနှင့်အတူ လိုက်ပါလာသော မျက်နှာဖုံးနှင့်လူတောင်မှ မလှုပ်မယှက် ရှိနေပြီး ဖြစ်ပျက်သမျှကို အေးစက်စွာနှင့် စောင့်ကြည့်နေ၏။
သူ့မှာလည်း သူ့ကိုယ်ပိုင် အတ္တ ရှိလေသည်။
အစတုန်းကတော့ သူသည် ရှီးဝူယာကို ကျော်လွန်၍ သူ့အတွက် နာမည်တစ်ခု တည်ဆောက်ဖို့ အခွင့်အရေး လုံးဝ မရှိခဲ့ပေ။
ဂိုဏ်းက ထောက်ပံ့ပေးသော အရင်းအမြစ်များကို ရှီးဝူယာသည် အမြဲတမ်း သူ့ထက် သာလွန်၍ ရရှိလေသည်။
သို့သော် အခုချိန်မှာ နတ်ဖီးနစ်ကျွန်းမှ ပြန်ဝင်စားမွန်းစတား၏ လက်ချက်ဖြင့် ရှီးဝူယာသာ သေဆုံးသွားလျှင် ဂိုဏ်းရှိ လူငယ်မျိုးဆက်ထဲမှာ သူက ပါရမီအရှိဆုံးသူ ဖြစ်လာပြီး ထောက်ပံ့သော ရတနာများအားလုံးကို ရရှိလာနိုင်လေသည်။
အဲ့ဒီမှာ လူတိုင်းသည် လှုပ်ရှားမှု မပြုလုပ်ကြသော အကြောင်းပြချက်နှစ်ချက် ရှိ၏။
တစ်ဖက်မှာတော့ မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများသည် ဆူဇီမိုကို ရှုံးနိမ့်ထားပြီးနောက် ရင်ထဲမှာ အကြောက်မပြေကြသေးပေ။
တစ်ဖက်မှာတော့ သူတို့သည် ဘေးကနေ အခြေအနေကို စောင့်ကြည့်သင့်သေးလေသည်။
ကျားနှစ်ကောင်ကြားက သတ်ဖြတ်ပွဲမှာ တစ်ကောင်ကသေလျှင် တစ်ကောင်က ဒဏ်ရာ ရရှိဦးမည် ဖြစ်၏။
လူတိုင်းအတွက် ဉာဏ်အရှိဆုံး ဆုံးဖြတ်ချက်မှာ ခပ်လှမ်းလှမ်းကနေ တိုက်ပွဲအခြေအနေကို စောင့်ကြည့်ခြင်းမျှသာ ဖြစ်လေသည်။
အခုချိန်က ဝင်ရောက်တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန် မဟုတ်သေးပေ။
ထာဘာဖန်၊ မုရုံဝူရွှမ်းနှင့် အခြားသူများသည် မှင်သေသေဖြင့် စိတ်ထဲမှာတော့ ကြိတ်ပြီး ရွှင်ပျနေကြ၏။
ဟင်္သပဒါးသစ်သီးအတွက် တိုက်ပွဲက ဗြောင်းဆန်ခဲ့ပြီးနောက် အခုတစ်ဖန် အခြေအနေက အပြောင်းအလဲ ဖြစ်လာပြန်လေပြီ။
အစတုန်းကတော့ သူတို့သည့် ဟင်္သပဒါးသစ်သီးကို အရယူနိုင်ဖို့ အခွင့်အရေး လုံးဝ မရှိခဲ့ဘဲ အသက်ရှင်နိုင်ခဲ့တာပင် အလွန်တရာ ကံကောင်းလှပြီဟု ပြောလို့ရလေသည်။
သို့သော် အခုအခါ အလှည့်အပြောင်းက ပေါ်လာလေပြီ။
သူတို့ထဲမှ မည်သူမဆို အနိုင်ရရှိသူ ဖြစ်လာနိုင်လေသည်။