ရှီးဝူယာ၏ ကျရှုံးမှု
Vol. 38 Ch. 565
မဏ္ဍပ်ထဲတွင် ဖန်သားနန်းတော်မှ အဖိုးအိုက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အမူအယာ ကင်းမဲ့စွာနှင့် မဟာချွမ်အပျက်အစီးဘက်သို့ ငေးကြည့်နေ၏။
သူ့ပုံစံက ပိန်ပိန်လှီလှီ၊ လေတိုက်တာနှင့် လဲတော့မည်ကဲ့သို့ ဖြစ်နေသော်လည်း အထဲရောအပြင်ပါ မည်သည့်နိုးထဝိညာဉ်မှ မလှုပ်ရှားရဲကြပေ။
ရှီးဝူယာ ရောက်ရှိလာခြင်းနှင့်အတူ ဟင်္သပဒါးသစ်သီးအတွက် တိုက်ပွဲက အဓိပ္ပါယ် ရှိမနေတော့ပေ။
လူတိုင်း၏ အမြင်၌ မြောက်ပိုင်းဒေသရှိ ပြိုင်စံရှားများ၏ အသက်ကို ကံကြမ္မာကို ဆုံးဖြတ်ပြီးသွားလေပြီ။
ကျင့်ကြံသူများက ပါးရည်နပ်ရည်ရှိပြီး ဟင်္သပဒါးသစ်သီးကို လက်လျှော့လိုက်မည်ဆိုလျှင် ကံကောင်းသည်ဟု ပြောရပေမည်။
ရှီးဝူယာကို သွားရောက်စိန်ခေါ်မိသူများကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသလိုသာ ဖြစ်ပေတော့မည်။
သွမ့်မူကလန်၏ နိုးထဝိညာဉ်သည် သုန်မှုန်နေ၏။
သွမ့်မူခန်းသည် သွမ့်မူကလန်မှာ နှစ်ငါးရာအတွင်း အကြီးမားဆုံးအလားအလာနှင့် ရွှေအမြုတေတစ်ယောက်ဖြစ်ပြီး အတူချင်းမှာ ကျင့်ကြံသူအားလုံးလိုလိုကို ဖိနှိမ်စီးပိုးနိုင်လေသည်။
အခုတော့ သူက ရှီးဝူယာ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။
ရှီးဝူယာ ရောက်ရှိလာပြီးနောက် ဟင်္သပဒါးသစ်သီးအတွက် တိုက်ပွဲတစ်ခုလုံးက ရုတ်တရက် လုံးဝ အဓိပ္ပါယ်ကင်းမဲ့သွားလေသည်။
တိုက်ပွဲ၏ ရလဒ်ကို လူတိုင်းက သိရှိထားပြီး ဖြစ်သောကြောင့် ဖြစ်လေသည်။
မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများက ဤလောက်ထိ ရုပ်ပျက်ဆင်းပျက် သေဆုံးကုန်ကြတာ အံ့ဩစရာတော့ မဟုတ်တော့ပေ။
အားလုံးက ရှီးဝူယာကြောင့်ပင်။
များစွာသော နိုးထဝိညာဉ်များသည် တိတ်တဆိတ် ငြိမ်သက်၍ နောက်ဆုံးရလဒ်ကိုသာ စောင့်ဆိုင်းနေကြ၏။
ရုတ်တရက်..
လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသော ဖန်သားနန်းတော်မှ အဖိုးအိုက မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူ၏ တွန့်တွနေသော လက်ဖြင့် သိုလှောင်အိတ်ကို ပုတ်ပြီး ကံကြမ္မာအဆောင်တစ်ခုကို ထုတ်ယူကာ စိုက်ကြည့်လိုက်၏။
ပြင်းထန်သော ရိုက်ချက်ကို တွေ့ကြုံခံစားလိုက်ရသည့်အလား ကံကြမ္မာအဆောင်၏ ရောင်ဝါက တဖျပ်ဖျပ် ဖြစ်လာ၏။
ဖန်သားနန်းတော်မှ အဖိုးအိုသည် သူ့အကြည့်ကို မှေးကျဉ်း၍ သူ၏ ရီဝေဝေ မျက်လုံးထဲမှာ အေးစက်စက်အလင်းက ပေါ်လာလေသည်။
“သခင်လေးက ပြဿနာတချို့ ကြုံတွေ့နေရပြီပဲ.. မြောက်ပိုင်းဒေသမှာ သခင်လေးကို စိန်ခေါ်နိုင်တဲ့သူက ဘယ်သူ ရှိလို့လဲ”
ထိုသို့ သူတွေးတောနေစဉ်မှာပင် သူ့လက်ထဲရှိ ကံကြမ္မာအဆောင်က တဖျပ်ဖျပ်နှင့် ဆက်တိုက် ဖြစ်လာ၏။
ခဏမျှ ရပ်တန့်သွားပြီးနောက် ကံကြမ္မာအဆောင်ပေါ်ရှိ ရောင်ဝါက တဖြည်းဖြည်း မှိန်ကျလာလေသည်။
“အမ်”
ဖန်သားနန်းတော်မှ အဖိုးအိုသည် မှင်တက်သွား၏။
ဒါက သာမန်ပြဿနာ လုံးဝ မဟုတ်တော့ပေ။
ရှီးဝူယာက အံ့မခန်း အန္တရာယ်နှင့် ကြုံတွေ့နေရပုံရပြီး အချိန်မရွေး ကျရှုံးတော့မည်ကဲ့သို့ပင်။
ကံကြမ္မာအဆောင်မှ ထူးခြားသည့် တုံ့ပြန်မှုက အခြားနိုးထဝိညာဉ်များ၏ အကြည့်များကို ဆွဲဆောင်မိသွား၏။
လူအုပ်ကြီးထဲမှ အသံဗလံများက စတင်ထွက်ပေါ်လာလေသည်။
“ဘာလဲဟ.. အဲ့ဒါက ရှီးဝူယာရဲ့ ကံကြမ္မာအဆောင်မလား”
“ဟုတ်လောက်တယ်.. အဖိုးကြီး ကြည့်ရတာ တစ်ကယ် စိတ်ပူနေတဲ့ပုံပ”
“မြောက်ပိုင်းဒေသမှာ ရှီးဝူယာကို ခြိမ်းခြောက်နိုင်တာက ဘယ်သူပါလိမ့်”
“ငါလဲ မပြောတတ်တော့ဘူး”
ဖန်သားနန်းတော်မှ အဖိုးအိုသည် မှန်းဆလို့ မရသော အမူအယာဖြင့် ကံကြမ္မာအဆောင်ကို ဆုပ်ကိုင်ထား၏။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ့မျက်လုံးများက ပြတ်သားလာပြီး အေးစက်စွာ ပြောလိုက်၏။
“မဟာချွမ်အပျက်အစီးမှာ နိုးထဝိညာဉ်တစ်ယောက်တော့ ဝင်ရောက်နှောက်ယှက်နေပြီထင်တယ်.. အဲ့လိုသာ မဟုတ်ရင် မြောက်ပိုင်းဒေသက ပြိုင်စံရှားတွေ အကုန်ပေါင်းတိုက်ရင်တောင် ရှီးဝူယာရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး”
တစ်ကယ်တော့ ရှီးဝူယာအတွက် အဲ့ဒါက ဖြစ်နိုင်ခြေရှိသလိုပင်။
သို့သော်လည်း မဟာချွမ်အပျက်အစီးသို့ နိုးထဝိညာဉ်တစ်ယောက် ဝင်ရောက်နှောင့်ယှက်နေသည်ဆိုတာကတော့ သိပ်ပြီး မဖြစ်နိုင်ပေ။
နိုးထဝိညာဉ်များအားလုံးသည် သည်နေရာမှာ စုဝေးနေကြပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေကြ၏။ သူတို့အားလုံး မသိလိုက်ရဘဲ နိုးထဝိညာဉ်တစ်ယောက်က အထဲသို့ ခိုးဝင်သွားနိုင်စရာ အကြောင်းမရှိပေ။
ဖန်သားနန်းတော်မှ အဖိုးအိုက ထိုစကားကို တမင်အကြောင်းရှာ၍ ပြောလိုက်သည်မှာ သိသာလေသည်။
“ဟင်္သပဒါးသစ်သီးအတွက် တိုက်ပွဲကို ဘယ်သူကများ ဝင်နှောင့်ယှက်ရဲတာလဲ ငါကြည့်ရသေးတာပေါ့”
ဖန်သားနန်းတော်မှ အဖိုးအိုသည် လေထဲကို ခုန်တက်၍ အလင်းစက်တစ်ခုအသွင် ပြောင်းကာ မဟာချွမ်အပျက်အစီးဆီသို့ ပျံသန်းသွား၏။
အခြားသော နိုးထဝိညာဉ်များသည်လည်း အစကတည်းက မဟာချွမ်အပျက်အစီးသို့ သွားရောက်စစ်ဆေးကြည့်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရ၏။
အခြေအနေက သူတို့ တွေးထင်ထားခဲ့သလောက် မရိုးရှင်းတော့ကြောင်း နိုးထဝိညာဉ်များသည် ခပ်ရေးရေး ခံစားမိလာကြ၏။
မရေမတွက်နိုင်သော ပုံရိပ်များက လေထဲသို့ ပျံတက်သွားကြ၏။
. . .
အပျက်အစီးနယ်မြေ၏ အလယ်တွင်..
ပြန်ဝင်စားမွန်းစတားနှစ်ကောင်ကြား တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်၏။
ရှီးဝူယာသည် ချွေးများဖြင့် စိုရွှဲနေပြီး ရုပ်ပျက်ဆင်းပျက်နှင့် မောဟိုက်ကာ နောက်သို့ ဆက်တိုက်ဆုတ်နေရ၏။
ဆူဇီမိုသည်လည်း အခြေအနေ ကောင်းလှသည်တော့ မဟုတ်ပေ။
ဆူဇီမို၏ လှုပ်ရှားမှုများက ပို၍ လေးကန်လာပြီး သူ့သွေးချီက ခမ်းခြောက်လာတာကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နေရ၏။
အစက ပေတစ်ရာကျော်မြင့်သော လူကြီးသည် အခုအခါ ခုနှစ်ပေလောက်သာ ရှိတော့ပြီး သူ့သက်လုံအားက နောက်ဆုံးအကန့်အသတ်သို့ ရောက်လာလေပြီ။
ထိုသို့ဆိုလျှင်တောင် သူက ရပ်တန့်လိုက်ဖို့ စိတ်ကူးမရှိပေ။
သူ၏ ခမ်းခြောက်လာသော သက်လုံအားနှင့်ပင် ဆူဇီမို၏ မျက်လုံးများက ရက်စက်မှုဖြင့် တောက်ပနေဆဲဖြစ်ပြီး အော်ရာအားဖြင့် ရှီးဝူယာကို ဖိနှိမ်ထားဆဲဖြစ်၏။
ထိုးနှက်ချက် တစ်ချက်ချင်းစီက ခွန်အားအပြည့်နှင့် ကျဆင်းလာနေဆဲဖြစ်၏။
ရှီးဝူယာသည် ခြိမ်းမောင်းဖွယ်ရာ စိုက်ကြည့်ပြီး မာန်မဲလိုက်၏။
“တောကောင်.. လူတိုင်း၏ လောဘတက်နေတဲ့ မျက်လုံးတွေနဲ့ ငါတို့နှစ်ယောက် တိုက်ခိုက်တာကို စောင့်ကြည့်နေကြတာ မင်းမမြင်ဘူးလား.. မင်း ငါ့ကို သတ်နိုင်ရင်တောင် မင်းလဲ ရက်ရက်စက်စက် အသတ်ခံရမှာပဲ”
“ဟေး”
ဆူဇီမိုက သူ၏ သွားဖြူဖြူများကို ဖော်ကာ လှောင်ရယ်လိုက်ပြီး အေးစက်စွာ ပြန်ပြောလိုက်၏။
“မင်းက ငါ့ကို တောကောင်လို့ ခေါ်တဲ့အတွက် မင်းကို အရင် သတ်ပစ်ရမယ်.. ကျန်တာတွေကတော့ နောက်မှပဲ စဉ်းစားမယ်”
“မင်းက တဇောက်ကန်းပဲ”
ရှီးဝူယာက ကျိန်ဆဲလိုက်၏။ ယခုအခါ သူဆံပင်များက ဖရိုဖရဲနှင့် မြောက်ပိုင်းဒေသ၏ နံပါတ်တစ်တာအိုသက်ရှိဟူသော ဂုဏ်သိက္ခာနှင့် မာန်မာနတို့ မရှိတော့ပေ။
ဘုန်း..
ဆူဇီမိုက နောက်တစ်ချက် ထိုးနှက်လိုက်၏။ ရှီးဝူယာသည် သူ့လက်ကိုမြှောက်၍ အလိုလို ခုခံလိုက်သောအခါ အရိုးကျိုးသံက ပီသစွာ ထွက်ပေါ်လာလေသည်။
“ဟင်း”
ရှီးဝူယာသည် နာကျင်မှုဖြင့် ပင့်သက်ကို ရှိုက်ပြီး သူ့အမူအယာက ရုတ်ချည်း ပြောင်းလဲသွား၏။
သူသည် ဖန်သားမနောသုတ္တန်ကို ဆက်တိုက်ကျင့်ကြံခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်က တော်တန်ရုံလက်နက်များအောက် အားမနည်းတော့ပေ။ ထိပ်တန်းအဆင့် လက်နက်တစ်ခုနှင့် ထိုးနှက်လျှင်တောင် သူက ဒဏ်ရာ ရချင်မှ ရပေလိမ့်မည်။
သို့သော် ယခုအခါ နတ်ဖီးနစ်ကျွန်းမှ ပြန်ဝင်စားမွန်းစတား၏ လက်ချက်ဖြင့် သူ့လက်က ကျိုးထွက်သွားလေပြီ။
လက်ကျိုးသွားခြင်းကြောင့် သူသည် ကြီးမားစွာ တုန်လှုပ်၍ နာကျင်မှုဖြင့် သတိလျော့သွား၏။ ထို့ကြောင့် သူ၏ လှုပ်ရှားမှုကလည်း ပို၍ လေးကန်သွားလေသည်။
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။
ဤကဲ့သို့သော အခွင့်အရေးမျိုးကို သူလက်လွှတ်ပေးလိုက်စရာ အကြောင်းမရှိပေ။
လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းအပြည့်နှင့် သူသည် ရှီးဝူယာရှေ့သို့ ဖျတ်ကနဲ ရောက်ရှိလာ၏။
“အား”
ရှီးဝူယာသည် မာန်ဖီ၍ သူ၏နောက်ဆုံးလက်ကျန်ခွန်အားကို ညှစ်ထုတ်ကာ ဆူဇီမိုထံ သူ၏ ကျန်ရှိနေသော တံတောင်ဖြင့် ချိတ်စည်းတစ်ခုကဲ့သို့ ပစ်တိုက်ချလိုက်၏။
ရှီးဝူယာသည် သေခြင်းအော်ရာကို ခံစားမိလာ၏။
ဒါက သူ မသေခင် နောက်ဆုံး အလောင်းအစားတစ်ခုပင်။
သူ၏ သက်လုံအားက ကုန်ခမ်းလာပြီ ဖြစ်သော်လည်း ထိုတံတောင်ရိုက်ချက်က ဆူဇီမို၏ ခန္ဓာကိုယ်ကို ချိုင့်ဝင်သွားစေလို့ လုံလောက်လေသည်။
ကံကောင်းလျှင် သူက အနိုင်ရရှိသူတောင် ဖြစ်နိုင်သေး၏။
ကံဆိုးစွာနှင့် ဆူဇီမိုက အဲ့ဒါကို ကြိုတင်တွက်ဆထားပြီးသား ဖြစ်လေသည်။
သူက ရှီးဝူယာရှေ့သို့ ရောက်လာပြီး တစ်ပေတောင် မရှိတော့သည့် အကွာအဝေးမှာ သူ့ခန္ဓာကိုယ်က ရုတ်တရက် ပျော့ပျောင်းသွား၏။ အနာကွန်ဒါတစ်ကောင်ကဲ့သို့ သူက ရှီးဝူယာ၏ ခန္ဓာကိုယ်က ရစ်ပတ်လိုက်၏။
အဲ့ဒါက လုံးဝ ထင်မှတ်မထားသည့် လှုပ်ရှားကွက်ပင်။
အစကတည်းက ဆူဇီမို၏ တိုက်ခိုက်မှုများသည် အမြဲတမ်း မာကြော၍ ယတိပြတ် ခိုင်မာလေသည်။
သို့သော် ယခု ရုတ်တရက် အပြောင်းအလဲက ရှီးဝူယာ၏ နောက်ဆုံး အလောင်းအစားကို ပျက်စီးသွားစေ၏။
ထိုအခိုက်အတန့်၌ ဆူဇီမိုသည် ရှီးဝူယာကို ရစ်ပတ်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်၏။
အနာကွန်ဒါ ရစ်ပတ်ခြင်း..
အဲ့ဒါက အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက် ဖြစ်လေသည်။
ဖန်း.. ဖန်း.. ဖန်း..
ဆူဇီမို၏ ခန္ဓာကိုယ်မှ လေးကြိုးဆွဲသံများက ထွက်ပေါ်လာ၏။
ရှီးဝူယာသည် မည်သို့မှ ရုန်းကန်လို့ မရတော့ဘဲ.. သူ့ပါးစပ်ထဲမှ ထူးဆန်းသည့် တအီအီအသံများက ထွက်ပေါ်လာ၏။ သူက အသက်ရှူနိုင်ဖို့ ကြိုးစားနေသလိုပင်။
ရှီးဝူယာ၏ မျက်လုံးအိမ်များက နီရဲလာပြီး ကြောက်စရာကောင်းသည့် ပုံစံဖြင့် အပြင်ဘက်သို့ ပြူထွက်လာ၏။
ဖျောက်.. ဖျောက်.. ဖျောက်.. ဗျစ်.. ဗျစ်..
အရိုးကျိုးသံများက ဆက်တိုက် ထွက်ပေါ်လာ၏။
ဆူဇီမို၏ အနာကွန်ဒါန် ရစ်ပတ်မှုဖြင့် ရှီးဝူယာ၏ အရွတ်များနှင့် အရိုးများက ကျိုးပဲ့ထွက်ကုန်လေပြီ။
ပကတိပြီးပြည့်စုံသည်ဟု သတ်မှတ်နိုင်သာ ခန္ဓာကိုယ်က ယခုအခါ ဖောက်မပြတတ်လောက်အောင် တွန့်လိမ်၍ အသားများ၊ အရွတ်များနှင့် အရိုးများက ကျိုးကြေမွကာ အသက်ဓါတ်က ထွက်ခွာသွားလေသည်။
ရှီးဝူယာ၏ အကြည့်က မှေးမှိန်လာပြီး သူ့ဦးခေါင်းက ဘေးတစ်ဖက်သို့ လည်ကျကာ ပွဲချင်းပြီး စင်းသွားလေတော့သည်။