ငါ့ဓါးကို အရင်ဖြတ်ကျော်
Vol. 38 Ch. 566
ကျင့်ကြံရေးလောကမှာ လွှမ်းမိုးခြယ်လှယ်ခဲ့သာ မြောက်ပိုင်းဒေသ၏ နံပါတ်တစ်တာအိုသက်ရှိ.. ရှီးဝူယာသည် နောက်ဆုံးမှာတော့ အဆင့်တူချင်းမှာတောင် မယှဉ်နိုင်ဘဲ ကျရှုံးခဲ့ရလေပြီ။
ပြီးခဲ့သည့် နှစ် ၃၀ အတွင်း သူသည် ပေါ်ထွက်လာခဲသော်လည်း မြောက်ပိုင်းဒေသ၏ အဖွဲ့အစည်းကြီးများနှင့် ဂိုဏ်းကြီးများရှိ ကျင့်ကြံသူများ၏ နှလုံးသားထဲမှာ သူက ပြိုင်ဘက်ကင်း ရွှေအမြုတေတစ်ယောက် ဖြစ်နေဆဲဖြစ်၏။
မည်သူကမှ ဤရလဒ်ကို ထင်မထားခဲ့ကြပေ။
ရှီးဝူယာက ဟင်္သပဒါးသစ်သီးအတွက် လာရောက်တိုက်ခိုက်လိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
အဲ့ဒါထက်...
ရှီးဝူယာကို မဟာချွမ်အပျက်အစီးမှာ တစ်ယောက်ယောက်က သူ၏ အရွတ်များ၊ အရိုးများကို ချိုးဖဲ့ဖျက်ဆီး၍ သတ်ပစ်နိုင်လိမ့်မည်ဟု မည်သည့်ပြိုင်စံရှားမှ ထင်မထားခဲ့ကြပေ။
တိုက်ပွဲကွင်းပြင်ရှိ ဗလတောင့်တောင့် စွမ်းအားကြီးကြီး လူကို ကြည့်ပြီး ပြိုင်စံရှားများ၏ စိတ်ထဲမှာ အိပ်မက်ဆန်ဆန် ခံစားနေရ၏။
အဲ့ဒါက ကျင့်ကြံရေးလောက၏ ရက်စက်ကြမ်းကြုတ်မှုပင်။
သူတို့က ရှီးဝူယာ၏ အဆင့်မျိုးရောက်အောင် အပတ်တကုတ် ကြိုးစားကျင့်ကြံပြီး ကြောက်စရာအရမ်းကောင်းသည့် တိုက်ခိုက်ရည်ကို ပိုင်ဆိုင်လာခဲ့မည်ဆိုရင်တောင် သူတို့က ရက်ရက်စက်စက် အသတ်ခံရနိုင်သေးလေသည်။
သူတို့သည် အတိတ်ကာလက မည်သို့ပင် ထွန်းတောက်ခဲ့ကြပါစေ.. ပြိုင်စံရှားများသည်လည်း သေဆုံးသွားပါက နောက်ဆုံးမှာ အားလုံးက မေ့ပျောက်သွားကြပေလိမ့်မည်။
ဟင်္သပဒါးသစ်သီးတိုက်ပွဲက ပြိုင်စံရှားအားလုံး မျှော်မှန်းထားသည်ထက် များစွာကျော်လွန်သွားခဲ့လေသည်။
အဲ့ဒီမှာ သေဆုံးသွားခဲ့သော ပြိုင်စံရှားများက အရမ်းကို များပြားလွန်းလေသည်။
မြေပြင်မှာ အလောင်းများက ပြန့်ကျဲပုံထပ်၍ သွေးများက မြစ်လိုစီးဆင်းနေ၏။
ချောက်ချားစရာ မြင်ကွင်းပင်။
ဒါ့အပြင် အခုချိန်ထိ ဟင်္သပဒါးသစ်သီးကို နောက်ဆုံး မည်သူ ရရှိမလဲဆိုတာ မည်သူမှ သေချာ မပြောနိုင်ကြသေးပေ။
အဲ့ဒါမှာ လူတိုင်းသေချာပြောနိုင်သော အချက်တစ်ချက်တော့ ရှိ၏။
ဤနေ့မှစ၍ မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ပကတိသက်ရှိအသစ်က ပေါ်ထွက်လာခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် ထိုအသစ်ဝင်ရောက်လာသူက မကြာခင် သေရပေတော့မည်။
ဆူဇီမို၏ ဆိုးဝါးသော အခြေအနေကို လူတိုင်း မြင်တွေ့နေရ၏။
ယခုအချိန်၌ မည်သည့်ရွှေအမြုတေမဆို သူ့အသက်ကို နုတ်ယူနိုင်လေသည်။
ကျန်ရှိနေသော ပြိုင်စံရှားအများစုသည် ဒဏ်ရာများ ရရှိထားကြသော်လည်း သူတို့သည် ဆူဇီမိုကို ဆုတ်ဖြဲပစ်ချင်သည့်အလား တောက်လောင်ပြင်းပြသော အကြည့်များဖြင့် ကြည့်နေကြ၏။
နောက်ဆုံးမှာတော့ ဆက်လက် မချုပ်တည်းနိုင်သော ကျင့်ကြံသူတစ်ယောက်က ရှေ့သို့ တက်လာ၏။
ပိုးဖလံများက သေလျှင်တောင် ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပေ။
ဆူဇီမိုက အားအင်ကုန်ခမ်း ချိနဲ့နေပြီကို သိသော်လည်း ထိုလူသည် ရှေ့သို့ တန်းပြီး တက်မသွားရဲဘဲ.. ခပ်လှမ်းလှမ်းမှနေ၍ စိတ်ဝိညာဉ်တိုက်ကွက်တစ်ခုကို ဖြည်းဖြည်းချင်း ထုတ်ဖော်လိုက်၏။
စိတ်ဝိညာဉ်ချီများက တလိပ်လိပ်တက်၍ လေထဲမှာ လက်ဝါးကြီးတစ်ခုအဖြစ် စုဖွဲ့သွားပြီး ဆူဇီမိုထံသို့ ပြင်းထန်စွာ ရိုက်ချလာ၏။
ဝုန်း..
စိတ်ဝိညာဉ်စွမ်းအင်လက်ဝါးက မည်သည့်အတားအဆီးမှ မရှိဘဲ ဆူဇီမို၏ ကိုယ်ပေါ်သို့ ရက်ရက်စက်စက် ကျဆင်းလာ၏။
ဆူဇီမိုသည် ခပ်သဲ့သဲ့ ညည်းညူ၍ သူ့ခြေထောက်များက ပျော့ခွေကာ မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွား၏။
ထိုသည်ကိုကြည့်ပြီး ပြိုင်စံရှားများသည် နောက်ဆုံး စိတ်သက်သာရာ ရသွားကြ၏။
“ဟဲဟဲ.. ဒဏ္ဍာရီလာ နံပါတ်တစ် ပြန်ဝင်စားမွန်းစတားက ဒါပဲလား.. သူ့မှာလဲ ခြေကုန်လက်ပန်းကျတဲ့ အချိန်တော့ ရှိရမှာပေါ့”
“သူက တောကောင်တစ်ကောင်ထက် မပိုပါဘူးကွာ”
“ဟွန်း.. တောကောင်တစ်ကောင်က ငါတို့လူသားတွေဆီကနေ ဟင်္သပဒါးသစ်သီးကို လာလုယူရဲတယ်ပေါ့လေ.. တော်တော် သတ္တိကောင်းနေတယ်ပေါ့”
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၏ ပြိုင်စံရှားက သူ့ဓါးကို ကိုင်ပြီး ဆူဇီမိုရှိရာသို့ ဖြည်းဖြည်းတက်လာကာ သတ်ဖြတ်လိုစိတ်နှင့်အတူ အေးစက်စက် သရော်လိုက်၏။
သည့်အရင်က သူ့ရင်အုပ်သည် ဆူဇီမို၏ ဆေဘာဖြင့် ထိုးဖောက်ခြင်းကို ခံခဲ့ရ၏။
ဒဏ်ရာက အရမ်း မပြင်းထန်သော်လည်း သူသည် နောက်ဆုတ်ကာ ဘေးကနေသာ အေးစက်စွာနှင့် စောင့်ကြည့်ရင်း အကောက်ကြံနေခဲ့၏။
ဤအချိန်အတောအတွင်း ဆေးလုံးအချို့၏ အထောက်အပံ့ဖြင့် သူ့ဒဏ်ရာအများစုက သက်သာလာခဲ့ပြီဖြစ်၏။
ဤအချိန်၌ ပြိုင်စံရှားအားလုံးသည် ဒဏ်ရာများ ရရှိထားကြပြီး အချိန်တိုအတွင်း သူတို့၏ ရွှေအမြုတေနယ်မြေများကို ထပ်ပြီး မထုတ်ဖော်နိုင်ကြသေးပေ။
သူ့ကို တစ်ကယ်တမ်း ခြိမ်းခြောက်နိုင်စွမ်း ရှိသူမှာ ဖန်သားနန်းတော်မှ မျက်နှာဖုံးနှင့်လူ ဖြစ်လေသည်။
သို့သော်လည်း မျက်နှာဖုံးနှင့်လူက အစောပိုင်း-ရွှေအမြုတေတစ်ယောက်သာ ဖြစ်သည်ကို သူရှင်းလင်းစွာ သိထားလေသည်။
သူတို့နှစ်ယောက်သာ တိုက်ခိုက်ရလျှင် သူက သေချာပေါက် အသာစီး ရနိုင်လေသည်။
အခုချိန် သူရှေ့ထွက်လာရခြင်းမှာ အခြေအနေကို ထိန်းချုပ်၍ အကုန်လုံးအပေါ် လွှမ်းမိုးခြယ်လှယ်ကာ အခြေအနေအပေါ် အမြတ်ထုတ်ဖို့ ဖြစ်လေသည်။
“တောကောင်.. မင်း ထပ်ပြီး ဇောင်းမကြွနိုင်တော့ဘူးလား”
ရွှမ်း..
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းပြိုင်စံရှားက သူ့ခါးထက်မှ ဓါးကို ဆွဲထုတ်ပြီး ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။
အဖြူရောင်ဓါးအလင်းက ဖြာလက်သွား၏။
ဆူဇီမို၏ ပေါင်မှာ ပြတ်ရှရာတစ်ခုက ပေါ်လာပြီး သိပ်မနက်သော်လည်း သွေးများက စီးကျလာ၏။
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းပြိုင်စံရှားက သေကွင်းသေကွက်ကို ချိန်ရွယ်၍ မတိုက်ခိုက်ရခြင်းမှာ သူသည် ဆူဇီမိုကို အရှက်ခွဲပြီး ဂုဏ်သိက္ခာမဲ့ကြောင့် ပြုလုပ်လိုသေးသောကြောင့် ဖြစ်လေသည်။
ရှီးဝူယာကို သတ်ဖြတ်ပြီးနောက် သူက တစ်ကယ်ကို ခြေကုန်လက်ပန်း ကျသွားခဲ့၏။
ဒါ့အပြင် ရှီးဝူယာသည် မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ပကတိသက်ရှိ.. ပကတိရွှေအမြုတေအဆင့်တစ်ယောက် ဖြစ်၏။ သူ၏ ခွန်အားနှင့် ကိုယ်ကာယက တစ်ကယ့်ကို အလွန့်အလွန်မှကို ကြောက်စရာကောင်းလေသည်။ ကြိမ်ဖန်များစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက် ဆူဇီမိုသည်လည်း ပြင်းထန်သော ဒဏ်ရာများ အတော်လေးကို ရရှိခံစားခဲ့ရ၏။
သူ၏ အင်္ဂါများမှာ ခပ်ပါးပါး စုတ်ပြဲရာလေးများတောင် ပေါ်လာခဲ့၏။
ရှီးဝူယာသာ နောက်ထပ် နည်းနည်းကြာကြာ တောင့်ခံနိုင်ခဲ့လျှင် သေရမည့်သူက သူဖြစ်ကောင်း ဖြစ်နိုင်လေသည်။
ထိုအခိုက်အတန့်၌ ဆူဇီမိုသည် ပြန်လှန်တိုက်ခိုက်ခြင်း မရှိဘဲ သူ၏ သက်လုံအားကိုသာ တိတ်တဆိတ် ပြန်လည်စုဆောင်းနေ၏။
သူ့မှာ ဆန်းကြယ်ရွှေပိုးချပ်ဝတ်လည်း ရှိ၏။ ပထမကျင့်ကြံသူ၏ စိတ်ဝိညာဉ်တိုက်ကွက်ဖြစ်စေ၊ ကောင်းကောင်ထိုးဖောက်ဓါးဂိုဏ်းပြိုင်စံရှား၏ ခုတ်ချက်ဖြစ်စေ.. နှစ်ခုစလုံးက အပေါ်ယံဒဏ်ရာများသာဖြစ်ပြီး သူ၏ အုတ်မြစ်ကို မထိခိုက်နိုင်သေးပေ။
ဆူဇီမိုမှာ ဝှက်ဖဲအချို့ ရှိနေသေး၏။
သူသာ အဲ့ဒါကို ထုတ်လွှတ်လိုက်လျှင် လောကတစ်ခုလုံးက ဗြောင်းဆန်သွားပေလိမ့်မည်။
ဆူဇီမိုက ပြန်လည်တုံ့ပြန်ခြင်း မရှိသည်ကို တွေ့သောအခါ ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းပြိုင်စံရှားသည် ပို၍ ကြမ်းကြုတ်လာပြီး ရှေ့သို့ဆက်တက်လာ၏။ သူ့လက်ထဲရှိ ဓါးက တုန်ခါလာပြီးနောက် ခပ်သွက်သွက် လွှဲရမ်းသွား၏။
ရွှက်..
ဆူဇီမို၏ ပုခုံးမှ သွေးများက ထပ်မံပန်းထွက်လာပြန်၏။
“ခွိခွိ”
ကောင်းကင်ထိုးဖောကဓါးဂိုဏ်းပြိုင်စံရှားက သရော်ရယ်လိုက်၏။
“ဘာလို့လဲဟေ့.. အခုတော့ မင်းမှာ ပြန်ပြီးတိုက်ခိုက်ဖို့တောင် ခွန်အား မရှိတော့ဘူးလား”
ဆူဇီမိုသည် ပြန်မဖြေဘဲ လှောင်ပြုံး ပြုံးနေ၏။
“အား.. ကြည့်စမ်း အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတားတောင်မှ ဒီလိုအခြေအနေထိ ရောက်သွားပြီဆိုတော့”
မူတန်ချင်းသည် ခေါင်းခါ၍ သက်ပြင်းချလိုက်၏။
ပိုင်ယုဟန်က မှတ်ချက်ပြုလိုက်၏။
“ကျားတွေ နဂါးတွေတောင်မှ ထောင်ချောက်ထဲ ကျရောက်သွားရင် အရှက်ခွဲခံရတာပဲ.. ဒါက သူ့ဘဝရဲ့ ကံဆိုးမိုးမှောင်ကျမှုပဲ.. ရှီးဝူယာသာ ပေါ်မလာဘူးဆိုရင် သူက ဒီနေရာကနေ ထွက်သွားနိုင်တာ ကြာလောက်ပြီ.. အခုလို ဘာမဟုတ်တဲ့ ယင်ကောင်လေးတွေ အရှက်ခွဲတာကို ခံရမှာ မဟုတ်ဘူး”
“သူ့ကို ကူမယ့်လူကလဲ မရှိဘူး.. တစ်ယောက်ယောက်ကသာ ရှေ့ထွက်ပြီး သူ့ဆီက ဖိအားကို ခွဲယူပေးရင်.. သူက အခုလို ဆိုးဆိုးရွားရွား အခြေအနေကို ရောက်မှာ မဟုတ်ဘူး” မူတန်ချင်းသည် နောက်တစ်ဖန် သက်ပြင်းချလိုက်၏။
ပိုင်ယုဟန်က ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်.. ဒါပေမယ့်လဲ ဘယ်သူကများ သူ့ဘေးကနေ ရပ်ပြီး မြောက်ပိုင်းဒေသတစ်ခုလုံးနဲ့ ဆန့်ကျင်ရဲတဲ့ သတ္တိရှိမှာလဲ”
“မင်းဟာမင်း ဘယ်လို ပြန်ဝင်စားမွန်းစတားပဲဖြစ်ဖြစ်.. အခုတော့ သေလိုက်တော့”
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းပြိုင်စံရှားသည် ရင်ထဲမှာ မအီမသာ ခံစားလာရပြီး ဆက်လက်၍ အချိန်ဆွဲခြင်း မရှိတော့ပေ။ နောက်ဆုံးမှာတော့ သူသည် ဆုံးဖြတ်ချက်ချကာ ရှေ့သို့ အားဖြင့် ခုတ်ပိုင်းချလိုက်၏။
သူ့ဓါးက ဆူဇီမို၏ နဖူးကို ချိန်ရွယ်လေသည်။
ထိုခုတ်ချက်သာ ထိမိလျှင် ဆူဇီမို၏ ဦးခေါင်းက ပေါက်ထွက်သွားပေလိမ့်မည်။
ဆူဇီမိုက သူ့အကြည့်ကို မှေးကျဉ်းလိုက်၏။ သူက လှုပ်ရှားတော့မည့်ဆဲဆဲမှာပင် ရုတ်တရက် ဇဝေဇဝါနှင့် မျက်မှောင်ကြုတ်လိုက်မိ၏။
ဝီ..
ဓါးသံတစ်သံက ထွက်ပေါ်လာ၏။
ရုတ်တရက်.. မနှိုင်းယှဉ်သာအောင် တောက်ပသော ဓါးအလင်းက ဖြာထွက်လာလေသည်။
ထိုဓါးအလင်းက ကြော့ရှင်းသေသပ်နေပြီး လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်မိသွား၏။
သို့သော်လည်း ၎င်း၏ အမြန်နှုန်းက ကြောက်ခမန်းလိလိပင်။
အဖြစ်အပျက်က မြန်ဆန်လွန်း၏။
ထိုခုတ်ချက် ထွက်ပေါ်လာရာကို မည်သူမှ မမြင်လိုက်ကြပေ။
ထိုခုတ်ချက်၏ လမ်းကြောင်းကို မည်သူမှ ခြေရာမကောက်နိုင်ကြပေ။
သို့သော်လည်း ထိုခုတ်ချက်မှ သတ်ဖြတ်လိုစိတ်ကို လူတိုင်း ခံစားမိလိုက်၏။
ဓါးအလင်းက ပျက်ပြယ်သွား၏။
ရုတ်တရက် တိုက်ပွဲကွင်းပြင်က တိတ်ဆိတ်ငြိမ်သက်သွား၏။
လေထုက အလွန်တရာ ထူးဆန်းလာလေသည်။
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းပြိုင်စံရှားက ခြေလှမ်းလက်စနှင့် ငူငူကြီး ရပ်နေ၏။
သူ့အကြည့်က ထုံထိုင်းလာလေသည်။
ခဏမျှ ရပ်တန့်သွားပြီးနောက် သူ့လက်ထဲရှိ ဓါးရှည်က လွတ်ကျသွားပြီး သူ့လည်ပင်းမှာ ပြတ်ရှရာ ခပ်ပါးပါးက ပေါ်လာကာ ဖြည်းဖြည်းချင်း ကျယ်ပြန့်လာ၏။
ဖူး..
သွေးမြူများက ပန်းထွက်လာ၏။
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းပြိုင်စံရှားသည် ရှေ့သို့ တောင့်တောင့်ကြီး ပစ်လဲကျကာ သေဆုံးသွားလေတော့သည်။
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
ကျင့်ကြံသူများသည် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှု၍ တိုက်ခိုက်သူကို ရှာဖွေလိုက်ကြ၏။
မြောက်ပိုင်းဒေသမှာ ဓါးကျင့်ကြံသူက များများစားစား မရှိပေ။
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းပြိုင်စံရှား၏ အသက်ကိုပင် ရန်ရှာနိုင်သော ကြောက်စရာကောင်းသည့် ဓါးနည်းစနစ်ကို ကျွမ်းကျင်တတ်မြောက်သူက ပိုလို့တောင် ရှားပါးသေးလေသည်။
ထာဘာဖန်နှင့် မုရုံဝူရွှမ်းတို့သည် လူအုပ်ကြီး၏ အလယ်ရှိ အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်ကို ဇဝေဇဝါနှင့် လှမ်းကြည့်လိုက်ကြ၏။ သူတို့သည် တုန်လှုပ်၍ အံ့အားသင့်သွားကြ၏။ ထိုထက် သူတို့သည် စဉ်စားရခက်သွားကြ၏။
အနက်ရောင်ဝတ်လူက ဓါးအိမ်တစ်ခုကို ဘယ်ဘက်လက်ထဲမှာ ကိုင်ထားပြီး ဓါးအိမ်ထဲမှာ နက်မှောင်နေသော ဓါးတစ်လက်က ရှိနေ၏။ သူသည် လူအုပ်ကြီးထဲကနေ တစ်လှမ်းချင်း ရှေ့သို့ တက်သွား၏။
သူသည် ဦးတည်ချက် မရှိသော အကြည့်ဖြင့် ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“သူ့ကို သတ်ချင်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ငါ့ဓါးကို အရင်ဖြတ်ကျော်ရလိမ့်မယ်”