← Chapters

တူကူကျန့်

Vol. 38 Ch. 567

တူကူကျန့်

Vol. 38 Ch. 567

ဆူဇီမိုသည် အနက်ရောင်ဝတ်ဓါးသမားကို မမှတ်မိပေ။

ဤလူက သူ့ကို ဘာကြောင့် ကူညီချင်ရတာလဲ သူနားမလည်ပေ။

သို့သော်လည်း ထိုအနက်ရောင်ဝတ်ဓါးသမားထံမှ အလွန်တရာ အားကောင်းသည့် အန္တရယ်အငွေ့အသက် ထွက်ပေါ်နေတာကိုတော့ တစ်ခါ သူခံစားမိခဲ့၏။

စောစောက ခုတ်ချက်အပြီး၌ သူ့ခံစားချက်က ပို၍ ခိုင်မာလာ၏။

ထိုခုတ်ချက်က အလွန်တရာ မြန်ဆန်လွန်းလေသည်။

ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၏ ပြိုင်စံရှားသည် သူ့ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ဖို့ပင် အခွင့်အရေး မရလိုက်ဘဲ တန်ပြီး သေသွားခဲ့ရ၏။

“ဒီတဇောက်ကန်းက ဘယ်က ရောက်လာတာလဲဟ”

“ဟမ့် သူက အဲ့ဒီနတ်ဖီးကျွန်းက တောကောင်ရဲ့ အကူနေမှာပေါ့.. သူလဲ တောကောင်ပဲနေမှာ.. အားလုံးပဲ သူ့ကို ဝိုင်းပြီး တိုက်ခိုက်ရအောင်”

အနက်ရောင်ဝတ်ဓါးသမား၏ ခါးပေါ်တွင် မည်သည့်ဂိုဏ်းတံဆိပ်ပြားကိုမှ မမြင်တွေ့ရသောအခါ အချိုု့သော ကျင့်ကြံသူများသည် ထိုသူကို ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဟု မှတ်ထင်လိုက်ကြ၏။

ဆူဇီမိုသည် သေအံ့ဆဲဆဲ အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်ပြီး သူ့ထံမှာ ရတနာများစွာကလည်း ရှိနေနိုင်၏။ ပြိုင်စံရှားအားလုံးက အဲ့ဒါကို လုယူချင်နေကြပြီး ထိုအခွင့်အရေးကို မည်သူကမှ လက်မလွှတ်ချင်ကြပေ။

“အားလုံးပဲ.. တစ်ပြိုင်နက်ထဲ တိုက်ခိုက်ကြရအောင်.. အဲ့ကောင်က အဲ့လောက်လဲ မစွံလောက်ပါဘူး”

ကျင့်ကြံသူတစ်ယောက်က အော်ဟစ်၍ အရင်စပြီး တိုက်ခိုက်လိုက်၏။

ပထမတစ်ယောက်ပြီးနောက် ဒုတိယတစ်ယောက်က လိုက်လာ၏။

ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာကြ၏။

ချက်ချင်းပင် စိတ်ဝိညာဉ်စွမ်းအင်များက တရုန်းရုန်းထ၍ ဓါးအလင်းများက လေထဲမှာ ယှက်ဖြာကာ အနက်ရောင်ဝတ်ဓါးသမားဆီသို့ မြားမိုးရွာသကဲ့သို့ ပစ်လွင့်ထွက်သွားကြ၏။

အနက်ရောင်ဝတ်ဓါးသမား၏ ညာဘက်လက်က သာမန်ကာလျှံကာ ပုံစံနှင့်ပင် သူ့ဘက်ဘက်လက်ထဲရှိ နက်မှောင်နေသော ဓါးရိုးပေါ်သို့ ရွေ့လျားသွား၏။

သူ့ညာဘက်လက်က ဓါးရိုးနှင့် ထိတွေ့သွားသည့် အချိန်မှာပင် အနက်ရောင်ဝတ်ဓါးသမား၏ အော်ရာက ရုတ်တရက် ပြောင်းလဲသွားလေသည်။

အစက ဦးတည်ချက်မဲ့နေသော သူ့အကြည့်က ထက်ရှသော ဓါးနှစ်လက်လို ရုတ်တရက် ကြည်လင်ပြတ်သားလာ၏။

တိုက်ခိုက်လိုက်သော ကျင့်ကြံသူများသည် သူ့အကြည့်ကို တွေ့သောအခါ တသိမ့်သိမ့် တုန်ယင်သွားကြ၏။

သူတို့ထဲမှ အချို့က စူးစူးဝါးဝါးအော်၍ သူတို့၏ မျက်လုံးများကို ကပျာကယာ ပိတ်ချလိုက်၏။

ကံမကောင်းစွာနှင့်ပင် အဲ့ဒါက နောက်ကျလွန်းသွားလေပြီ။

သူတို့၏ မျက်လုံးများထဲမှ အလွန်တရာ ကြောက်မက်ဖွယ်ရာပုံစံနှင့် သွေးများက စီးကျလာ၏။

အကြည့်တစ်ချက်က လူများစွာကို မျက်စိကွယ်သွားစေ၏။

“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ အကြည့်လဲကွာ”

ဆူဇီမိုသည် ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွား၏။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံပြီးနောက် သူ၏ သားရဲမျက်လုံးများက အလွန်တရာ အားကောင်းလာပြီဖြစ်၏။

သို့သော်လည်း ဆူဇီမို၏ သားရဲမျက်လုံးများက အကြည့်တစ်ချက်နှင့်ပင် ဤမျှကြောက်စရာကောင်းသည့် အဆင့်ထိတော့ မရောက်သေးပေ။

သူသည် စိတ်ထဲကနေ ရေရွတ်လိုက်၏။

“မျက်လုံးအကြည့်ကို အဲ့လောက်ထိ ကြောက်စရာကောင်းအောင် အဲ့လူက ဘယ်လိုများ လေ့ကျင့်ထားပါလိမ့်”

အနက်ရောင်ဝတ်လူ၏ အကြည့်က များသောအားဖြင့် ဦးတည်ချက်ပျောက်ဆုံး၍ အသက်မဲ့နေတတ်၏။

သို့သော်လည်း သူဓါးကို ဆုပ်ကိုင်လိုက်သည့် အချိန်မှာတော့ သူ၏ သတ်ဖြတ်လိုစိတ်နှင့် သူ့အကြည့်၏ ထက်ရှမှုကို မည်သူကမှ လျစ်လျူရှုထားလို့ မရနိုင်တော့ပေ။

ဝီ..

စောစောက အနှိုင်းမဲ့ဓါးအလင်းက တဖျတ်ဖျတ်တလက်လက်ရောင်ဝါနှင့်အတူ တစ်ဖန် ပြန်ပေါ်လာ၏။

ချွင်.. ချွမ်..

သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။

လေထဲကနေ ရိပ်ကနဲ ပျံသန်းလာကြသော ဓါးပျံများစွာသည် အားလုံး ကြေမွပျက်စီးကုန်၏။

ဓါးအလင်းက ခဏတာ လက်သွား၏။

တိုက်ခိုက်လိုက်ကြသော ကျင့်ကြံသူများအားလုံးသည် လေထဲကနေ ဆက်တိုက်ပြုတ်ကျလာကြပြီး အသက်ရှင်ကျန်သူ တစ်ယောက်မှ မရှိပေ။

မြေပြင်ပေါ်သို့ ရောက်သည့်ခဏ၌ သူတို့အားလုံးက အသက်မဲ့သွားကြလေပြီ။

သူတို့သည် အဲ့ဒါကို ကြိုတင်ပြင်ဆင်ထားကြသော်လည်း အနက်ရောင်ဝတ်ဓါးသမား တိုက်ခိုက်လိုက်သည်ကို သေချာမြင်လိုက်ရသည့်သူက သိပ်မရှိပေ။

ပြိုင်စံရှားများ သတိထားကြည့်လိုက်သောအခါ သူ့ဓါးက ဓါးအိမ်ထဲသို့ ပြန်ရောက်သွားလေပြီ။

အနက်ရောင်ဝတ်ဓါးသမား၏ ညာဘက်လက်ကလည်း သူ့ဘေးမှာ တွဲလျားကျနေပြီး သူက လုံးဝ တိုက်ခိုက်ခဲ့ခြင်း မရှိသည့်အတိုင်းပင်။

အစကတည်းက အနက်ရောင်ဝတ်ဓါးသမားသည် အမူအယာကင်းမဲ့နေ၏။

ရွှေအမြုတေဆယ်ယောက်ကျော်၏ သေဆုံးမှုက သူ့စိတ်ခံစားချက်အပေါ် နည်းနည်းလေးမှ သက်ရောက်ခြင်း မရှိသလိုပင်။

လေထုက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

နတ်ဖီးနစ်ကျွန်းမှ ပြန်ဝင်စားမွန်းစတားနှင့် ရှီးဝူယာလို အနှိုင်းမဲ့ ပြိုင်စံရှားနှစ်ယောက် တိုက်ခိုက်ပြီးနောက် တစ်ချိန်လုံး မတိုက်ခိုက်ခဲ့သေးသော ကြောက်စရာကောင်းသည့် နောက်ထပ်ကျင့်ကြံသူတစ်ယောက် ရှိနေလိမ့်ဦးမည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

ဤမျှ ကြောက်စရာကောင်းသည့် တည်ရှိမှုကို မည်သူက ခုခံနိုင်ပါနည်း..

“တူကူကျန့်.. မင်းရူးသွားပြီလား”

ထာဘာဖန့်က မျက်လုံးအပြူးသားနှင့် ငေါက်ငမ်းလိုက်၏။

တူကူကျန့်..

ထိုနာမည်ကို ကြားရချိန်တွင် ဆူဇီမိုသည် နားလည်သွား၏။

မြောက်ပိုင်းဒေသမှာ ထိုမျိုးရိုးနာမည်ကို မကြားဖူးသည့်သူက သိပ်မရှိပေ။

အထက်တန်းလွှာကလန်လေးခုထဲမှာမှ တူကူကလန်က အကျော်ကြားဆုံး ဖြစ်လေသည်။

သို့သော်လည်း သူ့ရှေ့ရှိ တူကူကျန့်ဟုခေါ်သော ကျင့်ကြံသူကတော့ ထာဘာဖန်တို့ အခြားသူတို့နှင့် အတော်လေး ခြားနားလေသည်။

သူ့ခါးမှာ မည်သည့်ဂိုဏ်းတံဆိပ်ပြားကိုမှ ချိတ်ဆွဲမထားသလို သူနှင့်အတူ မည်သည့်ကလန်သားမှလည်း ပါမလာခဲ့ပေ။

တူကူကျန့်ထံမှ ဆူဇီမိုသည် အထီးကျန်မှုနှင့် ညိုးငယ်ဝမ်းနည်းမှုကို ခံစားမိ၏။ အဲ့ဒါက ကမ္ဘာကြီးနှင့် လုံးဝသဟဇာတ မဖြစ်သည့် ခံစားချက်မျိုးပင်။

တူကူကျန့်အတွက် သူ့ဓါးကလွဲလျှင် ကမ္ဘာပေါ်မှာ တခြား ဘာမှ မရှိသည့်အတိုင်းပင်။

သူသည် သူ့ဓါးကလွဲလျှင် ဘာကိုမှ မလိုအပ်တော့ပေ။

“တူကူကျန့်.. နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက လူမဟုတ်ဘူး တောကောင်တစ်ကောင်လေဟာ.. နင်က တူကူကလန်ကိုယ်စား သူ့ဘက်ကနေ ရပ်တည်မလို့လား” ရှေးတော်ဝင်မိသားစုမှ အိုးယန်ရှာယုက အေးစက်စွာနှင့် မေးခွန်းထုတ်လိုက်၏။

“ငါက ငါပဲလေ.. တူကူကလန်နဲ့ ဘာမှ မဆိုင်ဘူး”

တူကူကျန့်သည် အိုးယန်ရှာယုကို လှည့်ကြည့်ရင်း တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

သူ့ပုံစံက ခါတိုင်းလိုပင် အမူအယာ ကင်းမဲ့နေ၏။ သို့သော်လည်း သူ့မျက်လုံးအကြည့်ထဲမှာ လှောင်ပြောင်သရော်လိုမှု တစ်စွန်းတစ်စကို မြင်တွေ့နိုင်လေသည်။

ဒီလောက် ရိုးရှင်းသည့် သဘောတရားတစ်ခုကိုတောင် အိုးယန်ရှာယုက မသိရကောင်းလားဟု သူက လှောင်ပြောင်လိုခြင်း ဖြစ်ပုံရလေသည်။

“ငါက ငါပဲလေ.. တခြားလူတွေနဲ့ ဘာဆိုင်လို့လဲ”

အိုးယန်ရှာယုသည် ချက်ချင်းပင် ပြောစရာစကားမဲ့သွားရ၏။

မုရုံဝူရွှမ်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ မလှမ်းမကမ်းတွင်ရှိသော တူကူကျန့်ကို ကြည့်ပြီး သူမက မေးလိုက်မိ၏။

“ဘာလို့ အဲ့လို လုပ်တာလဲ”

“ငါ ဒီတိုင်းပဲ မနေနိုင်လို့”

တူကူကျန့်က ထူးမခြားနားပုံစံဖြင့် ပြန်ဖြေလိုက်၏။

မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများအားလုံး ဇဝေဇဝါ ဖြစ်သွားကြ၏။

သူက ဘာကို မနေနိုင်တာလဲ..

သူကို့ ဘယ်သူက သွားပြီး ရန်စလိုက်တာလဲ..

မုရုံဝူရွှမ်းတစ်ယောက်သာ စိတ်ထဲကနေ ကြိတ်၍ သက်ပြင်းချလိုက်၏။

တူကူကျန့် တွေ့ကြုံခံစားခဲ့ရသော ဆင်းရဲဒုက္ခများနှင့် ထိုလူ၏ ရင်ထဲက မာန်မာနကို သူမ သိထားလေသည်။

ဆူဇီမို၏ လက်ရှိ အခြေအနေ အကျပ်အတည်းက ထိုလူ၏ ရင်ထဲမှ ကိုယ်ချင်းစာစိတ်ကို နှိုးဆွပေးလိုက်၏။

သူသည်လည်း တစ်ခါက ဤကမ္ဘာကြီး၏ စွန့်ပစ်ခြင်းကို ခံခဲ့ရလေသည်။

လူပေါင်းများစွာ၏ ဟားတိုက်လှောင်ပြောင်ခြင်း၊ လူပေါင်းများစွာ၏ တိုက်ခိုက်ခြင်း၊ လူပေါင်းများစွာ၏ အနိုင်ကျင့်ခြင်း၊ လူပေါင်းများစွာ၏ ဆူပူကြိမ်းမောင်းခြင်းတို့ကို ကြိတ်မှိတ်ခံစားခဲ့ရ၏။

ထိုအချိန်က သူ့ဘေးနားကနေ ကူညီရပ်တည်ပေးမည့်သူ တစ်ယောက်မှ မရှိခဲ့ပေ။

ထိုလူသည် သူ၏ လက်ရှိနေရာ၊ လက်ရှိအဆင့်ကို သူ့လက်ထဲက ဓါးတစ်လက်အပေါ်မှာသာ လုံးလုံးလျားလျား အမှီပြု၍ တက်လှမ်းလာခဲ့ခြင်းဖြစ်၏။

သူသည် တစ်ကိုယ်တည်းသမား ဖြစ်နေရခြင်းမှာ သူက ကမ္ဘာကြီးကို မုန်းသောကြောင့် မဟုတ်ပေ။

ဤကမ္ဘာသည် တစ်ခါက သူ့ကို စွန့်ပယ်ခဲ့ဖူးသောကြောင့် ဖြစ်လေသည်။

သူ့ကို လက်မလွှတ်ဘဲ သူ့ဘေးနားတွင် တစ်ချိန်လုံး ရှိနေပေးခဲ့သည်မှာ သူ့လက်ထဲရှိ အနက်ရောင်ဓါးသာလျှင် ဖြစ်လေသည်။

သူ မနေနိုင်ဘဲ တိုက်ခိုက်လိုက်ရသည်မှာလည်း ထို့ကြောင့်ပင်။

သူသည် မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများကို အသာထား.. တစ်ကမ္ဘာလုံးနှင့် ရန်သူလုပ်ရမည်ဆိုလျှင်တောင် ဂရုမစိုက်ပေ။

ဆူဇီမိုက တစ်လက်မတောင် မလှုပ်ပေ။

ဤအချိန်က သူ့အတွက် ရှားရှားပါးပါး အခွင့်အရေးဖြစ်၏။ သူသည် ထိုအခွင့်အရေးကို အသုံးချပြီး သူ့သက်လုံအားကို ပြန်လည်စုဆောင်းပြီးသည်နှင့် ဤနေရာကနေ ထွက်ပြေးရပေမည်။

ရှီးဝူယာ သေဆုံးသွားပြီးနောက် မဟာချွမ်အပျက်အစီးမှာ သူ့ကို ခြိမ်းခြောက်နိုင်သည့်သူ တစ်ယောက်မှ မရှိတော့ပေ။

သို့သော်လည်း အန္တရာယ်က ချဉ်းကပ်လာနေသည်ကို ဆူဇီမိုသည် ရှင်းလင်းစွာ ခံစားမိနေ၏။

သူသည် အချိန်ဖြုန်းလို့ မဖြစ်ချေ။

ဖန်သားနန်းတော်မှ မျက်နှာဖုံးနှင့်လူက ဆူဇီမို၏ စိတ်အာရုံကို ဖတ်မိပုံရပြီး ရှေ့သို့ ဖြည်းဖြည်းချင်း တက်လှမ်းလာ၏။

“တူကူကလန်က လူတွေက ဘယ်တုန်းကထဲက အခုလို ဇောင့်ကြွားကြွား ဖြစ်လာကြတာလဲကွ”

မျက်နှာဖုံးနှင့်လူသည် သည့်အရင်က လေပြွန်မှာ ဒဏ်ရာပြင်းထန်စွာ ရခဲ့ဖူးသလို မနှစ်မြို့ဖွယ် အက်ကွဲကွဲလေသံဖြင့် ပြောလိုက်၏။

“ထွက်သွားစမ်း မဟုတ်ရင် သေပေတော့”

မျက်နှာဖုံးနှင့်လူသည် တူကူကျန့်ကို အေးစက်စွာ စိုက်ကြည့်ပြီး ခက်ထန်မာကြောစွာ မာန်မဲလိုက်၏။

“ဟမ့်”

မျက်နှာဖုံးနှင့်လူသည် သူ့အကြည့်ကို မှေးကျဉ်း၍ ခေါင်းမွေးများက ချက်ချင်းထောင်ထလာ၏။

ဝီ..

ဓါးအလင်းက ဖြာလက်လာလေသည်။

တူကူကျန့်က စကားတစ်ခွန်းမှ ပြန်မပြောဘဲ သူ့လက်ထဲရှိ ဓါးနှင့်သာ အဖြေပြန်ပေးလိုက်၏။

All Chapters