← Chapters

နိုးထဝိညာဉ်များ ရောက်ရှိလာခြင်း

Vol. 38 Ch. 568

နိုးထဝိညာဉ်များ ရောက်ရှိလာခြင်း

Vol. 38 Ch. 568

မျက်နှာဖုံးနှင့်လူက အလွန်တရာ မြန်ဆန်စွာနှင့် ရွေ့လျားလိုက်၏။

ဓါးအလင်းရောက်လာခြင်းနှင့် တစ်ချိန်တည်းနီးပါးမှာပင် သူသည် မူလနေရာကနေ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

အကုန်လုံးက ငြိမ်သက်သွားကြ၏။

ချွမ်း.. ချွမ်း.. ချွမ်း..

တိတ်ဆိတ်နေသော တိုက်ပွဲမြေပြင်မှ အလွန်စူးရှသော သတ္တုသံများက ထွက်ပေါ်လာ၏။

ထိုလူ၏ မျက်နှာပေါ်ရှိ သတ္တုမျက်နှာဖုံးကို နှစ်ခြမ်းကွဲထွက်သွားသည်ကို လူတိုင်း မြင်လိုက်ကြရ၏။

မျက်နှာဖုံးကို မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ထိုလူ၏ အစစ်အမှန် ရုပ်ရည်က ပေါ်ထွက်လာ၏။

ဟင်း..

လူများသည် ပင့်သက်ကို ရှိုက်လိုက်ကြ၏။

အချို့အမျိုးသမီး ကျင့်ကြံသူများဆို ကြောက်လန့်တကြား အော်လိုက်ကြ၏။

မသတီစရာ ဒဏ်ရာများနှင့် ပြည့်နှက်၍ ထိုမျက်နှာက အလွန်တရာကို ကြောက်စရာကောင်းနေ၏။ အဲ့ဒါသည် တစ်စုံတစ်ရာ၏ တိုက်စားခြင်းကို ခံထားရသည့်အလား ဆိုးယုတ်တစ္ဆေတစ်ကောင်လို့ စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းနေ၏။

ဘာကြောင့်ရယ်မသိ.. ထိုမျက်နှာကို မြင်တွေ့ရသောအခါ ဆူဇီမိုသည် ဖော်မပြတတ်သော ထူးဆန်းသည့် ခံစားချက်ကို ရနေ၏။

ဘေးပတ်လည်မှ ထူးဆန်းသလို အကြည့်များကို အာရုံခံမိလိုက်ပြီး မျက်နှာဖုံးနှင့်လူက သူ့မျက်လုံးထဲမှာ အမုန်းတရာများ အပြည့်နှင့် အငြိုးအတေးကြီးမားစွာဖြင့် ဟိန်းဟောက်လိုက်၏။

“ငါ မင်းကို သတ်ပစ်မယ်”

မျက်နှာဖုံးနှင့်လူသည် အားကောင်းသောအော်ရာနှင့်အတူ ရှေ့သို့ တက်သွား၏။

ဝုန်း..

မျက်နှာဖုံးနှင့်လူ၏ နောက်မှာ ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျများက ဖြစ်ပေါ်လာပြီး သက်တံအလင်းများက တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။

ရှေးဟောင်းအမြုတေနယ်မြေ.. ဖန်သားနတ်ဘုရားအလင်း။

မျက်နှာဖုံးနှင့်လူ၏ ဖန်သားနတ်ဘုရားအလင်းက ရှီးဝူယာလောက် ကြောက်ဖို့ မကောင်းသော်လည်း သွားနောက်လို့ရသည့်အရာတော့ မဟုတ်ပေ။

ဘာလိုပဲဖြစ်ဖြစ်.. အဲ့ဒါက ဖန်သားနန်းတော်၏ အမွေအနှစ် အမြုတေနယ်မြေ ဖြစ်လေသည်။

“ကောင်းကင်ဘုံလွှမ်းခြုံဓါးများ”

ချွမ်း.. ချွမ်း..

လေထုထဲမှာ ဓါးသံများက အတော်မသတ် ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

တူကူကျန့်၏ နောက်မှာ ဓါးချီများက တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာပြီး ကြောက်လန့်စရာကောင်းသည့် စွမ်းအားများနှင့်အတူ မိုးကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

ဖန်သားနတ်ဘုရားအလင်းသည် ပြီးခဲ့သည့် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၃ ဖြစ်၏။

ကောင်းကင်ဘုံလွှမ်းခြုံဓါးများကတော့ အဆင့် ၄၀ ဖြစ်လေသည်။

သို့သော် ယခု အမြုတေနယ်မြေနှစ်ခုက ထိတွေ့ရိုက်ခတ်လိုက်သောအခါ ညီတူမျှတူ ရှိနေကြ၏။

တစ်ဖက်မှာတော့ မျက်နှာဖုံးနှင့်လူ၏ ကျင့်ကြံမှုအဆင့်က အစောပိုင်း-ရွှေအမြုတေအဆင့်သာ ဖြစ်၏။

တစ်ဖက်မှာတော့ ကောင်းကင်ဘုံလွှမ်းခြုံဓါးများ၏ စွမ်းပကားက တူကူကျန့်၏ လက်ထဲမှာ ၎င်း၏ အကန့်အသတ်ထိ အစစ်အမှန်စွမ်းအားက ထွက်ပေါ်လာ၏။

ရွှေအမြုတေနယ်မြေအမျိုးအစားက တူသော်လည်း မတူညီသည့်လူများ၏ လက်ထဲမှာ သူတို့ထုတ်ဖော်နိုင်သော စွမ်းအားက ကွာခြားမှု ရှိနိုင်လေသည်။

“တာအိုရောင်းရင်းတို့.. ငါတို့အခုနေ မတိုက်ခိုက်ကြသေးဘူးရင် အဲ့ဒီတောကောင် ပြန်သက်သာလာတာနဲ့ နင်တို့ငါတို့ အားလုံးလဲ ပြန်ပြီးတော့ အမဲဖျက်ခံရမှာပဲ” အိုးယန်ရှာယုက ဘေးပတ်လည်ကို လှည့်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

ဆူဇီမိုသည် သူ၏ သက်လုံကို ပြန်လည်အားဖြည့်နေပြီး သူ့ကိုယ်သူ ကုသဖို့အတွက် ချီများ လှည့်ပတ်နေတာကို သူမ သတိထားမိနေလေသည်။

လက်ရှိပြိုင်စံရှားများသည် တွေဝေသွားကြ၏။

သို့သော်လည်း အကြည့်ချင်း ဖလှယ်ကြပြီးနောက် သူတို့အများစုက ဆုံးဖြတ်ချက် ချလိုက်ကြ၏။

“သတ်”

လူအချို့သည် ရှေ့သို့တက်ပြီး အော်ဟစ်လိုက်ကြ၏။

“သတ်.. သတ်.. သတ်..”

များစွာသော ကျင့်ကြံသူများသည် သတ္တိများ ရရှိလာကြသည့်အလား စွမ်းအားကြီးသော အော်ရာနှင့်အတူ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

ဓါးပျံများနှင့် စိတ်ဝိညာဉ်တိုက်ကွက်များက လေထဲမှာ ပြည့်နှက်သွား၏။

အဲ့ဒီမှာ ပစ်မှတ်ကတော့ တစ်ခုတည်းသာ.. တိုက်ပွဲကွင်း၏ အလယ်မှာ ရှိနေသော ဆူဇီမိုထံသို့ ဖြစ်လေသည်။

ဆူဇီမို၏ မျက်လုံးများက ရက်စက်မှုအလင်းဖြင့် တဖြည်းဖြည်း မှေးကျဉ်းသွား၏။

ချွမ်.. ချွင်..

ဆူဇီမိုက မလှုပ်ရှားသေးခင်မှာပင် တူကူကျန့်က သူ့လက်ကို ဝေ့ရမ်း၍ ကောင်းကင်ဘုံလွှမ်းခြုံဓါးချီ၏ တစ်စိတ်တစ်ပိုင်းကို ခွဲဝေညွှန်ကြားပြီး ဆူဇီမို၏ ဘေးပတ်လည်မှာ အကာအရံအလွှာတစ်ခုကို ဖန်တီးပေးလိုက်၏။

ဘုန်း.. ဘုန်း.. ဝုန်း..

ဓါးပျံများက ဓါးချီအကာအရံအလွှာကို ရိုက်ခတ်ပြီးနောက် ချက်ချင်း ပြန်ကန်ထွက်သွား၏။

စိတ်ဝိညာဉ်တိုက်ကွက်များကလည်း တဖွဲ့ဖွဲ့ကျရောက်လာပြီးနောက် ပျက်ပြယ်သွားကြ၏။

ယခုအချိန်တွင် တိုက်ခိုက်ရည်ခွန်အားအရာမှာ တူကူကျန့်ကို ယှဉ်နိုင်သော တစ်ဦးတည်းသောလူက ဖန်သားနန်းတော်မှ မျက်နှာဖုံးနှင့်လူသာ ဖြစ်လေသည်။

ဇီ..

ဓါးအလင်းက လက်သွား၏။

တူကူကျန့်သည် နောက်တစ်ဖန် တိုက်ခိုက်လိုက်၏။

ထိုခုတ်ချက်က လေဟာနယ်ထဲသို့ ပျော်ဝင်သွားပြီးနောက် အိုးယန်ရှာယုရှေ့သို့ ချက်ချင်း ရောက်လာ၏။

အစိမ်းရောင်လွမ်က သတ်ဖြတ်လိုစိတ်ကို အရင်ဆုံး အာရုံခံမိပြီး အိုးယန်ရှာယုနှင့်အတူ ချက်ချင်းနောက်သို့ ဆုတ်လိုက်၏။

ဖောက်..

ဓါးအလင်းက အစိမ်းရောင်လွမ်ဆီသို့ ပစ်ဝင်သွား၏။

စူးစူးဝါးဝါး မြည်ကြွေးသံက ထွက်ပေါ်လာလေသည်။

သူက မူလသွေးမျိုးဆက်ကြမ်းကြုတ် တောကောင်တစ်ကောင် ဖြစ်သော်လည်း တူကူကျန့်၏ ခုတ်ချက်ကိုတော့ ခံနိုင်ရည် မရှိပေ။

ဒဏ်ရာက မနက်သော်လည်း ဓါးချီက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သောအခါ အဲ့ဒါက အထဲရှိ အသက်ဓါတ်အားလုံးကို မွှေနှောက်ဖျက်ဆီးပစ်လိုက်၏။

အစိမ်းရောင်လွမ်က သေလေပြီ။

အိုးယန်ရှာယု၏ မျက်နှာက ဖြူလျော့သွားပြီး နာကျည်းမုန်းတီးသော မျက်လုံးများနှင့်အတူ အော်ဟစ်လိုက်၏။

“တူကူကျန့်.. နင်က ငါ့ရဲ့ စိတ်ဝိညာဉ်တောကောင်ကို သတ်ဖြတ်ရဲတယ်ပေါ့လေ”

တူကူကျန့်က ပြန်မဖြေပေ။

နောက်ထပ် ဓါးအလင်းက လက်လာ၏။

ဖောက်..

အိုးယန်ရှာယု၏ ရင်အုပ်မှ နီရဲသော သွေးများက ပေါ်လာပြီး သူမ၏ အကြည့်က တဖြည်းဖြည်း မှိန်ဖျော့သွားလေသည်။

အစတုန်းကတော့ သူမသည် ကောင်းကင်ဘုံမှ ကောင်းချီးပေးခံရသော မိန်းမပျိုလေးဖြစ်၏။ ဖြူဖွေးတောက်ပသော အသားအရေ၊ ချောမွေလှပသော ရုပ်ရည်နှင့်အတူ ရှေးတော်ဝင်မိသားစုတစ်ခုမှာ မွေးဖွားလာခဲ့ပြီး သူမကို မြင်တွေ့ရသော မည်သည့်ကျင့်ကြံသူမဆို နိမ့်ကျသိမ်ငယ်မှုကို ခံစားသွားရစေလေသည်။

သူမကို တိုက်ခိုက်ရက်သောသူက မရှိသလောက်ပင်။

ကံဆိုးစွာနှင့် သူမရင်ဆိုင်ရသည့်သူက တူကူကျန့် ဖြစ်နေ၏။

သူ့မျက်လုံးထဲမှာ အိုးယန်ရှာယုသည် သာမန်ကျင့်ကြံသူတစ်ယောက်ထက် မပိုပေ။

သူမကို သတ်ဖြတ်ဖို့က သူ့အတွက် ဘာမှ ကြီးမားသည့်ကိစ္စ မဟုတ်ပေ။

ရှေးတော်ဝင်မိသားစုမှ ကောင်းချီးပေးခံရသော အမျိုးသမီးသည် လေထဲကနေ ပြုတ်ကျလာပြီး မြေကြီးပေါ် ရောက်ချိန်တွင် အသက်ပျောက်သွားလေပြီ။

ဘုန်း..

တူကူကျန့်သည် ဆူဇီမိုကို ကာကွယ်ပေးနေရသလို အိုးယန်ရှာယုကိုလည်း သတ်ဖြတ်ဖို့ ကြိုးစားလိုက်သည့်အတွက် သူ့အာရုံကို ခွဲဝေပေးလိုက်ရ၏။

မျက်နှာဖုံးနှင့်လူက ထိုအခွင့်အရေးကို အသုံးချ၍ ထိုးနှက်လိုက်၏။

ဘုန်း..

ကျောက်စိမ်းကဲ့သို့ ကြည်လင်၍ မာကြောသော လက်တစ်ဖက်က လေထုကို ဖြတ်သန်း၍ ကြောက်ခမန်းလိလိ စွမ်းအားနှင့်အတူ လက်သီးကိုဆုပ်ပြီး ပစ်ထိုးချလိုက်၏။

တူကူကျန့်၏ အမူအယာက ပြောင်းလဲမသွားပေ။ သူ့ဓါးကို အချိန်မီ ပြန်မရုတ်နိုင်သည့်အတွက် လက်သီးဖြင့်သာ တန်ပြန်ထိုးနှက်လိုက်၏။

ဘုန်း..

လက်သီးနှစ်ဖက်က ထိတွေ့ရိုက်ခတ်လိုက်ကြ၏။

ဂျွတ်..

အရိုးများကျိုးသံက ထွက်ပေါ်လာ၏။

တူကူကျန့်၏ လက်ကောက်ဝတ်က သွင်သွင်ကျိုးထွက်၍ ကောက်ကွေးသွားလေသည်။

ဖန်သားနန်းတော်သည် ကျင့်ကြံရေးလောကမှာ အကောင်းဆုံး ခန္ဓာမီးဆေးဂိုဏ်း ဖြစ်လေသည်။

သို့သော်လည်း တူကူကျန့်၏ တုံ့ပြန်မှုက လူတိုင်းကို ပို၍ ထိတ်လန့်သွားစေ၏။

သူ့လက်ကောက်ဝတ်က ကျိုးသွားတာတောင် နာကျင်မှုကို လုံးဝ မခံစားရသည့်အလား တူကူကျန့်သည် ခါတိုင်းလိုပင် စိတ်ခံစားချက် ကင်းမဲ့နေမြဲဖြစ်၏။

သူက တည်ငြိမ်လွန်းနေ၏။

သူ့ထံမှာ စိုးထိတ်မှု တစ်စွန်းတစ်စ ထွက်လာတာကိုပင် မတွေ့ရလောက်အောင် တူကူကျန့်က တည်ငြိမ်လွန်းနေ၏။

သူ့လက်ကောက်ဝတ်က ကျိုးသွားသော်လည်း တူကူကျန့်သည် လုံးဝ မရပ်နားဘဲ သူ့ဓါးကို ပင့်မြှောက်၍ ဝေ့ရမ်းခုတ်ပိုင်းကာ မျက်နှာဖုံးနှင့်လူကို အခွင့်အရေး လုံးဝ ထပ်မပေးပေ။

မျက်နှာဖုံးနှင့်လူသည် နောက်ဆုတ်ဖို့ အနည်းငယ် နှေးသွားသောကြောင့် ချက်ချင်းးပင် သူ့ရင်ဘတ်ပေါ်မှာ သွေးသံရဲရဲဒဏ်ရာတစ်ခုက ပေါ်လာ၏။

ဖောက်..

နောက်တစ်ဖန် မျက်နှာဖုံးနှင့်လူ၏ အမူအယာက ပြောင်းလဲသွားပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။

အဆုံးမဲ့ ထက်ရှသည့် ဓါးချီများက သူ့ကိုယ်တွင်းသို့ ဝင်ရောက်လာပြီး သူ့အသား၊ အရိုး၊ အရွတ်နှင့် အင်္ဂါများကို လှီးဖြတ်ဖို့ ကြိုးစားနေသည်ကို သူကောင်းကောင်း ခံစားမိနေ၏။

သူ့သွေးချီကို ကပျာကယာ လှည့်ပတ်ပြီး အဲ့ဒါကို ဖိနှိမ်လိုက်ရ၏။

သွေးတစ်လုတ်ကို ထွေးထုတ်ပြီးနောက် သူ့ဒဏ်ရာကို ထိန်းချုပ်ကာ ဓါးချီများကို တွန်းထုတ်လိုက်နိုင်၏။

ထိုဖလှယ်တိုက်ခိုက်မှုမှာ သူက အသာစီး ရလိုက်သည်ဟု ထင်ရသော်လည်း တစ်ကယ်တော့ သရေသာ ဖြစ်လေသည်။

ကွာခြားသွားသည်မှာ တူကူကျန့်၏ ဘယ်ဘက်လက်ကောက်ဝတ်က ကျိုးသွားပြီး သူ၏ ဓါးအိမ်ကို မကိုင်ထားနိုင်တော့ရုံသာ ဖြစ်လေသည်။

သို့သော်လည်း အဲ့ဒါက တူကူကျန့်၏ ဓါးနည်းစနစ်အပေါ် လုံးဝ သက်ရောက်မှု မရှိသည့်အပြင် ပိုလို့တောင် ကြမ်းတမ်း၍ ကြောက်စရာကောင်းလာစေသေး၏။

သူ၏ တိုက်ခိုက်မှုတစ်ချက်ချင်းစီတိုင်းမှာ ပြိုင်စံရှားတစ်ယောက်က သေသွားရစမြဲဖြစ်၏။

နှစ်ဖက်စလုံးက လွန်ဆွဲ၍ ဆက်သွားနေ၏။

ရုတ်တရက်..

ခပ်လှမ်းလှမ်းမှ အဝတ်စ လေတိုးသံများက ထွက်ပေါ်လာလေသည်။

မနှိုင်းယှဉ်သာအောင် သန်မာသော အော်ရာများက လေထုကို ဖြိုခွင်း၍ ရောက်ရှိလာ၏။

သူတို့ ရောက်မလာသေးခင်မှာပင် တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာများက လက်ရှိလူတိုင်းအပေါ် လွှမ်းခြုံကျရောက်လာပြီဖြစ်၏။

“ဒီအော်ရာက...”

“နိုးထဝိညာဉ်တွေ..”

“နိုးထဝိညာဉ်တွေ အများကြီးပဲ”

လူအုပ်ကြီးသည် ချက်ချင်း အုန်းအုန်းကျက်ကျက် ဖြစ်သွားကြ၏။

နိုးထဝိညာဉ်များ ဝင်ရောက်နှောင့်ယှက်လာလျှင် သူတို့၏ အရေးပါမှုက ပျောက်ကွယ်သွားတော့မည် ဖြစ်လေသည်။

ဟင်္သပဒါးသစ်သီးကို နောက်ဆုံး မည်သူရရှိမလဲဆိုတာကတော့ နိုးထဝိညာဉ်များ၏ အစွမ်းအစအပေါ်တွင်သာ မူတည်သွားလေပြီ။

သို့သော် လူတိုင်း သေချာ သိထားသည့် အချက်တစ်ချက်မှာ... တစ်စုံတစ်ယောက်ကတော့ သေချာပေါက် သေရပေတော့မည်။

မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများစွာကို သတ်ဖြတ်ခဲ့သောသူ.. မြောက်ပိုင်းဒေသ၏ အဖွဲ့အစည်းအားလုံးနီးပါးကို ဆန့်ကျင်တိုက်ခိုက်ခဲ့သောသူ.. သူကတော့ ဒီနေ့မှာ သေချာပေါက် သေရပေတော့မည်။

All Chapters