← Chapters

ပေါ်ပေါက်သွားပြီ

Vol. 38 Ch. 569

ပေါ်ပေါက်သွားပြီ

Vol. 38 Ch. 569

နိုးထဝိညာဉ်များ စုဝေးလာခြင်း၏ စွမ်းအားက ကြောက်စရာကောင်းပြီး ကျင့်ကြံသူများအားလုံးသည် တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ကြ၏။ မည်သူမှ မထီမဲ့မြင် မပြုမူရဲကြတော့ပေ။

ဖန်သားနန်းတော်မှ အဖိုးအိုက အရင်ဆုံး ရောက်ရှိလာပြီး သူ့မျက်နှာက သုန်မှုန်နေ၏။

တစ်ခုခု လွဲမှားနေတာကို သတိထားမိပြီးနောက် သူ့အစွမ်းကုန်ထုတ်၍ အပြေးနှင်ချလာတာတောင် နောက်ကျသွားသေးလေသည်။

သူ့လမ်းတစ်ဝက်မှာပင် ရှီးဝူယာ၏ ကံကြမ္မာအဆောင်က ကြေမွပျက်စီးသွားပြီဖြစ်၏။

ရှီးဝူယာကို သတ်နိုင်တာ ဘယ်သူလဲ..

မြောက်ပိုင်းဒေသမှာတော့ ရှီးဝူယာကို ယှဉ်နိုင်သည့် ရွှေအမြုတေ တစ်ယောက်မှ မရှိတာ သေချာလေသည်။

နိုးထဝိညာဉ်တစ်ယောက်က ခိုးကြောင်ခိုးဝှက်နှင့် မဟာချွမ်အပျက်အစီးသို့ သူတို့ မသိအောင် ဝင်လာနိုင်ခဲ့လျှင်တောင် ရှီးဝူယာက သူ့ကို မနိုင်ဘူးဆို လွတ်အောင်တော့ ထွက်ပြေးနိုင်ရမယ် မဟုတ်ဘူးလား။

အဲ့ဒါက မဖြစ်နိုင်တာ..

နောက်ခဏ၌ အခြားသော နိုးထဝိညာဉ်များစွာက ရောက်ရှိလာပြီဖြစ်၏။

မြေပြင်ပေါ်တွင် ပြန့်ကျဲကျနေသော အလောင်းများစွာကို ကြည့်ပြီး သူတို့၏ မျက်လုံးများက လွန်မင်းစွာ တုန်လှုပ်မှုဖြင့် ပြည့်နှက်လာကြ၏။

ဟင်္သပဒါးသစ်သီးတိုက်ပွဲက မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများအတွက် ရက်စက်ကြမ်းတမ်းသည့် စမ်းသပ်ပွဲတစ်ခု ဖြစ်မည်ဟုတော့ သူတို့ မျှော်လင့်ထားခဲ့ကြ၏။

သို့သော်လည်း ဤမျှအထိ ကြောက်စရာကောင်းအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်လိမ့်မည်ဟုတော့ သူတို့ထင်မထားခဲ့ကြပေ။

ရှီးဝူယာ၏ ခန္ဓာကိုယ်သည် အရွတ်များနှင့် အရိုးများက ကျိုးကြေမွ၍ မြေပြင်ပေါ်မှာ ပစ်စလက်ခတ် လဲကျကာ အသားပျော့ဖတ်ပုံကြီးလို ဖြစ်နေလေပြီ။

သူသည် နောက်ဆုံးသေခါနီးအချိန်အထိ ဤအပျက်အစီးနယ်မြေမှာ သေရတော့မည်ကို သူ့ကိုယ်သူ မယုံကြည်နိုင်၊ လက်မခံနိုင်သည့်အလား သူ့မျက်လုံးများက ပြူးထွက်နေ၏။

သွမ့်မူခန်း၏ ခန္ဓာကိုယ်က အပိုင်းပိုင်းစုတ်ပြဲ၍ သူ၏ မူလရုပ်ရည်သွင်ပြင်ကို ဘယ်လိုမှ ပုံဖမ်းလို့ မရတော့ပေ။

အိုးယန်ရှာယု၏ အလောင်းမှာ ရင်ဘတ်ပေါ်တွင် ဟက်တက်ကွဲရာကြီးတစ်ခု ရှိနေပြီး အဲ့ဒါက ဓါးတာအိုကို ကျင့်ကြံသူတစ်ယောက်၏ လက်ချက်ဆိုတာ သိသာလေသည်။

အဲ့ဒီမှာ အေးစက်စက်အလောင်းများအဖြစ် မြေပြင်ပေါ် လဲကျသေဆုံးနေကြသော ပြိုင်စံရှားများက အလွန်တရာ များပြားလှသောကြောင့် ဆိုဖွယ်ရာပင် မရှိတော့ပေ။

ဖန်သားနန်းတော်မှ အဖိုးအို၏ အကြည့်က အလွန်တရာ ထက်ရှပြီး ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေရင်း ဆူဇီမိုထံသို့ ရောက်သောအခါ အနည်းငယ် ရပ်တန့်သွား၏။

ဆူဇီမိုက တည်ငြိမ်လွန်းနေပြီး နိုးထဝိညာဉ်များစွာနှင့် ရင်ဆိုင်နေရတာတောင် သူ့မျက်လုံးများထဲမှာ စိုးရိမ်ထိတ်လန့်မှု တစ်စွန်းတစ်စကိုမှ မမြင်ရပေ။

ဖန်သားနန်းတော်မှ အဖိုးအိုက စိုက်ကြည့်နေသည်ကို အာရုံခံမိသောအခါ ဆူဇီမိုသည် မထီတရီနှင့် သရော်သလို ပြန်ကြည့်ပေးလိုက်၏။

“ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ”

ထာဘာကလန်၏ ပကတိအရှင်က အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။

ထာဘာဖန်သည် ဆူဇီမိုကို လက်ညိုးထိုးပြီး အော်ပြောလိုက်၏။

“အဲ့ဒါ အကုန်လုံးက သူ့ကြောင့်လေ.. သူက ရှေးဟောင်းတိုက်ပွဲမြေကနေ ရောက်လာတဲ့ နတ်ဖီးကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားပဲ”

“ဟုတ်တယ်.. ကျုပ်တို့ရဲ့ ရွှေအမြုတေရောင်းရင်း အများစုကို သတ်ဖြတ်ခဲ့တာလဲ သူပဲ”

“ဟမ့်”

နိုးထဝိညာဉ်များ၏ အမူအယာများက အနည်းငယ် ပြောင်းလဲသွားကြ၏။

နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတား...

နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက ရှေးဟောင်းတိုက်ပွဲမြေကနေ ထွက်လာပြီးတဲ့နောက် မြောက်ပိုင်းဒေသကို တစ်ကယ်ကြီး ရောက်လာခဲ့တယ်ဆိုတော့...

အဲ့ဒါက အံ့ဩရာ မရှိတော့ပေ။

မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများက ဤမျှ ဆိုးဝါးရက်စက်သည့် ကံကြမ္မာဆိုးနှင့် ကြုံတွေ့ခဲ့ရသည်မှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။

နတ်ဖီးကျွန်း၏ ပြန်ဝင်စားမွန်းစတားက တစ်ကယ့်ကို ကြောက်စရာ ကောင်းလွန်းလေသည်။ အစောပိုင်း-ရွှေအမြုတေအဆင့်နှင့်ပင် သူက မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ပကတိသက်ရှိ..ရှီးဝူယာကို သတ်ဖြတ်နိုင်နေပြီဖြစ်၏။

သူ့ကို မည်သူကများ ယှဉ်နိုင်ပါဦးမည်နည်း..

များစွာသော နိုးထဝိညာဉ်များသည် ဆူဇီမိုကို တစ်နည်းတစ်ဖုံ ထူးဆန်းစွာ ကြည့်ရှုနေကြ၏။ အမုန်းတရားများအပြင် အဲ့ဒီမှာ အခြားတစ်ခုခု ရှိနေသေးပုံ ရလေသည်။

အဲ့ဒါက ဖြစ်နိုင်ခြေရှိတာကတော့... လောဘပင်။

အဲ့ဒါသည် ရွှေအမြုတေများက ဟင်္သပဒါးသစ်သီးကို ကြည့်သည့် အကြည့်မျိုး ဖြစ်လေသည်။

များစွာသော နိုးထဝိညာဉ်များသည် ဆူဇီမို၏ ညာလက်ကို အလိုလို ကြည့်လိုက်ကြ၏။

နတ်ဖီးနစ်ကျွန်းမှ ပြန်ဝင်စားမွန်းစတား၏ ညာဘက်လက်ထဲမှာ အဆုံးစွန်ရတနာတစ်ခုဖြစ်သော နတ်ဖီးနစ်အရိုးရှိသည်ဟု ကျင့်ကြံရေးလောကမှာ ကောလာဟလတစ်ခု ထွက်ပေါ်နေလေသည်။

အဲ့ဒါက နတ်ဘုရားသက်ရှိတစ်ကောင်၏ အရိုးဖြစ်လေသည်။

နိုးထဝိညာဉ်များကို မဆိုထားနှင့်.. မူလနတ္ထိများနှင့် ဓမ္မဝိသေသများတောင်မှ ထိုကဲ့သို့သော ရတနာအပေါ် လောဘတက်ကြပေလိမ့်မည်။

ဖန်သားနန်းတော်မှ အဖိုးအို၏ အကြည့်က အရောင်လက်လာ၏။

သူ့မျက်လုံးထဲတွင် ဆူဇီမိုထံမှာ နတ်ဖီးနစ်အရိုးထက် ပိုများတာတွေ ရှိနေသေးလေသည်။

ဤလူက သူ့ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်ချက်များစွာကို သိမ်းဆည်းထားပုံရ၏။

အဲ့ဒါက နတ်ဖီးနစ်ကျွန်းနှင့် ပတ်သတ်နေ၏။

ဆေဘာဧကရာဇ်၏ အမွေအနှစ်..

လူသားဧကရာဇ်နန်းတော်၏ လျှို့ဝှက်ချက်များ..

နောက်ပြီး.. ဒီပြန်ဝင်စားမွန်းစတားက လူသားလား.. သားရဲလား..

ဘယ်လိုကြောင့်များ အင်မော်တယ်နဲ့ သားရဲက တစ်ပေါင်းတစ်စည်းတည်း ရှိနေနိုင်တာလဲ..

ထိုလျှို့ဝှက်ချက်များကို ရှာဖွေဖို့မှာ ဤပြန်ဝင်စားမွန်းစတားကို ဖမ်းဆီးစစ်ဆေးဖို့ပင်။

“နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတား ဟုတ်လား.. အေးအေး ကောင်းတယ်ကွာ”

ဖန်သားနန်းတော်မှ အဖိုးအိုက အေးစက်စက်လေသံဖြင့် ပြောပြီး သူ့သိုလှောင်အိတ်ထဲကနေ ရှေးကျသော ကြေးမုံတစ်ချပ်ကို ဆွဲထုတ်လိုက်၏။

“ဒီပြန်ဝင်စားမွန်းစတားရဲ့ အစစ်အမှန်သွင်ပြင်က ဘာလဲဆိုတာ ကြည့်လိုက်ရအောင်”

ထိုစကားသံကို ကြားသောအခါ ဆူဇီမိုသည် ရင်ထိတ်သွား၏။

သူတုံ့မပြန်နိုင်ခင်မှာပင် ဖန်သားနန်းတော်မှ အဖိုးအိုက သူ့လက်ထဲရှိ ကြေးမုံကို လေထဲမှာ လှည့်လိုက်၏။

ချက်ချင်းပင် ကြေးမုံမှ ပြိုးပြိုးပြက်ပြက် ရောင်ခြည်များက ထွက်ပေါ်လာ၏။

အဆုံးမဲ့ ရောင်ခြည်များက အလင်းတိုင်ကြီးတစ်ခုအဖြစ် စုဆုံပြီး ဆူဇီမိုအပေါ်သို့ ကျဆင်းသွား၏။

အလင်းတိုင်ထဲမှာ သတ်ဖြတ်စွမ်းအားများစွာ မပါသော်လည်း အဲ့ဒီမှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ပါဝင်နေ၏။

ဆူဇီမိုသည် တသိမ့်သိမ့် တုန်ယင်လာပြီး သူ့အရိုးများနှင့် အရွတ်များက တဖျောက်ဖျောက်မြည်၍ သူ့ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ ကျုံ့လာ၏။

သူ့မျက်နှာသွင်ပြင်များကလည်း စတင် ပြောင်းလဲလာလေသည်။

အားလုံး၏ အကြည့်အောက်မှာပင်.. ကြော့ရှင်းလှပသော မျက်နှာတစ်ခုက ပေါ်လာ၏။

စောစောက ရုပ်ကြမ်းကြမ်းနှင့် ဗလတောင့်တောင့်လူကြီးက မရှိတော့လေပြီ။

“အဲ့ဒါက ဘယ်သူလဲဟ.. သူက နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတား မဟုတ်ဘူးလား”

“ဒါဆို.. နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက လူသားတစ်ယောက်ပေါ့.. သူ့ပုံစံက သန့်သန့်ပြန့်ပြန့်ပါပဲ စာပေသမားတစ်ယောက်နဲ့တောင် တူသေးတယ်”

“ဒီလိုမျိုး နုနုနယ်နယ်နဲ့ စာပေသမားပုံလေးက အဲ့လောက်ထိ စွမ်းအားကြီးပြီး လွှမ်းမိုးစီးပိုးနိုင်ခဲ့တယ်ဆိုတော့.. ငါဖြင့် စဉ်းတောင်မစဉ်းစားတတ်တော့ဘူး”

ဆွေးနွေးသံများကို ကြားပြီးနောက် ဆူဇီမိုသည် ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားလေသည်။

သူသည် ဆက်လက်ပြီး ဖုံးကွယ်ထားလို့ မရတော့လေပြီ။

နိုးထဝိညာဉ်များစွာ ရောက်လာတုန်းကတောင် ဆူဇီမိုသည် ဣန္ဒြေရနေခဲ့သေး၏။

သို့သော်လည်း ကြေးမုံတစ်ချပ်ဖြင့် သူ၏ အစစ်အမှန် သွင်ပြင်က ပေါ်ပေါက်သွားလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။

ကျင့်ကြံရေးလောကမှာ သားရဲထုတ်ဖော်ကြေးမုံဟုခေါ်သော ဓမ္မလက်နက်တစ်ခု ရှိလေသည်။

ဆူဇီမိုသည် အချက်အလက်များစွာကို ကြိုတင်ပြင်ဆင်ထားခဲ့တာတောင် သူ့မှာ ဟာကွက်က ရှိနေခဲ့သေးလေသည်။

ဤအမှားက သူ၏ ကြိုးပမ်းအားထုတ်မှုအားလုံးကို အချည်းနှီး ဖြစ်သွားစေလေသည်။

ဆူဇီမိုသည် ခြေလက်များက အေးစက်လာသည်ဟု ခံစားလိုက်ရ၏။

သူသည် ဤနေရာကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့လျှင်တောင် သူ့အတွက် ရှင်သန်ဖို့က မလွယ်ကူတော့ပေ။

သူသည် ဆန်းကြယ်တောင်ထွတ်ကိုလည်း မပြန်နိုင်ပေ။

သူပြန်သွားလျှင် သူ့ကြောင့်နှင့် ဆန်းကြယ်တောင်ထွတ်က ဖျက်ဆီးခံရပေလိမ့်မည်။

ယန်တိုင်းပြည်ဆို ပိုတောင်ဆိုးသေး၏။ မဟုတ်လျှင် ယန်တိုင်းပြည်ကလည်း ဖျက်ဆီးခံရပေလိမ့်မည်။

မြောက်ပိုင်းဒေသက ကြီးမားသော်လည်း သူပုန်းနေနိုင်သည့်နေရာ မရှိပေ။

မြောက်ပိုင်းဒေသကနေ ထွက်ပြေးဖို့ဆိုတာ သူ့အတွက် ပိုလို့တောင် မဖြစ်နိုင်သေး၏။

ရွှေအမြုတေတစ်ယောက်အနေနှင့် သူက နေ့နေ့ညည မအိပ်၊ မစားဘဲ ခရီးအပြင်းနှင်လျှင်တောင် မြောက်ပိုင်းဒေသကနေ ထွက်ခွာနိုင်ဖို့အတွက် နှစ်ပေါင်းရာနှင့်ချီ၍ အချိန်ယူရပေလိမ့်မည်။

ဒါ့အပြင် ထိုအချိန်မှာလည်း သူ့ကို ဂိုဏ်းအသီးသီး၊ အဖွဲ့အစည်းအသီးသီးက အမဲလိုက်ဖျက်ကြပေလိမ့်မည်။

သူ၏ အင်မော်တယ်နှင့် သားရဲကျင့်ကြံမှုကို အတူတွဲဖက်၍ ကျင့်ကြံနေခြင်းက ပေါ်ပေါက်သွားသည်နှင့် ဤကမ္ဘာမှာ မည်သူကမှ သူ့ကို ကာကွယ်ပေးလိမ့်မည် မဟုတ်ပေ။

ဤနေ့မှစ၍ ဆူဇီမိုသည် တစ်ကမ္ဘာလုံးကို ရန်သူအဖြစ်နှင့် တစ်ယောက်တည်း ရင်ဆိုင်ရပေတော့မည်။

လက်ရှိကျင့်ကြံသူအများစုက ဆူဇီမိုကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ဖူးခဲ့ကြပေ။

သို့သော်လည်း များပြားလှသည့် လူအုပ်ကြီးထဲမှာ မယုံကြည်နိုင်မှုဖြင့် တသိမ့်သိမ့် တုန်ယင်သွားကြသော ကျင့်ကြံသူအချို့လည်း ရှိနေသေး၏။ သူတို့သည် အထိတ်တလန့်နှင့် ရေရွတ်လိုက်ကြ၏။

“အဲ့ဒါ သူပဲ.. အဲ့ဒါ သူပဲ”

မူတန်ချင်းသည် တုန်လှုပ်ချောက်ချားသွားပြီး သူ့ဘာသာ တတွတ်တွတ် တီးတိုးရေရွတ်လိုက်၏။

ပိုင်ယုဟန်သည် မယုံကြည်နိုင်သော အမူအယာဖြင့် စကားမပြောမိစေရန် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်၏။

ထိုအချိန်၌ သူတို့နှစ်ယောက်စလုံးသည် တစ်ခုခုကို နောက်ဆုံး နားလည်လာကြ၏။

ဆူဇီမိုသည် ဒဏ္ဍာရီလာအန္တိမအခြေတည်အဆင့်ထိရောက်အောင် ကျင့်ကြံပြီး လူသားဧကရာဇ်နောက်ပိုင်း ဒုတိယလူဖြစ်လာတာ အံ့ဩစရာ မဟုတ်တော့ပေ။

အဘယ့်ကြောင့်ဆိုသော် သူက နတ်ဖီးကျွန်း၏ ပြန်ဝင်စားမွန်းစတားဖြစ်ပြီး လူသားဧကရာဇ်နန်းတော်ထဲသို့ ဝင်ရောက်ခဲ့ဖူးသောကြောင့်ပင်။

“ဪ.. အဲ့ဒါ မင်းပဲကိုး”

မီးလျှံကိုလံဘတ်တောင်ကြားမှ ဝမ့်ယန်၏ မျက်လုံးက ဝင်းလက်သွားပြီး ဆူဇီမိုကို တန်း၍ မှတ်မိသွား၏။

ပြီးခဲ့သည့်တစ်လက ဤစာပေသမားသည် မီးလျှံကိုလံဘတ်တောင်ကြား၊ ကြယ်တာရာလမင်းဂိုဏ်းနှင့် အရိပ်မဲ့ဂိုဏ်းမှ ကျင့်ကြံသူအများစုကို ရှင်းပစ်ခဲ့ပြီး သူတို့ကို အကြီးအကျယ် ရှုံးနိမ့်သွားစေခဲ့လေသည်။

ဤလူက နတ်လိပ်အမြုတေနယ်မြေကို ထုတ်ဖော်နိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပေ။

ဤလူမှာ နှစ်ထပ်ကွမ်းအမြုတေနယ်မြေ ရှိနေတာဆိုတော့.. ပြီးခဲ့သည့်တစ်လက သူသည် ခွန်အားအပြည့်သုံး၍ တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဟု ဆိုလိုလေသည်။

ဒီနေ့တိုက်ပွဲကမှ ဤလူ၏ ခွန်အားအပြည့်ကို မထိန်မချန်ဘဲ မြင်တွေ့ရခြင်း ဖြစ်လေသည်။

“နေပါဦး.. တစ်ခုခုတော့ လွဲနေသေးတယ်”

ရုတ်တရက် ဝမ့်ယန်၏ အမူအယာက ပြောင်းလဲသွား၏။

ဤလူက ဒီနေ့မှာလဲ ခွန်အားအပြည့်သုံး၍ တိုက်ခိုက်ခဲ့ခြင်း မဟုတ်သေးပေ။

ပြီးခဲ့သည့်တစ်လက သူ့မှာ မူလစိတ်ဝိညာဉ်လက်နက် ချိတ်စည်းကြီးတစ်ခု ရှိ၏။ သို့သော်လည်း ထိုလက်နက်က ဒီနေ့မှာ ပေါ်မလာခဲ့ပေ။

ပြီးခဲ့သည့်တစ်လက လမင်းကြယ်တာရာဂိုဏ်း၏ ချွမ်ရှင်းယုကို သေအောင် ပစ်သတ်ခဲ့သော တစ်ပိုင်း-မူလစိတ်ဝိညာဉ်လက်နက်ဖြစ်သော လေးတစ်လက်လည်း သူ့မှာ ရှိသေး၏။ အဲ့ဒါကလည်း ဒီနေ့မှာ ပေါ်မလာခဲ့ပေ။

“ဒီလူမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်များအောင်တောင် ရှိနေတာလဲဟ.. သူ့အိပ်ကပ်ထဲမှာ နောက်ထပ် ဘာတွေများ ထပ်ရှိနေသေးတာလဲ”

ထိုအတွေးက ဝမ့်ယန်ကို ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေ၏။

All Chapters